လျှပ်စစ်ဓာတ်အားကိစ္စ ဖြေရှင်းရန် ပိုမြန်သည့် နည်းလမ်း

မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်မှာ ပြန်ပြည့်မြဲစွမ်းအင်များကို ယုံကြည်လက်ခံရန် အခွင့်အရေးတစ်ရပ် ဖန်တီးပေးရင်း များမကြာမီ ကာလအတွင်း သိသိသာသာ တိုးမြင့်လာမည်ဖြစ်သည်။

ဒေးဗစ် ဖူးလ်ဘရွတ် ရေးသားသည်။

လျှပ်စစ်ဓာတ်အား ထုတ်ယူရန် မြစ်များကို ဆည်များဖြင့် ထိန်းချုပ်ခြင်းမှာ မြန်မာနိုင်ငံ၌ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်စေခဲ့ပြီးဖြစ်သည်။ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကြောင့် ဧရာဝတီမြစ်ပေါ်ရှိ မြစ်ဆုံရေကာတာနှင့် သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်ရန် အဆိုပြုထားသည့် ရေကာတာများကဲ့သို့သော စီမံကိန်းများမှာ လူထုလူတန်းစား အလွှာအသီးအသီး၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရပေပြီ။

ယင်းသို့ကြုံရသည့်တိုင် ပြန်လည်သုံးသပ်ထားသော စွမ်းအင်စီမံကိန်းကြီး တစ်ရပ်၏ တစိတ်တဒေသအဖြစ် ဆည်အမြောက်အမြားကို အဆိုပြုထားသည်ဟူသောသတင်းများ ထွက်ပေါ်လာခဲ့သည်။

လျှပ်စစ်စွမ်းအင်အများအပြား တကယ်ပင် လိုအပ်လျက်ရှိသည်။ ယခုနှစ် နွေရာသီ၌ ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးပြတ်တောက်မှုမှာ ယခင်နှစ်များကထက် ပိုမိုဆိုးရွားခဲ့သည်ဟု လူအများက ယုံကြည်လျက်ရှိသည်။ ယင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

လျှပ်စစ်စွမ်းအင် လိုအပ်ချက်မှာ စီးပွားရေးမြို့တော် ရန်ကုန်တွင် အလျင်အမြန် တိုးမြင့်လာနေသည်။ အဆောက်အအုံသစ်များ အစီအရီ ပေါ်ပေါက်လာပြီး လူအများကလည်း လေအေးပေးစက်၊ အဝတ်လျှော်စက်နှင့် တီဗီများကဲ့သို့ ကုန်ပစ္စည်းများကို ပိုမိုဝယ်ယူလျက်ရှိသည်။ ဆိုင်များနှင့် စက်ရုံ၊ အလုပ်ရုံများလည်း တိုးပွားလာလျက်ရှိသည်။

ယင်းမှာ ရန်ကုန်မြို့တစ်ခုတည်းသာမဟုတ်ဘဲ မန္တလေးနှင့် မော်လမြိုင်ကဲ့သို့ အခြားမြို့ကြီးများမှာလည်း အလျင်အမြန် တိုးတက်လာလျက်ရှိသည်။

လျှပ်စစ်စွမ်းအင်လိုအပ်ချက် လျင်မြန်စွာ တိုးတက်လာမှုနှင့်အတူ ဓာတ်အားပေးဝေမှု တိုးမြှင့်ရန် နည်းလမ်းများကို ဆန်းစစ်ရှာဖွေရာ၌ အချိန်မှာလည်း အလွန့်အလွန် အရေးပါသော အကြောင်းတရား ဖြစ်လာသည်။ ရေအားလျှပ်စစ် စီမံကိန်းများသည် အစစအရာရာ အဆင်ပြေပါက ပုံမှန်အားဖြင့် ခုနစ်နှစ်မှ ၁၀ နှစ်အထိ ကြာမြင့်တတ်သည်။

အောက်စဖို့စ် တက္ကသိုလ်မှ သုတေသီများ ဦးဆောင်၍ ရေအားလျှပ်စစ်စီမံကိန်း ၂၄၅ ခုကို သုတေသန ပြုလုပ်ခဲ့သည့် ကမ္ဘာ့လေ့လာမှုတစ်ရပ်၏ တွေ့ရှိချက်များအရ ရေအားလျှပ်စစ်စီမံကိန်းအများစုမှာ အချိန်နှောင်းမှ ပြီးစီးကာ ဘတ်ဂျက် အလွန်အကျွံ သုံးစွဲရလျက်ရှိသည်။ ဆတ်ဆက်တက္ကသိုလ်မှ ဦးဆောင်ခဲ့သော လျှပ်စစ်ဓာတ်အား အခြေခံ အဆောက်အအုံများဆိုင်ရာ လေ့လာချက်တစ်ရပ်တွင်လည်း အလားတူ တွေ့ရှိချက်များ ထွက်ပေါ်လာခဲ့သည်။

ရေအားလျှပ်စစ်စီမံကိန်း ရေးဆွဲသူများနှင့် အကောင်အထည်ဖော်သူများမှာ အလွန်အကျွံ အကောင်းမြင်သူများ ဖြစ်ကြသည်ဟုလည်း အောက်စဖို့တက္ကသိုလ်လေ့လာရေး အစီရင်ခံစာ၌ သုံးသပ်ထားသည်။

နျူကလီးယားမှအပ အခြားအစားထိုး နည်းလမ်းများအားလုံးမှာ ရေအားလျှပ်စစ်စီမံကိန်းများထက် ပိုမိုမြန်ဆန်ပေသည်။ သေးငယ်သော သဘာဝဓာတ်ငွေ့နှင့် ရေနံစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအချို့ကို ခြောက်လအတွင်း တည်ဆောက်နိုင်သော်လည်း အကုန်အကျ များလှသည်။ ညစ်ညမ်းမှုများကြောင့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုများမှာလည်း မြင့်မားလှသည်။

နေနှင့် လေစွမ်းအင်စနစ်များမှာလည်း အလားတူ မြန်ဆန်မှုရှိသည်။ မီဂါဝပ် ရာနှင့်ချီ၍ ထုတ်လုပ်နိုင်သည့် နေစွမ်းအား စီမံချက်ကြီးများကို ပုံမှန်အားဖြင့် တစ်နှစ်ကြာမျှ အချိန်ယူရသော်လည်း ခြောက်လအတွင်း တည်ဆောက်နိုင်ခဲ့ကြပြီး ဖြစ်သည်။ အလားတူပင် ကမ်းရိုးတန်းဒေသ လေအားလျှပ်စစ်စွမ်းအင် စီမံချက်များကိုလည်း နှစ်နှစ်ပင် မကြာသည့်ကာလအတွင်း တည်ဆောက်နိုင်ကြရာ တခါတရံ တစ်နှစ်နှင့်ပင် ပြီးတတ်သည်။

စီမံကိန်းများမှာလည်း ရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းဖော်ဆောင်သူများအတွက် ဆုံးရံှုးမှု အန္တရာယ်များလည်း ပိုမိုနည်းပါးလှပေသည်။ နေရောင်ခြည်နှင့် လေစွမ်းအင်းလျှပ်စစ်စနစ်များမှာ ကြန့်ကြာသည့်၊ သို့မဟုတ် ကုန်ကျစရိတ် ကျော်လွန်သုံးစွဲရသည့် ဓာတ်အားပေးစက်ရုံ အမျိုးအစားများဖြစ်ရန် အလားအလာ ပိုနည်းသည်ကို ဆတ်ဆက်တက္ကသိုလ် သုတေသီအဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။

စီမံကိန်းများ အချိန်ကြာမြင့်ရုံမျှမက ဆိုးရွားသော ရာသီဥတု၏ အန္တရာယ်များ၊ သို့မဟုတ် ပစ္စည်းထောက်ပံ့ပေးသူများနှင့် ပြဿနာကြုံရခြင်းများတို့ကြောင့် အချိန်မှာ အရေးပါလှသည်။ ရေအားလျှပ်စစ်ထုတ်ဆည်များကဲ့သို့ ပိုမိုကြီးမားသည့် စီမံကိန်းများမှာ ပို၍ရှုပ်ထွေးဖွယ်ရှိသည်။ လုပ်ငန်းများစွာတွင် ထောင်ချီသော လုပ်သားများကို စုစည်းစီမံခန့်ခွဲရခြင်းသည်လည်း အဓိကကျသော ရှုပ်ထွေးမှုများနှင့် နှောင့်နှေးကြန့်ကြာမှုများဆီသို့ ဦးတည်နိုင်ပေသည်။

နေနှင့် လေစွမ်းအင် လျှပ်စစ်စီမံချက် အကြီးစားများမှာ ပိုမိုရိုးရှင်းသောကြောင့် စွန့်စားရမှု ပိုမိုနည်းပါးသည်။ သံမဏိနှင့် ကွန်ကရစ်တို့ကို လုပ်ငန်းခွင်မှာ မဟုတ်ဘဲ အစိတ်အပိုင်း အများစုကို စက်ရုံများတွင် ပြုလုပ်ရသဖြင့် ဆောက်လုပ်စဉ် ကုန်ကျစရိတ် အပြောင်းအလဲမှာလည်း အနည်းငယ်မျှသာ ဖြစ်သည်။

ထို့ပြင် နောင်လာမည့်စီမံကိန်းအတွက် ကုန်ကျစရိတ်မှာ ပိုမိုနည်းပါးနိုင်ပေသည်။ အကြောင်းမှာ စက်ရုံထုတ်လုပ်စွမ်းအားကို တိုးချဲ့ခြင်းသည် အလုပ်လုပ်စဉ် သင်ယူခြင်းနှင့် ထုတ်လုပ်မှုများသည်နှင့်အမျှ ပစ္စည်းဈေးကျလာသော စီးပွားရေး အကျိုးကျေးဇူး ရရှိသောကြောင့်ပင် ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်ရှိ ဆိုလာပြား ထုတ်လုပ်ရေးအတွက် ကုန်ကျစရိတ်မှာ ၂၀၁၀ ပြည့်နှစ်ထက် ၈၀ ရာခိုင်နှုန်း ပိုမိုနည်းပါးနေသည်။

ယင်းအခြေအနေမှာ ဆက်လက်တိုးတက်လာမည်ဟု မျှော်လင့်ထားကြသည်။ ၂၀၁၅ ခုနှစ်၌ အစိုးရ ထောက်ပံ့ကြေး မပါသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား၏ ကမ္ဘာ့ပျမ်းမျှ ကုန်ကျစရိတ်မှာ တစ်ကီလိုဝပ်လျှင် ကန်ဒေါ်လာ ၁၃ ဆင့်မျှရှိပြီး လေအားလျှပ်စစ်အတွက် တစ်ကီလိုဝပ်လျှင် ကန်ဒေါ်လာ ၇ ဆင့်မျှ ရှိသည်။ ၂၀၂၅ ခုနှစ်တွင်မူ ၆ ဆင့်နှင့် ၅ ဆင့်မျှသာ အသီးသီး ကုန်ကျလိမ့်မည်ဟု နိုင်ငံတကာ ပြန်ပြည့်မြဲစွမ်းအင် အေဂျင်စီက မျှော်မှန်းထားသည်။

မူဝါဒ ခိုင်မာသည့် အခွင့်အလမ်းများကို လက်ခံယုံကြည်သည့် ကာလီဖိုးနီးယား၊ ချီလီ၊ မော်ရိုကို၊ သြစတြေးလျနိုင်ငံ တောင်ပိုင်း၊ တက္ကဆက်နှင့် ဥရုဂွေးတို့ကဲ့သို့သော နေရာများရှိ နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်စွမ်းအင် သဘောတူညီချက်များမှာ ပုံမှန်အားဖြင့် တစ်ကီလိုဝပ်လျှင် ၁၀ ဆင့်အောက်သာ ရှိနေပြီး ရံဖန်ရံခါ၌ တစ်ကီလိုဝပ်လျှင် ငါးဆင့်အထိ ကျဆင်းသွားတတ်သည်။

အိန္ဒိယနိုင်ငံတွင်မူ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအတွက် ကုစားရသည့်စရိတ် မြင့်မားလွန်းခြင်းကိုပင် ထည့်သွင်းမစဉ်းစားနိုင်ဘဲ သုံးနေရသော ကျောက်မီးသွေးကို နေရောင်ခြည်စွမ်းအင်က စိန်ခေါ်လျက်ရှိသည်။

သို့ဖြင့် လျှပ်စစ်ဓာတ်အား ပေးဝေမှုမှာ လူမှုရေးအရ လက်ခံနိုင်လာပြီး ပို၍လည်း ကြံ့ကြံ့ခံနိုင်သော နည်းလမ်းများဖြင့် အလျင်အမြန် မြင့်မားလာမည်ဖြစ်ကာ ပြည်တွင်းရှိ စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်သော စွမ်းအင်ရင်းမြစ်များကို အသုံးပြုလာပေလိမ့်မည်။ ယင်းမှာ သုံးဘက်သုံးတန် အောင်မြင်စေသော မဟာဗျူဟာပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကနဦး နေရောင်ခြည်နှင့် လေစွမ်းအင် လျှပ်စစ်စီမံကိန်း အကြီးစားများမှာမူ ကုန်ကျစရိတ် ပိုများဖွယ်ရှိသော်လည်း ဤလုပ်ငန်းကဏ္ဍ၌ ပမာဏချဲ့ထွင် လုပ်ကိုင်လာသည်နှင့်အမျှ ကုန်ကျစရိတ်လည်း အခြားနေရာများ၌ တွေ့ရသည့်နည်းတူ တဆင့်ပြီးတဆင့် အလျင်အမြန် ကျဆင်းသွားပေလိမ့်မည်။ ရေအားလျှပ်စစ်၊ သို့မဟုတ် ရေနံဓာတ်ငွေ့ စွမ်းအင် စီမံကိန်းတို့မှာမူ တကမ္ဘာလုံး အတိုင်းအတာဖြင့် မြင့်တက်မလာပါက တည်ငြိမ်နေမည်သာဖြစ်သည်။

ထို့ကြောင့် နေနှင့် လေစွမ်းအင်လျှပ်စစ်တို့မှာ မြန်မာနိုင်ငံ၏ စွမ်းအင်ပြတ်လတ်မှုအတွက် ဖြေရှင်းချက်များ ဖြစ်လာမည်လော။ အလုံးစုံတော့ မဖြစ်နိုင်ချေ။ အပေါင်းလက္ခဏာဆောင်သော ဖွံ့ဖြိုးတိုးတက်မှုအပိုင်း လျင်မြန်လာပြီး ညစ်ညမ်းမှုများကိုမူ လျစ်လျူရှုထားနိုင်မည်ဖြစ်သည်။

ရေအားလျှပ်စစ် မထုတ်လုပ်ပါက မြစ်များ သဘာဝအတိုင်း စီးဆင်းနေနိုင်ပြီး မြန်မာ့စားနပ်ရိက္ခာ ဖူလုံရေး၏ အခြေခံဖြစ်သော မြစ်အောက်ပိုင်း လယ်ယာများနှင့် ရေလုပ်ငန်းများ ဖွံ့ဖြိုးကောင်းမွန်မှုကို အားဖြည့်ပေးပေလိမ့်မည်။ ယင်းက ရင်းနှီးမြှုပ်နှံသူများအား ငွေအမြန်ပြန်ပေါ်စေမည်ဖြစ်၍ နေနှင့် လေစွမ်းအင် လျှပ်စစ်ကဏ္ဍဘက်ကို ဆွဲဆောင်မှုပြုကာ အငြင်းပွားမှုများ မရှိဘဲ ရေအားစွမ်းအင်ကိုပါ တွဲစပ်လုပ်ကိုင်လာနိုင်ဖွယ်ရှိပေသည်။

သို့သော် အထွက်နှုန်းမှာ ရာသီဥတုအပေါ် အခြေခံကာ အတက်အကျ ရှိတတ်သည်။ ယင်းကို ထိရောက်၍ အထွက်နှုန်း သေချာစေမည့် တည်နေရာများ ရွေးချယ်ခြင်းကဲ့သို့သော စေ့စပ်သေချာသည့် စီမံကိန်းရေးဆွဲမှုဖြင့် စီမံခန့်ခွဲနိုင်ပေသည်။

ထို့ပြင် နေနှင့် လေစွမ်းအင် လျှပ်စစ်အထွက်နှုန်းများ ကျဆင်းသွားခြင်းကို လက်ရှိ ရေအားလျှပ်စစ် စီမံကိန်းများက ဧရာမ ဘက်ထရီအိုးကြီးများသဖွယ် အခြေခံကျကျ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။

ရာသီဥတုအရ လေအားနှင့် ရေအားလျှပ်စစ် ထုတ်လုပ်မှုများသည် မုတ်သုံရာသီ၌ နေရောင်ခြည်စွမ်းအင် အထွက်နှုန်းကျဆင်းမှုကို ဖြည့်ဆည်းပေးနိုင်ပြီး ခြောက်သွေ့ရာသီတွင် နေရောင်ခြည်စွမ်းအင် မြင့်တက်လာချိန်၌ ရေအားလျှပ်စစ်ကို အားဖြည့်ထိန်းမသွားနိုင်ပေသည်။ သို့ဖြင့် ရင်းမြစ်တစ်ခုချင်းစီ၏ အသုံးတန်ဖိုးများကို သုံးစွဲသူများအတွက် မြှင့်တင်ပေးနိုင်လေသည်။

စနစ်တကျ ဆောင်ရွက်ပါက ကမ္ဘာတစ်လွှား အတွေ့အကြုံများမှ သိထားသည့် ဘက်စုံစွမ်းအင်စနစ် စီမံကိန်း ရေးဆွဲခြင်းသည် နှစ်ပေါင်းများစွာ နေနှင့် လေစွမ်းအင်လျှပ်စစ် ဂစ်ဂါဝပ်များကို ထုတ်လုပ်ပေးနိုင်ပေသည်။ တစ်ပြိုင်နက်တည်းတွင် လက်ရှိ ရေအားလျှပ်စစ်စက်ရုံများကိုလည်း ပို၍ယုံကြည်စိတ်ချနိုင်စေရန်နှင့် စနစ်ပိုင်းဆိုင်ရာတန်ဖိုးကို တိုးမြှင့်ရန် အဆင့်မြှင့်တင်နိုင်သေးသည်။

သို့ဖြင့် လျှပ်စစ်ဓာတ်အား ပေးဝေမှုမှာ လူမှုရေးအရ လက်ခံနိုင်လာပြီး ပို၍လည်း ကြံ့ကြံ့ခံနိုင်သော နည်းလမ်းများဖြင့် အလျင်အမြန် မြင့်မားလာမည်ဖြစ်ကာ ပြည်တွင်းရှိ စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်သော စွမ်းအင်ရင်းမြစ်များကို အသုံးပြုလာပေလိမ့်မည်။ ယင်းမှာ သုံးဘက်သုံးတန် အောင်မြင်စေသော မဟာဗျူဟာပင်ဖြစ်သည်။

နိုင်ငံများစွာ၌ ပြုလုပ်နေသကဲ့သို့ စွမ်းရည်ပြည့်ဝသော နည်းပညာပိုင်းဆိုင်ရာ လားရာများကို အသုံးချခြင်းသည် ဆယ်စုနှစ်များစွာသာမက နှစ်ပေါင်းများစွာ ကြာသည့်တိုင် လျှပ်စစ်ဓာတ်အား ပေးဝေမှုကို ချိန်ညှှိရန် အခရာကျပေသည်။ ဖွံ့ဖြိုးမှုနှင့် လုံခြုံမှုတို့အပေါ် အခြေခံထားသော စွမ်းအင်ရင်းမြစ်များကို ပစ်မှတ်ထားခြင်းအားဖြင့် ထိရောက်သော မူဝါဒများက ဖော်ပြပါအခြေအနေကို ဖော်ထုတ်ရယူနိုင်ပေသည်။

ယင်းကို ခုန်ပျံကျော်လွှားမှုတစ်ရပ်ဟု ရှုမြင်ခံရဖွယ်ရှိသော်လည်း မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍ၌ အလားတူ ခုန်ပျံကျော်လွှားခဲ့ပြီးဖြစ်သည်။ အခြားနိုင်ငံများနည်းတူ ဂစ်ဂါဝပ်များစွာ ထုတ်နိုင်သော နေစွမ်းအင်နှင့် ရေအားလျှပ်စစ်စနစ်များကို နှစ်နည်းနည်းနှင့် တည်ဆောက်မည့်အစား ဂစ်ဂါဝပ်သာ ထုတ်နိုင်သော ရေအားလျှပ်စစ်စနစ်ကို ဆယ်နှစ်ခန့်အချိန်ဖြုန်း၍ ဘာ့ကြောင့် တည်ဆောက်ပါတော့မည်နည်း။ ဘာ ဆုံးရံှုးဖွယ်ရာများ ရှိပါဦးမည်နည်း။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.