သတ္တုတွင်းလုပ်ငန်း ညစ်ညမ်းမှုဒဏ် ဒေသခံတို့ ခါးစည်းခံနေရ

ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးအောင် လုပ်ဆောင်နေကြသော သတ္တုတွင်းတူးဖော်ရေးကုမ္ပဏီများနှင့် နှစ်များစွာကြာ တရားရုံးရင်ဆိုင်မှု၌ ဒေသခံပြည်သူများ အနိုင်ရသွားခဲ့ခြင်းမှာ ချီးကျူးထိုက်ပါပေသည်။ သို့ရာတွင် ယင်းကုမ္ပဏီများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် အစိုးရက မလုပ်ဆောင်သေးသည့်အတွက် ထိုအောင်ပွဲမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။

ဘင်န်ဟာ့ဒ်မင်းန် ရေးသားသည်။

တနင်္သာရီတိုင်းဒေသကြီးမှ ကွမ်းသီးပင်ခြံစိုက်ပျိုးသူ သုံးဦးက သတ္တုတူးဖော်ရေးကုမ္ပဏီများ၏လုပ်ရပ်ကြောင့် မိမိတို့၏ ကွမ်းသီးခြံများပျက်စီးခဲ့ရသဖြင့် နစ်နာကြေးရလိုကြောင်း ထားဝယ်ခရိုင်တရားရုံးသို့ တိုင်တန်းခဲ့ရာ ခရိုင်တရားရုံးက သတ္တုတွင်းကုမ္ပဏီ နှစ်ခုကို ခြံပိုင်ရှင်များအား နစ်နာကြေးပေးရန် အမိန့်ချမှတ်ခဲ့သည်။ ယင်းမှာ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၌ မှတ်တိုင်စိုက်ထူရမည့် အောင်ပွဲ တစ်ရပ်ပင်ဖြစ်သည်။

Myanmar Pongpipat Company (MPC) နှင့် Eastern Mining Company(EMC) တို့သည် ထားဝယ်မြို့မှ ကားဖြင့်တစ်နာရီခန့် မောင်းသွားရသည့်၊ တနင်္သာရီတောင်တန်း၊ တောင်ကြားဒေသတွင် ခဲမဖြူသတ္တု တူးဖော်ခဲ့ကြသည်။ ဒေသတွင်း ခဲမဖြူ (Tin) တူးဖော်နေခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ သို့ရာတွင် ယင်းကုမ္ပဏီ နှစ်ခုက တူးဖော်လုပ်ကိုင်ခွင့်ရပြီး အကြီးအကျယ် တိုးချဲ့လုပ်ကိုင်လာခဲ့သည့် နောက်ပိုင်းကျမှသာ နောက်ဆက်တွဲ ဆိုးကျိုးများကို ဒေသခံတို့ခံစားလာခဲ့ကြ၍ တိုင်ကြားမှုများရှိလာခဲ့သည်။

Myanmar Pongpipat Company က ‌၁၉၉၉ ကတည်းက အစိုးရနှင့် သဘောတူစာချုပ်ချုပ်ပြီး လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး Eastern Mining Company က ၂၀၁၁ ခုနှစ်ခန့်၌ စတင်တူးဖော်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ တရားရုံးက MPC ကုမ္ပဏီအပေါ် ဇန်နဝါရီ ၇ ရက်က ချမှတ်ခဲ့သောဆုံးဖြတ်ချက်နှင့် EPC ကုမ္ပဏီအပေါ် ဇန်နဝါရီ ၂၈ ရက်က ချမှတ်ခဲ့သော စီရင်ချက် နှစ်ခုအရ ကုမ္ပဏီများက လျော်ကြေးကျပ်ငွေ ၁၁၄,၈၀၀၀,၀၀၀ (၈၂,၅၃၆ ဒေါ်လာ) ကို တောင်းဆိုမှု တစ်ခုစီအတွက် ပေးလျော်ရမည်ဟုစီရင်ခဲ့သည်။

ဤလူထုအောင်ပွဲကို ကြိုဆိုသင့်ပါသည်။ သို့ရာတွင် အစိုးရက ယင်းကုမ္ပဏီများကို ဖြေရှင်းပေးရန် ဘာတွေလုပ်ဆောင်ခဲ့ပါသနည်းဟု မေးစရာရှိလာပါသည်။

သတ္တုတူးဖော်ရေးလုပ်ငန်းမှ အနယ်အနှစ်နှင့် ပယ်စွန့်ပစ္စည်းများစွာ မလွှဲမရှောင်သာ ထွက်လာပါသည်။ ယင်းစွန့်ပစ္စည်းများကို စနစ်တကျမကိုင်တွယ်ပါက မြစ်ချောင်းတို့၏ ရေစုံရာအောက်ပိုင်းဒေသခံတို့မှာ အကြီးအကျယ်ဒုက္ခရောက်နိုင်ပါသည်။ တနင်္သာရီတိုင်းတွင် အနယ်အနှစ်များ၊ အလေးစီးသတ္တုစများ၊ ဆားဓာတ်ပြည့်ဝနေသောရေများသည် မိုးသည်းထန်စွာရွာချလိုက်သောအခါ မြစ်ချောင်းအောက်ပိုင်းရှိ လယ်ယာစိုက်ခင်းများကို ဖုံးလွှမ်းသွားသဖြင့် ထိုစိုက်ခင်းများပျက်စီးကုန်သည်။ EMC ကုမ္ပဏီအပေါ် စွဲဆိုသည့်အမှု နှစ်ခုတွင် စွန့်ပစ်မြေစာပစ္စည်းများအောက်၌ ချောင်းမြောင်းများ ဖုံးလွှမ်းပျောက်ဆုံးသွားခဲ့ရာ ဤသို့ပျက်စီးမှုမျိုးကို တစ်ခါမှမမြင်ဖူးကြောင်း ထိုင်းလူမျိုးသတ္တုတွင်းပညာရှင်တစ်ဦးကပြောပြသည်။

သတ္တုတွင်းစောင့်ကြည့်ရေးအဖွဲ့ကို လယ်သမားများနှင့် ရွာခံလူထုက ဦးဆောင်ပြီး အရပ်ဖက်အဖွဲ့အစည်း နှစ်ခုဖြစ်ကြသော တနင်္သာရီမိတ်ဆွေများ Taninthayi Friends နှင့် Dawei Bono Lawyers Network တို့၏ အကူအညီအထောက်အပံ့ဖြင့် တစ်လလျှင် လေးခေါက်နှုန်း သုံးလေးနှစ်ကြာ လေ့လာစောင့်ကြည့်ခဲ့ကြသည်။

ဘေးဖယ်ချောင်ထိုးခံနေရသော ကျေးလက်လူထုနှင့် အဆက်အသွယ်ကောင်းလှသော ကုမ္ပဏီကြီးတို့ တရားယှဉ်ပြိုင် ရင်ဆိုင်ကြရာတွင် ကံမကောင်းအကြောင်းမလှစွာပင် မြန်မာ့တရားရေးစနစ်က မျက်နှာမွဲတို့ဘက်က ရပ်တည်မှု မရှိပေရာ သတ္တုတွင်းကျွမ်းကျင်ပညာရှင်များနှင့် ‌ရှေ့နေများ၏အအခမဲ့ပေးသောအကြံဉာဏ်များကို လက်ခံစဉ်းစားအရေးယူမည့်သူ ကင်းမဲ့နေလေသည်။

ယခင်က MPC ကုမ္ပဏီအပေါ်စွဲဆိုထားသည့် အမှုများသည် တရားရုံး၌ သုံးနှစ်ကြာစစ်ဆေးပြီးခါမှ ၂၀၁၈ တွင် ရွာသားများ၏ တောင်းဆိုမှုများကို ပယ်ချပစ်လိုက်သည်။ အချိန်ကြာမြင့်လွန်းပြီဖြစ်၍ တရားရုံးချုပ်က အမှုပိတ်သိမ်းရန် ဆုံးဖြတ်လိုက်သည်ဟု ဆိုပါသည်။ ရွာသားတို့၏ အကူအညီကင်းမဲ့နေသည့်အခြေအနေကို ရေးသားဖော်ပြခဲ့သော ထိုင်းသတင်းထောက် တစ်ဦးကိုပင် MPC ကုမ္ပဏီက တရားစွဲလိုက်သေးသည်။ ပတ်ဝန်းကျင်ပျက်စီးမှုအတွက် MPC ၊ သို့မဟုတ် EMC ကုမ္ပဏီ တစ်ခုခုတွင် တာဝန်ရှိကြောင်း ၂၀၂၀ ဇန်နဝါရီလ၌ တရားရုံးက ပထမဆုံအကြိမ်အဖြစ် တွေ့ရှိခဲ့သည်။ ဤမျှအချိန်တွေကြာညောင်းအောင် စောင့်ဆိုင်းခဲ့ရခြင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများ မရှိခဲ့သောကြောင့်မဟုတ်ပါချေ။

မြန်မာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေမှာ ၂၀၁၂ ခုနှစ်ကတည်းကရှိခဲ့ပါသည်။ ၂၀၁၆ မှစ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပေါ်ပေါက်လာပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဟူ၍ရှိလာသည်။ ထိုဌာန၏တာဝန်မှာ ပတ်ဝန်းကျင်အန္တရာယ်ရှိနိုင်သော စီမံကိန်းများကို‌စောင့်ကြည့်ရန်နှင့် ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်သည်။

ယခင်ကမူ သတ္တုတွင်းဝန်ကြီးဌာနကသာ ကြည့်ရှုထိန်းသိမ်းရမည့် တာဝန်ဖြစ်နေရာ သတ္တုတွင်းတူးဖော်ခွင့်လိုင်စင်ချပေးရမည့်ဌာနနှင့် သတ္တုမှအခွန်ဘဏ္ဍာရယူရမည့်ဌာနမှာလည်း သတ္တုတွင်းဌာနသာလျှင်ဖြစ်ပေရာ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်လျှင် အကျိုးစီးပွားချင်းဝိရောဓိ ဖြစ်နေတော့သည်။ လယ်သမားများက ဆန့်ကျင်ကန့်ကွက်နေသည့် သတ္တုတွင်းကုမ္ပဏီများနှင့် သတ္တုတွင်းများကိစ္စ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MONREC) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ECD) တို့က မည်သို့အရေးယူဆောင်ရွက်ခဲ့ပါသနည်း။

EMC ကုမ္ပဏီက တူးဖော်ခဲ့သည့် သတ္တုတွင်းမှှ စွန့်ပစ်ပစ္စည်းများကြောင့် ပျက်စီးသွားသောချောင်းကို ၂၀၁၇ မေလ ၁၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဘင်န်ဟာ့ဒ်မင်းန်

EMC ကုမ္ပဏီက တူးဖော်ခဲ့သည့် သတ္တုတွင်းမှှ စွန့်ပစ်ပစ္စည်းများကြောင့် ပျက်စီးသွားသောချောင်းကို ၂၀၁၇ မေလ ၁၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ဘင်န်ဟာ့ဒ်မင်းန်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သတ္တုတူးဖော်ရေးလုပ်ငန်းကဲ့သို့သော စီမံကိန်းများကြောင့် ဖြစ်လာသော ပတ်ဝန်းကျင်ပျက်စီးမှုအန္တရာယ်လျော့ပါးရေးလုပ်ငန်းများဖြစ်သည့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှု အကဲဖြတ်ခြင်း (EIA) လုပ်ငန်းများကို အာရုံစိုက်လုပ်ကိုင်ခဲ့သည်။ MPC ကုမ္ပဏီသည် ၎င်း၏တူးဖော်ရေး လုပ်ငန်းများကို အကြိမ်ကြိမ်ရပ်ဆိုင်းခံခဲ့ရသည်။ နောက်ဆုံးရပ်ဆိုင်းခံရသည့်အချိန်မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကဖြစ်သည်။ သို့သော် ရှစ်လအကြာ၌ လုပ်ငန်းပြန်စခွင့်ပြုခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းပါက စွန့်ပစ်မြေစာ အနယ်အနှစ်များမှာ စိုက်ခင်းများပေါ် လျှံကျဖုံးလွှမ်းလာမည့် အန္တရာယ်မရှိပေဘူးလားဟု မေးမြန်းရာတွင် MONREC အရာရှိက သဘာဝဘေးဆိုတာကတော့ ကာကွယ်ဖို့ခက်ကြောင်း၊ သို့သော် စောင့်ကြပ်ကြည့်ရှုမှုကိုတော့ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေပါကြောင်းပြန်ကြားခဲ့ပါသည်။ ထားဝယ်ခရိုင် တရားရုံးကမူ ပတ်ဝန်းကျင်ပျက်စီးမှုများသည် သဘာဝဘေးကြောင့်မဟုတ်ကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများအတွက် ကုမ္ပဏီများတွင်သာ တာဝန်ရှိကြောင်း၊ သက်သေများစွာရှိကြောင်း ပြောပါသည်။ လယ်သမားများက ခိုင်မာသောသက်သေထွက်ဆိုမှုများပြုကြသည်။ စွန့်ပစ်မြေစာများကြောင့် ပတ်ဝန်းကျင်ပျက်ယွင်းနေသည့်ဓာတ်ပုံများလည်း များစွာတွေ့မြင်ရသည်။

EMC ကုမ္ပဏီကငှားရမ်းထားပြီး အစိုးရက သဘောတူထားသော အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ရေးသားသည့် အစီရင်ခံစာမူကြမ်း၌ သတ္တုတွင်းမှစွန့်ပစ်မြေစာများမှာ ချောင်းတွေထဲစီးဝင်နေကြောင်းရေးသားထားသည်ကို ကျွန်ုပ်ကိုယ်တိုင်ဖတ်ခဲ့ရပါသည်။ အဆိုပါအပြီးသတ်အစီရင်ခံစာကို EMC ကုမ္ပဏီက တရာရုံးကို ပေးမဖတ်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပါ။ ၂၀၁၇ နှင့်် ၂၀၁၈ မိုးရာသီများ၌ EMC လုပ်ကွက်မှ စွန့်ပစ်မြေစာများမှာ စီးဝင်နေဆဲဖြစ်ကြောင်း ဒေသခံအုပ်ချုပ်ရေးပုဂ္ဂိုလ်များကိုယ်တိုင် ဝန်ခံထွက်ဆိုခဲ့ကြပါသည်။ ၂၀၁၂ နှင့် ၂၀၁၆ ဂြိုဟ်တုမြေပုံများတွင်လည်း ကြောက်မက်ဖွယ်အပြောင်းအလဲများကို မြင်တွေ့ရပါသည်။ တနင်္သာရီတိုင်းအစိုးရက တရားဝင် အသိအမှတ်ပြုထားသော သတ္တုလုပ်ငန်းစောင့်ကြည့်လေ့လာရေးအုပ်စုများက ဤပတ်ဝန်းကျင်ပျက်စီးမှုများကို မှတ်တမ်းတင်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အစီရင်ခံစာများ ပေးအပ်ခဲ့ပါသည်။

MONREC နှင့် ECD တို့သည် EIA လုပ်ခိုင်းရုံ၊ တူးဖော်မှုခေတ္တရပ်ဆိုင်းခိုင်းရုံသာမက စုံစမ်းစစ်ဆေးခြင်း၊ ဒဏ်တပ်ခြင်း၊ ထိခိုက်ခံနေရာများအတွက် နစ်နာကြေးတောင်းဆိုခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးများ လုပ်ဆောင်စေခြင်း၊ အထပ်ထပ်အခါခါ ကျူးလွန်သူများကို ရာဇဝတ်ပြစ်မှုဖြင့် ရုံးတင်တရားစွဲဆိုခြင်းများ လုပ်နိုင်သည့် အခွင့်အာဏာရှိပါသည်။ ယခုမူ ထိုသို့မဟုတ်ဘဲ လက်ပိုက်ကြည့်နေကြသဖြင့် ဒေသခံရပ်သူရွာသားတို့မှာ တရားရုံး၌ အင်အားတောင့်တင်းသည့် ကုမ္ပဏီကြီးများနှင့် အမှုရင်ဆိုင်နေကြရသည်။

ဤပြဿနာမှာ မြန်မာနိုင်ငံတခုတည်းတွင် မဟုတ်ပေ။ ကုလသမဂ္ဂ၏ 2019 Environmental Rule of Law အစီရင်ခံစာအရ ၁၉၇၂ မှစ၍ ကမ္ဘာတဝှမ်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေများ ၃၈ ဆ တိုးလာသော်လည်း ဥပဒေလိုက်နာမှုမှာ လုံးဝကျဆုံးလျက်ရှိသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဒေသခံရပ်ရွာလူထုကသာ အထောက်အထားများတင်ပြကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြရန်ကိုသာ သတ္တုတွင်းကုမ္ပဏီများကို တောင်းဆိုနေကြရသည်။ အစိုးရကလည်း ယာယီရပ်ဆိုင်းကြဖို့ကိုသာ အမိန့်ထုတ်ခြင်း၊ EIA များဆောင်ရွက်ခြင်း၊ သဘာဝကပ်ဘေးကိုသာ ပုံချခြင်းများပြုလုပ်နေသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းမှာ အသက်မွေးမှုအလုပ်အကိုင်ရရှိရေးနှင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်မည်ကို စိုးရိမ်မှုတို့ကြောင့် ဖြစ်နိုင်ပေသည်။

ယခု လယ်သမားများဘက်က ကူညီထောက်ခံနေသည့် အရပ်ဘက်အဖွဲ့အစည်းများကို တိုးတက်ဖွံ့ဖြိုးမှုကို ဆန့်ကျင်နေသူများအဖြစ်စွပ်စွဲကြသည်။ သို့သော် မြန်မာနိုင်ငံဂျီဒီပီ၏ ၁ ဒသမ ၁ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ပေးပါသည်။ သတ္တုကဏ္ဍမှဖော်ထုတ်ပေးသည့် အလုပ်အကိုင်မှာလည်း အခြားကဏ္ဍများအားလုံးထက် ဝင်ငွေနည်းပါးလှပါသည်။ နှိုင်းယှဉ်ကြည့်လျှင် ကွမ်းသီးပင်ခြံတစ်ဧကမှ စိုက်ပျိုးသူအတွက် တစ်နှစ် ဒေါ်လာ ၇,၀၀၀ ရှာပေးနိုင်သည်။ သတ္တုလုပ်ငန်းကြောင့်ပျက်စီးသွားသော ချောင်းမြောင်းများနှင့် လယ်ယာစိုက်ခင်းများ ပြုပြင်စရိတ်မှာ ဒေါ်လာကုဋေပေါင်းများစွာ ကုန်ကျနိုင်ပေရာ သတ္တုတွင်းများမှ ရှာဖွေပေးနိုင်သည်ထက် များစွာသာလွန်နေသည်။

ချောင်းတစ်ခုကိုပြုပြင်ပေးရန် EMC ကုမ္ပဏီထံ တောင်းဆိုမှုကို တရားရုံးက ဇန်နဝါရီလ ၂၈ ရက်က ချမှတ်သောစီရင်ချက်ဖြင့် ပယ်ချလိုက်ရာ ရပ်ရွာလူထုမှာ မိမိတို့စရိတ်ဖြင့် ပြုပြင်ရတော့မည်ဖြစ်သည်။

ECD သည် သမိုင်းအစဉ်အလာ၊ ဩဇာပါဝါနှင့် အရင်းအမြစ်ကြွယ်ဝသော သတ္တုတွင်းဌာနနှင့် ယင်း၏နိုင်ငံပိုင် သတ္တုတွင်းလုပ်ငန်းများကို စိန်ခေါ်နိုင်လောက်အောင် နိုင်ငံရေးအထောက်အပံ့မရှိပါဟုလည်း ပြောကြပါသည်။ သို့နှင့်တိုင် ထိုသို့သောနိုင်ငံပိုင်ဌာန အကြီးအကဲတစ်ဦးမှာလည်း အဂတိလိုက်စားမှုဖြင့် အဖမ်းခံနေရပြီး သတ္တုတွင်းဌာနကိုယ်၌ MONREC ဝန်ကြီးဌာနလက်အောက်ကျရောက်နေပြီဖြစ်သည်။

ပတ်ဝန်းကျင်ညစ်ညမ်းအောင်လုပ်မေသော ကုမ္ပဏီများကို အစိုးရများက လုပ်ပိုင်ခွင့်အာဏာဖြင့် ဒဏ်ခတ်အရေးယူမှုများ မလုပ်နိုင်သေးသ၍ ဒေသခံကျေးရွာလူထုကသာလျှင် ခါးစည်းခံနေကြရတော့မည်ဖြစ်သည်။

မြန်မာရုံးများက တာဝန်ယူမှု၊ တာဝန်ခံမှုကို အနည်းအကျဉ်းပေးစွမ်းနိုင်သော်ငြားလည်း ဒေသခံတို့မှာ တရားရေးဝန်ဆောင်မှုရမှသာ နှစ်ချီကြာပြီးရလာသောနစ်နာကြေးရသည့်တိုင် ယင်းမှာလုံလောက်မှုလည်းမရှိ၊ အချိန်အားဖြင့်လည်းကြာညောင်းခဲ့ပြီဖြစ်သည်။

တောင်ပိုင်းရှမ်းပြည် တီကျစ်ဓာတ်အားပေးစက်ရုံတဝိုက်မှ ဒေသခံတို့မှာ ကက်ဒ်မီယမ်အဆိပ်သင့်ခံကြရသည်။ မန္တလေးစက်မှုဇုန်အောက်ပိုင်းနေ ရွာသားများမှာ စွန့်ပစ်ရေဆိုးများ၏ညစ်ညမ်းမှုဒဏ်ခံနေကြရသည်။ သန်လျင်သီလဝါ အထူးစီးပွားရေးဇုန်ရှိ ဒေသခံတို့၏ အသက်မွေးမှုလုပ်ငန်းများ ဆုံးရှုံးနေကြရသည်။ ယင်းဖြစ်ရပ်များအတွက် MONREC နှင့် ECD တို့သည် ယင်းတို့ကိုကိုင်တွယ်ရန် တာဝန်ရှိသကဲ့သို့ လုပ်ပိုင်ခွင့်အာဏာလည်း အပြည့်အဝရှိပါသည်။ သို့နှင့်တိုင် ၂၀၁၉ နှစ်ကုန်ပိုင်းက EMC ကုမ္ပဏီကို ၂၀၃၀ ထိ တူးဖော်လုပ်ကိုင်ခွင့် ထပ်ချပေးခဲ့ကြသည်။ ထိုကုမ္ပဏီ နှစ်ခုက ၎င်းတို့အပေါ်ချမှတ်ခဲ့သည့်တရားရုံးစီရင်ချက်ကို အယူခံဝင်ထားကြသည်။

ခံစားရသူကျေးရွာသားတို့ကတော့ ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်သည်။ ရွာလယ်ချောင်းကိုပြန်ဆယ်ပေးရန် သတ္တုတွင်းစွန့်ပစ်မြေစာပုံ တန်ထောင်ပေါင်းများစွာကို ဖယ်ရှားပေးရန် EMC ကုမ္ပဏီအား အမိန့်ချမှတ်ခြင်း မပြုတော့ရန် တရားရုံး၏ဆုံးဖြတ်ချက်ကို ဒေသခံရွာသား နှစ်ဦးက ရုံးတော်၌ ဧပြီလနှောင်းပိုင်းက လျှောက်လဲခဲ့ကြသည်။

ခုချိန် မေလကုန်၌ မုတ်သုန်မိုးကလည်းဝင်လာတော့မည်။ မိုးနှင့်အတူ နောက်ထပ်ကျရောက်လာတော့မည့် သတ္တုတွင်းစွန့်ပစ်မြေစာများအတွက်သာ ဒေသခံတို့ ပူပင်ကြောင့်ကြနေကြရတော့သည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.