ဝ တပ်ဖွဲ့ရဲ့နှစ် ၃၀ ဖြတ်သန်းမှု ဘယ်အထိခရီးရောက်နေပြီလဲ

အစိုးရနဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီတို့ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ပန်ဆန်းမှာ ကျင်းပဖို့စီစဉ်နေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အစိုးရနဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA တို့ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ ဧပြီ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာဖြစ်တယ်လို့ UWSA တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တကယ်တော့ ၁၉၈၉ ခုနှစ် ဧပြီ ၁၅-၁၆-၁၇ ရက်တွေဆိုတာ လွန်ခဲ့တဲ့ အနှစ် ၃၀ က ဝ ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်တွေကနေ ဗကပ လို့ခေါ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းကို ပုန်ကန် အာဏာသိမ်းယူခဲ့တဲ့ နေ့ရက်တွေလည်း ဖြစ်ပါတယ်။ အဲဒီ အာဏာသိမ်းနေ့ရက်တွေက ဗကပ ဌာနချုပ် ပန်ဆန်းမှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဗကပ ကရော ဘယ်လို ဖြစ်သွားသလဲ၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးလာခဲ့တာ နှစ် ၃၀ ကြာခဲ့ပြီဖြစ်တဲ့ ဝ တပ်ဖွဲ့နဲ့ ဝ ပြည်သူတွေ ဒီကနေ့ ဘယ်အခြေအနေ ရောက်နေပြီလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း တင်ပြသွားပါ့မယ်။

၁၉၈၉ ဧပြီ ၁၅-၁၆ ဟာ မြန်မာသြင်္ကန် နေ့ရက်တွေဖြစ်ပြီး ၁၇ ရက်ကတော့ နှစ်ဆန်း တစ်ရက်ပါ။ ၁၆ ရက်အထိ ဗကပ ဗဟို ပန်ဆန်းမှာရှိတဲ့ ဗမာ၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေက သြင်္ကန်ပျော်ပွဲရွှင်ပွဲတွေ လုပ်နေကြတဲ့အချိန်ပါ။ သြင်္ကန်ပွဲ ဆင်နွဲှတဲ့အထဲ ၁၉၈၈ အရေးအခင်းအပြီး မြို့ပေါ်ကရောက်လာတဲ့ တောခိုအဖွဲ့တွေလည်း ပါပါတယ်။ အခြားတစ်ဖက်မှာတော့ ဝ တပ်ဖွဲ့တွေဟာ ဗကပ ဗဟိုဌာနချုပ် ပန်ဆန်းကို အာဏာသိမ်းဖို့ ဝ နယ်မြောက်ပိုင်းကနေ ပန်ဆန်းကို အလုံးအရင်းနဲ့ ဆင်းလာနေကြပါပြီ။

၁၆ ရက်နေ့ ညနေစောင်းမှာတော့ ပန်ဆန်းအဝင် တောင်ကုန်းတွေထက် နေရာယူပြီး ညဘက်မှာတော့ ပန်ဆန်းထဲ ဆင်းလာကြပါတယ်။ ပုံမှန်အားဖြင့်ဆို ပန်ဆန်း ဗဟိုဌာနချုပ်ဧရိယာမှာ လက်နက်ကိုင် လုံခြုံရေးယူထားတာကလည်း ဝ တိုင်းရင်းသားတွေပဲ ဖြစ်တာမို့ အာဏာသိမ်း ဝ တပ်ဖွဲ့အတွက် အခက်အခဲ မရှိလောက်ဘူးလို့ မှန်းဆပုံရပါတယ်။

ဒါပေမဲ့ ဖြစ်ချင်တော့ ဗကပ မဟာမိတ် ကလလတ၊ ရလလဖ လို့ခေါ်တဲ့ ကရင်နီနဲ့ ပအိုးဝ် အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တချို့က တပ်ဖွဲ့ဝင်တွေ ပန်ဆန်းမြို့ထဲ ရောက်နေလေတော့ ဗဟိုဌာနချုပ်ဘက်ကို ချီတက်မယ့် အာဏာသိမ်းတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင် တိုးမိကြပါတယ်။ မဟာမိတ်တပ်ဖွဲ့ဘက်က ပစ်ခတ်မှုကြောင့် ဝ တပ်ဖွဲ့ဘက်က တစ်ယောက် ကျဆုံးပေမဲ့ နောက်ပိုင်း အပြန်အလှန်ပြောဆို၊ နားလည်မှုယူလိုက်နိုင်လို့ ဝ တပ်ဖွဲ့ရဲ့ အာဏာသိမ်းမှု အောင်မြင်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ၁၆ ရက် ညကတည်းက ပန်ဆန်းကို ဝ တပ်ဖွဲ့က အာဏာသိမ်းတော့မယ်ဆိုတာ ကြိုတင်သတင်းပေါက်ကြားခဲ့လို့ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး ဦးတင်ရီ အပါအဝင် ဗကပ ခေါင်းဆောင်နဲ့ ကေဒါအတော်များများ နယ်စပ်ချောင်းကိုဖြတ်ပြီး တရုတ်နိုင်ငံ နယ်နိမိတ်ဘက် ထွက်ပြေးကြပါတယ်။ အာဏာသိမ်းတပ်ဖွဲ့ ဝင်ရောက်တာကို မသိကြသူအများစုကတော့ နောက်တစ်နေ့ လက်နက်အသိမ်းခံရပြီး မေးခွန်း သုံးခု ဖြေရပါတယ်။ တစ်ခုက အစိုးရတပ်ဆီသွားပြီး လက်နက်ချမလား၊ ဒါမှမဟုတ် တရုတ်ပြည်ဘက် ထွက်သွားမလား၊ ဒါမှမဟုတ် အချုပ်အနှောင်ခံပြီး ဝ နယ်ထဲ နေမလားဆိုတာပါ။ ဝ မဟုတ်တဲ့ ဗကပ အများစုကတော့ တရုတ်ပြည်ဘက် ထွက်ခွာကြပါတယ်။ မကျန်းမာတဲ့ ဗကပ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ကတော့ ဘယ်ကိုမှ ထွက်မပြေးဘဲ အိပ်ရာထဲလှဲနေရင်း ရင်ဆိုင်တဲ့အတွက် သူ့ကို ဝ တွေက ထမ်းစင်နဲ့ထမ်းပြီး တရုတ်ပြည်ဘက် ပို့လိုက်ကြပါတယ်။

ဒီလိုနဲ့ ဝ ခေါင်းဆောင်နဲ့ တပ်ဖွဲ့တွေဟာ ဗကပကို အောင်အောင်မြင်မြင် ပုန်ကန်အာဏာသိမ်းပြီး UWSP/UWSA ကိုထူထောင်၊ သူတို့ကံကြမ္မာ သူတို့ဖန်တီးကြပါတော့တယ်။ အဲဒီအချိန်က တပ်မတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး သူတို့နယ်မြေ သူတို့ထိန်းချုပ်ထားတာ ဒီကနေ့အချိန်ထိတိုင်အောင်ပါပဲ။

တကယ်တော့ ဝ တပ်ဖွဲ့ဆိုတာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်း ကျူးကျော်မှုကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့ဆိုရင်လည်း မမှားပါဘူး။ ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံအတွင်းမှာ တရုတ်-ဗမာ အဓိကရုဏ်းတွေဖြစ်၊ တရုတ်တွေ အသတ်ခံရ၊ တိုက်ခိုက်ခံရ၊ အဲဒီအထဲ တရုတ်စီးပွားရေး သံရုံးနဲ့ သံရုံးတာဝန်ရှိသူတွေပါ တိုက်ခိုက်ခံရတဲ့ အခြေအနေအထိ ရောက်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ကွန်မြူနစ် တရုတ်အစိုးရဟာ မြန်မာနိုင်ငံက အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကို လက်တုံ့ပြန် ဒဏ်ခတ်ပါတော့တယ်။

၁၉၆၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ တရုတ်ပြည်ထဲ ရောက်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ တပ်ဖွဲ့ဝင်တွေ၊ ဖုန်ကျားရှင်၊ နော်ဆိုင်း ခေါင်းဆောင်တဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်နဲ့ နယ်စပ်ဒေသတွေကို ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်ပေါ်ပေါက်လာပါတယ်။ ဗကပ က ဝင်ရောက်တိုက်ခိုက်တယ်ဆိုပေမဲ့ တကယ့်တကယ် ဖြစ်ရပ်အမှန်ကတော့ ဗကပ ယူနီဖေါင်းဝတ်ထားတဲ့ တရုတ် ဗော်လံတီယာ တပ်မှူး တပ်သားတွေ၊ တရုတ်နယ်နိမိတ်ထဲက တိုင်းရင်းသား တပ်ဖွဲ့ဝင်တွေက တရုတ်လက်နက်ရိက္ခာ အပြည့်အစုံနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တနည်း မြန်မာတိုင်းရင်းသား ရာဂဏန်းလောက်ကို ရှေ့တန်းတင်ပြီး တရုတ်က မြန်မာ့နယ်နိမိတ်ထဲကို ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့တာပါ။

တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို လျစ်လျူရှုပြီး အိမ်နီးချင်းနိုင်ငံထဲ ဝင်ရောက်ကျူးကျော်ခဲ့တာပါ။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ပဲခူးရိုးမမှာတောက်လောင်နေတဲ့ ပြည်တွင်းစစ်မီး ရှမ်းပြည်နယ်တခွင် အရှိန်အဟုန်ကြီးကြီးနဲ့ ပိုပြီးတောက်လောင်စေခဲ့တာဖြစ်ပါတယ်။ ဗကပ ကို ပုန်ကန်အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ ဝ တပ်ဖွဲ့ဆိုတာကလည်း အဲဒီကျူးကျော်မှုရဲ့ အကျိုးဆက်ပါပဲ။

ဝ၊ ကိုးကန့်နဲ့ မိုင်းလားဒေသက တပ်ဖွဲ့တွေ ဗကပ ကို ပုန်ကန်ပြီး တရုတ်ပြည် မောင်းထုတ်လိုက်တော့ တရုတ်ကွန်မြူနစ်ပါတီဟာ ဗမာပြည် ကွန်မြူနစ်ပါတီဘက်ကရပ်တည် အကူအညီပေးခဲ့ပါသေးတယ်။ တရုတ်နယ်မြေပေါ်မှာ ပြန်လည်စုဖွဲ့ပေးပြီး ပထမပိုင်းသွားလိုတဲ့ ကချင်ပြည်နယ်က ဆခုံတိန့်ယိန်း ခေါင်းဆောင်တဲ့ ၁၀၁ စစ်ဒေသကို ခဲယမ်းမီးကျောက် အပြည့်အစုံနဲ့ ပို့ပေးခဲ့ပါတယ်။ ဆခုံတိန့်ယိန်းအဖွဲ့လည်း တပ်မတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲလိုက်တဲ့အခါ ဗကပခေါင်းဆောင်တွေ တရုတ်နိုင်ငံထဲ ပြန်ခိုလှုံခဲ့ရပြီး တရုတ်ဘက်က သေတပန် သက်တဆုံး စောင့်ရှောက်ခဲ့တာ တွေ့ရပါတယ်။ ခုတော့ ဗကပရဲ့နိုင်ငံရေး လှုပ်ရှားမှုဆိုတာ မတွေ့မမြင်ကြရတော့သလောက် ဖြစ်သွားပါပြီ။

ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရသွားတဲ့ ဝ တွေကတော့ တရုတ်ဘက်နဲ့ ကူးလူးဆက်ဆံရင်း စစ်အင်အား ပိုပြီးကြီးထွားလာတာ၊ ဒေသဖွံ့ဖြိုးရေး ပိုပြီးလုပ်လာနိုင်တာ တွေ့ကြရပါတယ်။ ဒါပေမဲ့ အဲဒီဒေသဟာ ဘုရားစူး မိုးကြိုးပစ် မြန်မာ့အချုပ်အခြာ အာဏာနယ်မြေဆိုပြီး ပြောရမှာပါ။ ၂၀၁၆ စက်တင်ဘာ၊ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပရာကိုတော့ ဝ တပ်ဖွဲ့ကိုယ်စားလှယ်တွေ ရောက်လာခဲ့ပါတယ်။ ညီလာခံတက်မယ့်ကိစ္စ အဆင်မပြေ ဖြစ်ကြပေမဲ့ ညီလာခံအတွက်ရည်ရွယ်ပြီး ရေးသားယူဆောင်လာတဲ့ ဝ ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ ဗဟို ပေါ်လစ်ဗျူရိုကော်မတီရဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့စွဲပါ “ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု ပင်လုံ) နိုင်ငံရေးဆွေးနွေးမှုအပေါ် “ဝ ” ပြည်နယ်၏ အထွေထွေမူဝါဒနှင့် အသေးစိတ် တောင်းဆိုချက်များ” စာတမ်းကိုတော့ ဖြန့်ဝေခဲ့နိုင်ပါတယ်။

စာတမ်းထဲမှာ “ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော တိုင်းရင်းသားဒေသသည် ဒေသအချုပ်အခြာအာဏာဖြင့် ဗမာလူမျိုးနှင့် တန်းတူညီမျှစွာ နိုင်ငံတော်အာဏာထဲသို့ ပါဝင်ရမည်” ဆိုတဲ့မူဝါဒကို ထည့်သွင်းထားသလို တပ်ဖွဲ့ရပ်တည်ရေးနဲ့ပတ်သက်ပြီးတော့လည်း “ ပြည်ထောင်စု တပ်မတော်သည် တိုင်းရင်းသား တပ်မတော်အား နှစ်ဖက်ညှိနှိုင်းသဘောတူထားသော လုပ်ငန်းဆောင်ရွက်ချက်များတွင် လမ်းညွှန်မှုပေးသော အခွင့်အာဏာရှိသည်။ သို့သော် တိုက်ရိုက်ညွှန်ကြားကွပ်ကဲခွင့်နှင့် ရာထူးစီမံခန့်အပ်ပိုင်ခွင့်မရှိပါ။” ဆိုပြီး ဖော်ပြထားပါတယ်။ ဝ တွေရဲ့စာတမ်းကို ခြုံငုံသုံးသပ်ကြည့်ရင် ကိုယ်ပိုင်နိုင်ငံတစ်ခုလို ရပ်တည်ချင်တဲ့၊ ကွန်ဖက်ဒရေးရှင်း ပုံစံလောက်ပဲ ပူးပေါင်းချင်တဲ့ အနေအထားမျိုး တွေ့ကြရပါတယ်။

ဝ တပ်ဖွဲ့ဘက်က အဲဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး သဘာဝ မကျတာမှန်ပေမဲ့ မြန်မာ့တပ်မတော်ဘက်ကရော၊ အစိုးရဘက်ကရော ဘာမှတတ်နိုင်တာမျိုးးတော့ မဟုတ်ပါဘူး။ ဝ တွေနဲ့ နိုင်ငံရေးစားပွဲဝိုင်းမှာ ညှိနှိုင်းလို့ လွယ်ကူမှာမဟုတ်သလို၊ စစ်ရေးအရ ဖိအားပေးတာမျိုးလည်း လုပ်နိုင်မယ့် အခြေအနေ မရှိပါဘူး။

အခုဆိုရင် ဝ တပ်ဖွဲ့ဟာ အရင်လို အထီးတည်းနေတာမျိုး မလုပ်တော့ဘဲ မြောက်ပိုင်းတပ်ဖွဲ့တွေဖြစ်တဲ့ ကချင်၊ မိုင်းလား၊ ကိုးကန့်၊ တအာင်းပလောင်၊ ရခိုင် AA ၊ SSPP/SSA ရှမ်းတပ်ဖွဲ့စတာတွေနဲ့ မဟာမိတ်ဖွဲ့ထားပြီးပါပြီ။ နှစ်ပေါင်း ၃၀ အတွင်း ဝ တပ်ဖွဲ့ဟာ တပ်မတော်နဲ့ကြီးမားတဲ့ ပဋိပက္ခနဲ့တိုက်ပွဲတွေ မဖြစ်ပွားခဲ့ပါဘူး။ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လမ်းဖွင့်ပေးမှုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်းနယ်စပ်မှာတောင် နယ်မြေအသစ် တိုးချဲ့ထားနိုင်ပါသေးတယ်။

ဒီအခြေအနေတွေအားလုံးကို ချင့်တွက်ရင် ဝ တပ်ဖွဲ့ဟာ နောင်အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ ခုလိုပဲ လွတ်လပ်တဲ့ နိုင်ငံလေးသဖွယ် ဆက်ရပ်တည်နိုင်ပါလိမ့်ဦးမယ်။ မြန်မာအစိုးရဘက်ကို ပြန်ကြည့်ရင်လည်း ရွေးကောက်ခံအစိုးရနဲ့ တပ်မတော် ညီညွတ်မှုမတည်ဆောက်နိုင်သေးသ၍ အင်အားကောင်းတဲ့ အစိုးရတစ်ရပ် ဖြစ်ပေါ်မလာသေးသ၍ ဝ ဒေသ ပြဿနာ ကိုင်တွယ်ဖြေရှင်းနိုင်ဦးမှာ မဟုတ်သေးပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.