ရန်ကုန်စတော့အိပ်ချိန်း၏ လက်တွေ့ပြဿနာများ

မြန်မာစတော့အိပ်ချိန်းတွင် အရောင်းအဝယ်နှင့် စတော့ဈေးများ ကျဆင်းလျက်ရှိပြီး ပွင့်လင်းမြင်သာမှု၊ အမြတ်များခွဲဝေမှုနှင့် အမှုဆောင်များအား ချီးမြှင့်ငွေပေးအပ်မှုဆိုင်ရာ ပြဿနာများရှိနေကြောင်း ထုတ်ပြန်ကြေညာချက်များကို လေ့လာသုံးသပ်ချက်က ဖော်ပြလျက်ရှိသည်။

မင်းသူမောင် ရေးသားသည်။

၂၀၁၆ မတ်လက ရန်ကုန်စတော့အိပ်ချိန်း YSX ကို စတင်ဖွင့်လှစ်ချိန်ကတည်းက တောက်ပလာခဲ့သော အလင်းများသည် လျင်မြန်စွာ မှေးမှိန်ကျဆင်းခဲ့သည်။ ယခုသတင်းဆောင်းပါးရေးချိန်တွင် စတော့အိပ်ချိန်း၌ မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်းမှာ လေးခုသာရှိပြီး MYANPIX စတော့အညွှန်းကိန်းသည် ပွဲဦးထွက်ကာလနှင့် နှိုင်းယှဉ်ကြည့်ပါက ရာခိုင်နှုန်း ၄၀ ခန့် ကျဆင်းခဲ့သည်။

ကမ္ဘာ့စတော့ရှယ်ယာတန်ဖိုး အညွှန်းကိန်းအများစုက အချိန်ပြည့် မြင့်မားလျက်ရှိနေသည့် အခြေအနေနှင့် နှိုင်းယှဉ် စဉ်းစားကြည့်ပါက စွမ်းဆောင်နိုင်မှု အခြေအနေမှာ စံနှုန်းအများစုတွင် စိတ်ပျက်စရာ ဖြစ်နေသည်။ အညွှန်းကိန်းတွင် နောက်ဆုံးပါဝင်လာသော ပထမပုဂ္ဂလိကဘဏ် First Private Bank သည် ခြောက်လမပြည့်မီ အချိန်အတွင်းမှာပင် တန်ဖိုးအရ ရာခိုင်နှုန်း ၂၀ ကျော် ကျဆင်းခဲ့သည်။ သို့သော်လည်း MYANPIX  ၏ ရှယ်ယာတန်ဖိုး အချိုးအစား ထူးထူးခြားခြား ကျဆင်းရခြင်းမှာ First Myanmar Investment ၏ စတော့ရှယ်ယာများ ကျဆင်းရသောကြောင့် ဖြစ်နိုင်သည်။

အရောင်းအဝယ် ပမာဏမှာ ပိုမိုတိုးတက် ကောင်းမွန်မလာသေးပါ။ ကနဦးတွင် မြင့်တက်လာခဲ့ပြီးနောက် အရောင်းအဝယ် ပမာဏသည် မူလမှတ်ပုံတင်စဉ်ကာလက ရှိခဲ့သောပမာဏ၏ အစိတ်အပိုင်း တစ်ခုမျှသာ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန် ၉ ရက် စာရင်းအရ မှတ်ပုံတင်ထားရှိပြီးဖြစ်သော စီးပွားရေးလုပ်ငန်း အားလုံးအတွက် ရှယ်ယာ ၅,၁၀၀ မျှသာ ရောင်းချခဲ့ရသည်။

အိမ်နီးချင်းနိုင်ငံများရှိ အညွှန်းကိန်းများနှင့် နှိုင်းယှဉ်ပါက YSX ၏ အခြေအနေ မည်သို့ရှိပါသနည်း။ YSX ၏ စွမ်းဆောင်ရည်သည် လွန်ခဲ့သော ခုနစ်နှစ်က စတော့အိပ်ချိန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးချိန်မှ လက်ရှိအချိန်အထိ မှတ်ပုံတင်စာရင်းဝင် ငါးခုသာ ရှိသေးသော လာအိုနှင့်နှိုင်းယှဉ်ပါက စိတ်ပျက်စရာ ကောင်းသည့်တိုင် အတန်ငယ် သက်သာရာရဖွယ်ရှိနေသည်။ လက်ရှိ ငွေကြေးဖလှယ်နှုန်းအရ YSX ၏ မတည်ရင်းနှီးငွေ အနေအထားမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရှိသည်။

၂၀၀၈ ခုနှစ်က စတင်တည်ထောင်ခဲ့သော ဗီယက်နမ်အညွှန်းကိန်းတန်ဖိုး၏ ထက်ဝက်ခန့်ရှိသည်ကို ကြည့်မည်ဆိုပါကမူ YSX ၏အခြေအနေမှာ မဆိုးလှပေ။ သို့သော် ဗီယက်နမ်၏ ဈေးကွက် မတည်ရင်းနှီးငွေသည် ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံအထိ တိုးတက်လာပြီး ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၆ ဘီလျံအထိ ရောက်ရှိခဲ့သည်။ ယင်းသို့ဆိုပါက မြန်မာနိုင်ငံသည် အမီလိုက်နိုင်ရန် အများကြီး ကြိုးပမ်းလုပ်ကိုင်ရဦးမည်ဟူသောအချက်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်းကို စိတ်ဝင်စားမှု မရှိခြင်းမှာ စတော့အိပ်ချိန်းနှင့်ပတ်သက်၍ သိမြင်သဘောပေါက်မှု မရှိသည့်အချက် တစ်ခုတည်းကြောင့် မဟုတ်ချေ။ အခြေခံကျသော ပြဿနာနှစ်ရပ်မှာ ရင်းနှီးမြှုပ်နှံသူအား အကာအကွယ်ပေးမှုနှင့် ပွင့်လင်းမြင်သာမှုတို့ ဖြစ်သည်။ မိမိတို့ငွေကို စတော့အိပ်ချိန်းတွင် ထားခြင်းအားဖြင့် စွန့်စားမှုအန္တရာယ်နှင့် အချိုးအစားညီမျှသော အကျိုးအမြတ်ကို ပြန်ရလိမ့်မည်ဟု ရင်းနှီးမြှုပ်နှံသူတို့က မျှော်လင့်ထားကြသည်။ ဆိုလိုသည်မှာ မူလရင်းနှီးမြှုပ်နှံမှုအတွက် ရရှိသော အတိုးနှင့်အတူ ထိုက်သင့်သော အကျိုးခံစားခွင့်အချို့ကိုလည်း ရရှိလိမ့်မည်ဟု မျှော်လင့်ထားခြင်းဖြစ်သည်။

သာမန်မြန်မာပြည်သူတို့ အမြင်အရဆိုပါက စတော့ဈေးကွက်မှ ပြန်လည်ရရှိသော အမြတ်သည် အချိန်ပိုင်းအပ်ငွေ ထားရှိခြင်း၊ ရွှေဝယ်ခြင်း၊ သို့မဟုတ် အိမ်ခြံမြေတွင် ရင်းနှီးမြှပ်နှံခြင်းကဲ့သို့သော သမားရိုးကျ ရင်းနှီးမြှုပ်နှံမှုထက် ပိုမိုရသင့်သည်ဟု သဘောပေါက်ထားသည်။

အချိန်ပိုင်းအပ်ငွေအဖြစ် ရင်းနှီးမြှုပ်နှံမည်ဆိုပါက (အတိုးနှင့်အတူ) မိမိငွေကို သေချာပေါက် ပြန်ရနိုင်သည်။ ရွှေဝယ်၊ သို့မဟုတ် အိမ်ခြံမြေဝယ်ပါက စွန့်စားမှုအန္တရာယ်များရှိသည်။ သို့သော် ရင်းနှီးမြှုပ်နှံသူများသည် ရုပ်ဝတ္ထုပစ္စည်းကို ထိန်းချုပ်လုပ်ကိုင်နိုင်သည်။ သို့တစေ စတော့အိပ်ချိန်းကိစ္စတွင်မူ ရင်းနှီးမြှုပ်နှံသူတို့သည် ကိုယ်တိုင်ထိန်းသိမ်းနိုင်ခြင်း မရှိသော ကော်ပိုရေးရှင်ထံ မိမိငွေကို ကိုယ်ထိလက်ရောက် ပေးလိုက်ရသည်။

ယခုတော့ ကော်ပိုရေးရှင်းများ(ကော်ပိုရေးရှင်းကို မည်သူကပင် ဆောင်ရွက်နေသည်ဖြစ်စေ၊ အများစုက လူစိမ်းများ ဖြစ်ဖို့သာများသည်)သည် ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွား ရှိစေမည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်ဟူသော အချက်နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူတို့က မည်သည့်အာမခံချက်ကို ရရှိထားပါသနည်း။ ကော်ပိုရေးရှင်များ၏ စီမံအုပ်ချုပ်မှုအတွက် အခြေခံကျသော မေးခွန်းပင်ဖြစ်သည်။

အပြည့်အဝ မှန်ကန်သည်ဟု မဆိုနိုင်သည့်တိုင်အောင် အကျိုးအမြတ် ရှင်းပေးငွေကို ရှယ်ယာပိုင်ရှင်များ ရမရ သိနိုင်သော အခြေခံတိုင်းတာမှုတစ်ခုမှာ အစုပေါ်အမြတ်များကို ကြည့်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် FMI ကို ကြည့်ပါ။ ၂၀၁၆ ခု စက်တင်ဘာတွင် ကုန်ဆုံးသော ခြောက်လတာကာလ ဘဏ္ဍာရေးအခြေအနေ ထုတ်ပြန်ချက်အရ  FMI အမြတ်မှာ ကျပ် ၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၆ သန်း ) ရှိပြီး အစုပေါ်အမြတ်အဖြစ် ထုတ်ပေးငွေမှာ ကျပ် ၃ ဘီလျံနီးပါးရှိသည်။

အမြတ်ငွေ၏ ရာခိုင်နှုန်း ၅၀ ကို ရင်းနှီးမြှုပ်နှံသူတို့အား ပြန်လည်ထုတ်ပေးသည့်သဘော ဖြစ်သဖြင့် အချိုးအစားအားဖြင့် ကောင်းမွန်သည်။ သို့သော်လည်း ၂၀၁၆ ခုနှစ် စက်တင်ဘာလကုန်ထိ စာရင်းအရ FMI ၏ ဈေးကွက်ရင်းနှီးမြှုပ်နှံမှုမှာ ကျပ် ၃၇၅ ဘီလျံသာ ရှိခဲ့သည်။ သို့ဖြစ်ရာ ခြောက်လအတွင်း ရင်းနှီးမြှုပ်နှံသူအတွက် အစုပေါ်အမြတ်နှုန်းမှာ တစ်ရာခိုင်နှုန်းပင် မပြည့်သည့်အတွက် တစ်နှစ်အတွက် အတိုးနှုန်းမှာ နှစ်ရာခိုင်နှုန်းပင် မရှိသည့်သဘော ဖြစ်သည်။

ရင်းနှီးမြှုပ်နှံရန် သင့်မသင့် စဉ်းစားရာတွင် အခြားနည်းလမ်း မရှိသဖြင့် အစုပေါ်အမြတ်များသည် စီးပွားရေးလုပ်ငန်းတစ်ခု၏ ကြံ့ခိုင်မှုကို ရင်းနှီးမြှုပ်နှံသူများအား အချက်ပြပေးသော နည်းလမ်းတစ်ခုဖြစ်သည်။ နှစ်ရာခိုင်နှုန်းဆိုသော အစုပေါ်အမြတ်နှုန်းမှာ ဖွံ့ဖြိုးပြီးဈေးကွက်များအတွက် မက်လောက်စရာ ဖြစ်သည်။ သို့သော် မြန်မာဈေးကွက်အတွက်မှာမူ ရင်းနှီးမြှုပ်နှံသူတို့အတွက် အလားအလာ ခိုင်မာသော အချက်ပြမှု တစ်ခုမဟုတ်ပေ။

ဓာတ်ပုံ - တေဇလှိုင်

ဓာတ်ပုံ – တေဇလှိုင်

အခြားစတော့များကို လေ့လာကြည့်ကြဦးစို့။ နှစ်ပတ်လည် အစီရင်ခံစာအရ မြန်မာသီလဝါ အထူးစက်မှုဇုန် ဦးပိုင်လီမိတက် Myanmar Thilawa SEZ Holdings သည် ၂၀၁၅-၁၆ ခုနှစ်တွင် အစုပေါ်အမြတ် ၄ ဒသမ ၉ ရာခိုင်နှုန်း(အမြတ်ငွေ၏ ၄၇ ရာခိုင်နှုန်း) ထုတ်ပေးခဲ့သည်။ Myanmar Citizens Bank က ရှယ်ယာတစ်ခုကို ကျပ် ၃၀၀ နှုန်း ထုတ်ပေးသည်။ ရှယ်ယာဈေးနှုန်းမှာ ကျပ် ၉,၂၀၀ ဖြစ်သည့်အတွက် ၂၀၁၅-၁၆ ခုနှစ်အတွက် အစုပေါ်အမြတ်နှုန်းမှာ ၃ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၁၅-၁၆ ခုနှစ်အတွက် အမြတ်ငွေကျပ် ၅ ဒသမ ၃ ဘီလျံရှိသည့်အနက် စုစုပေါင်းထုတ်ပေးသော အစုပေါ်အမြတ်မှာ  ၃ ဒသမ ၄ ဘီလျံရှိသဖြင့် အစုပေါ်အမြတ် ထုတ်ပေးသောအချိုးမှာ ၆၄ ရာခိုင်နှုန်း ရှိသည်။

First Private Bank ၏ အစုပေါ်အမြတ်မှာ မေ ၃၁ ရက်တွင်ရှိသော ရှယ်ယာဈေးနှုန်း ကျပ် ၂၀,၀၀၀ ဖြင့် တွက်ပါက ၇ ဒသမ ၃ ရာခိုင်နှုန်းရှိသဖြင့် စတော့ဒိုင်စာရင်းဝင် စတော့ဈေးနှုန်းများအနက် အမြင့်ဆုံးဖြစ်သည်။ ၂၀၁၅-၁၆ ခုနှစ်အတွက် ယင်း၏အစုပေါ်အမြတ် ထုတ်ပေးနှုန်းမှာ ရာခိုင်နှုန်း ၅၀ ဝန်းကျင်ရှိသည်။ အထိုက်အလျောက် ဆွဲဆောင်မှုရှိသောနှုန်း ဖြစ်သည့်တိုင် ယင်း၏စတော့ဈေးနှုန်းမှာ အကျဘက်တွင် ဆက်လက်ရှိနေသည်။

အစုပေါ်အမြတ် ထုတ်ပေးသော အချိုးအစားကို ကြည့်ပါက ဒိုင်စာရင်းဝင် လုပ်ငန်းများအားလုံးသည် လုပ်ငန်းအတော်ကောင်းမွန်နေပြီး ရင်းနှီးမြှုပ်နှံသူများအား မိမိတို့အကျိုးအမြတ်၏ ရာခိုင်နှုန်း ၅၀ ကို ထုတ်ပေးထားသည်ဟု ယူဆရသည်။ သို့သော် အစုပေါ်အမြတ်နှုန်းမှာ အထင်ကြီးလောက်စရာ မရှိပေ။ အပ်နှံငွေစာရင်း၏ ၈ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိနေသည်။

စတော့ဈေးနှုန်များ မြင့်တက်နေပါသည်၊ ရင်းနှီးမြှုပ်နှံသူများမှာ မတည်ရင်းနှီးငွေအတွက် အမြတ်များ ခံစားရတော့မည်ဟု ဆွယ်နေသူများအဖို့ ယခုအခါ YSX တွင် စာရင်းသွင်းထားသော လုပ်ငန်းများအတွက် ဆန့်ကျင်ဘက်အခြေအနေ ဖြစ်နေသည်။ လုပ်ငန်းအားလုံး၏ ဈေးနှုန်းများမှာ မှတ်ပုံတင်ထားချိန်မှစ၍ ကျဆင်းလျက်ရှိသည်။ ရှယ်ယာဈေးများ ကျဆင်းသည့်အကြောင်းရင်းကို အလွယ်ဆုံး ရှင်းပြရမည်ဆိုပါက ဝယ်လိုအားထက် ရောင်းလိုအားက များနေခြင်းဖြစ်သည်။ ဝယ်ယူရန် ကမ်းလှမ်းထားသည်ထက် ရောင်းချမည့်ရှယ်ယာက ပို၍များနေခြင်းဖြစ်သည်။

အရောင်းအဝယ်ဖြစ်သောပမာဏ အလွန်ကျဆင်းနေသည့်အတွက် အရောင်းအဝယ် နည်းပါးမှုက ဈေးနှုန်းအတက်အကျ မြင့်မားသည့်ရလဒ်ကို မကြာခဏ ဖြစ်ပေါ်စေသည်။ ရှေ့ရေးကို ထိုးထွင်း၍ မျှော်မှန်းသိမြင်နိုင်ခြင်း မရှိပါက ဈေးနှုန်းများ တဟုန်ထိုး ကျဆင်းမှုသည် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှု၏ သဘောသဘာဝအရ အဖိုးတန် သတင်းအချက်အလက်များကို ပေးနိုင်မည်ဟူသော ကောက်ချက်ကိုချရန် အတော်ပင် ခက်ခဲသည်။

သို့တစေ အရောင်းအဝယ်ပမာဏ ကျဆင်းမှုက အခြားပြဿနာများကိုလည်း ညွှန်းဆိုလျက်ရှိသည်။ YSX တွင် စာရင်းဝင်သော လုပ်ငန်းများကို ကြည့်ပါက  ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အလားအလာအခြေအနေမှာ “ပေါ်လွင်သည့်အပိုင်း”က အလွန်နိမ့်ကျနေခြင်းဖြစ်သည်။ တနည်းအားဖြင့်ဆိုပါက ရှယ်ယာအများစုကို အတွင်းလူများ(ရှယ်ယာပိုင်ရှင်ကြီးအချို့)က ပိုင်ဆိုင်ထားပြီး အများပြည်သူ ပိုင်ဆိုင်သည့် ရှယ်ယာအချိုးအစား နိမ့်ကျလျက်ရှိခြင်းဖြစ်သည်။

First Private Bank မှအပ အခြားကော်ပိုရေးရှင်းများအားလုံး၏ အခြေအနေမှာ ယင်းအတိုင်း ဖြစ်နေကြသည်။ ဥပမာအားဖြင့် Myanmar Citizens Bank ၏ ထိပ်တန်းရှယ်ယာပိုင်ရှင် ၁၀ ဦးက ရှယ်ယာအားလုံး၏ ၈၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ FMI ၏ အများဆုံး ရှယ်ယာပိုင်ရှင်က မဲပေးပိုင်ခွင့်၏ ၇၀ ရာခိုင်နှုန်းနီပါးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိန်းချုပ်ထားသည်။ သီလဝါ၏ ရှယ်ယာအများဆုံးပိုင်ရှင် ၁၀ ဦးက ရှယ်ယာအားလုံး၏ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ FPB က အလားအလာကောင်းကို ပိုင်ဆိုင်ထားသည်။ ထိပ်တန်းရှယ်ယာပိုင်ရှင် ၁၀ ဦးက ရှယ်ယာစုစုပေါင်း ၁၅ ရာခိုင်နှုန်းမျှကိုသာ ပိုင်ဆိုင်ထားပြီး ထုတ်ဖော်ကြေညာခြင်းမရှိသော သွယ်ဝိုက်ပိုင်ဆိုင်မှုမရှိဟု ယူဆရသည်။

ရှယ်ယာပိုင်ဆိုင်မှု မြင့်မားသော အတွင်းလူများနှင့် ယင်းတို့နှင့်ဆက်နွယ်နေသူတို့၏ ရှယ်ယာပိုင်ဆိုင်မှုက ရှယ်ယာအနည်းစုပိုင်ရှင်နှင့် ရှယ်ယာအများစုပိုင်ရှင်တို့ အချင်းချင်းပြဿနာကို ပေါ်ပေါက်စေတတ်သည်။ ထိန်းချုပ်မှုနှင့် ပိုင်ဆိုင်မှုက လူနည်းစု၏ လက်တွင်း၌ စုပြုံကျရောက်နေသောအခါ ရှယ်ယာအနည်းစု ပိုင်ရှင်များမှာ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်မရှိဘဲ ဖြစ်နေတော့သည်။

အဆိုးဆုံးမှာ အပိုင်စီးယူခြင်းဖြစ်သည်။ ရှယ်ယာပိုင်ရှင်များကို ချုပ်ကိုင်ထိန်းသိမ်းပြီး ကုမ္ပဏီ၏ ဥစ္စာဓနကို လွှဲပြောင်းယူခြင်းမျိုးဖြစ်သည်။ ယင်းအဖြစ်မျိုးက မကြာခဏ ဖြစ်တတ်သည်။ ယေဘုယျအားဖြင့် ပညာရပ် အသုံးအနှုန်းဖြင့် “မြောင်းသွယ်ယူခြင်း” Tunnelling ဟု သုံးသည်။ ပေါ်ပေါ်တင်တင် အပိုင်စီးယူခြင်းကို တားမြစ်သောဥပဒေများကို နိုင်ငံအများအပြား၌ ပြဋ္ဌာန်းထားပြီး ယင်းဥပဒေများကို အကောင်အထည်ဖော် ကျင့်သုံးရာတွင် ကွဲပြားမှုရှိသည်။ အပိုင်စီးယူရာတွင် အသုံးပြုသော နည်းလမ်းများမှာ အလွန်သိမ်မွေ့ပြီး ထောက်လှမ်းရမလွယ်ပေ။

ယခုကဲ့သို့ ပြောခြင်းအားဖြင့် မြန်မာပြည်တွင် ဖြစ်နေသည်၊ သို့မဟုတ် အနာဂတ်တွင် ဖြစ်လာလိမ့်မည်ဟု မဆိုလိုပေ။ သို့သော်လည်း ရှယ်ယာအများစု ပိုင်ရှင်များက ကော်ပိုရိတ်၏ အရင်းအမြစ်ပစ္စည်းများကို အပိုင်စီးသည့် သာဓကများမှာ ကမ္ဘာတစ်ဝန်းတွင် မရေမတွက်နိုင်အောင် ရှိနေသည်။

ဥပမာ ဂျပန်နိုင်ငံတွင် စတော့ဒိုင်၌ မှတ်ပုံတင်ထားသည့် လက်အောက်ခံ ကုမ္ပဏီများအနက် သုံးပုံတစ်ပုံခန့်သည် သက်ဆိုင်သူများနှင့် လုပ်ငန်းဆောင်ရွက်ရာ၌ တရားမျှတသော ဆက်ဆံမှုများရှိစေရန် အာမခံချက်ပေးနိုင်သော မူဝါဒ မရှိပေ။ မြန်မာနိုင်ငံတွင် ရှယ်ယာအနည်းစု ပိုင်ရှင်များကို အကာအကွယ်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားမှုမရှိဘဲ အနည်းစု အကာအကွယ်ပေးသည့် စည်းမျဉ်းများကို အကောင်အထည်ဖော်မှုမှာ အသက်ညှာဆုံး ပြောရလျှင် အားနည်းလျက်ရှိသည်။

လေ့လာဆန်းစစ်မှုတစ်ခုက စတော့ဒိုင်စာရင်းဝင် ကုမ္ပဏီအချို့သည် အမှုဆောင်များနှင့် ဒါရိုက်တာများအတွက် ချီးမြှင့်ငွေများကို ထူးထူးကဲကဲ မြှင့်တင်ထားသည်။ ဥပမာအားဖြင့် MCB ဘဏ်သည် အမှုဆောင်များအတွက် ချီးမြှင့်ငွေကို ၂၀၁၅-၁၆ ခုနှစ်အတွက် ကျပ် ၁၁၃ သန်းထားရှိခဲ့ရာမှ ၂၀၁၆-၁၇ ခုနှစ်တွင် နှစ်ဆနီးပါးတိုး၍ ကျပ်သန်း ၂၁၀ သုံးစွဲမည်ဟု ခန့်မှန်းရသည်။ သီလဝါ၏ ဒါရိုက်တာနှင့် အမှုဆောင်များအတွက် ချီးမြှင့်ငွေမှာ ကျပ် ၄၃၄ သန်းမှ နှစ်ဆကျော်မြင့်တက်ပြီး ကျပ်တစ်ဘီလျံရှိခဲ့သည်။ FMI ၏ ချီးမြှင့်ငွေကိုမူ ရှင်းလင်းစွာ မသိရချေ။

ဒါရိုက်တာများအတွက် ချီးမြှင့်ငွေကို ကျပ်သန်း ၂၀၀ ဟု ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသော်လည်း (အမှုဆောင်ဥက္ကဋ္ဌမှအပ) အခြားအမှုဆောင်များအတွက် ချီးမြှင့်ငွေကို အစီရင်ခံစာ၌ မဖော်ပြပေ။ အတွင်းလူနှင့် အခြားဆက်နွယ်သူ ရှယ်ယာပိုင်ဆိုင်မှု အနည်းဆုံးဖြစ်သော  FPB ကုမ္ပဏီ တစ်ခုတည်းသာလျှင် ချီးမြှင့်ငွေမှာ (ကျပ်သန်း ၃၀ မှ ၂၀၁၆-၁၇ ခုတွင် ကျပ် ၃၂ သန်းဖြင့်) အပြောင်းအလဲ မရှိသလောက်နီးနီး ဖြစ်သည်။

သက်တမ်းပိုရင့်လာသော ဈေးကွက်များတွင် စတော့ဒိုင်စာရင်းဝင် ကော်ပိုရေးရှင်းများ၌ ဖြစ်ပွားသော အငြင်းပွားမှု ပြဿနာများမှာ အမှုဆောင်များနှင့် ဒါရိုက်တာများအတွက် ချီးမြှင့်ငွေကိစ္စ၊ ရှယ်ယာပိုင်ရှင် အနည်းစုအား အကာအကွယ်ပေးခြင်းကိစ္စ ၊ သတင်းအချက်အလက် ထုတ်ပြန်မှုှုကိစ္စ(အထူးသဖြင့် အတွင်းလူ ရှယ်ယာပိုင်ဆိုင်မှုနှင့် အရောင်းအဝယ်၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တရားမျှတရေးစသည့်ကိစ္စများ) နှင့် ယေဘုယျ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုစသည့်ကိစ္စများ ဖြစ်သည်။

ဥပမာအားဖြင့် သက်တမ်းပိုရင့်လာသော ဒိုင်များတွင် ကော်ပိုရေးရှင်းများသည် နှစ်ပတ်လည် အစီရင်ခံစာ၌  အမှုဆောင်များအား ချီးမြှင့်ငွေပေးသည့်ကိစ္စကို ထူးထူးခြားခြား အလေးပေး၍ ရှင်းလင်းတင်ပြတတ်သည်။ ယင်းကဲ့သို့ ပွင့်လင်းမြင်သာမှုက ရင်းနှီးမြှုပ်နှံသူ၏ ယုံကြည်စိတ်ချမှုကို မြင့်တက်စေပြီး မိမိတို့၏ ရပိုင်ခွင့်များကို အကာအကွယ်ပေးထားသည်ဟု ပိုမိုယုံကြည်မှု ရရှိစေသည်။ သူတို့အတွက် အာမခံချက် မရှိသေးပါက တစ်ဦးချင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူ နှစ်မျိုးစလုံးသည် ရန်ကုန်စတော့အိပ်ချိန်းဒိုင်သို့ အလုံးအရင်းဖြင့် ဝင်လာမည့် လက္ခဏာမရှိသေးပေ။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.