Illustration by Jared Downing | Frontier
ကာတွန်းကို ဂျာရက်ဒေါင်းနင်း (ဖရွန်းတီးယားမြန်မာ) ရေးဆွဲသည်။

လားရှိုးမြို့က ရွေးကောက်ပွဲသင်ခန်းစာများ

ယခုနှစ်ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတပြီး ပွင့်လင်းမြင်သာစေရမည်ဟု ကတိပြုထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ၎င်း၏အဖွဲ့ခွဲများအတွက် ၂၀၁၅က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က အငြင်းပွားဖွယ်ရာမဲရေတွက်မှုဖြစ်စဉ်သည် သင်ခန်းစာယူဖွယ်ဖြစ်သည်။

ရဲမွန် ရေးသားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမကျင်းပမီကတည်းကပင် မြန်မာနိုင်ငံအတွင်း မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲအပေါ် ရင်ခုန်စိတ်လှုပ်ရှားပြီး တလှုပ်လှုပ်တရွရွ ဖြစ်ခဲ့ကြသည်။

နောက်ဆုံးတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲရလဒ်သည် ပြည်သူများ၏ဆန္ဒနှင့် ထပ်တူကျခဲ့သည်။

ယခုနှစ် နိုဝင်ဘာ၈ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးရှည်အတွက် အရေးကြီးသည့် မိုင်တိုင်တစ်ခုဖြစ်သော်လည်း နိုင်ငံအတွင်းအပြောင်းအလဲကြီးကြီးမားမားမရှိနိုင်သောကြောင့် ၂၀၁၅ကလောက် အများစိတ်ဝင်စားမှုမခံရဘဲရှိနေသည်။

ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ကျွန်ုပ်ကိုယ်တိုင်လည်း ယခုတစ်ကြိမ်ကို ယခင်ရွေးကောက်ပွဲလောက် ရင်မခုန်သည်က အမှန်ပင်။

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းက စိတ်ဝင်စားဖွယ်အကောင်းဆုံး မဲဆန္ဒနယ်တွင် သတင်းရေးသား တင်ဆက်ရသည်မှာ စိတ်ပင်ပန်းရသော်လည်း ကျေနပ်စရာကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။

ရွေးကောက်ပွဲသတင်းရေးသားတင်ဆက်ရန် လားရှိုးမြို့သို့ ငါးရက်တာ ကျွန်ုပ်သွားရောက်ခဲ့သည်။ လားရှိုးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် စသည့်ပါတီကြီးများ ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရာမဲဆန္ဒနယ်လည်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ထိုစဉ်က ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာစိုင်းမောက်ခမ်းဖြစ်သည်။

၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်း ဦးထွန်းရွှေနှင့် ယှဉ်ပြိုင်ခဲ့ရသည်။ ရွေးကောက်ပွဲနေ့သို့ ရောက်သောအခါ ဦးထွန်းရွှေသည် ပုံမှန်မဲအများစုတွင် အသာစီးရနေသည်။ အနိုင်ရရှိရန်လည်း နီးစပ်နေသည်။

ညနေ၄နာရီထိုး၍ မဲပေးချိန်ကျော်လွန်သွားချိန်တွင် ထောင်ပေါင်းများစွာသော ကြိုတင်မဲများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိလာသည်။ ကြိုတင်မဲများကို ဖွင့်ဖောက်လိုက်သောအခါ မဲအားလုံးနီးပါးမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါက်တာစိုင်းမောက်ခိုင်းကို ပေးသည့်မဲများဖြစ်နေသည်။

ယင်းအချက်ကြောင့်ပင် ပြိုင်ဘက်ပါတီများဖြစ်ကြသည့် အင်န်အယ်လ်ဒီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ကန့်ကွက်ကြောင်း စာရေးသားပေးပို့ခဲ့ကြသည်။

စာတွင် မဲဆန္ဒနယ်အတွင်းနေထိုင်သော်လည်း မဲပေးသည့်နေ့တွင် အဝေးတစ်နေရာရောက်စစ်သားများက ရွေးကောက်ပွဲနေ့မတိုင်မီကပင် ကြိုတင်ပေးခဲ့လေဟန်ဖြင့် ရောက်ရှိလာသည့် အဆိုပါကြိုတင်မဲများသည် ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် မဲရုံပိတ်ပြီးမှရောက်ရှိလာသည်ဖြစ်၍ မဲရလဒ်ကိုပယ်ဖျက်ပေးရန် တောင်းဆိုသည်။

“စစ်သားတွေကရော ပြည်ခိုင်ဖြိုးပါတီကို တကယ်ရော မဲပေးခဲ့ကြရဲ့လား”ဟုလည်း ပြည်ခိုင်ဖြိုး၏ ပြိုင်ဘက်ပါတီများက မေးခွန်းထုတ်ခဲ့ကြသည်။

အဆိုပါကိစ္စကိုစစ်ဆေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သုံးရက်တိတိ အချိန်ယူပြီးနောက် မဲရလဒ်များကို အတည်ပြုထုတ်ပြန်လိုက်သည်။ ကြိုတင်မဲကျေးဇူးကြောင့်ဟု ဆိုရမလိုပင်။ ဒေါက်တာစိုင်းမောက်ခမ်းသည် ၃၀,၉၀၉ မဲရရှိပြီး ၂၆,၇၂၆ မဲသာရရှိသော ဦးထွန်းရွှေကို အနိုင်ရသွားသည်။

တကယ်တော့ ကြိုတင်မဲသည် လားရှိုးမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် တစ်ခုတည်းသော ရွေးကောက်ပွဲ အငြင်းပွားမှု မဟုတ်။

သတင်းရယူခွင့်အတွက် သက်ဆိုင်ရာရွေးကောက်ပွဲအာဏာပိုင်များက ထုတ်ပေးထားသည့် သတင်းထောက်ကတ်ပြားများပါရှိသော်လည်း လားရှိုးမြို့က မဲရုံအချို့တွင်တာဝန်ရှိသူများက သတင်းမီဒီယာများကို မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ တားမြစ်ခဲ့သည်။

ထိုသို့တားမြစ်ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် သတင်းရယူခွင့်ဆိုင်ရာ လမ်းညွှန်ချက်များအပေါ် ကော်မရှင်အဖွဲ့ခွဲများက နားလည်မှုလွဲမှားခြင်း ဖြစ်နိုင်သည်။ သို့သော် အတားမြစ်ခံရသည့်အတွက် သတင်းထောက်များသည် ရွေးကောက်ပွဲပွင့်လင်းမြင်သာမှုအတွက်အရေးပါသော မဲပေးခြင်းနှင့် မဲရေတွက်ခြင်းတို့ကို စောင့်ကြည့်အကဲဖြတ်ရန် မစွမ်းသာတော့ပေ။

မြန်မာနိုင်ငံ၏ အခြားနေရာများတွင် သတင်းရယူရန်တရားဝင်အသိအမှတ်ပြုကတ်ပြား ကိုင်ဆောင်ထားသူများသည် တပ်တွင်းမဲရုံများအထဲသို့ပင် ဝင်ရောက်ခွင့်ရရှိသော်လည်း ကျွန်ုပ်ရောက်ရှိရာ လားရှိုးမြို့တွင်မူ တပ်တွင်းမဲရုံများသို့ ဝင်ရောက်သတင်းရယူရန်ကြိုးပမ်းသောအခါ တားမြစ်ခံခဲ့ရသည်။

ထို့ကြောင့် မကြာသေးမီက ရွေးကောက်ပွဲဥပဒေပြင်ဆင်ပြီး လာမည့်ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများ အပြင်ပို့လိုက်သည်က အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများအတွက် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရန်နှင့်  သတင်းရယူရန် ပို၍အထောက်အကူဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။

ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသော နောက်ထပ်အပြောင်းအလဲတစ်ခုမှာ ဓာတ်ပုံသတင်းထောက်များ မဲရုံများအတွင်း လွတ်လွတ်လပ်လပ် သတင်းဓာတ်ပုံရိုက်ကူးခွင့် ရရှိရေးဖြစ်သည်။ ယခင်ကဆိုလျှင် ဓာတ်ပုံသတင်းထောက်များသည် မဲရုံအတွင်း ဓာတ်ပုံမရိုက်ရန် မကြာခဏ တားမြစ်ခံခဲ့ရသည်။

ယင်းတားမြစ်ချက်များကို “ပြင်ဆင်ပေးနိုင်မလား”ဟု ဇွန်၂၇ရက်က ရန်ကုန်တွင် နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံကြစဉ်က ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို မေးမြန်းခဲ့ရာ ၎င်းက “ပြန်လည်စဉ်းစားပေးမည်”ဟုသာ ဖြေကြားခဲ့သည်။

သို့သော် ၂၀၁၅ရွေးကောက်ပွဲကာလက ပြည်တွင်းသတင်းဌာနများက ဓာတ်ပုံသတင်းထောက်များ ရိုက်ကူးခဲ့သော သတင်းဓာတ်ပုံများကိုထောက်ရှုသော် မဲရုံအတွင်းဓာတ်ပုံမရိုက်ရန် တားမြစ်ချက်သည် တစ်နိုင်ငံလုံးတွင် တစ်ပြေးညီကျင့်သုံးခဲ့သည့် စည်းမျဉ်းတစ်ခုတော့မဟုတ်ပေ။

အဆိုပါတားမြစ်ချက်များကိုပြောင်းလဲပြီး လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်စွာသတင်းရယူရန် ခွင့်ပြုလာနိုင်သည်ဟု ယူဆရသော်လည်း သတင်းရယူခွင့်ကန့်သတ်လိုသော မဲရုံတာဝန်ရှိသူအချို့သည် “ကိုဗစ်-၁၉ကပ်ရောဂါ”ကို အကြောင်းပြကာ သတင်းရယူခွင့်ကို ကန့်သတ်နိုင်သေးသည်။

လွတ်လပ်စွာသတင်းရယူခွင့်သည် လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲတစ်ခု၏  အရေးပါသည့်အစိတ်အပိုင်း တစ်ခုအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံလာပါစေဟုသာ ကျွန်ုပ်မျှော်လင့်နေသည်။ သတင်းမီဒီယာသမားများဖြစ်သော ကျွန်ုပ်တို့သည် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်နေခြင်းမဟုတ်။ “ကိုယ့်အလုပ်ကိုယ်လုပ်နေခြင်း”သာ ဖြစ်သည်။

လားရှိုးမြို့က နောက်ထပ် ရွေးကောက်ပွဲသင်ခန်းစာတစ်ခုလည်းရှိသေးသည်။

မူလဇာတိ ဧရာဝတီတိုင်းဒေသကြီးကဖြစ်သော်ငြားလည်း သွားဆရာဝန်နှင့် ဗမာတိုင်းရင်းသား တစ်ဦးဖြစ်သူ ဒေါက်တာလင်းထွဋ်သည် ရှမ်းအများစုနေထိုင်ရာ လားရှိုး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲပြီးခါစတွင် ဒေါက်တာလင်းထွဋ်သည် သတင်းထောက်များနှင့် အင်မတန်ရင်းနှီး၊ ဖက်လဲတကင်းရှိရုံမက သတင်းကိစ္စနှင့်ပတ်သက်လျှင် ဆက်သွယ်မေးမြန်းရ လွယ်ကူခဲ့သော်လည်း ၎င်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသောအခါ ထိုအခြေအနေများက ပြောင်းလဲသွားသည်။ အာဏာရပါတီ၏ ပြည်နယ် ဝန်ကြီးချုပ်ရွေးချယ်မှုက ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်လိမ့်မည်ဟု မျှော်လင့်ခဲ့သော ရှမ်းပါတီများကို စိတ်ပျက်စေခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ၎င်းကိုတွေ့ဆုံခွင့်ရနိုင်ရန်မှာ ပိုမိုခက်ခဲလာသည်။ ထိုသို့ ပြောင်းလဲသွားသည်က သူတစ်ဦးတည်းတော့ မဟုတ်ပေ။ အခြားလွှတ်တော်ကိုယ်စားလှယ်များလည်း ထိုနည်းတူပင် ဖြစ်သည်။

ရွေးကောက်ပွဲကာလတွင် သတင်းထောက်များနှင့် ရင်းနှီးဖော်ရွေပြီး ဝင်ထွက်တွေ့ဆုံရန် လွယ်ကူသည်။ သတင်းထောက်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးထားရှိခြင်းသည် ၎င်းတို့၏ပုံရိပ်ကို မြှင့်တင်နိုင်မည်ဟု ယူဆခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် နေရာရပြီး၊ ဝန်ကြီးများဖြစ်လာသောအခါ သတင်းထောက်များအပေါ် ၎င်းတို့၏ ဆက်ဆံပုံဆက်ဆံနည်းသည် အလျင်အမြန်ပင် ပြောင်းလဲသွားကြသည်ကများသည်။

ယခုလည်း နောက်ထပ်အထွေထွေရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်၍ ဝန်ကြီးများသည် သတင်းထောက်များနှင့်  ရုတ်တရက် ဆက်ဆံရေးကောင်းမွန်လာကြပြန်ပြီ။ ထူးထူးဆန်းဆန်း ဖုန်းလက်ခံဖြေကြားမှုများပင် ကြုံတွေ့လာရ ပြီဖြစ်သည်။

သို့သော် သတင်းကိစ္စဆက်သွယ်မေးမြန်းလျှင် သတင်းထောက်များသိလိုသမျှကို မခြွင်းမချန် ပြန်လည်ဖြေကြား ပါမည်လော ဆိုသည်ကမူ နောက်ထပ်အဖြေရှာရမည့် မေးခွန်းတစ်ခုဖြစ်သည်။ ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲအပြီး ယင်းသို့ပြောင်းလဲတတ်သည့်သဘာဝသည် ရွေးကောက်ပွဲကော်မရှင်က စည်းကမ်းထုတ် တားမြစ်နိုင်သည့် ကိစ္စလည်းမဟုတ်ပေ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.