“ရန်ကုန်မှာ စက်ဘီးစီးရတာက ကိုယ့်အသက်ကို လောင်းကြေး ထပ်နေရသလိုပဲ”

ဥပဒေအရ အဓိပ္ပာယ်နှစ်ခွဖြစ်နေမှုများ၊ ယာဉ်မောင်းသမားများ၏ သဘောထား အလေ့အကျင့်စသည် စိန်ခေါ်မှုများ ရှိနေသော်လည်း အဖွဲ့အစည်းတစ်ခုက ရန်ကုန်မြို့ကို စက်ဘီးစီးရန် အဆင်ပြေလုံခြုံသော မြို့ဖြစ်လာအောင် ကြိုးပမ်းလျက်ရှိသည်။

Katrin Schregenberger ရေးသားသည်။

အမြဲတမ်း ယာဉ်ကြောပိတ်ဆို့နေတတ်သော ရန်ကုန်မြို့တွင် စက်ဘီးတစ်စီးဖြင့် လိုရာခရီးကို လွတ်လပ်စွာ သွားလာနိုင်သည်ဟု ရန်ကုန်မြို့တွင်နေထိုင်သော အသက် ၂၄ နှစ်အရွယ် Graphic designer ကိုဇွဲပြည့်က ပြောသည်။ သို့သော် ထိုသို့သွားလာရခြင်းမှာ အသက်ကို လောင်းကြေးထပ်ပြီး စွန့်စားသွားလာရခြင်းဖြစ်သည်ဟုလည်း သူက ဆက်ပြောခဲ့သည်။ 

“ရန်ကုန်မှာ စက်ဘီးစီးရတာက မိမိ အသက်ကို လောင်းကြေးထပ်နေရသလိုပဲ” ဟု သူက Frontier ကို ပြောသည်။

သူ့အနေဖြင့် ပြင်းထန်သော မတော်တဆမှုမျိုးကို တစ်ခါမျှမကြုံရသော်လည်း ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် စက်ဘီးစီးရခြင်း၏ အန္တရာယ်ကိုမူ ကောင်းစွာသိရှိထားသည်။

သူ၏ စက်ဘီးကို ချစ်မြတ်နိုးခြင်းနှင့် စက်ဘီးစီးသော အလေ့အထကို မြှင့်တင်ပေးရန် ဆုံးဖြတ်ချက်ကြောင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် သူငယ်ချင်းတစ်ယောက်နှင့်အတူ Bikes in Yangon ဆိုသောအဖွဲ့ကို တည်ထောင်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ရန်ကုန်မြို့ကို စက်ဘီးစီး၍ရသော မြို့ဖြစ်လာအောင် လူအများ ပူးပေါင်းလုပ်ဆောင်ကြရန် ဖြစ်သည်။ ထိုအဖွဲ့အစည်းတွင် ဝန်ထမ်း ၁၀ ဦးနှင့် လုပ်အားပေး ၂၀၀ ဦးခန့်ရှိနေပြီဖြစ်သည်။

ရန်ကုန်မြို့ရှိ လူများသည် စက်ဘီးစီးကြလေ့ရှိသည်။ တခြားရွေးချယ်စရာ နည်းလမ်း မရှိလျှင်ဖြစ်စေ၊ ငွေချွေတာရန်ဖြစ်စေ လိုအပ်လာသောအခါတွင် စက်ဘီးစီးကြလေ့ရှိသည်။

ဂျပန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီဖြစ်သော JICA နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့က ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော Yangon Urban Transport Master Plan တွင် ဖော်ပြထားမှုအရ ရန်ကုန်မြို့တွင်း ခရီးသွားလာမှုများ၏ ၂၂ ဒသမ ၅ ရာခိုင်နှုန်းမှာ စက်ဘီးကို အသုံးပြုနေကြသည်ဟု ဆိုသည်။ ၎င်းတို့၏ တွက်ချက်မှုတွင် ခြေလျင်ခရီးသွားခြင်း မပါဝင်ပေ။

ကိုဇွဲပြည့်ကဲ့သို့ စက်ဘီးစီးရခြင်းကို နှစ်သက်သူများလည်း တိုးပွားလာနေသည်။ သူတို့က ကိုယ်ပိုင်ကားဖြင့်သွားခြင်း၊ အများပြည်သူ ပို့ဆောင်ရေး စနစ်များဖြင့် သွားလာခြင်းတို့အစား စက်ဘီးကို ရွေးချယ်လာကြသည်။

စက်ဘီးစီးခြင်းအလေ့အထကို မြှင့်တင်ရေးအတွက် ကိုဇွဲပြည့်၏ ကြိုးပမ်းနေမှုတွင် စက်ဘီးနှင့် မော်တော်ဆိုင်ကယ်များကို ၂၀၀၃ ခုနှစ်ကတည်း ရန်ကုန်မြို့၏ လမ်းမတစ်ချို့ပေါ်တွင် မောင်းနှင်မှုကို တားမြစ်ထားသော ဥပဒေကို ပြောင်းလဲပစ်ရန်လည်း ပါဝင်သည်။

dsc_2538.jpg

ကိုဇွဲပြည့်က စမ်းချောင်းတွင် သူ၏ စက်ဘီးကို ပြသနေစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“ရဲတွေက စက်ဘီးစီးတဲ့သူတွေကို မဖမ်းတော့တာ ၂၀၀၇ ခုနှစ်ကတည်းကပါ။ သူတို့က မော်တော်ဆိုင်ကယ်တွေကိုပဲ ပိုအလေးထားတော့တယ်” ဟု သူကဆိုသည်။

“ရဲတွေက စက်ဘီးစီးတဲ့သူတွေကို မဖမ်းတော့ပေမယ့် မတော်တဆဖြစ်မှုတွေက တိုးပွားနေပါတယ်” ဟုလည်း သူက ဆက်လက်ပြောကြားသည်။

“မတော်တဆမှုတစ်ခုဖြစ်ရင် စက်ဘီးသမားတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေမရှိပါဘူး။ ရန်ကုန်မြို့က လူငယ်တွေကလည်း ဒါကို မေးခွန်းမထုတ်ကြဘူး။ စက်ဘီးသမားတွေရဲ့ အခွင့်အရေးကို ရရှိအောင် တောင်းဆိုသင့်ပါတယ်” ဟု ကိုဇွဲပြည့်ကဆိုသည်။

ယာဉ်မောင်းလိုင်စင်အတွက် စစ်ဆေးရာတွင် ယာဉ်မောင်းများအနေဖြင့် စက်ဘီးစီးသူများရဲ့ ဘေးကင်းရေးအတွက် မည်သို့ ဆောင်ရွက်သင့်သည်များကိုပါ ထည့်သွင်းစစ်ဆေးသင့်သည်ဟု ကိုဇွဲပြည့်က ဆိုသည်။

“ကားမောင်းတဲ့သူတွေက လမ်းဥပဒေကို မလေးစားကြဘူး။ သူတို့က လမ်းကို စက်ဘီးသမားတွေနဲ့ မျှဝေ မသုံးချင်ကြဘူး။ စက်ဘီးသမားတွေကလည်း စည်းကမ်းနဲ့ စီးနင်းသင့်ပါတယ်။ လူသွားလမ်းပေါ် တက်စီးတာမျိုး မလုပ်သင့်ပါဘူး” ဟု သူကဆိုသည်။

Bikes in Yangon အဖွဲ့က လူငယ်များကို အာရုံစိုက်ထားသည့်အတွက် ကျောင်းသား ကျောင်းသူများကို ဦးတည်ထားသည်ဟု ကိုဇွဲပြည့်က ဆိုသည်။

အမေရိကန်သံရုံးက ပေးအပ်သည့် ရန်ပုံငွေဖြင့် သန်လျင်မြို့နယ် အရှေ့တောင်ဘက်ရှိ မြန်မာနိုင်ငံရေကြောင်း တက္ကသိုလ်တွင် စက်ဘီးအငှားဆိုင်တစ်ခုကို Bikes in Yangon က ဖွင့်လှစ်ပေးခဲ့သည်။ ထို့ပြင် မြောက်ဒဂုံမြို့နယ်ရှိ နိုင်ငံ၏ အကြီးဆုံးတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သော ဒဂုံတက္ကသိုလ်တွင်လည်း စက်ဘီးအငှားဆိုင်တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ထိုအငှားဆိုင်များမှာ သေးငယ်နေသေးပြီး ကျောင်းသားကျောင်းသူများ ကျောင်းဝန်းအတွင်း သွားလာရန်အတွက် ရည်ရွယ်ထားခြင်းလည်း မဟုတ်ပေ။ “ဒီဆိုင်တွေက လူတွေ စက်ဘီးစီးတာကို စိတ်ဝင်စားလာအောင် ဆွဲဆောင်ဖို့ ဖွင့်လှစ်ထားတာပါ” ဟု ကိုဇွဲပြည့်က ဆိုသည်။

သို့သော် ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် စက်ဘီးအငှားဆိုင်ကိုမူ ကျောင်းအာဏာပိုင်များက ခွင့်မပြုခဲ့ပေ။ စက်ဘီးနှင့် ဆိုင်ကယ်များကို ရန်ကုန်လမ်းများပေါ်မှ တားမြစ်ထားသည့်ဥပဒေ ၂၀၀၃ ခုနှစ်တွင် မပေါ်ထွက်မီကတည်းက ရန်ကုန်တက္ကသိုလ်တွင် စက်ဘီးစီးရန် လမ်းများရှိခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကျောင်းသား ၉၀၀ ခန့်ကလည်း အငှားဆိုင် ဖွင့်လှစ်ပေးရန် ထောက်ခံမဲပေးခဲ့ကြသည်။

“အုပ်ချုပ်ရေးအဖွဲ့က တက္ကသိုလ်ဝန်းထဲမှာ စက်ဘီးစီးတာကို တာဝန်မယူချင်ဘူး။ ဒါကြောင့်အဆိုပြုချက်ကို ငြင်းပယ်လိုက်တာ” ဟု ကိုဇွဲပြည့်က ပြောသည်။ စက်ဘီးစီးခြင်းအား လူကြိုက်များလာစေရန်အတွက် Bikes in Yangon အဖွဲ့က ရန်ကုန်တက္ကသိုလ်တွင် လူ ၂၀၀ ခန့်ကို စက်ဘီးစီး သင်ကြားပေးခဲ့သည်။

ထို့ပြင် Bikes in Yangon အဖွဲ့က ညဘက်စက်ဘီးစီးသည့်လှုပ်ရှားမှုကို ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ခန့်က ရန်ကုန်မြို့တွင် ကျင်းပပေးခဲ့သည်။ စက်ဘီးစီးတတ်သော လူများကို စက်ဘီးများ ငှားစီးစေခဲ့သည်။

ထိုညက ပါဝင်စက်ဘီးစီးခဲ့သူများက သူတို့ငယ်စဉ်က ကျေးလက်ဒေသတွင် စက်ဘီးစီးခဲ့သည့်အချိန်များကို ပြန်လည် သတိရလာစေသည်ဟု ကိုဇွဲပြည့်ကို ပြောကြားခဲ့ကြသည်။

လူအများအား စက်ဘီးစီးလာကြစေရန် တွန်းအားပေးခြင်းအားဖြင့် ရန်ကုန်မြို့တွင် နေထိုင်သူများ၏ သီးခြားစီဖြစ်နေကြသော အလေ့အထကို လျှော့ချပေးနိုင်မည်ဟု သူက ဆိုသည်။

ရန်ကုန်မြို့တွင် သွားရေးလာရေး ခက်ခဲသောကြောင့် လူများမှာ သီးခြားဖြစ်လာကြသည်ဟု London School of Economic ၏ စီးပွားရေးမြို့တော်များ၏ သွားလာရေးလေ့လာချက်ကို ကိုးကား၍ သူက ပြောကြားသည်။

“မန္တလေးမှာဆို လူတွေက တစ်ယောက်အိမ်ကို တစ်ယောက် သွားရောက် လည်ပတ်မယ်ဆိုရင် စက်ဘီးပဲ စီးကြတယ်။ ၂၀၁၃ ခုနှစ်ကစပြီး ကျွန်တော် စက်ဘီးပြန်စီးကတည်းက လူတွေနဲ့ ပိုမိုဆက်သွယ်လာနိုင်ခဲ့တယ်” ဟု ကိုဇွဲပြည့်ကဆိုသည်။

“ကျွန်တော်က အများပြည်သူ ပို့ဆောင်ရေးစနစ်နဲ့ ဘယ်တော့မှ သွားလာဖြစ်မှာ မဟုတ်တော့ဘူး။ ဘတ်စ်ကားစီးရတာ စိတ်ဖိစီးမှုများတယ်။ ကျွန်တော်ကို ခေါင်းကိုက်သွားစေနိုင်တယ်” ဟု ကိုဇွဲပြည့်က ဆိုသည်။

dsc_2157.jpg

အစားအသောက်များကို စက်ဘီးများဖြင့် လိုက်လံပို့ဆောင်ပေးသည့် Yangon Door2Door ၏ ရုံးချုပ်တွင် ကိုသန်းဇော်နှင့် သူ၏ ကြီးကြပ်သူ ကိုအောင်ဖြိုးဝေတို့အား တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို စက်ဘီးစီးခြင်းအားဖြင့် ဖြေရှင်းရန် အောက်ခြေ အဖွဲ့အစည်းများက ကြိုးစားနေကြချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် စက်ဘီးအသုံးပြု၍ ပစ္စည်းပို့ဆောင်သည့် လုပ်ငန်းများက အဆင်ပြေလျက်ရှိသည်။ Yangon Door 2 Door၊ Deliverink နှင့် Food2U တို့က စက်ဘီးဖြင့် အစားအစာနှင့် ပစ္စည်းများကို ပို့ဆောင်ပေးနေကြသည်။

Yangon Door2Door တွင် ဝန်ထမ်း ၈၀ ဦးခန့်ရှိပြီး ၎င်းတို့က တစ်နေ့လျှင် ၁၈ ကီလိုမီတာခန့်အထိ စက်ဘီးဖြင့် သွားလာကာ အစားအစာများကို ပို့ဆောင်နေကြသည်။

“ဒါက အန္တရာယ်တော့ များတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်လှုပ်ရှားရတာကို နှစ်သက်တယ်” ဟု အသက် ၂၂ နှစ်အရွယ် ကိုသန်းဇော်က ပြောကြားသည်။ ကိုသန်းဇော်သည် ပစ္စည်းပို့ဆောင်ပေးရာတွင် ကျွမ်းကျင်သောကြောင့် ၂၀၁၇ ခုနှစ်အတွက် Yangon Door2Door ၏ အတော်ဆုံးဝန်ထမ်းဆုကို ရရှိခဲ့သည်။

အလုပ်လုပ်နေစဉ် ပြင်းထန်သော မတော်တဆမှုကို သူတစ်ခါမျှ မကြုံခဲ့ရဖူးပေ။ တစ်ကြိမ်တွင်မူ ယာဉ်မောင်းတစ်ဦးက နောက်လှည့်မကြည့်ဘဲ ကားတံခါးဖွင့်လိုက်သောကြောင့် သူ့စက်ဘီးနှင့် တိုက်မိမလို ဖြစ်ခဲ့သည်သာ ရှိခဲ့သည်။

ကားများဖြင့် ပြည့်ကြပ်နေသော လမ်းမပေါ်တွင် စွန့်စားသွားလာရသည်ကို နှစ်သက်သော်လည်း ကိုသန်းဇော်က  ဘေးကင်းရေးကို ပထမဦးစားပေးအဖြစ် ထားရှိထားသည်။

“လမ်းမပေါ်မှာက အမြဲအာရုံထားနေရတာ။ ယာဉ်မောင်းတွေ ဘာလုပ်မယ်ဆိုတာ မျက်ခြေမပြတ် လိုက်ကြည့်နေရတယ်” ဟု ကိုသန်းဇော်က Frontier ကို ပြောသည်။

သူငယ်စဉ်ကတည်းက Tour de France စက်ဘီးစီးပြိုင်ပွဲမှ စက်ဘီးသမားများကဲ့သို့ ဖြစ်လိုခဲ့သောကြောင့် သူ၏ လက်ရှိအလုပ်ကို ကိုသန်းဇော်က သဘောကျလျက်ရှိသည်။ သူ၏ ကြီးကြပ်သူဖြစ်သော ကိုအောင်ဖြိုးဝေမှာလည်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သော စက်ဘီးသမားတစ်ဦး ဖြစ်သည်။

ရန်ကုန်မြို့တွင် စက်ဘီးဖြင့် ခရီးသွားလာသူ တဖြည်းဖြည်း များပြားလာမည်ဟု ကိုအောင်ဖြိုးဝေက ယုံကြည်ထားသည်။ ထိုအခါမှသာ အစိုးရက ရန်ကုန်မြို့ကို စက်ဘီးစီး၍ ရသော မြို့တစ်ခုဖြစ်လာအောင် အကောင်အထည်ဖော်လာလိမ့်မည်ဟု သူကဆိုသည်။ “ရန်ကုန်ကလူတွေက ကားတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့ပြီး အချိန်တွေ မဆုံးရှုံးချင်ကြဘူး။ တစ်နေ့ကျရင်တော့ ရန်ကုန်က စက်ဘီးမြို့တော် ဖြစ်လာမှာပါ။ ဒါက ကျွန်တော့်အိပ်မက်ပဲ” ဟု သူကပြောကြားသည်။

 ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.