မြိတ်ကျွန်းစုမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်သလား

သာယာလှပတဲ့ မြိတ်ကျွန်းစုဝန်းကျင် ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုရင် တိုင်းအစိုးရကိုယ်တိုင် ရေးဆွဲတဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ စနစ်ကျတဲ့စီမံချက် တစ်ရပ်ရှိဖို့ အရေးတကြီးလိုအပ်နေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ကမ္ဘာပေါ်မှာ အလှပဆုံး ကျွန်းစုတွေထဲက တစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်း မြိတ်ကျွန်းစုတွေမှာ အခြေစိုက်တဲ့ ပုလဲမွေးမြူရေး လုပ်ငန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကစ ပြည်တွင်းပြည်ပ ခရီးသည်တွေ သွားရောက်လေ့လာခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။

အစိုးရဝန်ကြီးဌာန နှစ်ခုဖြစ်တဲ့ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်မှုကြောင့် အခုလို တရားဝင် လည်ပတ်ခွင့်ရခဲ့တာလို့ ဆိုပါတယ်။ ဒီ့မတိုင်ခင်ကတော့ ခရီးသွား အေဂျင်စီတွေဟာ တနင်္သာရီတိုင်း မြိတ်မြို့ကို အခြေပြုပြီး ဒုံးညောင်မိုင်း၊ လေးကျွန်းစတဲ့ ကျွန်း ၁၀ ကျွန်းလောက်ကိုပဲ ခရီးစဉ်ဆွဲ သွားရောက်လည်ပတ်စေခဲ့တာပါ။

ဒါပေမဲ့လည်း အတော့်ကို အံ့သြစရာကောင်းတာက ကမ္ဘာပေါ်က အလှပဆုံးလို့ဆိုနိုင်တဲ့ အဲဒီ မြိတ်ကျွန်းစုတွေဆီကို သွားရောက်လည်ပတ်သူဟာ ပြီးခဲ့တဲ့နှစ် စာရင်းအရ ပြည်တွင်း ခရီးသည် ၂၅,၀၀၀ ကျော်နဲ့ နိုင်ငံခြားသား ခရီးသည် ၆,၄၀၀ နီးပါးလောက်ပဲ ရှိခဲ့တာပါ။ အခုလို ပုလဲမွေးမြူရေးစခန်းတွေကို လေ့လာခွင့်ရလိုက်တော့ မြိတ်ကျွန်းစုအပါအဝင် တနင်္သာရီတိုင်းအတွင်း ခရီးသွားဧည့်သည်တွေ လာရောက်ဖို့ ဆွဲဆောင်နိုင်မှာလား၊ တခြား ဘာတွေအကောင်အထည်ဖော်ဖို့ လိုအပ်ဦးမလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

လက်ရှိ အလွန်လှပတဲ့ ကျွန်းစုတွေ ရှိရာ တနင်္သာရီတိုင်းဘက်ကြည့်လိုက်ရင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်ဖို့ ပြည်တွင်းပြည်ပ စိတ်ဝင်စားမှု မြင့်တက်လာနေတာ တွေ့ရပါတယ်။ နောင် အနာဂတ်ကာလ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာရှိတော့ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဲလိုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျလုပ်ဖို့ ပြည်ထောင်စုအစိုးရမှာ တိကျတဲ့ စီမံကိန်းကြီးတွေ မရှိသလို၊ တနင်္သာရီတိုင်း အစိုးရအဖွဲ့ဆီမှာလည်း ရှိနေပုံ မရပါဘူး။

ဥပမာအားဖြင့် ဘယ်လိုနေရာတွေကို ခရီးသည် လည်ပတ်စရာ နေရာတွေအဖြစ် ဖန်တီးသင့်တယ်၊ အဲဒီအတွက် ဟိုတယ်လုပ်ငန်း၊ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အပန်းဖြေ နားနေစရာ၊ ဈေးကွက်ရှာဖွေရေး အစရှိသဖြင့် လိုအပ်တာတွေအတွက် ပြင်ဆင်မှုလုပ်ပေးဖို့ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းအစိုးရဘက်က အဲလိုပြင်ဆင်မှုတွေ လုပ်မပေးတော့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ချင်သူတွေဟာ သူသန်ရာသန်ရာ နေရာတွေမှာ ဟိုတယ်၊ မိုတယ်၊ အပန်းဖြေစခန်း ဆောက်တာမျိုးတွေ လုပ်နေကြပြီး တိုင်းအစိုးရရဲ့ ခွင့်ပြုချက်မယူဘဲ ဆောက်နေတဲ့ အဲလိုဟိုတယ်၊ မိုတယ်လုပ်ငန်းတွေကို တားဆီးဖို့၊ တရားစွဲဖို့ ပြင်ဆင်နေတာကိုလည်း အံ့သြစရာ တွေ့မြင်ကြရပါတယ်။ အဲဒီထဲမှာ လောင်းလုံမြို့နယ်ထဲက ကမ်းခြေတစ်ခုမှာ ဟိုတယ်ဆောက်ဖို့ ပြင်ဆင်နေတဲ့ ပြင်သစ်အခြေစိုက် Au temps Des Cerise ကုမ္ပဏီလည်း ပါဝင်ပါတယ်။

နောက်ထပ် မြိတ်ကျွန်းစုဘက်က သတင်းဆိုး တစ်ပုဒ်ကတော့ ဒီဇင်ဘာ ၂၃ ရက်က မြိတ်မြို့ကနေ ကျွန်းစုမြို့နယ်ထဲက ကျွန်းတွေကို သွားရောက်လည်ပတ်တဲ့ ထူးထက်ရှိန် ခရီးသွားကုမ္ပဏီပိုင် Speedboat တစ်စီးဟာ နေကြာအော် ကျေးရွာအရှေ့ဘက်ရေပြင်မှာ သစ်တုံးနဲ့ မတော်တဆတိုက်မိပြီး ခရီးသည် မြန်မာအမျိုးသမီး နှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းတွေ ဘာမှကောင်းကောင်း မစတင်နိုင်သေးမီ၊ ခရီးသည်ဆိုတာကလည်း ဘာမှ များများစားစား ပြောပလောက်အောင် မရှိသေးမီ အခုလို ခရီးသွားတွေ မတော်တဆဖြစ်ပြီး သေဆုံးတဲ့သတင်းဟာ တနင်္သာရီတိုင်းက ကျွန်းစုတွေကို လည်ပတ်ရတဲ့ ခရီးသွားလုပ်ငန်းအတွက် ပုံရိပ် ဆိုးကို ဖြစ်စေပါတယ်။

ဒါ့အပြင် တခြားသေးသေးမွှားမွှားလို့ဆိုနိုင်တဲ့ ပြဿနာတွေလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ Frontier Myanmar မဂ္ဂဇင်း ဖော်ပြချက်အရ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ နိုင်ငံခြားသားတွေကို ဆိုင်ကယ် ငှားရမ်းတာမျိုးမလုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့ကိစ္စလိုမျိုးပါ။ နိုင်ငံခြားသား ခရီးသည်တွေဟာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားဘာလီ ဘယ်နိုင်ငံကိုသွားသွား သက်ဆိုင်ရာ ဒေသတွေမှာ ဆိုင်ကယ်ကို လွယ်လွယ်ကူကူ ငှားရမ်းစီးနင်းလို့ ရပါတယ်။ တချို့နေရာတွေမှာဆို ကားငှားပြီး ကိုယ်တိုင်မောင်းနှင်ခွင့်တောင် ရကြပါတယ်။ မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း ထားဝယ်မြို့က အာဏာပိုင်တချို့ရဲ့ အဲလိုလုပ်ရပ်မျိုးကတော့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေတဲ့ လွဲမှားတဲ့လုပ်ရပ်မျိုးပဲ ဖြစ်ပါတယ်။

သိပ်မကြာသေးခင်တုန်းက ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး လေ့လာမှုအစီရင်ခံစာ အနှစ်ချုပ်မှာ ဝန်ဆောင်မှုကဏ္ဍ တိုးတက်နှုန်းဟာ ၂၀၁၇-၂၀၁၈ မှာ ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၁၈-၁၉ မှာ ၇ ဒသမ ၆ ရာခိုင်နှုန်းကို လျော့ကျလာမယ်လို့ ခန့်မှန်းထားသလို၊ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် စီးပွာရေးအပေါ် အကျိုးသက်ရောက်မှုတွေ ပိုမိုပြင်းထန်လာစေပြီး တိုက်ရိုက်အားဖြင့် ဂျီဒီပီရဲ့ ၂ ဒသမ ၇ ရာခိုင်နှုန်းပါဝင်တဲ့ ခရီးသွားလုပ်ငန်းဝင်ငွေတွေကို လျော့ကျစေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့်လည်း အစိုးရဟာ ခရီးသွားလုပ်ငန်း ပိုပြီးကောင်းမွန်လာအောင် ဖြေလျှော့မှုလုပ်တာတွေ၊ ခေတ်မမီတော့တဲ့ ဥပဒေရေးရာ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ကလောမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ပြုံးကေသီနိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ဂျပန်နဲ့ ကိုရီးယား ခရီးသည်တွေကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်သလို၊ တရုတ်၊ ဟောင်ကောင်နဲ့ အိန္ဒိယနိုင်ငံသား ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးလိုက်ပါတယ်။

အကျိုးဆက်အနေနဲ့ တရုတ်လေကြောင်းလိုင်းတွေ တိုးလာပြီး တရုတ်ခရီးသည်လည်း သိသိသာသာ များလာနေပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ် ရှစ်လစာ စာရင်းအရ ကမ္ဘာလှည့် ခရီးသည်ဗီဇာနဲ့ တရားဝင် ဝင်ရောက်လည်ပတ်သူ ၃ သိန်းကျော်ရှိနေပြီး အရင်နှစ် ၃ သိန်းမပြည့်တာနဲ့နှိုင်းရင် နည်းနည်းလေးတော့ တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ တစ်နှစ်တာ ခရီးသည်အဝင် ၅ သိန်းကျော် ရှိလာနိုင်ပေမဲ့ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအို တစ်နှစ် ၅ သန်း၊ ဗီယက်နမ် ၁၀ သန်း၊ ထိုင်း တစ်နှစ် သန်း ၃၀ ကျော်နဲ့နှိုင်းရင် ဘာမှ ပြောပလောက်တဲ့ အရေအတွက်တော့ မဟုတ်သေးပါဘူး။

အခု မြိတ်ကျွန်းစုဘက်က ပုလဲမွေးမြူတဲ့စခန်းတွေကို ဝင်ရောက်လည်ပတ်ခွင့် ပေးလိုက်တာဟာ အတော်လေးကိုကောင်းတဲ့ အစီအစဉ်မျိုးပါ။ ပြည်တွင်းပြည်ပ ခရီးသည်တွေဟာ ပင်လယ်ထဲက ပုလဲမွေးမြူရေး လုပ်ငန်းတွေ၊ မုတ်ကောင်ထဲက ပုလဲထုတ်တဲ့လုပ်ငန်းတွေကို လေ့လာကြည့်ရှုနိုင်မယ့် အခွင့်ထူး ရကြပါလိမ့်မယ်။ ဒါပေမဲ့ သာယာလှပတဲ့ မြိတ်ကျွန်းစုဝန်းကျင် ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုရင်တော့ ဒီလောက်နဲ့ လုံလောက်ဦးမှာ မဟုတ်ပါဘူး။

တိုင်းအစိုးရကိုယ်တိုင် ရေးဆွဲတဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ စနစ်ကျတဲ့ စီမံချက် တစ်ရပ်ရှိဖို့ လိုပါတယ်။ အဲဒီထဲမှာ ဘယ်နေရာတွေ၊ ဘယ်ကျွန်းစုတွေကို ခရီးသွားလုပ်ငန်းအတွက် ခွင့်ပြုမယ်၊ ဟိုတယ်တွေ၊ မိုတယ်တွေ အပန်းဖြေစခန်းတွေကို ဘယ်နေရာတွေမှာ ဆောက်ခွင့်ပေးမယ်၊ ဘယ်လို သယ်ယူပို့ဆောင်ရေးယာဉ်တွေ အသုံးပြုဖို့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေချပေးမယ်၊ ဘယ်နေရာတွေမှာ လူထုအခြေပြု ခရီးသွားလုပ်ငန်း CBT Community based tourism အကောင်အထည်ဖော်မယ်စသဖြင့် စနစ်တကျ စီမံကိန်းချ၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်၊ စီမံခန့်ခွဲမှုကောင်းကောင်း လုပ်ဖို့လိုပါတယ်။

အဲလိုလုပ်တဲ့နေရာမှာ ထွက်ပေါ်လာမယ့် အကျိုးအမြတ်ကို ဒေသခံတွေ ခွဲဝေခံစားရရှိဖို့၊ အလုပ်အကိုင်ရရှိဖို့၊ သဘာဝပတ်ဝန်းကျင် မပျက်စီးဖို့၊ ခရီးသည်တွေရဲ့ လုံခြုံရေး အာမခံချက်ရှိဖို့၊ စတာတွေ လုပ်ဖို့ လိုနေပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တိုင်းအစိုးရကိုယ်တိုင် ရန်ကုန်သွားပြီး ကြော်ငြာတာမျိုး၊ အိမ်နီးချင်းနိုင်ငံတွေဆီသွားပြီး ခရီးသွားလုပ်ငန်း မြှင့်တင်တာမျိုး၊ အွန်လိုင်းအပါအဝင် မီဒီယာကနေတဆင့် ကြော်ငြာတာမျိုးလုပ်သင့်နေပြီဖြစ်ကြောင်းပါ။

ခေါင်းစီးဓာတ်ပုံ – ဗစ်တိုရီးယားမီလ်ကို

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.