ထားဝယ်မြို့အတွင်း မဲဆွယ်စည်းရုံး၍ လှည့်လည်သွားလာနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထောက်ခံသူများကို စက်တင်ဘာ၂၇ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | Dawei Watch)

အဖြေထွက်နှင့်ပြီးဖြစ်သည့် တနင်္သာရီက ရွေးကောက်ပွဲပုစ္ဆာ

ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းဦးရေများပြားပြီး လက်ရှိတိုင်းအစိုးရ၏ စွမ်းဆောင်ရည်အပေါ် ဒေသခံများ၏မကျေနပ်မှုများရှိသည့်တိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းက နိုဝင်ဘာရွေးကောက်ပွဲအလားအလာသည် မတွက်ခင်ကအဖြေထွက်နှင့်သည့်ပုစ္ဆာတစ်ခုကဲ့သို့ဖြစ်သည်။

Dawei Watch သတင်းဌာနက တင်ဆက်သည်။

ပါတီအရေအတွက်နှင့် ကိုယ်စားလှယ်လောင်းအရေအတွက်တို့ များလာသော်လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲအခင်းအကျင်းမှာ လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ကသာ အသာစီးရယူပြီး လွန်​​ခဲ့သည့်ငါးနှစ်ကလိုပင် ဆက်လက်အောင်ပွဲဆင်မည့် အနေအထားတွင်ရှိနေသည်။

ယင်းကား နိုင်ငံရေးရလဒ်အားဖြင့် အပြောင်းအလဲမရှိဆက်သွားမည့်အသွင်ကို ဆောင်နေသည်။ အထူးသဖြင့် အာဏာရပါတီသက်တမ်းတစ်လျှောက် ပါတီပုံရိပ်ထိခိုက်ဖွယ်ဖြစ်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း၏ လာဘ်စားမှုဖြင့် ထောင်ချခံခဲ့ရသည့်ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သည့်တိုင် အင်န်အယ်လ်ဒီပါတီအပေါ် ထောက်ခံမှုများဆက်ရှိနေသေးသည်က အံ့ဩစရာဖြစ်သည်။

အင်န်အယ်လ်ဒီပါတီသည် မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူ တနင်္သာရီတွင် နိုင်ငံရေးအရကြီးမားသည့်လွှမ်းမိုးမှုရှိသည်။ ၂၀၁၅ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်နေရာအားလုံးတွင် အင်န်အယ်လ်ဒီပါတီကအနိုင်ရရှိခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ခုရှိသည့်အနက် အင်န်အယ်လ်ဒီပါတီက ရာနှုန်းပြည့်အနိုင်ရရှိသည့် ဒေသနှစ်ခုမှာ တနင်္သာရီနှင့် မကွေးတိုင်းဒေသကြီးတို့ဖြစ်သည်။

“မျှော်လင့်ချက်ကတော့ ပါတီစုံဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်နဲ့ညီညွတ်စွာ ပါတီအစုံက လွှတ်တော်ကိုယ်စားလှယ် အစုံဖြစ်စေချင်တယ်။ အခုက တစ်ပါတီတည်းဖြစ်နေတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဝင်ပြိုင်မည့် ကရင်ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ဦးစောဟာဗီကပြောသည်။

၎င်းသည် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ (ပြည်ခိုင်ဖြိုး)အစိုးရလက်ထက်က တနင်္သာရီ၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်းလည်းဖြစ်သည်။​ ၂၀၁၅ရွေးကောက်ပွဲတွင် ၎င်းသည် အဆိုပါနေရာအတွက် ပြည်ခိုင်ဖြိုးပါတီကနေ၍ ယှဉ်ပြိုင်ခဲ့သော်လည်း ပြိုင်ဘက်အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။

လာမည့်နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ခွင့်ပြုလိုက်သည့် စက်တင်ဘာ၈ရက်မှာပင် မြို့တော်ထားဝယ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပါတီအချို့က မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ ကိုဗစ်-၁၉ကပ်ဘေးကို အံတုကာ စတင်ခဲ့ကြသည်။

တိုင်းဒေသကြီးအတွင်း နေရာအများအပြားတွင် ခွပ်ဒေါင်းပုံပါ အနီရောင်အလံများသာ တဖျပ်ဖျပ်လွင့်နေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

ပြည်သူလူထုအကြား နိုင်ငံရေးနိုးကြားမှုက ယခင်အတိုင်းသာရှိနေကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂအထွေထွေအတွင်းရေးမှူးဒေါ်နုနုလှိုင်က မှတ်ချက်ပြုသည်။

“ကျွန်မအမြင်အရဆိုရင်တော့ ကြိတ်ကြိတ်တိုးပြိုင်ကြမဲ့ နေအထားတော့မရှိဘူး။ ကျွန်မတို့တိုင်းအခြေအနေပေါ့လေ။ အင်အားရှိတဲ့ နိုင်ငံရေးပါတီအချင်းချင်းပြိုင်ကြမှပဲ အကြိတ်အနယ်ဆိုတာရှိတယ်လေ”ဟု ဒေါ်နုနုလှိုင်ကပြောသည်။

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် တွေ့ရသည့် အခြားဒေသများကမြင်ကွင်းများနည်းတူ ထားဝယ်မြို့ရှိ ရပ်ကွက်များ၊ လမ်းများတွင် နိုင်ငံရေးပါတီများ၏ အလံများကို လွှင့်ထူကြသော်လည်း အများစုမှာ အင်န်အယ်လ်ဒီပါတီ အလံများသာဖြစ်သည်။ 

ထို့ပြင် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် သုံးဘီးယာဉ်အချို့ပင် ယင်းအလံများ တလူလူတပ်ဆင်ထားကြသည်။ လွန်ခဲ့သောငါးနှစ်အတွင်း အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများ မည်သို့ပင်ရှိခဲ့စေကာမူ ၎င်းတို့အနေဖြင့် အင်န်အယ်လ်ဒီပါတီကို ဂုဏ်ယူကျေနပ်စွာ ထောက်ခံကြောင်း ပြသခြင်းလည်းဖြစ်သည်။

ယင်းသို့အခြေအနေများကို မြို့ပေါ်တွင်သာမက လူသူအရောက်အပေါက်နည်းပါးသည့် ကျေးရွာများတွင်လည်း မြင်တွေ့နိုင်သည်။ 

“ကျွန်တော့် နယ်နိမိတ်ထဲမှာတော့ နဂိုမူလပုံစံတိုင်းပဲ သွားမယ်ဆိုတာကို မြင်ရတယ်”ဟု သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းကပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးတစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းငါးဦးအပါအဝင် ကိုယ်စားလှယ်လောင်းစုစုပေါင်း ၂၇၃ဦး ရွေးကောက်ပွဲကော်မရှင်ထံသို့ အမည်စာရင်းတင်သွင်းခဲ့ကြသည်။

သို့သော် ၎င်းတို့အနက်မှ လေးဦးသည် ဥပဒေသတ်မှတ်ချက်နှင့် မညီညွတ်ဟုဆိုကာ ကော်မရှင်ကပယ်ချခဲ့ရာ ကျန်ရှိသည့်ကိုယ်စားလှယ်လောင်း၂၆၉ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယင်းအရေအတွက်မှာ လွန်ခဲ့သည့် ၂၀၁၅ကထက် ကိုယ်စားလှယ်လောင်း အရေအတွက် ၈၈ဦး တိုးလာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၁၀နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂နေရာ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၂၀နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာတစ်နေရာ၊ စုစုပေါင်း ၄၃နေရာရှိသည်။ 

တိုင်းဒေသကြီးအတွင်း ပါတီ၁၂ခုသာယှဉ်ပြိုင်ခဲ့သည့် ၂၀၁၅ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း၁၈၁ဦး ရှိခဲ့သည်။ ယခုနှစ်တွင် ပါတီ၁၄ခုပြိုင်ဆိုင်ကြမည်ဖြစ်သည်။ မျက်နှာသစ်အဖြစ် ပထမဆုံးအကြိမ်ယှဉ်ပြိုင်မည့် ပါတီခြောက်ခုရှိပြီး ၂၀၁၅တွင်ပြိုင်ခဲ့သည့် အချို့ပါတီများမှာ ယခုနှစ်ရွေးကောက်ပွဲတွင် ဝင်မပြိုင်ကြတော့ပေ။

၂၀၁၅က သုံးပါတီကွဲနေသော (အမျိုးသမီးပါတီ(မွန်)၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာပါတီ) တို့က ရွေးကောက်ပွဲတွင် အသာရရှိစေရန် မွန်ညီညွတ်ရေးပါတီအဖြစ်‌ ပေါင်းစည်းလိုက်ကြသည်။ ယင်းကဲ့သို့ မွန်သုံးပါတီမှာ ပေါင်းစည်းလိုက်သဖြင့် ၂၀၂၀တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားပါတီမှာ သုံးပါတီသာ ကျန်တော့သည်။ ၎င်းတို့မှာ ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် ထားဝယ်တိုင်းရင်းသားများပါတီတို့ ဖြစ်သည်။ 

ထားဝယ်တိုင်းရင်းသားများပါတီ၏ မဲဆွယ်စည်းရုံးလက်ကမ်းစာဆောင်တစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | Dawei Watch)

တိုင်းရင်းသားပါတီများအနေဖြင့် နေရာအနည်းစုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ တိုင်းဒေသကြီးအတွင်းအခြေစိုက်ပြီး တစ်ခုတည်းသော လူမျိုးစုကိုယ်စားပြုပါတီဖြစ်သည့် ထားဝယ်တိုင်းရင်းသားများပါတီဆိုလျှင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်ရှစ်နေရာတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်လွှတ်တော်မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်မည်မဟုတ်ပေ။ ကရင်ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း၁၅ဦးနှင့် မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း၁၁ဦးဖြင့် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့်လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လက်ရှိအာဏာရအင်န်အယ်လ်ဒီပါတီ၊ အတိုက်အခံပြည်ခိုင်ဖြိုးပါတီ၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(ယူဘီပီ)နှင့် နှင်းဆီပါတီဟု လူသိများသော ညီညွတ်သောဒီမိုကရက်တစ်ပါတီ (ယူဒီပီ)တို့က တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် ကိုယ်ကျင့်သီလကောင်းသူ၊ အများကြည်.ညိုလက်ခံသူများကို စိစစ်ရွေးချယ်ထားသဖြင့် စုစုပေါင်းမဲဆန္ဒနယ်၄၃နေရာအနက် ၈၀ရာခိုင်နှုန်းဝန်းကျင် အနိုင်ရမည်ဟုမျှော်လင့်ကြောင်း ယူဘီပီ၏ တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးအေးဟန်က ပြောသည်။

“မိမိကိုယ်တိုင်ကလည်း စိတ်ကောင်းစေတနာကောင်းနဲ့ လူမှုရေးစိတ်ဓာတ်၊ ပရဟိတစိတ်ဓာတ် ရှိတဲ့သူတွေကို အတတ်နိုင်ဆုံးစိစစ်ပြီးတော့ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ၈၀ရာခိုင်နှုန်းလောက်ရနိုင်တယ်လို့ သုံးသပ်လို့ရတာပေါ့”ဟု ၎င်းကပြောသည်။

မျက်နှာသစ်ပါတီဖြစ်သည့်အပြင် ယခုနှစ်တွင် ပထမဆုံးအကြိမ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည်ဖြစ်ရာ ဦးအေးဟန်သည် ၎င်း၏ပါတီကိုယ်စားလှယ်လောင်းများအပေါ် မျှော်လင့်ချက်အပြည့်ရှိပုံပေါ်သည်။ အခြားဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများက ပါတီတာဝန်ရှိသူများတွင်လည်း အလားတူ မျှော်လင့်ချက်မျိုးရှိနေသည်။

“အခုရွေးကောက်ပွဲမှာတော့ တနင်္သာရီတိုင်းထဲမှာ ကျွန်တော်တို့ပါတီက လေးချိုးတစ်ချိုးလောက်တော့ အနိုင်ရမယ်လို့တော့မှန်းထားတယ်”ဟု နှင်းဆီပါတီ (ယူဒီပီ)၏ တိုင်းဒေသကြီးတာဝန်ခံ ဦးခင်မောင်လတ်က ပြောသည်။

နှင်းဆီပါတီက ကောက်ယူသည့်စစ်တမ်းတစ်ခုအရ ထားဝယ်မြို့ပေါ်တွင် နေအိမ်လေးအိမ်တွင် တစ်အိမ်ကသာ အင်န်အယ်လ်ဒီပါတီအလံကို လွှင့်ထူထားသဖြင့် လာမည့်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက မဲဆန္ဒနယ်၂၅ရာခိုင်နှုန်းကိုသာ အနိုင်ရလိမ့်မည်ဟု ဦးခင်မောင်လတ်က ဆိုသည်။

ယင်းသို့ယူဆချက်မှာ ခိုင်မာသည့်အချက်အလက်များအပေါ်အခြေခံထားခြင်းမဟုတ်ပေ။ အလံမလွှင့်ထူထားသည့်အိမ်များက အင်န်အယ်လ်ဒီပါတီကို မဲမပေးဟု ယတိပြတ်မဆိုနိုင်သည့်အပြင် ကျန်သုံးအိမ်ကလည်း အခြားပါတီအလံလွှင့်ထူခြင်းရှိ၊ မရှိမသိရပေ။ မည်သည့်အလံမှလွှင့်ထူထားခြင်းမရှိသည်လည်းဖြစ်နိုင်သည်။

အဆိုပါစစ်တမ်းသည် စိတ်ဝင်စားဖွယ်မရှိသည့်တိုင် ဦးခင်မောင်လတ်တို့၏ နှင်းဆီပါတီသည် လွန်ခဲ့သည့်လအတွင်း လူထုစိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် နိုင်ငံရေးပါတီဖြစ်ခဲ့သည်။ နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၁,၁၃၀ဦးကို အမည်စာရင်းတင်သွင်းခဲ့ပြီး ယင်းပမာဏက အင်န်အယ်လ်ဒီပါတီပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ 

ပါတီဥက္ကဋ္ဌဦးကျော်မြင့်သည် ယခင်က ငွေကြေးခဝါချမှုတွင်ပါဝင်သည်ဟု စွပ်စွဲခံထားရသူဖြစ်ပြီး ဖမ်းဆီးခံရ၍ ထောင်ကျနေစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့သူဖြစ်သည်။ ယခင်က ကနေဒါနိုင်ငံတွင် နေထိုင်ခဲ့ဖူးသူဖြစ်ပြီး ၎င်းသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီများနှင့် ပတ်သက်ခဲ့ဖူးသည်ဟုလည်း ဦးကျော်မြင့်ကဆိုထားသည်။ ၎င်း၏အတိတ်ကို သတင်းမီဒီယာများက ပြန်လည်ရေးသားဖော်ပြပြီးနောက် ရဲတပ်ဖွဲ့က နှင်းဆီပါတီဥက္ကဋ္ဌဦးကျော်မြင့်ကို ပြန်လည်ဖမ်းဆီး၍ လွန်ခဲ့သည့် အနှစ်၂၀ကျော်က ၎င်းကျူးလွန်ခဲ့သည့် ထောင်ပြေးမှုဖြင့် တရားစွဲဆိုထားသည်။

လက်ရှိတွင် ကိုဗစ်-၁၉ကပ်ဘေးသည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်ပေါ်စေသည်။ ယင်းအခြေအနေတွင် အင်အားကြီးပါတီမဟုတ်လျှင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာ ပို၍ခက်ခဲသည်။

ကိုဗစ်ကပ်ဘေးကို တုံ့ပြန်ကာကွယ်ရေးအစီအစဉ်များဆောင်ရွက်ရာတွင် အစိုးရအဖွဲ့ဝင်များကသာ ပါဝင်ခွင့်ရရှိသည်ဖြစ်ရာ ယင်းအစီအစဉ်များကို အကြောင်းပြု၍ ရွေးကောက်ပွဲဝင်မည့် အာဏာရပါတီက အစိုးရအဖွဲ့ဝင်များသည် အခြားကိုယ်စားလှယ်လောင်းများထက် လူထုနှင့် ထိတွေ့ခွင့်ပိုမိုရရှိနေသည်။ ယင်းအချက်ကပင် ၎င်းတို့အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အတိုင်းအတာတစ်ခုအထိ အားသာချက်ဖြစ်သည်။

လက်ရှိအခင်းအကျင်းအရမူ အင်န်အယ်လ်ဒီပါတီ၏ ပြိုင်ဘက်များတွင် ၎င်းကိုယှဉ်ပြိုင်နိုင်ရန် သိသာထင်ရှား၍ ထူးခြားသောနိုင်ငံရေးနောက်ခံပုံရိပ်များ မရှိပေ။

“ကျွန်တော့်အမြင်ပြောရရင် (ကိုယ်စားလှယ်လောင်း) ငါးဆယ်ရာခိုင်နှုန်းလောက်က ပရဟိတကနေလာပြိုင်တဲ့ သဘောလေးတွေ တွေ့ရတယ်ပေါ့နော်။ နိုင်ငံရေးလေ့ကျင့်မှု၊ နိုင်ငံရေးသင်တန်း၊ နိုင်ငံရေးဝမ်းစာပြည့်ဝမှု အဲဒီအပိုင်းမှာ နည်းနည်းလေး အားနည်းနေတဲ့အပိုင်းတွေ တွေ့ရပါတယ်”ဟု ရေဖြူမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)တွင် ပြိုင်ဘက်ငါးဦးနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်လောင်းဦးအောင်မျိုးခိုင်က ပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ မဲဆွယ်ယာဉ်တစ်စီးကို တနင်္သာရီတိုင်းဒေသကြီးမြို့တော်၊ ထားဝယ်မြို့အတွင်း မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | Dawei Watch)

တိုင်းဒေသကြီးအတွင်း လူထုအပေါ် ဩဇာလွှမ်းမိုးနိုင်သူများရှိသော်လည်း အချို့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီပါတီကို တုဖက်ပြိုင်ဆိုင်လိုခြင်းမရှိသဖြင့် မယှဉ်ပြိုင်ကြပေ။ အချို့မှာမူ အခြားအကြောင်းပြချက်များကြောင့် ယခုနှစ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းမရှိပေ။

“အားကောင်းမောင်းသန် နိုင်ငံရေးသမားတွေကမရှိဘူးဆိုတာက အားကောင်းတဲ့ နိုင်ငံရေးသမားတွေက လက်ရှောင်နေကြတယ်”ဟု ၂၀၁၅ရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်သူတစ်ဦးအဖြစ် ပါဝင်ခဲ့သည့် ဦးသန်းဝင်းကပြောသည်။

ခြွင်းချက်အနေဖြင့် ယခင်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်ညိုညိုသင်းသည် တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၉)တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် ၂၀၁၀မှ ၂၀၁၅အထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းကို ဗဟန်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရှုံးနိမ့်ခဲ့သည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးသမားတစ်ဦးက ဝေးလံခေါင်းဖျားရာဒေသကို ရွေးချယ်၍ ဝင်ရောက်ယှဉ်ပြိုင်သည်က စိတ်ဝင်စားဖွယ်ဖြစ်သည်။ ‘အိပ်ပျော်နေသော နိုင်ငံရေးရပ်ဝန်းကို လှုပ်နိုးလိုခြင်းကြောင့်’ တနင်္သာရီတိုင်းဒေသကြီးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ညိုညိုသင်းက သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

သို့သော် ၎င်းသည် ဒေသခံတစ်ဦးမဟုတ်သည့်အပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းလည်း ဖြစ်ရာ ရွေးကောက်ပွဲမဲဆွယ်ရန်နှင့် အခြားအင်အားကြီးပါတီများကို ယှဉ်ပြိုင်၍ ရွေးကောက်တင်မြှောက်ခံရရေးမှာ ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်သည်။

“ရွာတိုင်းမှာ မဲရုံမရှိတော့၊ ပြည်သူတွေကလည်း နိုင်ငံရေးကို စိတ်ဝင်စားမူ အားနည်းတော့ ပြည်သူတွေ မဲလာထည့်ကြမလားတောင် စိတ်ပူတယ်။ ဒေသခံကိုယ်စားလှယ်မဟုတ်တော့ ဒေသခံနိုင်ငံရေး အင်အားစုတွေရဲ့ အနိုင်ကျင့်မှုတွေလည်းခံရတယ်”၎င်းက ပြောသည်။

“ဒါက ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုပါပဲ”ဟု သူကဆိုသည်။

နိုဝင်ဘာရွေးကောက်ပွဲအလွန်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖြေရှင်းရမည့်ကိစ္စများတွင် ကျွန်းနှင့်ကမ်းခြေများပါဝင်သည့် မြေယာကိစ္စများ၊ သဘာဝပတ်ဝန်းကျင်နှင့်သစ်တောထိန်းသိမ်းရေး၊ သတ္တုတူးဖော်မှုနှင့် သယံဇာတစီမံခန့်ခွဲမှု၊ ဆလုံလူနည်းစုများအရေး၊ ရွှေ့ပြောင်းလုပ်သားများအရေး၊ လျှပ်စစ်မီးရရှိရေး စသည်တို့ပါဝင်နေသည်။ ယင်းကိစ္စရပ်များကို လက်ရှိနှင့် ယခင်ရွေးကောက်ခံအစိုးရ နှစ်ရပ်စလုံးက မဖြေရှင်းနိုင်ခဲ့ပေ။

အထူးသဖြင့် လက်ရှိအစိုးရလက်ထက်တွင် အဆိုပါကိစ္စများကို မဖြေရှင်းနိုင်သည့်အပြင် ထားဝယ်ခရိုင်အတွင်းက လျှပ်စစ်ဖြန့်ဖြူးသည့်ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့်ချုပ်ဆိုသည့် သဘောတူညီချက်အပါအဝင် လာဘ်ပေးလာဘ်ယူမှုနှင့် ဆက်နွှယ်သည့်အစိုးရစီမံကိန်းလုပ်ကိုင်ခွင့်ချထားပေးမှုများကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်သည် ထောင်ဒဏ်အနှစ်၃၀ ချမှတ်ခံခဲ့ရပြီး ယင်းကိစ္စကြောင့် အင်န်အယ်လ်ဒီပါတီ၏ ပုံရိပ်ထိခိုက်ခဲ့သည်။ 

သို့ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီးအတွင်း လက်ရှိအစိုးရ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လူထုထံက မေးခွန်းများ၊ မကျေနပ်ချက်များရှိနေသည်။ သို့တိုင် လာမည့်နိုဝင်ဘာ၈ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အင်န်အယ်လ်ဒီပါတီကို မဲပေးမည်ဟုဆိုသည့် ဒေသခံအများအပြားရှိနေသေးသည်။

“အားမလိုအားမရ ဖြစ်သွားပေမဲ့ လာမယ့်ရွေးကောက်ပွဲလည်း အင်န်အယ်လ်ဒီပါတီကိုပဲ ထပ်နိုင်စေချင်တယ်။ ထပ်နိုင်ပြန်ရင်လည်း အရင်လိုပဲ ဖြစ်နေဦးမလားဆိုတဲ့ သံသယက ရှိနေရိုးအမှန်ပဲ”ဟု မြေယာအရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ငယ်က ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.