ရေနံဓာတ်ငွေ့အတွက် စာချုပ်သစ်

ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့တင်ဒါများ မကြာမီခေါ်ယူရန်ရှိနေချိန်တွင် မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အလို့ငှာ ထုတ်လုပ်မှုခွဲဝေရးစာချုပ်ပါ ဘဏ္ဍာရေး စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်သုံးသပ်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိသည်။

သောမတ်စ် ကင်းန် ရေးသားသည်။

လက်ရှိဘဏ္ဍာရေး စည်းကမ်းသတ်မှတ်ချက်များသည် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို ဟန့်တားလျက်ရှိကြောင်း၊ အထူးသဖြင့် အကျိုးစီးပွားဖြစ်ဖို့ မသေချာသော၊ စွန့်စားရလွန်းသော လုပ်ကွက်များတွင် ရင်းနှီးလုပ်ကိုင်ရန် အဟန့်အတားဖြစ်နေကြောင်း၊ သတိပေးပြောဆိုမှုများ ရှိနေချိန်၌ မြန်မာအစိုးရသည် စွမ်းအင်ကုမ္ပဏီများနှင့်ချုပ်ဆိုသော ကန်ထရိုက်စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်သုံးသပ်လျက်ရှိသည်။

မြန်မာအစိုးရ၏အခွန်နှုန်းထား မြင့်မားစွာကောက်ခံနေခြင်းနှင့် တကမ္ဘာလုံးတွင် ရေနံဓာတ်ငွေ့ဈေးများ ကျဆင်းနေခြင်းကြောင့် စွမ်းအင်ကဏ္ဍအပေါ် ထိခိုက်လျက်ရှိရာ ၂၀၁၄ ခုနှစ်က လေလံအောင်ခဲ့သော စွမ်းအင်ကုမ္ပဏီများသည် ၎င်းတို့ရရှိထားသော ကမ်းလွန်လုပ်ကွက် တစ်ဝက်နီးပါးကို စွန့်လွှတ်ပြီး မြန်မာအစိုးရထံ ပြန်လည်အပ်နှံခဲ့ကြသည်။

စွမ်းအင်သုတေသနနှင့် အကြံပေးကုမ္ပဏီ Wood Mackenzie ၏အဆိုအရ ရေနံဓာတ်ငွေ့ဝင်ငွေထဲမှ အစိုးရကို ပေးရသောအချိုးသည် (လက်ရှိ ထုတ်လုပ်မှုခွဲဝေရေးစာချုပ် PSC အရ) ၉၄ ရာခိုင်နှုန်းအထိပင် ရှိနိုင်သည်ဟု ဆိုသည်။ ထိုသို့ပေးရသော်လည်း စွန့်စားရမှုအားလုံးအတွက် ကုန်ကျစရိတ်ကိုမူ ရင်းနှီးလုပ်ကိုင်သော ကုမ္ပဏီကသာ ကျခံရသည်။ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးတွင် အစိုးရက တစ်ပြားတစ်ချပ်မျှ ထည့်ဝင်ခြင်း မရှိချေ။

နိုင်ငံ့စီးပွား တိုးတက်ဖွံ့ဖြိုးရေးအတွက် စွမ်းအင်ထုတ်လုပ်ရန် သဘာဝဓာတ်ငွေ့ကို အပူတပြင်း လိုအပ်နေချိန်တွင် လက်ရှိရေနံနှင့် ဓာတ်ငွေ့သိုက်များကလည်း ကုန်ခန်းစပြုလာနေသည်။ ယခုနှစ်အတွင်း ရှာဖွေရေးအစမ်းတွင်း ရှစ်တွင်းသာ တူးဖော်ဖို့ရှိသည်ဟု အစိုးရစွမ်းအင်အရာရှိများထံမှ သိရှိရလေရာ စွမ်းအင်သိုက်အသစ်တွေ့ရှိဖို့ မျှော်လင့်ချက်အလားအလာကလည်း လျော့နည်းသွားပြန်သည်။

ရေနံနှင့်ဓာတ်ငွေ့စွမ်းအင် စီမံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က ဘဏ္ဍာရေး စည်းကမ်းသတ်မှတ်ချက် ပြန်လည်သုံးသပ်မှုကို ယခုပင်လုပ်နေပါပြီဟု ပြောသည်။

“စွမ်းအင်ကဏ္ဍကို ပိုပြီးဆွဲဆောင်မှုရှိအောင် ဘဏ္ဍာရေးစည်းကမ်း သတ်မှတ်ချက်အားလုံးကို ဘယ်လိုအတိုးအလျှော့ လုပ်ရမလဲဆိုတာ ကျွန်တော်တို့ သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ချည်းတော့ ဆုံးဖြတ်လို့မရပါဘူး။ ဒီအစည်းအဝေးပြီးရင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကို တင်ပြပြီး ဝန်ကြီးရဲ့အဆုံးအဖြတ် ရယူရပါမယ်။ သက်ဆိုင်ရာ တခြားဝန်ကြီးဌာနတွေရဲ့ သဘောတူညီမှုကိုလည်း ရယူရပါဦးမယ်” ဟု ၎င်းက ပြောသည်။

ယခုအစီအစဉ်သည် အနာဂတ်တွင် အသစ်ချုပ်ဆိုမည့် စာချုပ်များအတွက်သာ ဖြစ်ပြီး ၂၀၁၄ ခုနှစ် တင်ဒါအောင်ကုမ္ပဏီများနှင့် သက်ဆိုင်ခြင်းမရှိသည်မှန်သော်လည်း အစိုးရက အပေးအယူ ပြန်လည်ညှိနှိုင်းရန် အမြဲတံခါးဖွင့်ထားပါသည်ဟု ဦးဇော်အောင်က ပြောသည်။

“ကျွန်တော်တို့ ထုတ်လုပ်မှုခွဲဝေရေးစာချုပ်က ပြင်ရဆင်ရသိပ်လွယ်ကူပါတယ်။ ရှာဖွေရေး စမ်းသပ်တိုင်းတာရေး လုပ်နေတဲ့ကုမ္ပဏီက စွမ်းအင်သိုက်အသစ်တစ်ခု တွေ့နေပြီး လက်ရှိစည်းကမ်းသတ်မှတ်ချက်တွေနဲ့ စီးပွားရေးအရ ထုတ်လုပ်ဖို့ အဆင်မပြေဘူးဆိုရင် ကျွန်တော်တို့ ပြန်စဉ်းစားပေးမှာပါ။ ဘာလို့လဲဆိုတော့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းတာကိုပဲ ကျွန်တော်တို့က အမြဲလိုလားတာပါ” ဟု ၎င်းကပြောသည်။

ပုဂ္ဂလိကကဏ္ဍ၏ တွန်းအားပေးမှုများ

တိုးလာနေသော မြန်မာ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ အားတက်စေရန် လက်ရှိ ထုတ်လုပ်မှုခွဲဝေရေးစာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များကို ပြောင်းလဲပေးရန် ပုဂ္ဂလိက ကုမ္ပဏီများကလည်း အစိုးရကို တိုက်တွန်းလျက်ရှိသည်။

“ဓာတ်ငွေ့ဟာ အစိုးရအတွက် အခွန်ဘဏ္ဍာရဖို့ထက် နိုင်ငံ့စက်မှုလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ပိုလိုအပ်နေပါတယ်။ ဒါ့ကြောင့် ဒီဘဏ္ဍာရေး စည်းကမ်းသတ်မှတ်ချက်တွေဟာ မြန်မာနိုင်ငံအကျိုးစီးပွားနဲ့ တလွဲစီဖြစ်နေပါတယ်” ဟု မစ္စတာ နစ်ကိုလို ဘော်ဇီနီ Mr. Niccolo Balzini က ပြောသည်။ ၎င်းမှာ စွမ်းအင်အကြံပေးကုမ္ပဏီ EuroCham Myanmar မှ အကြံပေးအရာရှိ တစ်ဦးဖြစ်သည်။

Upstream sector ဆိုသည့် ရေနံတူးဖော်ရေးကဏ္ဍတွင် ဘဏ္ဍာရေးစည်းကမ်း သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်ရေးကိစ္စမှာ ဇွန်လ ၆ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သော မြန်မာ-အီးယူ စီးပွားရေးဖိုရမ်၌ EuroCham စွမ်းအင်အကြံပေးအုပ်စုက တင်သွင်းခဲ့သော ထောက်ခံတင်ပြချက် လေးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အခြားအကြောင်းအရာများမှာ ဝန်ကြီးဌာနအတွင်း၊ သို့မဟုတ် ဝန်ကြီးဌာနချင်း ညှိနှိုင်းရေး၊ စွမ်းအင်အခြေခံအဆောက်အအုံ၊ ငွေစက္ကူနှင့် ငွေပေးချေမှုအာမခံကိစ္စများ အပါအဝင် ဈေးနှုန်းသတ်မှတ်မှုဆိုင်ရာ မူဝါဒကိစ္စများဖြစ်သည်။

တင်ဒါအောင်ထားသော ကုမ္ပဏီအချို့က မိမိတို့လုပ်ပိုင်ခွင့်ရထားသော လုပ်ကွက်များကို ပြန်အပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းနှင့် စမ်းသပ်တိုင်းတာမှု မပြုလုပ်ကြတော့ခြင်းသည် လက်ရှိစာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များက အလုပ်လုပ်ရန်မဖြစ်နိုင်ခြင်းကို ဖော်ပြလျက်ရှိသည်ဟု မစ္စတာ ဘော်ဇီနီက ပြောသည်။

“အခွန်တွေပေးရတာများလို့ ရှာဖွေစမ်းသပ်တိုင်းတာရေးတွေကို ကန့်သတ်ပြီးလုပ်နေကြရတော့ ဓာတ်ငွေ့တွေ တွေ့ရှိဖို့ အလားအလာတွေ လျော့သွားတာပေါ့။ ရေအောက်မှာပဲ ရှိနေတဲ့ဓာတ်ငွေ့ဟာ ဘာတန်ဖိုးမှ မရှိတော့ပါဘူး”

typeof=

ဇန်နဝါရီလထုတ် Frontier တွင် ဖော်ပြခဲ့သည့်အတိုင်း Shell, Reliance Industries နှင့် နော်ဝေနိုင်ငံမှ Statoil အပါအဝင် ကုမ္ပဏီအချို့သည် မိမိတို့၏လုပ်ကွက်များကို ပြန်အပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထွက်ရှိနိုင်စရာ အလားအလာများ ရှိသေးသည့် ကုမ္ပဏီများကမူ ၎င်းတို့၏ လုပ်ကွက်ကို ဆက်လက်ထိန်းထားကြဆဲပင်ရှိသည်။

မြန်မာနိုင်ငံ၏ လက်ရှိထုတ်လုပ်မှု ခွဲဝေရေးစာချုပ်များကို ၁၉၈၈ တွင် အာဏာသိမ်းတက်လာသော စစ်အစိုးရက တက်လာပြီး သိပ်မကြာခင်မှာပင် ထုတ်ပြန်ခဲ့သည်။ စစ်အစိုးရသည် တိုင်းပြည်စီးပွားရေးကို တဖြည်းဖြည်းဖွင့်ပေးခဲ့သည်။ ထိုထုတ်လုပ်မှု ခွဲဝေရေးစာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များကို ထို့နောက်ပိုင်း ဘာမျှမည်မည်ရရ မပြင်ဆင်ခဲ့ဘဲ ၂၀၁၄ တွင် ခေါ်ယူခဲ့သော တင်ဒါအသစ်များတွင်သာ နယ်မြေပိုင်ဆိုင်ခ Royalties ကို ၁၀ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။

လက်ရှိထုတ်လုပ်မှု ခွဲဝေရေးစာချုပ်များသည် အဓိက ဓာတ်ငွေ့နယ်မြေ  လေးခုတွင် ထုတ်လုပ်ရေးကို လုပ်ဆောင်နေစေသေးသည် မှန်သော်လည်း စွမ်းအင်ဈေးများ ကျဆင်းနေသဖြင့် ရေနံကုမ္ပဏီများသည် ရှာဖွေရေးနှင့်ထုတ်လုပ်ရေး အစီအစဉ်များကို လျှော့ချနေကြစဉ် မြန်မာနိုင်ငံက ရေနံကုမ္ပဏီများကို ဆွဲဆောင်ရာ၌ ယှဉ်ပြိုင်နိုင်မှုစွမ်းအားကို လျော့ကျစေနိုင်သည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ယောက်က အစိုးရ၏ အခွန်ကောက်ခံမှု ရပ်တည်ချက်သဘောထားကြောင့် ရေနံကုမ္ပဏီများ နောက်တွန့်နေကြသည်ဟု ဆိုသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရက အခွန်ကို တိုးကောက်ချင်နေတာပါ။ လျှော့ယူဖို့ သူတို့ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြပါဘူး။ ကုမ္ပဏီတွေ ဒါကြောင့် ထွက်ပြေးကြတာပါ။ ဒါဟာ တကယ့်အခြေအနေမှန်ပါပဲ” ဟု သူက ပြောသည်။

“ဒီစာချုပ်တွေအရ ကုမ္ပဏီတွေက ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရပါတယ်။ အစိုးရက တစ်ပြားမှ မထည့်ရပါဘူး။ ဒါတောင် အစိုးရက အခွန်တွေ တိုးကောက်ဖို့ ကြိုးစားနေတာပါ။

“ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ဘာမှ ဖြစ်လာမှာမဟုတ်တော့ဘူး။ ကျွန်တော်တို့က မက်လုံးတော့ ပေးမှဖြစ်မယ်”

အစိုးရက ဝေစုအယူများနေ

ကမ္ဘာ့ဘဏ်၏ ၂၀၁၆ နိုဝင်ဘာစစ်တမ်းအရ မြန်မာအစိုးရဘဏ္ဍာတိုက်ထဲ ရောက်သွားသော ထုတ်လုပ်မှု ခွဲဝေရေးစာချုပ်ခွဲတမ်းမှာ စီမံကိန်းဝင်ငွေ၏ ၈၈ ရာခိုင်နှုန်း ဖြစ်သည်။ ရေနက်ပိုင်းတူး စီမံကိန်းများအတွက် ၈၆ ရာခိုင်နှုန်း၊ ရေတိမ်ပိုင်းအတွက် ၉၁ ရာခိုင်နှုန်းဖြစ်ရာ တကမ္ဘာလုံး စံနှုန်းနှင့်တွက်လျှင် အမြင့်ပိုင်းတွင် ပါဝင်သည်။ ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် ရင်းနှီးမြုပ်နှံသောကုမ္ပဏီက ပြန်ရငွေမှာ အနိမ့်အဆင့်မှ အလယ်အလတ်အဆင့်သာရှိသည်။

မြန်မာအစိုးရသည် ထုတ်လုပ်မှု ခွဲဝေရေးစာချုပ်စံနှုန်း သတ်မှတ်ချက်များပေါ်တွင်သာ မှီခိုလျက်ရှိရာ အမှန်တကယ် လက်မှတ်ရေးထိုးကြသော ထုတ်လုပ်မှု ခွဲဝေရေးစာချုပ်များနှင့်လည်းကောင်း၊ ဘူမိဗေဒအခြေအနေနှင့် ကုန်ကျစရိတ်ပေါ်မူတည်၍လဘည်းကောင်း ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ရာတွင် တနိုင်ငံနှင့်တနိုင်ငံ မတူညီကြပုံကို ထည့်သွင်းစဉ်းစားခြင်းမရှိဟု စာရေးသူများက မှတ်ချက်ပြုကြသည်။

Wood Mackenzie ၏ ဆန်းစစ်ချက်တွင်လည်း အစိုးရ၏ဝေစုကို အလားတူပင် သုံးသပ်ထားကြောင်း တွေ့ရှိရသည်။ တစ်နေ့လျှင် ဓာတ်ငွေ့ကုဗပေ သန်း ၉၀၀ (900 mmcfd) အထက် ထွက်ရှိသော ကမ်းလွန်ဓာတ်ငွေ့သိုက်တစ်ခုတွင် ရေတိမ်ပိုင်း၌ ဖြစ်ပါက ၉၃ ဒသမ ၉ ရာခိုင်နှုန်း၊ ရေနက်ပိုင်းတွင် ဖြစ်ပါက ၈၇ ဒသမ ၈ ရာခိုင်နှုန်း အစိုးရက ရယူသည်။ အထွက်နည်းသော ဓာတ်ငွေ့သိုက် ကုဗပေ သန်း ၉၀၀ အောက်ထွက်သော စီမံကိန်းတွင် ရေတိမ်ပိုင်းတွင် ၇၈ ဒသမ ၆ ရာခိုင်နှုန်း၊ ရေနက်ပိုင်း၌ ၇၂ ဒသမ ၄ ရာခိုင်နှုန်းကို အစိုးရက ရယူသည်။

“ဒီစည်းကမ်းသတ်မှတ်ချက်တွေဟာ ပြင်းထန်လွန်းတယ်လို့ ကုမ္ပဏီအများက ယူဆကြပါတယ်။ ဒီဒေသအတွင်းမှာ သူတို့ကို ဦးစားပေးသတ်မှတ်တာ မခံကြရပါဘူး” ဟု Wood Mackenzie ကုမ္ပဏီ၏ သုတေသနအရာရှိ မစ္စတာ ဂျင်းဘက်တစ် ဘာချိုတို Mr. Jean- Baptiste Berchoteau က ပြောသည်။

ရေနံလုပ်ငန်းများကို ဝန်ဆောင်မှုပေးသော Smart Group ၏ ဥက္ကဋ္ဌဖြစ်သူ ဝါရင့်လုပ်ငန်းရှင် ဦးကျော်ကျော်လှိုင်က ထုတ်လုပ်မှု ခွဲဝေရေးစာချုပ်ကို ပြည့်ပြည့်၀၀ ပြန်လည်သုံးသပ်ချိန်တန်ပြီဟု ပြောသည်။

ရေနံလုပ်ငန်းများကို ဝန်ဆောင်မှုပေးသော Smart Group ၏ ဥက္ကဋ္ဌဖြစ်သူ ဝါရင့်လုပ်ငန်းရှင် ဦးကျော်ကျော်လှိုင်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ရေနံလုပ်ငန်းများကို ဝန်ဆောင်မှုပေးသော Smart Group ၏ ဥက္ကဋ္ဌဖြစ်သူ ဝါရင့်လုပ်ငန်းရှင် ဦးကျော်ကျော်လှိုင်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

“အဝတ်အထည်ဆိုက် တစ်မျိုးတည်းထားရင် လူတိုင်းနဲ့တော်မှာ မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ဓာတ်ငွေ့သိုက်ရဲ့ ထုထည်ပမာဏ၊ တည်ရှိနေတဲ့ရေရဲ့အနက်ပေ၊ ဒါတွေနဲ့ချိန်လိုက်ရင် လက်ရှိဘဏ္ဍာရေး သတ်မှတ်ချက်တွေဟာ ဓာတ်ငွေ့စွမ်းအင်သိုက် အမျိုးအစား တစုံတခုအတွက်သာ အလုပ်ဖြစ်နိုင်ပါတယ်” ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့ဟာ ရေနက်ပိုင်းမှာရှိနေတဲ့ ဓာတ်ငွေ့သိုက်တွေ၊ အမြတ်အစွန်းအလွန်နည်းလှတဲ့ သိုက်တွေအတွက်လည်း လုပ်သာကိုင်သာရှိအောင် စဉ်းစားပေးဖို့ လိုပါတယ်။ ဒါတွေက ဝန်ကြီးဌာနက စဉ်းစားပေးရမှာ။ လက်ရှိထုတ်လုပ်မှု ခွဲဝေရေးစာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်တွေကို လိုအပ်သလို ပြင်ဆင်အသစ်ရေးပေးရမှာပါ”

မြန်မာ့ရေနံနှင့် ဓာတ်ငွေ့ဝန်ဆောင်မှု လုပ်ငန်းအသင်းကိုလည်း ဦးဆောင်နေသူ ဦးကျော်ကျော်လှိုင်က “မထိတထိ လုပ်နေရုံနဲ့တော့ အလုပ်မဖြစ်ဘူး။ ထုတ်လုပ်မှု ခွဲဝေရေးစာချုပ်ကို ပြန်သုံးသပ်မယ်ဆိုရင် စနစ်တကျ ပုံစံချပြီး အစိုးရရော၊ ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီပါ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ပြင်ပေးမှဖြစ်မယ်။

“သူတို့စလုပ်နေကြပြီလို့တော့ ကြားတယ်၊ သင့်တင့်တဲ့ပုံစံတစ်ခု ဖြစ်မလာမှာကိုတော့ စိုးရိမ်တယ်” ဟု ပြောသည်။

ကမ်းလွန်လုပ်ကွက် တင်ဒါဖိတ်ခေါ်ပွဲ

၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ကမ်းလွန်ရေနံလုပ်ကွက်သစ်များအတွက် တင်ဒါဖိတ်ခေါ်ပွဲပြုလုပ်ရန် စီစဉ်ထားသည်ဟု အစိုးရကပြောသည်။ လုပ်ကွက်တင်ဒါများကို ကုမ္ပဏီများ၏ စိတ်ဝင်စားမှုမှာ ထုတ်လုပ်မှု ခွဲဝေရေးစာချုပ်ပေါ်တွင် မူတည်နေပေလိမ့်မည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါ်ခင်ခင်အေးက တင်ဒါခေါ်ဖို့က နောက်နှစ်လောက်မှ ဖြစ်လိမ့်မည်ဟု ပြောသည်။

ပြန်အပ်ထားသည့်လုပ်ကွက်များ ယခုတင်ဒါထဲတွင် ပြန်ပါလာမလာ မသေချာသေးဟု သူက ပြောသည်။ “ဒီလုပ်ကွက်တွေ ပြန်အပ်ရာမှာ ရှင်းလင်းရေးလုပ်ငန်းစဉ်တွေ အများကြီးရှိသေးကြောင်း၊ ဒီလုပ်ငန်းစဉ်တွေ ရှင်းလင်းပြီးခါမှ ဒါတွေကို နောက်ခေါ်မယ့်တင်ဒါထဲ ထဲ့နိုင်မှာဖြစ်ပါကြောင်း” ဆိုသည်။

သို့သော် ဦးဇော်အောင်ကမူ နှစ်မကုန်မီ တင်ဒါသစ်များ ခေါ်နိုင်အောင် အစိုးရက လုပ်နေသည်ဟု ပြောပြသည်။

ရေနံဓာတ်ငွေ့ကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဟန့်တားနေသော အကြောင်းအချက်များစွာ ရှိသည့်အနက် ဘဏ္ဍာရေး စည်းကမ်းသတ်မှတ်ချက်များမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်ဟု Wood Mackenzie ကုမ္ပဏီမှ မစ္စတာ ဘာချိုတိုက ပြောသည်။

အခြားအရာများမှာ နိုင်ငံစွမ်းအင်ကဏ္ဍတွင် ရေနံဓာတ်ငွေ့အခန်း၌ ရှင်းလင်းပြတ်သားမှုမရှိခြင်း၊ ပြည်တွင်းအခြေခံအဆောက်အအုံ မရှိခြင်းနှင့် ဒေသတွင်း ဓာတ်ငွေ့ဈေးကွက် မသေချာ မရေရာခြင်းတို့ ဖြစ်သည်။

“တကယ်ပဲ ဒီမှာသဘောမတွေ့ချင်စရာ အကြောင်းတွေက ပေါင်းဆုံဖြစ်နေတယ်။ ပေးတဲ့မက်လုံးတွေက လုပ်ငန်းလုပ်ကိုင်မယ့်သူတွေ ကြိုက်ချင်စရာမရှိဘူး။ ဒီကမ်းလွန်လုပ်ကွက်တွေမှာ စီးပွားဖြစ်အောင် လုပ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်နေကြတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး လုပ်ကွက်တွေ ပြန်အပ်နေကြတာပဲ” ဟု မစ္စတာ ဘာချိုတိုက ပြောသည်။

သို့ရာတွင် အစိုးရအဖို့ ကောင်းလာမည့်လုပ်ကွက်အချို့မူ ရှိနေသည်။ ၂၀၁၄ တင်ဒါမှာကတည်းက ကမ်းလွန်လုပ်ကွက်အချို့တွင် လုပ်ခဲ့သော 2D နှင့် 3D  ဆိုက်စမစ် စမ်းသပ်တိုင်းတာမှုများ၌ မျှော်လင့်ချက်ကောင်းများ တွေ့လျက်ရှိသည်။

“ဆိုက်စမစ် လှိုင်းပို့လွှတ်တိုင်းတာမှုကရတဲ့ အချက်အလက် Seimic survey data တချို့ဟာ သိပ်ကောင်းတယ်။ ခုဝင်လာမယ့်ကုမ္ပဏီတွေဟာ အလားအလာကောင်းတွေနဲ့ လုပ်ကိုင်ကြရတော့မှာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တကမ္ဘာလုံး စွမ်းအင်ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် အစိုးရက ပိုပြီးလက်တွေ့ကျသည့် ချဉ်းကပ်မှုမျိုးကို လုပ်လာကြောင်း သူကပြောသည်။ ၂၀၁၄ က ချပေးခဲ့သော တင်ဒါလုပ်ကွက်များကို ဆက်တူးမှာလား၊ စွန့်လွှတ်မှာလား (Drill or drop) ဆုံးဖြတ်ရမည့် နောက်ဆုံးနေ့ရက်သို့ လွန်ခဲ့သည့်နှစ်နှောင်းပိုင်းက ရောက်လာသောအခါ ကုမ္ပဏီအတော်များများသည် သက်တမ်းတိုးခွင့် အခက်အခဲမရှိ ရခဲ့ကြကြောင်း မစ္စတာ ဘာချိုတိုက ပြောသည်။

“အစိုးရကိုချည်း အပြစ်တင်နေလို့ မရပါဘူး။ အစိုးရက အော်ပရေတာတွေကို အများကြီး ကူညီခဲ့ပါတယ်။ ကုမ္ပဏီတွေ ထွက်ခွာမသွားဘူးဆိုရင် အစိုးရအတွက် အကျိုးရှိမှာပဲလေ” ဟု ၎င်းက ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.