လူသိမများသေးတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုရဲ့ သောက

ပုဂံအနီးမှာ ကမ္ဘာလှည့်ခရီးသွားအချို့ကလွဲလို့ ပြည်တွင်းခရီးသွားတွေ မရောက်ကြသေးတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုကို စောင့်ရှောက် ထိန်းသိမ်းနေကြသူတွေက အဲဒီနေရာ ထင်ပေါ်လာပြီး လူသူအရောက်အပေါက်များလာမှာ စိုးရိမ်နေကြပါတယ်။ 

ဉာဏ်လှိုင်လင်း ရေးသားသည်။

သက်ရင့်၊ သက်နု သစ်ပင်တွေအကြား အုံ့ဆိုင်းတချီ၊ လင်းချင်းတစ်လှည့် ခြယ်မှုန်းပြတတ်တဲ့ တစ်ကိုယ်စာသွား တောလမ်းလေးတစ်ခုကို ကျွန်တော်ရောက်ရှိနေပါတယ်။

မြေလမ်းတစ်လှည့်၊ ကျောက်ခင်းတစ်ဖုံ နင်းလျှောက်သွားလာရတဲ့ ဒီနေရာကိုဖြတ်သန်းချိန်ဟာ မွန်းလွဲ တစ်နာရီထိုးလုလုဖြစ်နေပေမယ့် အလွန့်ကို သက်တောင့်သက်သာရှိနေစေတာကြောင့်  နေပူပူ၊ ဖုန်ထူထူနဲ့ တွဲပြီး သိထားခဲ့တဲ့ အညာမြေမှ ဟုတ်ပါလေစလို့တောင် တွေးမိပါရဲ့။

အပန်းမကြီးစေတဲ့ ခရီးတာနဲ့ တောတွင်းလမ်းလျှောက်နိုင်တယ်ဆိုတာ ပူပြင်းခြောက်သွေ့လေ့ရှိတဲ့ ဒီဧရိယာအတွင်း ကျွန်တော်ကြုံဖူးသမျှထဲမှာ ရှားမှရှားတဲ့ အခွင့်အရေးတစ်ခုပါပဲ။

ဒါဟာ ကျောက်ပန်းတောင်း – ပုဂံကားလမ်းပေါ်က နာမည်ကျော်တူရင်းတောင်ရဲ့နံဘေး သက်စိုးတောင်ပေါ်မှာရှိတဲ့ ရှေးဟောင်းသုတေသနမှတ်တမ်းဝင်အမွေအနှစ်တခုကိုလည်း လေ့လာဖို့ သွားရောက်တဲ့ ခရီးစဉ်ပါ။

တူရင်းတောင် ဘုန်းတော်ကြီးကျောင်းကနေ မိနစ် ၂၀ နီးပါး လမ်းလျှောက်ချိန်အတွင်း တူရင်းတောင် စွယ်တော်စေတီ၊ ပုဂံမြို့ဟောင်း၊ မြကန်ဆည်တို့နဲ့ ပနာသင့်လှတဲ့ မြင်ကွင်းတွေရဲ့ ဖမ်းစားမှုကြောင့် ပင်ပန်းတယ်လို့ မခံစားရတာလားတော့ ကျွန်တော်မပြောတတ်ပါဘူး။

ဒါမှမဟုတ် ဒေသခံ ဘုန်းတော်ကြီးနဲ့ လူပုဂ္ဂိုလ်တွေဆီက ကြားသိရတဲ့ ဒီနေရာနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို လိုက်လံတွေးတောနေတာကြောင့် လမ်းလျှောက်လို့ လျှောက်မှန်းမသိလည်း ဖြစ်နေနိုင်တာပါပဲ။

ဒေသခံတွေက ဒီနေရာဟာ ထူးခြားတဲ့ရှေးဟောင်း ကျောက်ရေကန်လို့ ညွှန်းလိုက်ကြပါတယ်။ အေဒီ ၁၁ ရာစုမှာ ဒီဒေသအတွင်း နန်းစံခဲ့တဲ့ အနော်ရထာဘုရင်ဟာ သူတည်ထားလိုတဲ့ စေတီတော်တွေအတွက် လုပ်အားဒါနပြုမယ့် ရဟန်းပညာရှိ၊ လူပညာရှိတွေကို ဒီတောင်ပေါ်မှာ နေထိုင်စေရာကနေ ရေသုံးစွဲရန်အလို့ငှာ တူးဖော်ထားတဲ့ ရေကန်ကြီးလို့ ယုံကြည်နေကြတာမျိုးပါ။

ညောင်ဦးမြို့ခံတွေက အမွေအနှစ်နေရာကို ပြန်လည် ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြစဉ်။

ညောင်ဦးမြို့ခံတွေက အမွေအနှစ်နေရာကို ပြန်လည် ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြစဉ်။

ဇာတ်လမ်းပြောပြတဲ့ ဘုန်းတော်ကြီးနဲ့  ညောင်ဦးမြို့ခံတွေဟာ အဲဒီအမွေအနှစ်ကို ဒီဖက်ခေတ်မှာ ပြန်လည် ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြသူတွေလည်း ဖြစ်ကြပါတယ်။ စစ်အစိုးရလက်ထက် ၂၀၀၆ နှစ်ကုန်ပိုင်းက ဒီနေရာကို ဆယ်ယူစဉ် ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ ဘာသာရေးကိုင်းရှိုင်းမှုအရ၊ ရှေးဟောင်းအမွေအနှစ်အပေါ် တန်ဖိုးထားမှုအရ နဂိုမူလတည်ရှိမှုတွေကို မပျက်မဆီးစေအောင် ဆောင်ရွက်ခဲ့တာတွေကိုလည်း သူတို့က ဝံ့ဝံ့ကြွားကြွား ပြောပြတတ်ပါတယ်။

“ရွှေဝါရောင်ကာလထဲရောက်လာတော့ ဒီနေရာမှာ ရဟန်းနဲ့ လူတွေ ရုတ်စုရုတ်စု ဖြစ်နေတာကို အာဏာပိုင် တွေက သင်္ကာမကင်းဖြစ်လို့ ဦးဇင်းသွားရှင်းပြခဲ့ရတယ်”လို့ တူရင်းတောင်ကျောင်းတိုက်မှာ လက်ရှိအချိန်အထိ သီတင်းသုံးနေတဲ့ ဦးတေဇာနန္ဒက မိန့်ကြားပါတယ်။

ဒီနေရာကို စတင်ဆယ်ယူပြီးနောက် သုံးလခန့်နားကာ လုပ်ငန်းတွေ နောက်တစ်ကြိမ်ပြန်စတဲ့အချိန်ဟာ စစ်အစိုးရလက်ထက် အထွေထွေကျပ်တည်းမှုတွေကို ဆန့်ကျင်ဖို့ သံဃာတော်တွေဦးဆောင်တဲ့ ၂၀၁၇ အရေးအခင်းကြီး မြန်မာပြည်အနှံ့ ပေါ်ပေါက်နေတဲ့ကာလနဲ့ တိုက်ဆိုင်သွားတာကို ဆရာတော်က ရှင်းပြနေ တာပါ။

ဒီနေရာကို ဆယ်ယူရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ညောင်ဦးမြို့ခံ ဦးတင့်လွင်ကတော့ “ဒါနအတွက် လူအများကြီး ပါလာတာကိုး”လို့ အဲဒီတုန်းက အခြေအနေတွေကို ပြန်ပြောင်း ပြောပြပါတယ်။

လူတွေကတော့ ဒီနေရာကို ကန်လို့ယူဆထားတာကြောင့် လောကီအစီအရင်ဆိုင်ရာ အလိုအရ “ကံဆယ်”တယ်လို့ မှတ်ယူနိုင်တဲ့အတွက် ဘာကြောင့်မှ တွန့်ဆုတ်ခြင်းမရှိခဲ့ဖူးလို့ ဓာတ်ပုံအထောက်အထား တွေပြပြီး သူက အားတက်သရော ရှင်းပြပါတယ်။

စတင်ဆည်ယူစဉ်က ခြုံနွယ်ပိတ်ပေါင်းတွေ၊ သဲနုန်းတွေ၊ သစ်ကိုင်းအမှိုက်သရိုက်တွေနဲ့ ပြည့်နေပြီး တွင်းနှုတ်ခမ်းကနေ ၅ ပေခန့်သာ အနက်မြင်ရတော့တဲ့ အခြေအနေဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီအနေအထားကနေ ပေ ၃၀ ပတ်လည် အဝကျယ်ရှိပြီး ၂၅ ပေခန့်အထိနက်တဲ့ ဒီနေ့တွေ့မြင်ရတဲ့ အနေအထားမျိုးရောက်အောင် သူတို့ကြိုးပမ်းထားကြတာလို့ ဦးတင့်လွင်က မာန်ပါပါပြောပြခဲ့တယ်။

ဓာတ်ပုံ- ဉာဏ်လှိုင်လင်း

ဓာတ်ပုံ- ဉာဏ်လှိုင်လင်း

တွင်းရဲ့ နံရံသုံးဖက်ဟာ ကျောက်သားတွေဖြစ်ပြီး အရှေ့ဖက်နံရံတစ်ခုသာ အုတ်နဲ့တည်ဆောက်ထားကာ တွင်းကြီးထဲ ဆင်းဖို့ ထွင်းထုထားတဲ့ ကျောက်သားလှေကားထစ်တွေ၊ အနောက်ဖက် ကျောက်သားနံရံက ဝင်္ကဘာ၊ မြောက်ဖက်က နဂါး၊ တောင်ဖက်မှာ ဗျိုင်းလို့ ယူဆနိုင်တဲ့ ကျောက်သားထွင်းလက်ရာတွေကို မူလအတိုင်း ဖော်ထုတ်ထားနိုင်တာကိုလည်း ဦးတင့်လွင်တို့က ဂုဏ်ယူနေကြတာပါ။

“ဒီကန်ကြီးရဲ့ထူးခြားချက်က အောက်ခြေက ကျောက်သား၊ လုံးဝသဲမရှိဘူး”လို့ ဆယ်ယူပြီးစဉ်က အခြေအနေ ကို ပြောပြနေတဲ့သူဟာ လက်ဟန်ခြေဟန်နဲ့တကွ တက်တက်ကြွကြွပါပဲ။

ကန်ကြီးရဲ့ အလယ်ဗဟိုနားမှာ တွေ့ရတဲ့ တွင်းသေးသေးလေး တစ်ခုကို ရေမှတ်တိုင်းတဲ့ တိုင်စိုက်ရာနေရာ၊ တွင်းနှုတ်ခမ်းမှာ အဝကျယ် အပေါက်ရှိကာ အဲဒီကတစ်ဆင့် အောက်ခြေရောက်တဲ့အထိ ပြွန်သဏ္ဍာန် ဖြတ်သန်းသွားတဲ့ ကျောက်သားအက်ကြောင်းရှည်ကို ရေဝင်ပေါက်နဲ့ ရေဝင်လမ်းကြောင်းလို့ မျက်မြင်ကို အခြေခံပြီး သူတို့က မှတ်ယူထားကြပါတယ်။

ဒါပေမယ့် ဘယ်အချိန်မှာမှ ကန်ကြီးပြည့်လုအောင် ရေရှိတာ မတွေ့ဖူးသေးတာကို ပြောပြဖို့ကိုလည်း ဒေသခံတွေက ဝန်မလေးကြပါဘူး။ Frontier ရဲ့ မျက်မြင်တွေ့ချက်အရမှာလည်း ကျောက်လွှာကြမ်းခင်းအတွင်း ပေအနည်းငယ် ချိုင့်ဝင်နေတဲ့ နေရာမှာသာ ရေညှိရောင်ထနေတဲ့ ရေအိုင်ကလေးတစ်ခု ရှိနေတာပါ။

ရှေးဟောင်းသုတေသနဌာနကတော့ ဒေသခံတွေယူဆထားသလို ကန်အဖြစ် တည်ရှိခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ သမိုင်း အကိုးအကားတွေကိုချပြပြီး ဆိုပါတယ်။ ဒါပေမယ့် အေဒီ ၁၁ ရာစုလောက် ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အမွေအနှစ်တစ်ခုအဖြစ်တော့ သူတို့ မှတ်တမ်းသွင်းထားကြပါတယ်။

ဓာတ်ပုံ- ဉာဏ်လှိုင်လင်း

ဓာတ်ပုံ- ဉာဏ်လှိုင်လင်း

“အမှန်တော့ ရေကန်မဟုတ်ဖူးပေါ့လေ။ ဘုရားတွေ၊ ဆင်းတုတွေ တည်တဲ့အခါမှာ သုံးဖို့ ကျောက်တောင် ကြီးကို ရွှေ့တာပေ့ါနော်၊ ကျောက်ချပ်တွေ ယူရင်းယူရင်းနဲ့ ဒါက ကန်ကြီးဖြစ်သွားတာပေ့ါ”လို့ ရှေးဟောင်းသုတေသနဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ရှင်းပြပါတယ်။

ပုဂံခေတ်မှာ ဘုရားတွေ တောက်လျောက် တည်ဖို့အတွက် ဒီတောင်ပေါ်မှာ ကျောက်ထုတ်ရာကနေ ပေါ်ပေါက်လာပြီး ဒီကနေထွက်ရှိတဲ့ ကျောက်တွေကို ရွှေစည်းခုံလို ကျောက်သားနဲ့ တည်ထားတဲ့ စေတီတော်တွေမှာ အသုံးပြုခဲ့တယ်လို့ ယုံကြည်ရလောက်တဲ့ သမိုင်းအထောက်အထားတွေရှိတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ဒီနေရာက ကျောက်တွေကို ပုဂံခေတ်ဦး အနော်ရထာမင်းတင်မက သူ့ကိုဆက်ခံတဲ့ ကျန်စစ်သားမင်းကပါ အသုံးပြုခဲ့တယ်ဆိုတဲ့ မှတ်တမ်းမျိုး ဦးကုလား၊ မှန်နန်းစတဲ့ ရာဇဝင်စာအုပ်တွေမှာ တွေ့ရတဲ့အကြောင်း ဒေါက်တာသိန်းလွင်က ရှင်းပြပါသေးတယ်။

ပြုပြင်ထိန်းသိမ်းမှုအရာမှာတော့ အရောက်အပေါက်နည်းသေးတဲ့အတွက် အစီအမံတွေ အထွေအထူး ချမှတ်ဆောင်ရွက်နေတာမျိုး ရှေးဟောင်းသုတေသနက မလုပ်သေးပါဘူး။ ဒါပေမယ့် ဒီအမွေအနှစ်ကို ရေရှည်မှာ ဒီအတိုင်း ထိန်းသိမ်းထားရှိနိုင်ရေးမှာတော့ ပညာရှင်တွေရော၊ ဒေသခံ ဘုန်းတော်ကြီးနဲ့ လူပုဂ္ဂိုလ်တွေမှာပါ တူညီတဲ့စိုးရိမ်စိတ်တွေ ရှိနေပါတယ်။

ဒီနေရာဟာ ထင်ပေါ်ကျော်ကြားလာပြီး ခရီးသွားတွေများလာရင် အမွေအနှစ်အပေါ် ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေ ပေါ်ပေါက်လာမှာ၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ဒီတွင်းကြီး ညစ်နွမ်းသွားမှာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာတွေကို သူတို့တွေးပူနေကြတာပါ။

သူတို့ရဲ့ ပူပန်မှုဟာ မမှားပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်း ပုဂံမှာ တစ်ကိုယ်တော် စစ်တမ်းကောက်ယူခဲ့တဲ့ Frontier အဖွဲ့သား ထွန်းခိုင်ရဲ့ မှတ်တမ်းအရ ဒေသတွင်းက ရှေးဟောင်းအမွေအနှစ်တွေဟာ ထိန်းသိမ်းရကောင်းမှန်း မစဉ်စားတဲ့ ခရီးသွားတွေရဲ့ ဖျက်ဆီးခံရမှုဒဏ်ကို အကြီးအကျယ်ခံနေရတာကို တွေ့ရှိခဲ့ရလို့ပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ အစိုးရက အသည်းအသန်ကြိုးပမ်းနေတဲ့ပုဂံဒေသက စေတီပုထိုးပေါင်း ၂၀ ကို သုတေသနပြုရာမှာ ရှေးဟောင်းလက်ရာတွေအပေါ် နည်းမျိုးစုံနဲ့ ရေးခြစ်ထားမှု ၁,၀၀၀ ထက်မနည်း ပြုလုပ်ခံထားရတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

ဆက်စပ်ဆောင်းပါးဖတ်ရန်  >> ပုဂံကိုဖျက်ဆီးနေတာ ဘယ်သူတွေလဲ

ရေးခြစ်ထားကြတဲ့ အကြောင်းအရာတွေကိုလေ့လာရာမှာတော့ အသဲကွဲတဲ့ အကြောင်းတွေ၊ နှစ်ဦးသား အချစ်ခိုင်မြဲစေလိုတယ်ဆိုတာတွေ၊ ဒီနေရာကို ရောက်ရှိခဲ့ကြောင်း အမှတ်အသားပြုထားတဲ့ စာသားတွေက အများစုပါ။

သုတေသနပြုခဲ့တဲ့ စေတီပုထိုး ၂၀ မှာ အချိန်ကာလကိုပါ ရေးသားထားတဲ့ လက်ဆော့မှုတွေရှိနေခဲ့ပြီး ဒါကို ခွဲခြမ်းစိတ်ဖြာရာမှာတော့ ၁၉၅၈ ခုနှစ်က အစောဆုံးနဲ့ ၂၀၁၅ ခုနှစ်ရက်စွဲပါ စာစုက ခေတ်အမီဆုံးဖျက်ဆီးမှုအဖြစ် မှတ်တမ်းဝင်ပါတယ်။

 

 

ပုဂံဒေသမှာ ဒီအရေးအပြင် အမှိုက်ပြဿနာဟာလည်း ဖုံးမနိုင်ဖိမရ ကိစ္စတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး စနစ်တကျ စွန့်ပစ်ရေး လူထုလှုပ်ရှားမှုတွေကို အရပ်ဖက် လူမှုအဖွဲ့အစည်းအချို့ ဦးဆောင်ပြီး ဒီကနေ့အထိ အကြိမ်ကြိမ် လုပ်နေရဆဲပါပဲ။

ဒါကြောင့် လူသိသိပ်မများသေးတဲ့ ဒီနေရာကို ခရီးသွားတွေ အများအပြားရောက်ရှိလာရင်ဆိုတဲ့ ပုစ္ဆာကို ဦးတေဇာနန္ဒတို့၊ ဒေါက်တာသိန်းလွင်တို့၊ ဦးတင့်လွင်တို့ တွေးပင် တွေးရဲပုံမရပါဘူး။ ဒါကို သူတို့ နှုတ်က ထွက်ပေါ်လာတဲ့ စိုးရိမ်မှုဒီကရီကဲတဲ့ စကားတွေက သက်သေခံနေပါတယ်။

ဒေါက်တာသိန်းလွင်က “ဒီကန်ထဲရှိနေတဲ့ရေကို ကျေးငှက်တွေ သောက်တာတွေ့ရလို့ ခရီးသွားတွေစွန့်ပစ်တဲ့ အမှိုက်တွေ၊ အညစ်အကြေးတွေကြောင့် အဆိပ်အတောက်ဖြစ်မှာ စိုးတယ်”လို့ သူ့ရဲ့ ပူပင်မှုကို ထုတ်ပြောပါတယ်။ ဒါ့အပြင် တောလမ်းတစ်လျှောက် အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်ကြရင် သိမ်းဆည်းဖို့လွယ်မယ့် နေရာမဟုတ်တဲ့အတွက် ခက်ခဲမယ်လို့လည်း သူက တွက်ဆထားပါတယ်။

တူရင်းကျောင်းတိုက် ဆရာတော် ဦးတေဇာနန္ဒရဲ့ အဆိုအရ ကမ္ဘာလှည့်ခရီးသည်အချို့သာ သိရှိလည်ပတ်မှု များတဲ့ ဒီနေရာမှာ အခုအချိန်အထိ သဘာဝပတ်ဝန်းကျင် သန့်ရှင်းမှုနဲ့ ပျက်စီးမှုဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာ မပေါ်သေးဘူးလို့တော့ သိရပါတယ်။

ဒီအမွေအနှစ်ကို ဖော်ထုတ်ရာမှာ ဦးဆောင်သူတစ်ဦးလည်းဖြစ်၊ ညောင်ဦးမြို့ မဏိစည်သူဈေး ဥက္ကဋ္ဌလည်း ဖြစ်တဲ့  အသက် ၆၆ နှစ်အရွယ်၊ ဦးတင့်လွင်ကတော့ “အညစ်အကြေး အမှိုက်သရိုက် လုံးဝမစွန့်ပါနဲ့။ အလေး အနက်၊ လေးလေးစားစားနဲ့ အားလုံးကို တောင်းပန်ပါတယ်” လို့ ပြောလိုက်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- ဉာဏ်လှိုင်လင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.