ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက် အေ – ၆ ထုတ်လုပ်ရေး သဘောတူညီချက်ရပြီ

မြန်မာအစိုးရသည် ပြည်တွင်းလျှပ်စစ်ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့များ လိုအပ်လျက်ရှိရာ ရှာဖွေထုတ်လုပ်ရေး၌ ပြည်ပရင်းနှီးမြှုပ်နှံမည့်သူများ စိတ်ဝင်စားလာအောင် ကြိုးပမ်းလျက်ရှိသည်။ ဤသို့ဖြင့် ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက် အေ – ၆ ကို ထုတ်လုပ်ရေးလုပ်ဆောင်ရန် Total၊ Woodside နှင့် MPRL ကုမ္ပဏီသုံးခု စုပေါင်းထားသော ကုမ္ပဏီစုဖြင့် ထုတ်လုပ်မှုဝေမျှရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

သောမတ်စ်ကင်း(န်) ရေးသားသည်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့သိုက်အသစ်ကြီးကို တူးဖော်ထုတ်လုပ်ရန် ပုဂ္ဂလိက ကုမ္ပဏီစုကြီးတစ်ခုနှင့် မြန်မာအစိုးရတို့ မကြာမီက သဘောတူလက်မှတ်ထိုးခဲ့ကြသည်။ ယနေ့ကာလ လက်ရှိသဘာဝဓာတ်ငွေ့တွင်းများမှာ ထုတ်လုပ်မှုကျဆင်းနေသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်အသစ်များ ရှာဖွေထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံလိုသော ပြည်ပကုမ္ပဏီကြီးများအား မြန်မာအစိုးရက လက်ကမ်းကြိုဆိုနေချိန်တွင် ယင်းကမ်းလွန်လုပ်ကွက် အေ – ၆ ထုတ်လုပ်ရေး သဘောတူကန်ထရိုက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ကမ်းလွန်ရှိ အေ – ၆ ဓာတ်ငွေ့သိုက်လုပ်ကွက်စီမံကိန်း ဆက်လက်လုပ်ဆောင်နိုင်ရန် ထိုလုပ်ကွက်ကို လုပ်ကိုင်ခွင့်ရထားသော နိုင်ငံခြားကုမ္ပဏီစုနှင့် မြန်မာအစိုးရတို့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို သဘောတူညှိနှိုင်း၍ လက်မှတ်ထိုးဖို့လိုသည်ဟု ထိုကုမ္ပဏီစုက ပြောသည်။

မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းနှင့် ကုမ္ပဏီစု Consortium တို့ ဒီဇင်ဘာလ ၁၆ ရက်က အဆိုပါဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။ ကုမ္ပဏီစုကို ပြင်သစ်နိုင်ငံမှ Total၊  ဩစတြေးလျနိုင်ငံမှ Woodside နှင့် မြန်မာနိုင်ငံမှ ဦးမိုးမြင့် ပိုင်ဆိုင်သော MPRL E & P ကုမ္ပဏီ သုံးခုတို့ စုပေါင်းထားခြင်းဖြစ်သည်။

ကုမ္ပဏီစုသည် A-၆ အကွက်အတွင်း နေရာလေးငါးနေရာတွင် ဓာတ်ငွေ့သိုက်များကိုတွေ့ရှိထားရာ ဓာတ်ငွေ့သိုက်ပမာဏမှာ  ၂-၃ ထရီလျံကုဗပေ 2-3 trillion cubic feet ရှိမည်ဟု ခန့်မှန်းတွက်ချက် ရရှိထားသော်လည်း ထုတ်လုပ်ရာတွင်မူ စိန်ခေါ်မှုများရှိနိုင်သည်။ အကြောင်းမှာ ဓာတ်ငွေ့သိုက်သည် ပင်လယ်ရေပြင်အောက် မီတာ ၂,၀၀၀ ကျော် (ပေ ၆,၀၀၀ ကျော်) ရေနက်ပိုင်းတွင် ရှိနေသောကြောင့်ဖြစ်သည်။ ထို့ပြင် ဤစီမံကိန်းမှ ထွက်လာသောဓာတ်ငွေ့ကို ရန်ကုန်နှင့် ထိုင်းနိုင်ငံသို့ ပို့လွှတ်ရန် ပင်လယ်အောက် ဓာတ်ငွေ့ပိုက်လိုင်း ကီလိုမီတာ ၂၄၀ အထိ တည်ဆောက်ရမည်ဖြစ်သည်။ ပထမပြုလုပ်ခဲ့သော ထုတ်လုပ်မှုမျှဝေရေးစာချုပ် PSC  ကို ၂၀၀၇ ခုနှစ်က ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေတိမ်ပိုင်း ထုတ်လုပ်မှုအတွက်သာ ရည်ရွယ်ထားခြင်းဖြစ်ရာ အလွန်နက်သော ပင်လယ်ရေနက်ပိုင်းတွင် ထုတ်လုပ်ရန် မဟုတ်ချေ။

ပြီးခဲ့သည့်လက လက်မှတ်ရေးထိုးခဲ့သော စာချုပ်မှာ စတုတ္ထမြောက် ပြင်ဆင်ချက်နှင့် ကုမ္ပဏီစု၏ ထုတ်လုပ်မှုမျှဝေရေးစာချုပ်ဆိုင်ရာ နောက်ဆက်တွဲ သဘောတူစာချုပ်ဖြစ်သည်။ ကုမ္ပဏီစုအတွက် အလုပ်ဆက်လက် ဆောင်ရွက်လုပ်ကိုင်နိုင်အောင် စာချုပ်ကို ပြင်ဆင်ချုပ်ဆိုနိုင်ခဲ့ကြသည်။

သို့နှင့်တိုင် ဓာတ်ငွေ့ရောင်းချရေးစာချုပ်ကို နောက်ထပ်ညှိနှိုင်းဆွေးနွေးစရာများ ကျန်နေသေးသည်။ မည်သို့ဖြစ်စေ လုပ်ကွက် အေ – ၆ မှ ဓာတ်ငွေ့ထုတ်လုပ်မှုအတွက် သိသာထင်ရှားသော ခြေလှမ်းကိုတော့ လှမ်းခဲ့ကြပြီဖြစ်သည်။

ဤကိစ္စတွင် အစိုးရသည် သူ့ဘက်ကိုယ့်ဘက်မျှတအောင် အကောင်းဆုံးလုပ်ဆောင်သွားခဲ့ပုံရသည်။ နိုင်ငံတွင်း လျှပ်စစ်ထုတ်လုပ်ရေးအတွက် ဓာတ်ငွေ့လိုအပ်နေရာ ယခင်ခေတ်ကချုပ်ခဲ့သည့် စာချုပ်များထက် ပြည်တွင်းသုံးအတွက် ဓာတ်ငွေ့ပို၍ အစိုးရက လိုချင်နေသည်။

ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးကုန်ကျမည့် ဤစီမံကိန်းအောင်မြင်ရန် ဆွေးနွေးကြရာတွင် အကြောင်းတရားများက ရှိသည်။ အစိုးရက ယခုနှစ်ထဲတွင် နောက်ထပ်ကမ်းလွန်လုပ်ကွက်များ လေလံပစ်ဖို့ရှိနေလေရာ ယခုလုပ်ကွက်အတွက် ဆွေးနွေးမှုအဆင်မပြေခဲ့လျှင်၊ သို့မဟုတ် ကြန့်ကြာနေခဲ့လျှင် နောက်ထပ်ရင်းနှီးမြှုပ်နှံကြမည့် ကုမ္ပဏီများအတွက် အမြင်လှမည် မဟုတ်ချေ။

“နောက်လာမယ့်နှစ်မှာ ကမ်းပေါ်ရော၊ ကမ်းလွန်ပါ နောက်ထပ်လုပ်ကွက်အသစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့ရှိနေတယ်။ ရေနနဲ့ ဓာတ်ငွေ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေဝင်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောသည်။

စီမံကိန်းတစ်ခုလုံး၏ ရှုပ်ထွေးနက်နဲ ခက်ခဲမှုနှင့် အခြားထည့်သွင်းစဉ်းစားစရာများကြောင့် ဆွေးနွေးညှိနှိုင်းမှုများမှာ မူလမျှော်မှန်းထားသည်ထက် များစွာ အချိန်ကြာသွားခဲ့သည်။ Woodside ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် မစ္စတာ ပေါကိုးလ်မင်းန် Mr Paul Coleman က “မနှစ်က နှစ်လယ်လောက်ကတည်းက စာချုပ်ချုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ” ဟု ၂၀၁၈ ခုနှစ် အစပိုင်းတွင် ရင်းနှီးမြှုပ်နှံသူများကို ပြောခဲ့သည်။

အသေးစိတ်ကို ထုတ်ဖော်မသိရှိရသော်လည်း ကုမ္ပဏီစုသည် အစိုးရနှင့် လုပ်သာကိုင်သာ စာချုပ်မျိုး ချုပ်ဆိုနိုင်ခဲ့ပုံရသည်ဟု စွမ်းအင်လောကမှ လူများက ပြောကြသည်။

အေ – ၆ လုပ်ကွက်ကို ဖွံ့ဖြိုးမှုလုပ်ဆောင်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရနိုင်ခဲ့ကြသည်ဆိုသည့် အချက်ကပင်လျှင် မြန်မာအစိုးရသည် လုပ်ငန်းများဖြစ်မြောက်အောင် လမ်းဖွင့်ပေးရန် ဆန္ဒရှိနေသည်ဆိုသည့် အဓိပ္ပာယ်ကို စွမ်းအင်ကုမ္ပဏီကြီးများထံ အရေးပါသည့်အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။ သို့သော် နောက်ဖွင့်လှစ်ပေးတော့မည့် လုပ်ကွက်သစ်လေလံပွဲများတွင် PSC ဆိုင်ရာ ပြဿနာများ သဘောတူညီမှုရအောင် ညှိနှိုင်းရဦးမည့်ကိစ္စတော့ ရှိပေသေးသည်။

“လက်မှတ်ထိုးနိုင်ခဲ့ကြတာကိုက ဝန်ကြီးဌာနဟာ အပေးအယူလုပ်ဖို့ဆန္ဒရှိနေတယ်ဆိုတာကို ဖော်ပြနေတာပါ။ ရေနံနဲ့ ဓာတ်ငွေ့ကဏ္ဍဖွံ့ဖြိုးရေးမှာ အဟန့်အတားဖြစ်နေတဲ့ ထုတ်ကုန် မျှဝေခံစားရေး သဘောတူညီချက် PSC ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနက အပေးအယူလုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုတာ အချက်ပြလိုက်တာဖြစ်လို့ နိုင်ငံခြားစွမ်းအင်ကုမ္ပဏီကြီးတွေ စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ပါတယ်” ဟု မစ္စတာဂျော်ဒန်ဇီးလ် Mr Jordan Zele (Myanmar Energy Monitor မှ သုတေသနနှင့် ဆန်းစစ်ရေးဝန်ဆောင်မှုလုပ်ငန်း) က ပြောပြသည်။

အချိန်ကိုက်လုပ်ဆောင်ခြင်း

ဧရာဝတီတိုင်းကမ်းလွန်ရှိ အေ – ၆ လုပ်ကွက်မှ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၂၃ နှောင်းပိုင်းတွင် စတင်နိုင်အောင် လုပ်ဆောင်ကြမည်ဟု နှစ်ဖက်စလုံးက ပြောနေကြသည်။ ထိုသတ်မှတ်လျာထားသည့် အချိန်ဇယားမှာ အကြောင်းမဲ့မဟုတ်ချေ။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ ပို့လွှတ်ပေးနေသော ဓာတ်ငွေ့သိုက် သုံးခု (ရတနာ၊ ရဲတံခွန်နှင့် ဇောတိက)တို့မှ ဓာတ်ငွေ့ထုတ်လုပ်မှုမှာ ဆက်တိုက်ကျဆင်းလာနေရာ သုံးခုပေါင်းထုတ်လုပ်မှုမှာ တစ်ရက်လျှင် ကုဗပေ သန်း ၁,၀၀၀ (1000 million cubic feet a day) အောက် မကြာမီ ရောက်တော့မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

Institute of Energy Economic Japan နှင့် စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနတို့၏ ၂၀၁၈ ဒီဇင်ဘာ ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၃ မှစ၍ ပြည်တွင်းစွမ်းအင်ထုတ်လုပ်မှု စုစုပေါင်းမှာ အလျင်အမြန် ကျဆင်းသွားမည်ဖြစ်သည်။

ဤရေနံဓာတ်ငွေ့သိုက်သစ်များကို ထုတ်လုပ်ရေးအဆင့်ရောက်အောင် အလျင်အမြန်မစီမံနိုင်လျှင် လျင်မြန်စွာကျဆင်းနေသော လက်ရှိထုတ်လုပ်မှုကြောင့် မြန်မာနိုင်ငံတွင် ပြဿနာများ အရေးတကြီး ပေါ်ပေါက်လာနိုင်သည်။

အထည်ချုပ်လုပ်ငန်းပြီးလျှင် သဘာဝဓာတ်ငွေ့တင်ပို့မှုသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေ ဒုတိယအများဆုံး ရှာဖွေပေးနေသောလုပ်ငန်းဖြစ်ပြီး အမျိုးသားဘတ်ဂျက်သို့ ငွေအများဆုံးထည့်ပေးနေသော လုပ်ငန်းဖြစ်သည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့မှ ရခဲ့သော နိုင်ငံခြားငွေမှာ ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိခဲ့သည်။ မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ သုံးပုံတစ်ပုံကို သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်နေခြင်းဖြစ်ပြီး နွေရာသီဆည်များ ရေနည်းချိန်တွင် အဓိကအားထားရာလည်းဖြစ်သည်။ ထို့ကြောင့် အေ – ၆ လုပ်ကွက်မှ ဓာတ်ငွေ့များကို အလျင်အမြန်ထုတ်လုပ်သုံးစွဲနိုင်ရေးမှာ အစိုးရအတွက် အလွန်ပင်အရေးကြီးနေသည်။

မကြာမီခေါ်ယူတော့မည့် နိုင်ငံတကာတင်ဒါများအတွက် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီများထံ အပေါင်းလက္ခဏာဆောင်သော အချက်ပြမှုကို အစိုးရက လုပ်ဆောင်ပြရန် ဆန္ဒရှိနေရာ ယခုကုမ္ပဏီစုမှာ အစိုးရနှင့် ဆွေးနွေးညှိနှိုင်းရာတွင် တွန်းအားကောင်းကောင်းရခဲ့သည်ဟု စွမ်းအင်အသိုက်အဝန်း ရင်းမြစ်များက Frontier ကို ပြောပြသည်။

ကုမ္ပဏီစု၏အဖွဲ့ဝင် ကုမ္ပဏီများဖြစ်သော MPRL နှင့် Total တို့က ဤဆောင်းပါးအတွက် လူတွေ့မေးမြန်းမှုကို လက်မခံခဲ့ကြပါ။ MPRL ကို တည်ထောင်သူနှင့် ကုမ္ပဏီပိုင်ရှင် မိုက်ကယ်မိုးမြင့်၏သား ဦးစည်သူမိုးမြင့်က “အစိုးရက ပထမဆုံးထွက်လာမည့် ဓာတ်ငွေ့ကို စောနိုင်သမျှ အစောဆုံးရရှိရန် အလဲအလှယ်အဖြစ်လည်းကောင်း၊ ကုမ္ပဏီစုက ဤ အေ – ၆ လုပ်ကွက်၌ ရှာဖွေရေးလုပ်ကိုင်ရာတွင် ငွေကြေးအမြောက်အမြား သုံးစွဲရင်းနှီးခဲ့ရသည်ကို အသိအမှတ်ပြုသောအားဖြင့်လည်းကောင်း ငွေကြေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို လုပ်သာကိုင်သာ ခွင့်ပြုပေးခဲ့ပါသည်ဟုပြောကြောင်း Nikkei Asian Review က ရေးသားသည်။

ယခုတူးဖော်ထုတ်လုပ်မည့် ဓာတ်ငွေ့သိုက်မှာ ရေအနက် ပေ ၆,၀၀၀ အောက် ပင်လယ်ကြမ်းပြင်ကို တူးရမည်ဖြစ်သောကြောင့်လည်းကောင်း၊ ယခင်က မြန်မာ့ကမ်းလွန်ဓာတ်ငွေ့တွင်းများ တူးဖော်ထုတ်လုပ်ရာတွင် ၁၀ နှစ်ခန့်ထိ အချိန်ယူခဲ့ကြရသောကြောင့်လည်းကောင်း၊ ယခုအစိုးရက လိုချင်နေသည့်အချိန်ဇယားမှာ မျှော်မှန်းချက် ကြီးမားလွန်းမနေဘူးလားဟု စွမ်းအင်လေ့လာသူများက သံသယရှိနေကြသည်။

“Consortium သည် အပြီးသတ်ရင်းနှီးမြှုပ်နှံရေး ဆုံးဖြတ်ချက်ကို ၂၀၂၂ နှစ် နှစ်ဦးပိုင်းတွင် ပြုလုပ်ရလိမ့်မည်၊ ပထမဆုံး ဓာတ်ငွေ့ထုတ်လုပ်မှုကို အစောဆုံး ၂၀၂၅ မှသာ ရရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း” Wood Mackenzie မှ သုတေသန ဒါရိုက်တာ မစ္စတာ အင်ဒရူးဟားဝု(ဒ်) Mr. Andrew Harwood က ပြောသည်။

ကုမ္ပဏီစု Consortium သည် ၂၀၂၃ ထုတ်လုပ်ရေးလျာထားချက်ကို ပြည့်မီအောင် မလုပ်နိုင်ခဲ့သော် ဒဏ်ကြေး မည်သို့ပေးဆောင်ရမည်၊ ထိုအချိန်ခန့်တွင် ဓာတ်ငွေ့မည်မျှထုတ်လုပ်နိုင်မည် စသည်တို့ကို ရှင်းလင်းစွာ မသိရှိရချေ။

အစဉ်အလာအားဖြင့် မြန်မာနိုင်ငံသည် ပြည်တွင်းသုံးအတွက် ဓာတ်ငွေ့အနည်းငယ်သာ ရယူလေ့ရှိသည်။ ‘ရဲတံခွန်’ သိုက်မှ ဓာတ်ငွေ့အားလုံးကို ပြည်ပသို့သာ ရောင်းစားခဲ့သည်။

ရခိုင်ကမ်းလွန် ‘ရွှေဓာတ်ငွေ့သိုက်’မှ အများဆုံး ၂၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်းသုံးအတွက်ထားပြီး ကျန်ဓာတ်ငွေ့အားလုံးကို တရုတ်ပြည်သို့တင်ပို့သည်။ ထို့ကြောင့်လွန်ခဲ့သော အနှစ် ၂၀ လုံးလုံး သဘာဝဓာတ်ငွေ့ တင်ပို့မှုများမှ နိုင်ငံခြားငွေ မြောက်မြားစွာရခဲ့သော်လည်း ပြည်တွင်းသုံးအတွက် လျှပ်စစ်လုံလောက်အောင်ပင် မသုံးခဲ့ကြရပေ။ ၂၀၁၁ ခုနှစ်တွင် အရပ်သားတဝက် အစိုးရတက်လာခဲ့ပြီးနောက် မြန်မာ့ဦးစားပေးလုပ်ငန်းများ ပြောင်းလဲလာခဲ့ရာ စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်လာခဲ့သောကြောင့် နိုင်ငံ၏အဆင်းရဲဆုံးမိသားစုများထံ လျှပ်စစ်ပေးနိုင်ရေး ဦးတည်လုပ်ဆောင်လာခဲ့သည်။

သို့ရာတွင် အစဉ်တိုးလာနေသော လျှပ်စစ်လိုအပ်ချက်ရရှိရေးအတွက် ထုတ်လုပ်မှုတိုးချဲ့ရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်စွမ်း မရှိခဲ့သောကြောင့် လာမည့်နှစ်များအတွင်း လျှပ်စစ် မလုံလောက်မှုနှင့် ရင်ဆိုင်နေရဦးမည်ဖြစ်သည်။ ပြည်တွင်းထုတ်ဓာတ်ငွေ့သည် အကုန်အကျသက်သာသည်။ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုလည်း အလျင်အမြန်တည်ဆောက်နိုင်သည်။ ကျောက်မီးသွေး၊ ရေအားလျှပ်စစ်တို့ကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်၊ အချိန်လည်း သိပ်မကြာချေ။ သို့သော် အေ – ၆ သိုက်တစ်ခုတည်းသာလျှင် နောက်ငါးနှစ်ခန့်အတွင်း ထွက်ရှိလာနိုင်မည့် တစ်ခုတည်းသော ဓာတ်ငွေ့သိုက် ဖြစ်သည်။

မကြာမီက ပြုလုပ်ခဲ့သော ဆွေးနွေးညှိနှိုင်းမှုတွင် အဓိကပြဿနာမှာ အေ – ၆ မှ ထွက်လာမည့် ဓာတ်ငွေ့ကို ပြည်တွင်းသုံးနှင့် ထိုင်းနိုင်ငံတင်ပို့မှု မည်သို့ခွဲဝေကြမည်နည်းဆိုသည့် အချက်ပင်ဖြစ်သည်။

ရေနံ၊ ဓာတ်ငွေ့ထုတ်ကုန် ခွဲဝေမှုသဘောတူစာချုပ် Product Sharing Contract (PSC) များမှာ ၂၀၀၇ ခုနှစ် စစ်တပ်အုပ်ချုပ်မှုအတွင်းက ချုပ်ဆိုခဲ့ကြခြင်းဖြစ်ပြီး ပြည်တွင်းသုံးအတွက် မည်မျှပေးရမည်ဆိုသည့်အချက် လုံးဝမပါဝင်ခဲ့ဟု သတင်းရင်းမြစ်များအရ သိရသည်။

သို့သော် ပြည်တွင်းနိုင်ငံရေးအရ ဦးစားပေးမှုများ ပြောင်းလဲလာရာ ယနေ့အစိုးရသည် ပြည်တွင်းသုံးအတွက် ရနိုင်သမျှရအောင် ကြိုးပမ်းလာသည်။

နိုင်ငံခြားကုမ္ပဏီများဖြစ်သော ကုမ္ပဏီစုအဖို့ကတော့ ထိုင်းသို့သာ အများဆုံးရောင်းချစေချင်သည်။ အကြောင်းမှာ ထိုင်းကပေးသော ဈေးနှုန်းမှာ မြန်မာအစိုးရက ပေးနိုင်သော ဈေးနှုန်းထက် ပိုများသောကြောင့်ဖြစ်သည်။

သို့သော် ထွက်လာသော ဓာတ်ငွေ့ကို ပြည်တွင်းသုံးအတွက်သာ များစွာထားပါက နောက်ထပ်အန္တရာယ် တစ်ခုရှိသည်။ လက်ရှိတွင် ထိုင်းသုံးနေသော သဘာဝဓာတ်ငွေ့၏ ၃၀ ရာခိုင်နှုန်းကို မြန်မာ့ထံမှ ရနေသည်။ ဤနှုန်းအတိုင်း မြန်မာက ဆက်မပေးနိုင်ခဲ့သော် ထိုင်းက သူ့ပြည်တွင်း လိုအပ်ချက်အတွက် အခြားရင်းမြစ်များထံ ရှာလိမ့်မည်။

ယခုအစိုးရသည် အေ – ၆ မှ ထွက်လာသောဓာတ်ငွေ့၏ လေးပုံတစ်ပုံ ဝယ်ယူနိုင်ရန် သဘောတူညီမှုရခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဦးဌေးအောင်က ပြောသည်။

“ဒီလုပ်ကွက်က ထွက်လာမယ့် ဓာတ်ငွေ့ရဲ့  ၂၅ ရာခိုင်နှုန်းက ပြည်တွင်းသုံးအတွက်ချည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ လိုအပ်တဲ့နေရာမှာ သုံးနိုင်ပါတယ်။ ဒါက ကျွန်တော်တို့ အဆုံးအဖြတ်ပါ” ဟု ဦးဌေးအောင်က ပြောသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသော နောက်အရာရှိတစ်ယောက်က မြန်မာနိုင်ငံ ဘက်ကထွက်လာတဲ့ ဓာတ်ငွေ့ရဲ့ ၂၅ ရာခိုင်နှုန်းကို ၁၀ ရာခိုင်နှုန်းလျှော့ဈေးနှင့်ရမည်။ နောက်ထပ်ဓာတ်ငွေ့ ၁၀ ရာခိုင်နှုန်းကို ပေါက်ဈေးနှင့် ဝယ်ခွင့်ရမည်ဟုပြောသည်။

ဤသည်မှာ အစိုးရမျှော်လင့်ထားသည်ထက်တော့ လျော့နည်းပုံရသည်။ သို့သော် ထိုင်းနိုင်ငံအတွက် ဓာတ်ငွေ့ရောင်းပေးနိုင်ဖို့ကလည်း အစိုးရအတွက် အရေးကြီးနေသည်ဟု Myanmar Energy Monitor မှ မစ္စတာဂျော်ဒန်ဇီးလ်က ပြောသည်။

“တခြားဓာတ်ငွေ့သိုက်တွေကလည်း အထွက်ကျလာနေတော့ ထိုင်းနိုင်ငံက သူ့ဓာတ်ငွေ့လိုအပ်ချက်အတွက် တခြားနိုင်ငံဘက် လှည့်သွားမယ့်စိုးရိမ်မှုကို အခုသဘောတူညီမှုက သက်သာလျော့ပါးသွားစေခဲ့ပါတယ်” ဟု သူကပြောသည်။

ပြည်တွင်းသုံးအတွက် ဝေစုများများရအောင် ကြိုးပမ်းရာတွင် အစိုးရက PSC ၏ ဝေစုခွဲဝေရေးအချိုးကဲ့သို့ အခြားအရေးပါသော အခြေအနေများကိုလည်း လျှော့ပေးခဲ့ရပုံရပသည်။ ယေဘုယျအမြတ် ခွဲဝေမှုအချိုးမှာ ရေတိမ်ပိုင်းသိုက်များအတွက် အစိုးရ ၆၀ ရာခိုင်နှုန်းနှင့် ကန်ထရိုက်အတွက် ၄၀ ရာခိုင်နှုန်းဖြစ်သည်။ ရေနက်ပိုင်းသိုက်များအတွက်မူ အစိုးရ ၅၅ ရာခိုင်နှုန်း၊ ကန်ထရိုက်တာ ၄၅ ရာခိုင်နှုန်းဖြစ်သည်။ ရေနက်ပိုင်းက ထုတ်လုပ်တူးဖော်ရေး ကုန်ကျစရိတ် ကြီးမားသောကြောင့်ဖြစ်သည်။

၂၀၁၈ ခုနှစ်က ထိုစဉ်က ရေနံ၊ ဓာတ်ငွေ့စီမံရေးဦးစီးဌာန ညွှန်ချုပ်ဖြစ်သည့် ဦးဇော်အောင်က အေ – ၆ သည် အနက်လွန် (Ultra deep water) နေရာတွင်ရှိသော သိုက်ဖြစ်၍ အထူးကိစ္စအဖြစ် ဆွေးနွေးခဲ့ရကြောင်း Frontier ကို ပြောပြသည်။

ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့လို

Institute of Energy Economics Japan နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုတင်ခန့်မှန်းမှုအရ အေ – ၆ မှ ဓာတ်ငွေ့များထွက်လာသည့်တိုင် လက်ရှိတွင်းများမှ လျော့ကျနေသောအထွက်ကို ကာမိဦးမည်မဟုတ်ပေ။

သို့ဖြစ်ရာ မြန်မာနိုင်ငံအဖို့ ရှာဖွေရေးတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် အလွန်ပင်လိုအပ်နေကြောင်း ဤအချက်က ပြသနေသည်။ ၂၀၁၃ ခုနှစ်က နောက်ဆုံးလုပ်ခဲ့သော ကမ်းလွန်လုပ်ကွက် လေလံတွင် ကုမ္ပဏီအမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ပြီး လက်မှတ်ထိုးမှုဆုငွေ (Signature Bonuses) များစွာရခဲ့သည်။ သို့သော် နောက်ပိုင်းတွင် လေလံအောင်သော ကုမ္ပဏီများစွာမှာ တကမ္ဘာလုံး၌ စွမ်းအင်ဈေးများ ကျဆင်းနေ၍ ဘဏ္ဍာရေးသတ်မှတ်ချက်များက သူတို့အတွက် အမြတ်အစွန်း မက်လောက်အောင်မကျန်ဟု ယူဆပြီး သူတို့ရထားသော လေလံလုပ်ကွက်ကို ပြန်အပ်ကာ ဆုတ်ခွာသွားခဲ့ကြသည်။

အစိုးရသည် PSC ၏ ဘဏ္ဍာရေးဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များကို နှစ်များစွာကြာအောင် ပြန်လည်သုံးသပ်နေခဲ့သည်။ သို့သော် စာချုပ်ပုံစံသစ်ကို ခုထိထုတ်ပြန်ကြေညာမှု မပြုသေးချေ။

ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်ရန်ရှိသော လေလံပွဲအတွက် ယခုထွက်လာမည့် PSC စာချုပ်ပုံစံသစ်က ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို ဆွဲဆောင်နိုင်ဖို့ အရေးကြီးပေသည်။ လာမည့်လေလံပွဲတွင် ရေနံ၊ ဓာတ်ငွေ့လုပ်ကွက် ၃၃ ကွက်ရှိရာ ၁၅ ကွက်မှာ ကမ်းလွန်လုပ်ကွက်များဖြစ်သည်ဟု သိရှိရသည်။

နောက်ပြဿနာတစ်ခုမှာ ရေနံဥပဒေကြမ်းအရေးဖြစ်သည်။ ဥပဒေကို ပထမမိတ်ဆက်ပေးနိုင်ရန် ဝန်ကြီးဌာနက တင်ဒါကို ဆိုင်းထားသည်ဟုလည်း ပြောကြသည်။ သို့သော် မကြာမီက Asia Times ဆောင်းပါးတွင် ဤဥပဒေကြမ်းက ရင်းနှီးမြှုပ်နှံမှု ရာသီဥတု Investment Climate အပေါ် ရိုက်ခတ်မှုများရှိသွားမည်ကို စွမ်းအင်လောကမှ လူများက စိုးရိမ်နေကြသည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သော အောက်တိုဘာလအတွင်းက မြန်မာ့ရေနံလုပ်ကိုင်သူများအသင်း Myanmar Petroleum Club က ပြည်သူ့လွှတ်တော်ဥပဒေ မူကြမ်းကော်မတီနှင့် သူတို့၏ သံသယနှင့် စိုးရိမ်မှုများကို ဆွေးနွေးပြောဆိုရန် တွေ့ဆုံခဲ့ကြသည်။

အေ – ၆ အတွက် ရရှိခဲ့ကြသော သဘောတူညီမှုများမှာ အပေါင်းလက္ခဏာခြေလှမ်းဖြစ်သည် မှန်သော်လည်း လာမည့်လေလံပွဲနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ၏ စိုးရိမ်စိတ်ကိုမူ ဖြေဖျောက်ပေးနိုင်ပုံမရပါဟု Wood Mackenzie မှ Harwood က ပြောသည်။

“ဒီရေနံဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ အများကြီး ရှိနေတယ်။ ဒီဥပဒေမူကြမ်းအောက်မှာ နောက်အသစ်ကျင်းပမယ့် လေလံပွဲအားလုံး လုပ်ကြရမှာဖြစ်တယ်” ဟု သူကပြောသည်။

နောက်ဆုံး ကမ်းလွန်လေလံလုပ်ခဲ့သော ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ရေနံဓာတ်ငွေ့လုပ်ငန်းမှာ သိသိသာသာ ပြောင်းလဲလာခဲ့ကြောင်း သူကဆိုသည်။

“ရှာဖွေရေးလုပ်ငန်းကြီးတွေက အရွယ်အစားသေးငယ်သွားကြပြီ။ ကုန်ကျစရိတ်နည်းနည်းနဲ့ အမြတ်များများပြန်ရမယ့် ရှာဖွေရေးလုပ်ငန်းတွေကို ဦးစားပေးလာကြတယ်။ ဒါမှ စီးပွားဖြစ် အမြန်ထုတ်လုပ်ရောင်းချလို့ရမယ့် ရှာဖွေမှုမျိုးပေါ့။ မြန်မာနိုင်ငံက စွမ်းအင်တွေ တိုးတက်လိုအပ်နေတာဆိုတော့ ဈေးကွက်အခွင့်အလမ်းကတော့ ရှိပါတယ်။ ဥပဒေစည်းမျဉ်း စည်းကမ်းတွေမှာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဖြစ်မလာခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေ စိတ်ပျက်ခဲ့ကြရတယ်” ဟု သူကပြောသည်။

ဦးကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – MPRL E&P မှ ဦးစည်သူမိုးမြင့်(ဝဲ) က နေပြည်တော်မှ အခမ်းအနား၌ ဝန်ကြီးဌာန တာဝန်ရှိသူနှင့် အထောက်အထားစာရွက်စာတမ်းများ လဲလှယ်စဉ်။ ဓာတ်ပုံ – လျှပ်စစ်/စွမ်းအင်ဝန်ကြီးဌာန

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.