ရာဇဝင်တွင်တဲ့ သတင်းလူသား

ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲကို ကိုယ်တိုင်မျက်မြင် တက်ရောက်သတင်းယူခဲ့တဲ့ သတင်းသမားဘဝ၊ ဝရမ်းပြေးဘဝနဲ့ လွှတ်တော်အမတ်ဘဝတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ အသက် ၉၃ နှစ်အရွယ် သတင်းသမားတစ်ဦးရဲ့ စိတ်ဝင်စားဖွယ် ဘဝဇာတ်ကြောင်း

ဉာဏ်လှိုင်လင်း ရေးသားသည်။

ခေါင်းစီးဓာတ်ပုံ- တေဇလှိုင်

ဈေးသူဈေးသားများလည်း ဆိုင်မဖွင့်ကြ၊ ရုံးသူရုံးသား၊ အလုပ်သမားများလည်း ရုံးမတက်ကြ၊ တောင်သူများလည်း ယာထဲမဆင်းကြ၊ ကျောင်းသူ ကျောင်းသားများလည်း ကျောင်းမသွားကြ၊ တောင်ကြီးမြို့ပေါ်ရပ်ကွက်များအပြင် ဟိုပုန်း၊ ညောင်ရွှေအစရှိသည့် မြို့များမှ လူထုပရိသတ်များကလည်း မော်တော်ယာဉ်အသီးသီးဖြင့် အအေးဒဏ်ကို အန်တုကာ တစ်ဖွဲဖွဲရောက်လာကြပြီ။

အချိန်ကား ရှမ်းပြည်နယ်အတွင်း အလွန်ချမ်းအေးလေ့ရှိသော ဇန်နဝါရီလ၏ နံနက် ၈ နာရီ၊ ၁၉၄၇ ခုနှစ်။

ထောင်နှင့်ချီသော အဆိုပါလူအုပ်ကြီးမှာ တောင်ကြီးမြို့ ဈေးအရှေ့ဘက်ကွင်း (ယခုညဈေးတန်း ဆောက်လုပ်ထားသောနေရာတွင်) သို့ စုရုံးရန် ရောက်ရှိလာခြင်းပင်။ ခေါင်းဆောင်သူများက “လုံးဝလွတ်လပ်ရေး၊ တိုင်းရင်းသားချင်း သွေးစည်းရေး၊ နယ်ချဲ့စနစ် တိုက်ဖျက်ရေး၊ တပ်ဦး ညီညွတ်ရေး” အဆိုများ တင်သွင်းကြပြီး တက်ရောက်လာသူ လူထုကြီးက တစ်ခဲနက်ထောက်ခံကြောင်း ကြွေးကြော်ကြလေသည်။

အဆိုပါ လူထုအစည်းအဝေးကြီးသည် မြန်မာ့လွတ်လပ်ရေးခရီးလမ်းတွင် တားဆီး ပိတ်ဆို့နေသည်များကို တမဟုတ်ချင်း ပြောင်းလဲပေးနိုင်စွမ်းရှိခဲ့သည်။ အကြောင်းမှာ ဗြိတိသျှတို့၏ မြို့တော်လန်ဒန်တွင် နန်းရင်းဝန် အက်တလီနှင့် ဆွေးနွေးရန် ရောက်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းအတွက် အကြပ်ရိုက်စေသော ကိစ္စရပ်ကြီးကို ဖြေရှင်းပေးနိုင်၍ပင်ဖြစ်သည်။

ဆွေးနွေးပွဲအတွင်း တောင်တန်းပြည်မ မချန်လှပ်ပဲ လွတ်လပ်ရေးပေးရန် ဗြိတိသျှနှင့် ဆွေးနွေးနေသည့် ဗိုလ်ချုပ်ကို ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်ဟူ၍ ရေးသားထားသော မြန်မာပြည်မှ လန်ဒန်သို့ ရောက်ရှိလာသည့် ကြေးနန်းတစ်စောင်ကို ဤစုဝေးပွဲကြီးက ချေဖျက်လိုက်ခြင်းဖြစ်သည်။

ထိုသို့သော သမိုင်းဝင်အကြောင်းအရာများနှင့် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများကို ကိုယ်တိုင် မှတ်တမ်းတင်ခဲ့သလို ကျန်းမာရေးအရ အလုံးစုံ တောက်လျှောက် မပြောနိုင်သည်မှအပ ခုနှစ်သက္ကရာဇ် လုံးဝမမှားအောင် ယနေ့တိုင် ပြန်ပြောပြနိုင်သူတစ်ဦး မြန်မာပြည်တွင် သက်ရှိထင်ရှားရှိနေပါသည်။

ထိုသူကား ၁၉၄၇ ခုနှစ်၊ သမိုင်းဝင်ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲတွင်လည်း မြန်မာ့အလင်းသတင်းစာအတွက် တာဝန်ယူပေးခဲ့သူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သား ဦးစံအောင်ပင်ဖြစ်သည်။

ပင်လုံညီလာခံ အထိမ်းအမှတ်ကျောက်တိုင်။ ဓာတ်ပုံ-တေဇလှိုင်

ပင်လုံညီလာခံ အထိမ်းအမှတ်ကျောက်တိုင်။ ဓာတ်ပုံ-တေဇလှိုင်

၁၉၂၄ ခုနှစ်တွင် တောင်ကြီးမြို့၌ မွေးဖွားခဲ့သော ဦးစံအောင်သည် အသက် ၁၅ နှစ်အရွယ်တွင် American Baptist Missionary School ၌ အထက်တန်းပညာ ဆည်းပူးနေစဉ်အချိန်ကပင် မြန်မာ့အလင်းသတင်းစာသို့ သတင်းများ စမ်းသပ် ရေးသားပေးပို့ရင်း အကျိုးတော်ဆောင်သတင်းထောက်အဖြစ် ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။

“သတင်းတစ်ပုဒ် ရေးပို့ကြည့်လိုက်တော့ ပါလာတယ်။ အဲဒီနောက်သူတို့က အကျိုးဆောင်သတင်းထောက် လုပ်ပါဆိုပြီး ချိတ်မိသွားတာ” ဟု ယနေ့တွင် အသက် ၉၃ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးစံအောင်က ပြောသည်။

ဗြိတိသျှခေတ် နယ်မြေဖွံ့ဖြိုးမှုမရှိသေးချိန်နှင့် နယ်စားပယ်စား အရေးပိုင်များကို စိုးကြောက်ရသည့်ခေတ်တွင် နယ်မြို့အခြေစိုက် သတင်းထောက်အဖြစ် တာဝန်ထမ်းခဲ့ရသူ ဦးစံအောင်၏ စွန့်စားခန်းများ နည်းလှသည်တော့ မဟုတ်။ သို့တိုင် သူ၏ အသက်အရွယ်နှင့် အချက်အလက် မှားယွင်းနိုင်စွမ်းတို့ကို ထောက်ချင့်ကာ နှုတ်အားဖြင့် ထုတ်ဖော်ပြောဆိုရန် ဝန်လေးကြောင်း ပါးပါးနပ်နပ် ပြောဆိုအသိပေးလေသည်။

ထို့ကြောင့် သူကိုယ်တိုင်ရေး၍ ၁၉၇၃ ခုနှစ်မှသည် ၂၀၁၃ ခုနှစ်အထိ လေးကြိမ် ရိုက်နှိပ် ထုတ်ဝေထားသည့် ညီညွတ်ရေး အရေးတော်ပုံ (ပင်လုံအတွင်းရေး)စာအုပ်ကို ကိုးကား၍ စိစစ်ရန် ၎င်းက အထပ်ထပ် မှာကြားလေသည်။

ထိုမျှမကသေး ဗိုလ်ချုပ်အောင်ဆန်းနှင့် မည်သို့တွေ့သည်၊ မည်သို့ပြောဆိုကြသည် စသည်ဖြင့် ကြွားဝါပြောဆိုလျှင် သူ့အသက်ထက် ဆယ်စုနှစ် ငါးခုကျော်ငယ်သော ကျွန်တော့်အတွက် အထင်ကြီးဖွယ်ရှိသော်လည်း ယင်းနှင့် စပ်လျဉ်း၍ မေးလိုက်တိုင်း “ဘာမှမရှိဘူး၊ ဘာမှမရှိဘူး” ဟူ၍သာ ဦးစံအောင်က တွင်တွင်ဆိုလေသည်။

ထိုသို့ သမိုင်းဝင် သတင်းတင်ဆက်မှုများကို ဝေဝေဆာဆာ ဖွဲ့ဖွဲ့နွဲ့နွဲ ထုတ်ဖော်ပြောဆိုသည်ထက် သတင်းထောက်တစ်ဦးပီပီ စိတ်လှုပ်ရှားဖွယ်၊ သည်းထိတ်ရင်ဖို အတွေ့အကြုံများပေါ်တွင် ပို၍ အာရုံ တိမ်ညွှတ်ဟန်လည်း ဦးစံအောင်ထံတွင် တွေ့ရသည်။

စကားပြောနေရင်း နိုင်ငံရေး၊ သတင်းစာပညာတို့နှင့် စပ်ဆက်သော အကြောင်းအရာများပါလာလျှင် လက်သီးကို ကျစ်ကျစ်ဆုပ်၊ မာန်ပါပါဖြင့်ပြောတတ်ပြီး စကားအပိုအလို ပါမည်ကို သတိထားထိန်းတတ်သည့် အဖိုးအိုကိုယ်တိုင် အားတက်သရော အစဖော်ပြောဆိုလိုက်သည့် စကားမှာ “ကျွန်တော်က ဝရမ်းပြေးလည်း ဖြစ်ခဲ့တယ်”ဟူ၍ပင်။ 

အကြောင်းအရင်းခံမှာ ဟိုပုန်း မွေတော်ဘုရားကြီးထံ ခရီးသွားရာမှ စတင်လေသည်။ ဘုရားကြီးတွင် ဆပ်ကပ်ပြီးနောက် စွန့်ပစ်ထားသော စားသောက်ဖွယ်ရာတို့ကို ပအို့ဝ်အမျိုးသား၊ အမျိုးသမီး၊ ကလေးများမကျန် လူဦးရေ ၅၀ ခန့် အလုအယက် ကောက်ယူ စားသောက်နေသည်ကို မှတ်တမ်းဓာတ်ပုံရိုက်၊ အချက်အလက်စုဆောင်းကာ ၁၉၄၆ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာတိုက်သို့ ပေးပို့လိုက်သော သတင်းတစ်ပုဒ်ကြောင့် ဖြစ်၏။

ထိုသတင်းမှာ အလွန်ထူးခြားပြီး အများပြည်သူ သိသင့်သည့် သတင်းဖြစ်၍  မြန်မာ့အလင်းသတင်းစာကလည်း “ရှမ်းပြည်ရှိ တိုင်းရင်းသား ပအို့ဝ်များ ဆန်မရှိ၊ ထမင်းငတ်၍ စွန့်ထားသော ဆွမ်းတော်များ ကောက်စားနေရကြောင်း” ဟူ၍ စာလုံးအမည်းကြီးများဖြင့် မျက်နှာဖုံးခေါင်းစည်းတင်ကာ ရိုက်နှိပ် ဖြန့်ချိလိုက်လေသည်။

ထို့ကြောင့် ဗြိတိသျှကော်မရှင်နာမင်းကြီးများ၊ အရေးပိုင်များ ဒေါသပုန်ထပြီး ၎င်းတို့ကို နယ်ခြားဒေသအတွင်းဝန်က ထုချေလွှာတောင်း၊ အတွင်းဝန်ကို ဘုရင်ခံက ထုချေလွှာ တောင်းလေပြီကိုး။ သို့နှင့် တောင်ကြီးမြို့တွင် ပုလိပ်စုံထောက်များ ခြေချင်းလိမ်နေချေပြီ။ မြန်မာ့အလင်းသတင်းစာကိုလည်း နှစ်ပတ်အတွင်း အခြေအမြစ် တိတိကျကျ ခိုင်ခိုင်လုံလုံ မဖော်ပြနိုင်ပါက အရေးယူမည်ဟု စာပို့လာလေသည်။

ထိုမျှမကသေး သတင်းရေးသူ ဦးစံအောင်ထံသို့လည်း နို့တစ်စာတစ်စောင် ရောက်လာသည်။ မဟုတ်မမှန် လုပ်ကြံသတင်းဖြစ်ပါက ရှမ်းပြည်နယ်၌ မလိုလားအပ်သူအဖြစ် နယ်နှင်ဒဏ်ခတ်ရုံမက ကလေးမြို့တွင် ခြေချုပ်ဖြင့် နေရမည်ဟူ၏။ သတင်းစာတိုက်ကမူ နောက်ဆက်တွဲသတင်း ရယူ၍ အတိအကျ ထပ်မံဖော်ပြသော နည်းလမ်းဖြင့် ဖြေရှင်းရန် ဦးစံအောင်ထံ ညွှန်ကြားပါပြီ။

သို့နှင့် ၁၂ မိုင်ဝေးသော ဟိုပုန်းမြို့သို့ စက်ဘီးဖြင့် တစ်တန်၊ ယင်းမှ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၈,၀၀၀ ကျော်ရှိသည့် အငတ်ဘေးကျရာ မဲနယ်တောင်တန်းပေါ်ရှိ ကျေးရွာများသို့ ခြေလျင်ဖြင့် တစ်ဖုံခရီးနှင်ရပြီပေ့ါ။ မြူနှင်းများ ရွှဲရွှဲစိုနေသည့်ကြား နံနက်လင်းအားကြီးအချိန်တွင်တော့ သွားလိုသည့် စငေါရွာသို့ ဦးစံအောင် ရောက်ရှိသွားလေသည်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ထိုနေ့ နံနက်လင်းသည်နှင့် ရွာသူကြီးထံသွား၍ အကျိုးအကြောင်းပြော အကူအညီတောင်းရာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၍ မြို့မှ ဆန်များ မရောက်သည့်အကြောင်း၊ ငတ်၍သေသူ၊ သစ်ဥသစ်ဖုရှာဖွေစားသောက်ရင်း အစာအဆိပ်သင့်၍ သေသူများရှိကြောင်းသိရ၍ သူကြီးထံတွင်ရှိသော သေဆုံးသူ လူ ၈၀ ကျော်ပါဝင်သော စာရင်းကို ကူးယူခွင့် တောင်းယူလိုက်နိုင်၏။

ထို့ပြင် စာရင်းမှန်ကန်ကြောင်းကိုလည်း သူကြီး ဦးဖိုးဟိန်အပါအဝင် ရပ်ရွာလူကြီးများကို လက်မှတ်ထိုးစေပြီးနောက် ဦးစံအောင်တစ်ယောက် တောင်ကြီးသို့ ပြန်ဆင်း၊ ရန်ကုန်သို့ သတင်းပို့၊ နောက်တစ်နေ့တွင် တောင်ကြီးမှတစ်ဆင့် ကုန်ကားတစ်စီးဖြင့် ရန်ကုန်သို့ ချက်ခြင်းဆင်းရလေသည်။

ရန်ကုန်ရောက်ပြီး နောက်တစ်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးတွင်တော့ “ငတ်သေသူများ၊ အဆိပ်သင့်၍ သေသူများစာရင်း” ဟူ၍ သတင်းထူးအဖြစ် ဦးစံအောင်၏ နောက်ဆက်တွဲသတင်း ထပ်ပါလာလေသည်။ 

အဆိုပါနည်းဖြင့် သတင်းစာတိုက်တရားစွဲခံရမည့်အရေး၊ သတင်းထောက်ကိုယ်တိုင် အပြစ်ကျမည့်ဘေးတို့ကို ရှောင်ကွင်းနိုင်ခဲ့သလို အငတ်ဘေးကျရာဒေသသို့လည်း စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ တင်ဆောင်ထားသည့် စစ်လော်ရီကားအစီး ၂၀၀ ရောက်ရှိအောင် စွမ်းဆောင်လိုက်နိုင်ပါသည်။

ဦးစံအောင်သည် သတင်းထောက်တစ်ဦးအဖြစ်သာ ယင်းသို့ တာဝန်ကျေခဲ့သူတစ်ဦး မဟုတ်၊ လွတ်လပ်ရေးရပြီးနောက် ဒုတိယအကြိမ်အဖြစ် ကျင်းပသည့် ပါလီမန် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ပအိုဝ်မဲဆန္ဒနယ်အမှတ် ၃ မှနေ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရ၍ ၁၉၅၂ မှ ၁၉၅၆ ခုနှစ်အထိ ဥပဒေပြုအမတ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသည်။

ဆယ်ကျော်သက်အရွယ်ကတည်းက သတင်းထောက်အဖြစ်ရပ်တည်ခဲ့သော ဦးစံအောင်၏ အသွေးအသားထဲတွင် ပျော်ဝင်နေသော ဖြတ်လတ် တက်ကြွမှု၊ စွန့်လွှတ်စွန့်စားမှုတို့က အမတ်တစ်ဦးဖြစ်လာသည့်တိုင် ဆိတ်ငြိမ်မသွားသေးပေ။ တရုတ်ဖြူကျူးကျော်မှုကို ကုလသမဂ္ဂတွင် မြန်မာအစိုးရက သက်သေပြရန် ၁၉၅၃ခုနှစ်အတွင်း ပြင်ဆင်ရာတွင် ပါဝင်သည့် ဇာတ်လိုက်များထဲမှတစ်ယောက်အဖြစ် ဦးစံအောင်ပါဝင်နေခြင်းက သက်သေဖြစ်သည်။

“သူတို့ဒီမှာရှိတယ်ဆိုတာကို ကုလသမဂ္ဂကိုတင်ပြဖို့ အထောက်အထားရဖို့ လုပ်တာ။ ဓာတ်ပုံအပြင် သူတို့ရဲ့ ကျောပိုးအိတ်မှာ လေယာဉ်ပျံစီးရင် ကပ်ပေးတဲ့ အမှတ်အသား တံဆိပ်လေးတစ်ခုကို ဝှက်ယူပြီး သက်သေပြဖို့ လုပ်နိုင်ခဲ့တယ်” ဟု ၎င်းက ပြန်လည်ပြောကြားသည်။ သို့သော် နေရာနှင့် အချက်အလက်အသေးစိတ်ကိုမူ သူသေချာစွာ ထုတ်မပြောနိုင်တော့ပေ။

သတင်းထောက်အဖြစ် တာဝန်ထမ်းခဲ့သည့် လုပ်သက်ကို မေးသောအခါ “အခုလည်း သတင်းထောက်ပဲလေ”ဟု ထက်ထက်သန်သန်ကြီး ပြောချလိုက်သည်။ ထို့အတူ ဘဝရပ်တည်မှုမှာလည်း ဘိုးဘွားအစဉ်အဆက် ချန်ထားခဲ့သော တောင်ကြီးမြို့ဈေးကြီးအနီးရှိ အိမ်ကြီးကို ဈေးဆိုင်ခန်းများ၊ ဂိုဒေါင်များအဖြစ် ငှားရမ်းထားခြင်းဖြင့် နေနိုင်သည်ဖြစ်၍ အထူးတလည် ပြောရန်မရှိဟု ဆိုလေသည်။

အလုပ်စားပွဲတွင် နံနက်စာ စားနေသည့် ဦးစံအောင်။ ဓာတ်ပုံ-တေဇလှိုင်

အလုပ်စားပွဲတွင် နံနက်စာ စားနေသည့် ဦးစံအောင်။ ဓာတ်ပုံ-တေဇလှိုင်

တက်ကြွသော၊ ထက်မြတ်သော သတင်းထောက်၊ အမတ်တစ်ဦးအဖြစ် တိုင်းပြည်တာဝန် ထမ်းခဲ့သော ဦးစံအောင်သည် ယခုအခါ သူ၏အချိန်များကို ပထမထပ်ရှိ သူ့အိမ်ခန်း၏ အပြင်ဖက် အလင်းရောင်ကောင်းကောင်းရသော ပြူတင်းပေါက်ရှေ့ အလုပ်စားပွဲတစ်လုံးပေါ်တွင် နံနက်စာစားရင်း စတင်လေ့ရှိသည်။

ရောဂါကြီးကြီးမားမား ထွေထွေထူးထူး ခံစားနေရခြင်းမရှိတော့သော်လည်း ကြီးမြင့်နေသည့် အသက်အရွယ်ကြောင့် ဘီးတပ်ကုလားထိုင်ကို အားပြုနေရပြီမို့ သူ့ထံ လာရောက်တွေဆုံသည့် မိတ်ဆွေ အပေါင်းအသင်း၊ တပည့်တပန်းများကို ဧည့်ထောက်ခံ စကားပြောဆိုခြင်းဖြင့်သာ တစ်နေ့တာကို ကုန်ဆုံးနေစေ၏။

သို့သော် ဦးစံအောင်၏ အသံအားနှင့် တက်ကြွသော လက်ဟန်ခြေဟန်တို့ကမူ အသက်အရွယ်နှင့် မလိုက်ဖက်လောက်အောင် မာန်ပါ၊ ဟန်ပါဆဲပင် ဖြစ်သည်။

ထိုသို့သော အသံနေအသံထား ကိုယ်ဟန်အမူအရာဖြင့် လူငယ် သတင်းစာဆရာများကို တိုက်တွန်းလိုက်သည့် စကားမှာ စုံစမ်းဖော်ထုတ်ရေးသားခြင်းများ လုပ်ကြရန်ဟူ၍ဖြစ်ပါသည်။ “လူနေခြုံကြား စိတ်နေဘုံဖျားဆိုတဲ့ စကားက ဂျာနယ်လစ်တွေအတွက်” ဟူ၍လည်း ၎င်းက ဖြည့်စွက်သတိပေးလိုက်ပါသေးသည်။

၁၉၄၇ ခုနှစ် ပင်လုံကို ကိုယ်တွေ့မှတ်တမ်းတင်ဖူးသော အဆိုပါ သတင်းထောက်ကြီးက နှစ်ပေါင်း ၆၀ ကျော် မချုပ်ငြိမ်းနိုင်သေးသော ပြည်တွင်းစစ်မီးကို ချုပ်ငြိမ်းစေလိုလျှင် အခြေခံဥပဒေ ပြင်မှသာရမည်ဟူ၍ အခိုင်အမာယုံကြည်ထားသူတစ်ဦးလည်း ဖြစ်ပါသည်။

အခြေခံဥပဒေ မပြင်ဆင်နိုင်သေးသမျှ အချိန်အတောအတွင်း တိုင်းပြည်၏ အခြေအနေကို ဖော်ညွှန်းပြသော ဦးစံအောင်၏ တစ်ခွန်းတည်း မှတ်ချက်မှာ“ဗရုသုက္ခ တိုင်းပြည်”ဟူ၍ပင်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.