လိမ်လည်မှုနဲ့ တရားရုံးတင် စစ်ဆေးခံနေရတဲ့ ယောဂီဝတ်ဗေဒင်ဆရာမ

ဘာသာရေးကိုင်းရှိုင်းဟန်ဆောင်ပြီး အထက်ဆရာကြီးများထံ ပေါက်ရောက်သည်ဟုသတင်းလွှင့်ထားသည့် အမျိုးသမီးတစ်ဦးမှာ ကျပ်ငွေ သန်းထောင်ပေါင်းများစွာ လိမ်လည်ခဲ့သည်ဟူသည့် စွဲချက်ဖြင့် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

ဆုမြတ်မွန်

ဗုဒ္ဓဘာသာ ယောဂီတို့ ဝတ်ဆင်လေ့ရှိသော နီညိုရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် ရင်းနှီးမြှုပ်နှံမှုမှ အမြတ်ငွေ အမြောက်အမြားရရှိမည်ဟု လိမ်ညာ၍ ကျပ်ငွေ ဘီလျံပေါင်းများစွာ ရယူခဲ့မှုဖြင့် ရန်ကုန်မြို့တရားရုံးတစ်ခုတွင် တရားရင်ဆိုင်နေရသည်။

ထိုယောဂီအမျိုးသမီးက တပ်မတော်ပိုင်ကုမ္ပဏီစုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (UMEHL) မှ ထိပ်ပိုင်းပုဂ္ဂိုလ်များနှင့် ရင်းနှီးကြောင်း သူ့ထံတွင် လက္ခဏာ လာကြည့်သောသူများအား လိမ်လည်အယုံသွင်းခဲ့သည်ဟု ဆိုသည်။ သို့သော် ယခင်က ယောဂီဝတ်နှင့် အသက် ၄၄ နှစ်ရှိပြီဖြစ်သည့် လက္ခဏာဗေဒင်ဆရာမသည် ဇန်နဝါရီ ၂၄ ရက်နေ့တွင်မူ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ဒေါ်စောမြင့်ကြည်ဟူသည့် လူအမည်ဖြင့် ပြန်လည်ပေါ်ထွက်လာခဲ့သည်။ အခြားသူများထံမှ ပစ္စည်းဥစ္စာများကို လိမ်လည်မှု ရာဇဝတ်မှု ဥပဒေပုဒ်မ ၄၂၀ ဖြင့် တရားရုံးတွင် ပေါ်ထွက်လာခဲ့ခြင်းလည်းသည်။

သူ့အား ကျပ်ငွေ တစ်ဘီလျံဖြင့် အာမခံပေးခဲ့သော်လည်း ငွေသားဖြင့်လည်းကောင်း၊ တန်ဖိုးတူ ပစ္စည်းဥစ္စာ အိုးအိမ်ဖြင့်လည်းကောင်း အာမခံငွေ တင်နိုင်ခြင်းမရှိခဲ့ချေ။

“ရှင်တို့ ဒါမျိုးကြားဖူးကြလား” ဟု မကြုံစဖူး များပြားလှသော အာမခံငွေကို ရည်ညွှန်းကာ တရားရုံးအချုပ်ခန်းထဲမှနေ၍ Frontier ကို သူက ပြောကြားခဲ့သည်။

“ကျွန်မကို အချုပ်ထဲမှာ ထားချင်လို့ တရားရုံးက တမင်သက်သက်လုပ်တာပါ” ဟုလည်း သူက ပြောကြားခဲ့သေးသည်။

လှိုင်မြို့နယ်တရားရုံး၌ အလားတူစွဲချက်များဖြင့်ပင် တရားရင်ဆိုင်နေရပြီး ဇန်နဝါရီ ၁၅ ရက်နေ့၌ ကျပ် တစ်ဘီလျံဖြင့်ပင် တရားရုံးက အာမခံပေးခဲ့ပြန်သည်။ ယခုအခါ သူ့ကို အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။

ဒေါ်စောမြင့်ကြည်သည် ပြီးခဲ့သည့်နှစ်က မြို့နယ်နှစ်ခုတွင် တရားစွဲဆိုခံခဲ့ရသည်။ ထို့နောက် သူ၏ကားဖြင့် ရန်ကုန်မှ မန္တလေးသို့အသွား ဇန်နဝါရီ ၂ ရက်နေ့တွင် အမြန်လမ်းပေါ်၌ ရဲတပ်ဖွဲ့က သူ့အား ဖမ်းဆီးလိုက်သည်။ သို့သော် ဒေါ်စောမြင့်ကြည် တရားစွဲခံရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ လိမ်လည်မှု၊ ယုံကြည်မှုကို ချိုးဖောက်မှုတို့အား ကျူးလွန်ခဲ့မှုဖြင့် ၂၀၀၅ ခုနှစ်မှစ၍ မန္တလေးတွင် ထောင်သုံးကြိမ်ကျခဲ့ဖူးသည်။

၂၀၁၃ ခုတွင် ထောင်မှ လွတ်လာခဲ့ပြီးနောက် ယောဂီဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးဖြစ်မလာမီတွင် မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင် မနေဇင်မြင့်ထံမှ ကျပ်သိန်း ၇,၀၀၀ လိမ်လည်ခဲ့မှုဖြင့် တရားစွဲခံခဲ့ရသည်။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ဇာတိ ဒေါ်စောမြင့်ကြည်သည် မြင်ကွင်းမှ အတန်ကြာ ပျောက်ကွယ်သွားခဲ့ပြီးနောက် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၁၅ ခုနှစ်၌ ပြန်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူကို ယောဂီဝတ်နှင့် ရှစ်ပါးသီလကို အမြဲစောင့်ထိမ်းပြီး လက္ခဏာဗေဒင် ဟောပြောနေသူတစ်ဦးအဖြစ် မြင်တွေ့ရသည်။

မြန်မာပြည်တွင် လက္ခဏာဗေဒင် ယုံကြည်သူအများအပြားရှိရာ ယောဂီဒေါ်နန္ဒမာလာ အမည်ခံ လက္ခဏာဆရာမ ဒေါ်စောမြင့်ကြည်ကို ယုံကြည်သူအများအပြား တိုးပွားလာခဲ့သည်။

ဒေါ်နန္ဒမာလာထံ လက္ခဏာဗေဒင်လာမေးသူများက သူတို့၏ စီးပွားရေး၊ ကျန်းမာရေးအနာဂတ်ကို သိလိုကြသည်။ သူ၏ ဟောပြောချက်နှင့် အကြံဉာဏ်များကို အားကိုးယုံကြည်သူများထဲတွင် အသက် ၃၉ နှစ်အရွယ် မသန္တာဦးလည်း ပါဝင်သည်။ မသန္တာဦးက ဒေါ်နန္ဒမာလာအား ယမန်နှစ်၊ မေလက မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသေးသည်။ ဒေါ်နန္ဒမာလာသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် မသန္တာဦးထံမှ ကျပ်သိန်း ၁,၀၅၀ ကို လိမ်လည်ရယူသွားသည်ဟု စွဲဆိုထားခြင်းဖြစ်သည်။

မသန္တာဦးက သူငယ်ချင်းဖြစ်သူ ဝဏ္ဏ၏ အကြံပြုချက်အရ ဒေါ်နန္ဒမာလာထံ သွားခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဝဏ္ဏက နောက်ပိုင်းတွင် သူကိုယ်တိုင်လည်း ကျပ် ၇ သိန်း အလိမ်ခံလိုက်ရကြောင်း ပြောပြခဲ့သည်ဟု ဆိုသည်။

မသန္တာဦးက ဒေါ်နန္ဒမာလာသည် လိမ်သည့်နေရာတွင် ဆရာတစ်ဆူပင်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာတွင် ဒေါ်နန္ဒမာလာထံ ပထမဆုံးသွားမေးစဉ်က သူအား ဝက်သားရှောင်ရန်နှင့် သပြေပန်းနှင့် နှင်းဆီပန်းများ ဘုရားသို့လှူရန် အကြံပေးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဒုတိယအကြိမ်ဗေဒင်မေးသွားချိန်တွင် နဂါးရုပ်တုတစ်ခုအတွက် ကျပ်သိန်း ၉၀ လှူရန်ပြောကြားခဲ့သည်။ ဒေါ်နန္ဒမာလာက တပ်မတော်ပိုင် UMEHL မှ စစ်ဖက်အရာရှိကြီးများနှင့် ရင်းနှီးကြောင်းလည်း ပြောကြားခဲ့သည်။ UMEHL တွင် ရင်းနှီးငွေထည့်ရန် သူအားပေးအပ်ပါက ရက် ၄၀ အတွင်း ထိုငွေ၏ နှစ်ဆကို ပြန်ရနိုင်မည်ဟု ဒေါ်နန္ဒမာလာက ပြောကြားခဲ့သည်။

မသန္တာဦးက ဒေါ်နန္ဒမာလာကို ယုံစားမိခဲ့သည့်အကြောင်းမှာ UMEHL မှ တပ်မတော်အရာရှိကြီးများဟု သူ နားလည်ထားသောသူများနှင့် ဒေါ်နန္ဒမာလာဖုန်းပြောနေသည်ကို ကိုယ်တိုင်ကြားခဲ့ရသောကြောင့်ဖြစ်ကြောင်းနှင့် စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားက ဒေါ်နန္ဒမာလာအား အင်တာဗျူးထားသည့် ရုပ်သံအစီအစဉ်များကိုလည်း ဒေါ်နန္ဒမာလာက ပြသခဲ့သောကြောင့်ဖြစ်သည်ဟု မသန္တာဦးက ပြောသည်။

“ဒေါ်နန္ဒမာလာလုပ်သမျှတွေဟာ သူ့ကို ယုံကြည်လာအောင် ရည်ရွယ်ချက်နဲ့ လုပ်တာချည်းပဲ။ သူက ဘုရားတရား ကြည်ညိုကိုင်းရှိုင်းပုံလဲ ပါတာပေါ့။ နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့အတူရိုက်ထားတဲ့ သူရဲ့ပုံတွေကိုလည်းပြတယ်။ UMEHL အရာရှိကြီးတွေ၊ သူတို့နာမည်နဲ့ လှူဒါန်းထားတဲ့ ရုပ်ပွားတော်တွေကိုလည်း ပြတယ်”ဟု မသန္ဒာဦးကပြောသည်။

UMEHL တွင် ရင်းနှီးမြှုပ်နှံရန် ကျပ်သိန်း ၁,၀၅၀ ကို မသန္ဒာဦးက ဒေါ်နန္ဒမာလာထံ ပေးအပ်ခဲ့သည်။ နောက်ထပ် ရက် ၄၀ အကြာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့တွင် ဒေါ်နန္ဒမာလာထံ ဖုန်းဆက်ပြီး ရမည်ဆိုသော ငွေများအကြောင်း မေးမြန်းသောအခါ ကုမ္ပဏီတွင် လူအပြောင်းအလဲလုပ်သောကြောင့် နှောင့်နှေးကြန့်ကြာနေရသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် အကြိမ်ကြိမ်ရွှေ့ဆိုင်းခံရပြီးနောက် အလိမ်ခံလိုက်ရပြီဆိုသည်ကို နောက်ဆုံးတွင် မသန္တာဦးတစ်ယောက် သဘောပေါက်သွားသည်။ ကျပ် သိန်း ၁,၀၅၀ ပြည့်ရန်အတွက် ဆွေမျိုးများ၊ မိတ်ဆွေများထံမှ ချေးယူခဲ့ရသော ငွေများကို ပြန်ဆပ်ရန် သူ၏ ကားနှင့် အခြားပစ္စည်းများကို ရောင်းချလိုက်ရသည်။

မသန္တာဦးနှင့် သူ့ကဲ့သို့ အလိမ်ခံရသူများက သူတို့၏ သံသယစိတ်ကို အစပိုင်းတွင် မည်သူ့ကိုမျှ ထုတ်မပြောရဲခဲ့ကြပေ။ အကြောင်းမူ ဒေါ်နန္ဒမာလာက သူ့အကြောင်း မကောင်းပြောသူများ ဘေးတွေ့လိမ့်မည်ဟု ဗေဒင်ဟောခန်းနံရံပေါ်တွင် သတိပေးစာရေးထားသောကြောင့်ဖြစ်သည်ဟု မသန္တာဦးက ပြောသည်။

“ဒါ့ကြောင့် အစပိုင်းမှာ ကျွန်မတို့ ငြိမ်နေခဲ့ကြပြီး ကျွန်မတို့သောကတွေကို ထုတ်မပြောခဲ့ကြပါဘူး၊ ဒါပေမဲ့ နောက်အလိမ်ခံရသူတွေက ထုတ်ဖော်လာကြတော့ အခြေအနေက ပြောင်းသွားခဲ့ပါတယ်” ဟု မသန္ဒာဦးကပြောသည်။

ဒေါသထွက်နေကြသော အလိမ်ခံရသူများအား ရဲသွားတိုင်ပါကလည်း အကြောင်းထူးမည်မဟုတ်ကြောင်း၊ ရဲကို သူက ငွေပေးထားပြီးဖြစ်ကြောင်း ဒေါ်နန္ဒမာလာက ပြောပြီး သူနှင့် ရဲများ မည်မျှရင်းနှီးသည်ဆိုသည်ကို သက်သေအဖြစ် ရဲအရာရှိတစ်ဦးအတူ ရိုက်ထားသော ဓာတ်ပုံကိုပင် ပြလိုက်သေးသည်ဟု မသန္တာဦးက ဆိုပါသည်။

ထူးထူးဆန်းဆန်း ခြိမ်းခြောက်သည့်ပုံစံဖြင့် ပစ္စတိုသေနတ်ကိုင်ထားသော ပုံကို ဒေါ်နန္ဒမာလ၏ Facebook တွင် ယခင်နှစ်က တွေ့မြင်ခဲ့ကြရပြီးနောက် လူထုအကြား အုတ်အုတ်ကျွတ်ကျွတ်ဖြစ်လိုက်သေးသည်။ ဒေါ်နန္ဒမာလာ၏ အလိမ်ခံရသူ ၁၀၀ ဦးခန့်ပင် ရှိနိုင်သည်ဟု မှန်းဆကြသည်။ အများစုက ပါးစပ်ပိတ်ကာ ကြိတ်ခံနေကြသည့်အကြောင်းမှာ အနေရခက်သောကြောင့်လည်းကောင်း၊ နောက်ဆက်တွဲဖြစ်လာခြင်းများအတွက် စိုးရိမ်သောကြောင့်လည်းကောင်း ဖြစ်လိမ့်မည်ဟု မသန္တာဦးက ပြောသည်။

“ကျွန်မကတော့ ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မ ခံလိုက်ရသလို တခြားသူတွေ မခံစာကြရစေချင်လို့ပါ” ဟု မသန္တာဦးက ပြောသည်။

ခရီးသွားအေဂျင်စီတစ်ခုကို ပိုင်ဆိုင်သော ဦးနေမျိုးနိုင်ကလည်း လှိုင်မြို့နယ်တွင် တိုင်တန်းထားသည်။ ဒေါ်နန္ဒမာလာသည် မသန္တာဦးကို အယုံသွင်း လိမ်လည်ခဲ့သည့်နည်းအတိုင်းပင် သူ့ထံမှ ကျပ်သိန်း ၂,၆၀၀ လိမ်သွားခဲ့ပါသည်ဟု သူက ပြောသည်။ ဗုဒ္ဓဘာသာရေးကို ခုတုံးလုပ်ပြီး လိမ်လည်မှုဖြင့် ဒေါ်နန္ဒမာလာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အပြစ်ပေးသင့်သည်ဟု မသန္တာဦးက ပြောသည်။ “ဘာသာရေးကို မိမိကိုယ်ကျိုးအတွက် ခုတုံးလုပ်အသုံးချခဲ့သူတွေကို သိပ်စိတ်ပျက်မိတယ်” ဟု သူက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက မန္တလေး၊ ရန်ကုန်နှင့် တောင်ကြီးမြို့များမှ လူ ၁၅ ဦးခန့်၊ စုစုပေါင်း ကျပ် ၁၀ ဘီလျံ (ကျပ်သိန်းပေါင်း တစ်သိန်း) အလိမ်ခံခဲ့ကြရသည်ဟု ကြားသိရကြောင်း၊ ထိုထက်မကလည်း အလိမ်ခံရသူ များပြားမည်ဟု ယူဆရကြောင်း သူက ပြောသည်။

ဇန်နဝါရီ ၂၄ ရက်နေ့က မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် ဒေါ်စောမြင့်ကြည်က “အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ၂၀၁၅ မှာ ယောဂီဖြစ်လာကတည်းက ကျွန်မ ကောင်းကောင်းနေခဲ့ပါတယ်၊ ဘယ်သူ့ကိုမှ ဒုက္ခဖြစ်အောင် မလုပ်ခဲ့ပါဘူး” ဟု Frontier ကို ပြောသည်။

“ကျွန်မလုပ်ခဲ့သမျှ ကောင်းတာတွေကတော့ ဘာသာရေးအတွက်ပါပဲ” ဟု ဒေါ်နန္ဒမာလာတစ်ဖြစ်လည်း ဒေါ်စောမြင့်ကြည်က ပြောသည်။

ခေါင်းစီးဓာတ်ပုံ-လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် ဒေါ်နန္ဒမာလာအား ဇန်နဝါရီ ၂၄ ရက်နေ့က တရားရုံး၌ တွေ့ရစဉ်။ ဓာတ်ပုံ-သူရဇော်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.