အလဲဗင်းအမှု ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမှတ်ချက်ချမှာလဲ

သတင်းမီဒီယာ ဥပဒေနဲ့ဖြစ်စေ၊ အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ဖြစ်စေ၊ တရားမမှုနဲ့ဖြစ်စေ မစွဲဆိုဘဲ ပုဒ်မ ၅၀၅(ခ)နဲ့ ဘောင်မဝင်ဝင်အောင် စွပ်စွဲပြီး ချက်ချင်းဖမ်း၊ ချက်ချင်းထောင်ထဲထည့်၊ ထောင်ထဲကနေ အမှုရင်ဆိုင်အောင် လုပ်လိုက်တာလို့ သုံးသပ်နိုင်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်က ရိုက်တာသတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ) နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါတယ်။

သတင်းထောက် နှစ်ယောက်ကို ဖမ်းဆီး၊ တရားစွဲထားစဉ်မှာရော၊ ထောင် ၇ နှစ်ချပြီးတဲ့ နောက်ပိုင်းအထိပါ အဲဒီကိစ္စ ဒေါ်အောင်ဆန်းစုကြည် မေးခွန်းတွေ မေးမြန်းတာ ခံရပါတယ်။ မေးခွန်းတွေ မေးလာတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ တရားရုံးတစ်ရုံးကနေ မှုခင်းတစ်ခုအတွက် တရားစီရင်နေတဲ့ကိစ္စ၊ တရားစီရင်ခဲ့တဲ့ကိစ္စဖြစ်တယ်၊ မီဒီယာလွတ်လပ်ခွင့်နဲ့ ဘာမှ မပတ်သက်ဘူး၊ မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်တာမျိုးလည်း မဟုတ်ဘူးလို့ ငြင်းခဲ့ရပါတယ်။

သိပ်မကြာသေးခင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို အလုပ်သဘော ခရီးသွားခဲ့ပြီး အဲဒီမှာ NHK သတင်းဌာနကို အင်တာဗျူးလုပ်ခွင့်ပေးခဲ့ပါတယ်။ အင်တာဗျူးမှာလည်း ရိုက်တာသတင်းထောက် နှစ်ယောက်နဲ့ပတ်သက်ပြီး မေးတာကို ရှောင်လွဲှလို့ မရခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထုံးစံအတိုင်း ဒါဟာ တရားရုံးစီရင်ချက်ဖြစ်တယ်၊ မီဒီယာလွတ်လပ်ခွင့်နဲ့ မသက်ဆိုင်ဘူး၊ NHK သတင်းထောက်ကိုယ်တိုင် မြန်မာနိုင်ငံကို လာလည်ပြီး လူမှုကွန်ရက် မီဒီယာတွေ၊ ပုံမှန်လည်ပတ်နေတဲ့ မီဒီယာတွေကို ၂၄ နာရီလောက် စောင့်ကြည့်ကြည့်ပါ၊ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ပြောဆိုနေကြတာ တွေ့မြင်ရပါလိမ့်မယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဟော ခုဆို ရိုက်တာသတင်းထောက်နှစ်ယောက် ထောင်ကျပြီးတာ တစ်လကျော်ပဲ ရှိသေးချိန် အောက်တိုဘာ ၁၀ ရက်မှာ အလဲဗင်းဂျာနယ်က အယ်ဒီတာ ၃ ယောက် ဖမ်းဆီး၊ တရားစွဲတာ ခံရပြန်ပါပြီ။ အကြောင်းကတော့ အောက်တိုဘာ ၈ ရက်ထုတ် Eleven Weekly Journal စာမျက်နှာ ၂၆ မှာ ဖော်ပြထားတဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဖြစ်ပြီး ရေးသားသူက ဖြိုးဝေပါ။ ဆောင်းပါးရဲ့တတိယအပိုဒ်မှာ ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ် အမှတ်(၁) အမတ် ဦးတင်ဝင်းရဲ့ လွှတ်တော်တွင်းပြောဆိုချက်ကို တိုက်ရိုက်ကုဒ်နဲ့ ဖော်ပြထားပါတယ်။

အမတ် ဦးတင်ဝင်းက “ Yangon Metropolitan Development Public Co.,Ltd ရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အစုရှယ်ယာ ပိုင်ဆိုင်မှုတွေကို တစ်စုကို တစ်သိန်းနှုန်းနဲ့ လူပုဂ္ဂိုလ်နာမည်တွေနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဥပမာ ဦးမြင့်သောင်းအဖွဲ့ကိုယ်စားဆိုရင် အစုရှယ်ယာပေါင်း ၆၃၉,၅၀၀၊ ဒေါ်နီလာကျော် ၁၀၀၊ ဦးအောင်မျိုးထွေး ၁၀၀၊ ဒေါ်မေမေသွယ် ၁၀၀၊ ဦးမြင့်နိုင် ၁၀၀၊ ဦးဝင်းအောင် စီးပွားရေး လုပ်ငန်းရှင် ၁၀၀၊ အစုရှယ်ယာတွေကို အစိုးရရဲ့အများပိုင်ငွေတွေနဲ့ အစုရှယ်ယာ ဝယ်တဲ့အခါမှာ ပုဂ္ဂလိကနာမည်တွေနဲ့ သုံးထားမယ်ဆိုရင်၊ အကြောင်းတခုခုကြောင့် အလွဲအမှားဖြစ်ခဲ့မယ်ဆိုရင် ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးနိုင်မယ်လို့ သုံးသပ်လို့ ရပါတယ်” ဆိုပြီး ဖော်ပြထားပါတယ်။

အဲဒီအချက်ကိုပဲ ဆောင်းပါးရှင်က “ တိုင်းအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဆိုတဲ့ ရာထူးအောက်မှာ ပြည်သူ့ဘဏ္ဍာ ရှယ်ယာတွေကိုမထားပဲ ဦးမြင့်သောင်းဆိုတဲ့နာမည်အောက်မှာ ပြည်သူ့ရှယ်ယာတွေ ထားနေတာက လုပ်ထုံးလုပ်နည်းအရ လွဲမှားမှုတွေ ဖြစ်နေတယ်” ဆိုပြီး ထပ်ဆင့်ဝေဖန်ပါတယ်။ ဒီလောက်ပါပဲ။

နောက်ပိုင်းမှတ်တမ်းတွေအရ အဲဒီဆောင်းပါး ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ အစည်းအဝေးလုပ်ပြီး အလဲဗင်းဂျာနယ်က ဆောင်းပါးရေးသားသူ၊ ဖော်ပြတဲ့ ဂျာနယ်ရဲ့တာဝန်ခံအယ်ဒီတာ နှစ်ယောက် စုစုပေါင်း ၃ ယောက်ကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဖို့လုပ်ပါတယ်။ အဲဒီ အောက်တိုဘာ ၉ ရက် ညမှာပဲ ရဲတပ်ဖွဲ့ဝင်တွေဟာ အယ်ဒီတာတွေကိုဖမ်းဖို့ အလဲဗင်းမီဒီယာတိုက်ကို သွားခဲ့ကြပါတယ်။

အယ်ဒီတာတွေ ရုံးချိန်လွန် ပြန်ကုန်လို့ အဲဒီညက မဖမ်းခဲ့နိုင်ပါဘူး။ နောက်တနေ့ အောက်တိုဘာ ၁၀ ရက်ရောက်တော့ အယ်ဒီတာ သုံးယောက်စလုံး တရားရုံးကို တရားသွားရင်ဆိုင်၊ အဖမ်းခံပြီးတဲ့နောက် အင်းစိန် အကျဉ်းထောင်ကို အပို့ခံလိုက်ရပါတော့တယ်။

ဒီဆောင်းပါးကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲရတဲ့အကြောင်း ရန်ကုန်တိုင်းအစိုးရရဲ့ ရှင်းလင်းချက်မှာတော့ Yangon Metropolitan Development Public Co.,Ltd ဆိုတာဟာ ရန်ကုန်တိုင်းအစိုးရရဲ့ အစုရှယ်ယာ ၅၃၉,၅၀၀ နဲ့ Myanmar Construction and Development Co.,Ltd က ရှယ်ယာ ၄၈,၆၀၀ နဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အကြောင်း၊ တိုင်း စီမံ၊ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက တိုင်းအစိုးရကိုယ်စားပြုပြီး ကုမ္ပဏီမှာ ပါဝင်တာဖြစ်တဲ့အကြောင်း၊ အလဲဗင်းဆောင်းပါးမှာ ဖော်ပြထားသလို ဦးမြင့်သောင်း နာမည်အောက်မှာ ပြည်သူ့ဘဏ္ဍာရှယ်ယာတွေကို ထည့်ဝင်ထားတာ မဟုတ်တဲ့အကြောင်း၊ ဆောင်းပါးရှင်က အလဲဗင်းဂျာနယ်မှာ မမှန်မကန် ဖော်ပြရေးသားလို့ ရှယ်ယာထည့်ထားတဲ့ မြန်မာ့ဆောက်လုပ်ရေးနဲ့ ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ၊ အစုရှယ်ယာရှင်တွေရဲ့ စိတ်မှာ ထိတ်လန့်တာ၊ စိုးရိမ်တာ၊ ထူထောင်ထားတဲ့ကုမ္ပဏီကို အများပြည်သူ အယုံအကြည်ပျက်စေတဲ့အပြင် တိုင်းအစိုးရအဖွဲ့ကို ပြည်သူတွေက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်လို့ ပုဒ်မ ၅၀၅(ခ) နဲ့ စွဲရတယ်လို့ ဆိုထားပါတယ်။

ဒီနေရာမှာ တိုင်းအစိုးရရဲ့ထုတ်ပြန်ချက်မှာပါတဲ့ “တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြည်သူအများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်ခြင်း ဖြစ်သဖြင့်” ဆိုတဲ့စာသားဟာ ဘာကိုဆိုလိုသလဲ၊ ဘယ်သူတွေမှ သိပ်နားမလည်ကြပါဘူး။ တကယ်တော့ ဒီစာသားဟာ ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲတဲ့အခါ ဘောင်ဝင်အောင် စွပ်စွဲထားတဲ့ စွပ်စွဲချက်လို့ နားလည်ရပါတယ်။

ပုဒ်မ ၅၀၅ (ခ) မှာ “မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေပြုရာတွင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင် (ခ) နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်၎င်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်၎င်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ တခုခု ဖြစ်စေရန်အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင်” ဆိုပြီး ဖော်ပြထားပါတယ်။

နိဂုံးချုပ်လိုက်ရင် အလဲဗင်းဂျာနယ်မှာ ဖော်ပြထားတာဟာ လွှတ်တော်တွင်းအမတ်တစ်ယောက်ရဲ့ ပြောဆိုဝေဖန်ချက်ကို သံယောင်လိုက် ဝေဖန်ထားတာလောက်ပဲဖြစ်ပြီး အဲဒါတွေကို မမှန်ဘူးဆိုရင် ရန်ကုန်တိုင်းအစိုးရအနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလို့ရပါတယ်။ ဒါကို မကျေနပ်သေးရင် အမှားပြင်ဆင်ချက် ထည့်ပေးဖို့ အလဲဗင်းမီဒီယာကို တရားဝင် တိုက်ရိုက်တောင်းဆိုနိုင်ပါတယ်။ ဒါမှမဟုတ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အကြောင်းကြားပြီး ကိုယ်လိုတာ ပြောဆိုနိုင်ပါတယ်။

ဒီလိုတောင်းဆိုတာကို အလဲဗင်းဘက်က မလိုက်လျောဘူးဆိုရင် တရားစွဲဆိုဖို့ လုပ်ကိုင်နိုင်ပါတယ်။ တရားစွဲဆိုရာမှာလည်း မျှတမှုရှိအောင် သတင်းမီဒီယာ ဥပဒေနဲ့ဖြစ်စေ၊ အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ဖြစ်စေ၊ လျော်ကြေး အကြီးအကျယ်တောင်းနိုင်အောင် တရားမမှုနဲ့ဖြစ်စေ စွဲဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေ တစ်ခုမှမလုပ်ဘဲ အလဲဗင်းကလူတွေရော၊ တခြားမီဒီယာသမားတွေပါ ကြောက်လန့်သွားအောင် ပုဒ်မ ၅၀၅(ခ)နဲ့ ဘောင်မဝင်ဝင်အောင် စွပ်စွဲပြီး ချက်ချင်းဖမ်း၊ ချက်ချင်းထောင်ထဲထည့်၊ ထောင်ထဲကနေ အမှုရင်ဆိုင်အောင် လုပ်လိုက်တာလို့ သုံးသပ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဂျပန်မှာ NHK သတင်းဌာနကိုပြောခဲ့တာ မှန်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လူမှုကွန်ရက် မီဒီယာရော၊ ပုံမှန်မီဒီယာတွေကပါ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့်ကို ထုတ်ဖော်ပြောဆိုနိုင်ကြပါတယ်။ ဒါပေမဲ့ အခန့်မသင့်ရင် အာဏာရှိသူတွေရဲ့ တရားစွဲတာခံရနိုင်ပြီး ချက်ချင်းလည်း ထောင်ထဲရောက်သွားနိုင်သလို၊ နှစ်ရှည်ထောင်ဒဏ်လည်း ကျသွားနိုင်တယ်ဆိုတာ အခု ရန်ကုန်တိုင်းအစိုးရက အလဲဗင်းအယ်ဒီတာ ၃ ယောက်ကို တရားစွဲတဲ့အမှုက သက်သေပြနေပြီဖြစ်ပါတယ်။

ဒီပြဿနာကိုရော ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုရှုမြင် ပြောဆိုမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.