မြန်မာ့မြေကို ပြန်ရောက်လာတဲ့ ရှေးဟောင်းအမွေအနှစ်များ

လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ ခန့်က ဗြိတိသျှတို့ထံတွင် စစ်သားများအဖြစ် အမှုထမ်းခဲ့သော ၎င်းတို့၏ ဘိုးဘေးတို့က မြန်မာနိုင်ငံမှ ယူဆောင်သွားခဲ့သည့် ရှေးဟောင်းပစ္စည်းများကို နယူးဇီလန်မှ ရှေ့နေတစ်ဦးက မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

မြွေဟောက်ပုံသဏ္ဍာန် လက်ရာမြောက်စွာ သွန်းလောင်းထားသော နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ဖရောင်းတိုင်တင် မီးတိုင်လေးကို လှပခန့်ငြားစွာတွေ့မြင်ရသည်။

အဆိုပါ ဖရောင်းတိုင်ထွန်းသည့်စင်နှင့်အတူ ဗုဒ္ဓရုပ်ပွားတော်များ၊ ဆင်စွယ်ရုပ်ထုများနှင့် အခြားသော အဆင်တန်ဆာ အနည်းငယ်ကိုလည်း အတူတွေ့မြင်ရသည်။ စကော့လူမျိုး စစ်သည်တစ်ဦးအတွက်မူ ဤရှေးဟောင်း ပစ္စည်းလေးများသည် ၁၈၅၂ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့၊ မြူခိုးများဝေနေသော နံနက်ခင်းတစ်ခုတွင် ပဲခူးမြို့ ရွှေမော်ဓော ဘုရားကြီးဝန်းအတွင်း ခံတုပ်ကျင်းများမှ စောင့်ဆိုင်းနေသော မြန်မာဘုရင်၏ စစ်သည်များကို တိုက်ခိုက်ရန် ကျူတောနှင့် သစ်တောကြီးများကို ခဲယဉ်းပင်ပန်းစွာ ဖြတ်ကျော်ချီတက်ခဲ့ရသော အချိန်များကို ပြန်လည် သတိရစေသည်။

နောက်ထက် ရာစုနှစ် နှစ်ခုနီးပါးကြာပြီးနောက် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ နံနက်ခင်းတစ်ခုတွင် Major Darroch ၏ တီ ဖြစ်သူသည် ရွှေမော်ဓောစေတီ ကုန်းတော်ပေါ်သို့ တက်ရောက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ကားနှင့် တက်လာခြင်းဖြစ်ပြီး လက်နက်မပါရှိတော့ပေ။ သို့သော် သူ့ထံ ကင်မရာတစ်လုံးသာ ပါရှိလာသည်။

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် သိမ်းယူသွားခဲ့ပြီး Mr Gareth Bodle တို့ မိသားစု ဘိုးစဉ်ဘောင်ဆက် အမွေခံ ပစ္စည်းအဖြစ် ထိန်းသိမ်းလာခဲ့သော အဆိုပါရှေးဟောင်းပစ္စည်းများမှာ ရွှေမော်ဓောဘုရားကြီးထံ ပြန်လည်ရောက်ရှိခွင့် မရရှိခဲ့ကြပေ။ နယူးဇီလန်နိုင်ငံသား ရှေ့နေနှင့် သူ၏ မိသားစုတို့က ထိုပစ္စည်းများကို ဇူလိုင် ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် အခမ်းအနားဖြင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

ထိုအခမ်းအနားသည် Bodle အတွက်တော့ သူငယ်စဉ်ဘဝက ကြားသိခဲ့ရသော ရပ်ဝေးမြေခြား စွန့်စားခန်း ပုံပြင်များ၏ နိဂုံးပင် ဖြစ်သည်။ ဝတ်ရုံခင်းပေါ်မှ တောက်ပနေသော ပန်းအိုး၊ စီးကရက်တိုတို့ဖြင့် ပြည့်နေသော မြွေဟောက်ပုံခွက်၊ သူ့ဖခင်က စာရွက်ဖိတုံးအဖြစ် သုံးလေ့ရှိသော ဆင်စွယ်တံဆိပ်တုံးစသည့် ရှေးဟောင်းပစ္စည်းများကြားမှ သူ့အဘိုးအဘွားတို့ ပြောပြခဲ့သော ပုံပြင်များ၏ နိဂုံးအဆုံးသတ်ပင် ဖြစ်သည်။

“ကျွန်တော်က ဒီပုံပြင်တွေနဲ့ ကြီးပြင်လာခဲ့ရတာ။ အဖေက တကယ်ပုံပြောကောင်းတဲ့သူ။ ဒါပေမဲ့ တကယ်ထူးခြားတာက သူ့ဦးလေးဆီက သူရခဲ့တဲ့ ပစ္စည်းတွေပဲ။ သူရှေ့တန်းစစ်ဆင်ရေးကနေပြီး အိန္ဒိယကောင်စီ ဘုရင်ခံချုပ်ထံ ပို့တဲ့ အစီရင်ခံစာတွေ၊ အိန္ဒိယအုပ်ချုပ်ရေးကောင်စီက သူ့ဆီပို့တဲ့ စာတွေ၊ ဒါတွေက အဲဒီတုန်းက ဖြစ်ရပ်တွေကို ဖေါ်ပြနေတယ်” ဟု သူကပြောသည်။

အတိတ်ဇာတ်ကြောင်းကို ပြည့်ပြည့်စုံစုံ ပြန်လည်ပုံဖေါ်နိုင်စေရန် ထိုမှတ်တမ်းများက Bodle ကို အထောက်အကူ ပေးခဲ့သည်။ ရန်ကုန်ကို အမြောက်များဖြင့် စတင်ပစ်ခတ်သည်မှစတင်ကာ ပဲခူးကို ဝင်ရောက်တိုက်ခိုက်သည့်အချိန်အထိ ၁၈၅၂ ခုနှစ်တွင် မြန်မာနိုင်ငံတောင်ပိုင်းကို ပုဂံမင်းထံမှ အင်္ဂလိပ်တို့ ကျူးကျော်သိမ်းယူခဲ့ပုံကို ဖေါ်ပြနေပြီး နောက်ဆုံးတစ်နေ့တွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းယူရန် အခြေချထားခဲ့ကြပုံကို ထင်ထင်ရှားရှား သိမြင်ခဲ့ရသည်။

“မကြာခဏပဲ ဗိုလ်ကြီးဒါးရော့အကြောင်း ပါပါလာတတ်တယ်” ဟု Bodle က ပြောသည်။ (နောက်ပိုင်းတွင် ဒါးရော့သည် ဗိုလ်ကြီးမှ ဗိုလ်မှူးအဆင့်အထိ တိုးမြင့်ခြင်းခံခဲ့ရသည်။)

ထိုမှတ်တမ်းများကို ဖတ်ရှုရပြီးနောက် Bodle က သူ့ဇနီး Jennifer နှင့် သူတို့၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူ Darroch တို့အား ခေါ်ဆောင်ကာ သူတို့၏ ဘီဖြစ်သူ ဒေါ်နယ်ဒါးရော့၏ ခြေရာကိုနင်းပြီး ပဲခူးသို့ ထွက်လာခဲ့ကြသည်။ ထိုမှတဖန် မွန်ပြည်နယ်၊ မော်လမြိုင်သို့ ဆက်၍ ခရီးနှင်ခဲ့ကြသည်။ ဒေါ်နယ်ဒါးရော့နည်းတူ ဖခင်ဘက်မှ ဘီဖြစ်သူ George Bodle မှာလည်း ၁၈၅၂ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ရေတပ် ဒုဗိုလ်အဖြစ် ပါဝင်ခဲ့သူပင် ဖြစ်သည်။

သို့သော် ထိုတရားဝင်မှတ်တမ်းမှတ်ရာ ရုံးစာများသည် ပဲခူးမြစ်တစ်လျှောက် ဒုဗိုလ် Ensign Bodle ဆန်တက်သွားရာတွင် တွေ့မြင်တွေ့ခဲ့ရသည့် ကိုယ်ရေးမှတ်တမ်းများကိုလည်းကောင်း၊ ရွှေမော်ဓော ဘုရားကို ဗြိတိသျှ စစ်တပ်များ ပထမဆုံး ဝင်ရောက်သိမ်းပိုက်စဉ် ဘုရားမှ ထူးခြားသည့် ရတနာများကို ထိုစဉ်က ဗိုလ်ကြီးအဆင့်ရှိ Dorroch တစ်ယောက် မည်သို့လုပ်ဆောင်ခဲ့သည်ဆိုသည်ကိုလည်းကောင်း ဖေါ်ပြပါရှိခြင်း မရှိပေ။

“ရွှေမော်ဓောဘုရားကို ဒုတိယအကြိမ် ထိုးစစ်ကတော့ အတော်ကို ပြင်းထန်ခဲ့ပုံရတယ်” ဟု Bodle က ပြောပြသည်။ မြန်မာတို့က ဘုရားကုန်းတော်ပေါ်မှ ပစ်ခတ်နေသော ပြောင်းချောတူမီးသေနတ်မှ ခဲသီးကျည်ဆံများ မိုးရွာသလို ပစ်ခတ် ကာကွယ်နေသည့်ကြားမှ ဗြိတိသျှစစ်သားများသည် ရွှံ့နွံထူထပ်သော ကုန်းမြင့်ဆင်ခြေလျှောပေါ်သို့ ဖြေးဖြေးချင်း ချီတက်ခဲ့ကြရပုံကို ဖေါ်ပြထားသည်။ နောက်ပိုင်းတွင် မြန်မာစစ်သည်တို့မှာ ဘုရားဝန်းထဲသို့ ဆုတ်ခွာသွားကြသည်ဟု ဆိုသည်။

ရွှေမောဓောဘုရားကို သိမ်းပိုက်ခဲ့ပြီးနောက် ဗိုလ်ကြီး Dorroch သည် မြွေရုပ်ခံ ဖရောင်းတိုင်စင်၊ ငွေနှင့် ဆင်စွယ် ဗုဒ္ဓရုပ်ပွားတော်များ၊ ဟင်္သာရုပ်ပါ ဆင်စွယ်တံဆိပ်တုံးများ၊ သတ္တုပန်းအိုး၊ ကြေးစည်တစ်ခုနှင့် ဆင်စွယ်ရုပ်တုငယ် ၃ ခုကို ယူဆောင်လာခဲ့သည်။

“ဘုရားပေါ်ကို တက်သိမ်းပြီးတော့ တွေ့ရာပစ္စည်းတွေကို အမှတ်တရပေးဖို့ ရှာဖွေယူကြတော့တာပဲ။ ကျောပိုးအိတ်ထဲ ထည့်ပြီး သယ်သွားလို့ရတာမှန်သမျှ ဆိုပါတော့။ ခေတ်ပြိုင်သမိုင်းဆရာတွေကတော့ တိုက်ခိုက်လုယူခြင်း (loot) ဆိုတဲ့ စကားလုံးကို သုံးကြတယ်” ဟု Bodle ကဆိုသည်။

သို့သော် loot ဆိုသော စကားလုံးကို သူက မသုံးနှုန်းလိုပေ။ ဘိုးဘေးဘီဘင်တို့ ခေတ်အခါက စစ်၏ တရားဝင် အမြတ်အစွန်းဟု ယူဆခဲ့ကြသည်။ နှစ်ဖက်စလုံးက ထိုသို့ပင် သဘောထားခဲ့ကြသည်။

အမှန်မှာလည်း မြွေရုပ်ခံဖရောင်းတိုင်စင်နှင့် ဆင်စွယ်ရုပ်တုငယ်ကဲ့သို့ ရှေးဟောင်း လူ့အသုံးပစ္စည်းများသည် အိန္ဒိယနှင့် တရုတ်ကဲ့သို့ နိုင်ငံများမှ ပစ္စည်းများဖြစ်ကြပြီး ၎င်းတို့ထံမှ မြန်မာဘုရင်များက ရရှိခဲ့ကြခြင်းသော်လည်းကောင်း၊ ပဲခူးမှ မွန်ဘုရင်များက ရရှိခဲ့ကြခြင်းသော်လည်းကောာင်း ဖြစ်နိုင်ပေသည်။ မြန်မာနှင့် မွန်ဘုရင်တို့မှာလည်း ဗြိတိသျှလက်အောက်မရောက်မီ အချိန်အထိ အပြန်အလှန် အောင်နိုင် သိမ်းပိုက်နေခဲ့ကြသည်။

shwemadaw_gong.jpg

မစ္စတာ Gereth Bondle ကို ရွှေမော်ဓောဘုရားတွင် ဂျူလိုင် ၂၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- ဂျာရတ်ဒေါင်းနင်း

ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာ့ရတနာများကို လန်ဒန်သို့လည်းကောင်း၊ ဗြိတိသျှ အင်ပါယာအတွင်းရှိ အခြားဒေသများသို့လည်းကောင်း ရွှေ့ပြောင်းယူဆောင်သွားကြသဖြင့် မြန်မာနိုင်ငံသားများအတွက် ပြန်၍ မရနိုင်သော သမိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာခဲ့သော ထိုပစ္စည်းများကို မူလပိုင်ရှင် မြန်မာတို့ထံ ပြန်ပေးလိုက်ရသဖြင့် ပျောက်ဆုံးသွားသော သမိုင်းဆိုင်ရာ အပိုင်းအစလေးတစ်ခု ပြန်လည်ရရှိသွားသည်ဆိုလျှင်ပင် ထိုသို့ပြန်ပေးရန် တာဝန်ရှိသည်ဟု Bodle တို့ မိသားစုက ယုံကြည်ယူဆထားသည်။

“ကျွန်မတို့ ဒေသခံ တိုင်းရင်းသားတွေက မိုရီ (Maori) လူမျိုးတွေပါ။ နယူးဇီလန်ကို အင်္ဂလိန်က လက်အောက်ခံ ကျွန်ပြုလိုက်တော့ သူတို့ အလေးအမြတ်ထားတဲ့ ပစ္စည်းတွေ ယူဆောင်ခံရတယ်” ဟု Jennifer Bodle က ပိန်ရှုံ့နေသော မိုရီဦးခေါင်းရုပ်ပုံနှင့် မိုရီလူမျိုးတို့ကို ရည်ညွှန်း ပြောကြားသည်။ ၎င်းပစ္စည်းများကို အမေရိကန်နိုင်ငံရှိ စမစ်ဆိုနီယမ်ပြတိုက်က နယူးဇီလန်နိုင်ငံသို့ ယမန်နှစ်က ပြန်လည်ပေးအပ်ခဲ့သည်။

“ဒီလိုပြန်ပေးဖို့အရေး ဆွေးနွေးစီစဉ်လိုက်ရတာ ၅ နှစ်တောင်ကြာတယ်။ ဒီလို ပြန်လည်ပေးအပ်နိုင်ရေးက ဘယ်လောက် အရေးပါတယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်” ဟု ဂျင်နီဖာက ပြောသည်။

မြန်မာ့ရှေးဟောင်းပစ္စည်းများ ပြန်လည်ပေးအပ်သော အခမ်းအနားတွင် နယူးဇီလန် သံအမတ်ကြီးဖြစ်သူ မာရှယ်က ဂျင်နီဖာ၏ စိတ်ခံစားမှုအတိုင်းပင် ထပ်တူ ပြောကြားသွားသည်။

“ကျွန်တော်တို့ နှစ်နိုင်ငံမှာ တူညီတဲ့နေရာတွ အများကြီး ရှိတယ်။ နှစ်နိုင်ငံလုံး စိုက်ပျိုးရေးအခြေခံ စီးပွားရေး ရှိကြတယ်။ ဒီတော့ ကျွန်တော်တို့က မြေကြီးကို ချစ်ကြတာချင်းလည်း တူတယ်။ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်ကြတာချင်းလည်း တူတယ်။ နောက်ပြီး ဗြိတိသျှလက်အောက်ခံ ကိုလိုနီ ဖြစ်ခဲ့ကြတာချင်းလည်း တူတယ်” ဟု မာရှယ်က Frontier ကို ပြောသည်။

ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အရ မိုရီ တိုင်းရင်းသားများ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်စေရန် နယူဇီလန်အစိုးရက လုပ်ဆောင်နေသည်ဟု သူက ဆက်လက်ပြောကြားသည်။

နယူးဇီလန်နိုင်ငံသည် သမိုင်းကြောင်း ပြန်လည်ထိန်းသိမ်းသည့် လှုပ်ရှားမှုများကို ဆောင်ရွက်နေပြီး ထိုလှုပ်ရှားမှုသည် မိမိတို့ တစ်နိုင်ငံတည်းအတွက် မဟုတ်ဟု သံအမတ်ကြီးက ပြောသည်။ “အဲဒါတွေကြောင့်လည်း Gareth က ဒီရှေးဟောင်းပစ္စည်းတွေကို မြန်မာနိုင်ငံထံ ပြန်ပေးဖို့ လိုလားခဲ့တာ ဖြစ်ပါတယ်” ဟု သူကပြောသည်။

ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က အလားတူ ဖလှယ်ရေး အစီအစဉ်များကို မြန်မာနိုင်ငံနှင့် သမိုင်းချင်း ဆက်နွယ်နေသော အခြားရပ်ဝေးမြေခြား နိုင်ငံများနှင့်လည်း ပြုလုပ်လာနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

“ဒီလို အခမ်းအနားမျိုးကနေတဆင့် အပြန်အလှန် နားလည်မှုတွေ ပိုမိုရရှိလာပြီး အနာဂတ်မှာ ပိုမိုပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရှေးဟောင်းပစ္စည်း လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ဒေါ်ဥမ္မာအောင်က ပြောကြားခဲ့သည်။

ဤအခမ်းအနားအပြီး နောက်တစ်နေ့ နံနက်တွင်မူ သမိုင်းကို ကိုယ်တိုင်ရှာဖွေကြရန် Bodles မိသားစု ပဲခူးသို့ ထွက်ခွာသွားကြသည်။ ရှေးဟောင်းပစ္စည်းများကိုမူ ပဲခူး ရွှေမော်ဓောသို့ ပြန်မပေးလိုက်တော့ပေ။ ရှေးဟောင်းသုတေသနနှင့် ပြတိုက်များဌာနက ထိုပစ္စည်းများကို ရန်ကုန်ပြတိုက်တွင် ထားရှိခြင်းကသာ လုံခြုံစိတ်ချရဆုံး ဖြစ်သည်ဟု ယူဆထားသည်။

ဌာန၏ အဆုံးအဖြတ်ကို Gareth Bodle က လက်ခံခဲ့သည်။ သို့သော် ပဲခူးမှ အပြန်တွင် ဤသို့ ရေးခဲ့သည်။

“ကျွန်တော် သံသယဖြစ်မိသည်။ ကျွန်တော်တို့ ပဲခူးရောက်နေပြီး လွန်ခဲ့သော ရာစုနှစ်နှစ်ခုလောက်က သူတို့ ပဲခူးမြို့က ခိုးယူသွားတဲ့ ပစ္စည်းတွေကို ပြန်လာပေးနေကြတယ်ဆိုတာ ပဲခူးကလူတွေ ဘယ်သူမှ သိကြပုံမပေါ်ဘူး” ဟူ၍ ဖြစ်သည်။

ဘယ်လိုပင်ဖြစ်စေကာမူ မြန်မာ့ရတနာများမှာ မြန်မာ့မြေပေါ်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။ အဝေးတစ်မြေက တစ်နေရာရာမှာ ရောက်မနေရုံဖြင့်ပင် လုံလောက်ပေပြီဖြစ်ပေသည်။

“ကျွန်တော့် ဘိုးဘေးတွေ လျှောက်ခဲ့တဲ့ မြေပေါ် အခု ကျွန်တော် ပထမဆုံးအကြိမ် လျှောက်ဖူးတာပါ” ဟု Gareth Bodle က သတင်းထောက်များ၊ အမျိုးသားပြတိုက်မှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် နယူးဇီလန်သံရုံးမှ ပုဂ္ဂိုလ်များရှေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီပစ္စည်းတွေ ကျွန်တော်တို့ မိသားစုနဲ့အတူ တစ်ချိန်လုံး ရှိနေခဲ့ပါတယ်။ ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ထားခဲ့ပါတယ်။ ဒီနေ့မနက် ကျွန်တော် ဒီကို လျှောက်လာတဲ့အချိန်မှာပဲ နားလည်လိုက်ပါပြီ။ ဒီပစ္စည်းတွေ သူ့နေရာသူ ပြန်ရောက်သွားပြီဆိုတာ” ဟု သူကပြောသည်။

Bodle က ဗန်းထဲတွင် စီထားသည့် ရှေးဟောင်းပစ္စည်းများကို လက်ကမ်းပေးလိုက်ချိန်တွင် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအောင်က လက်ကမ်းယူရင်း ဓာတ်ပုံအရိုက်ခံရန်အတွက် ခေတ္တကိုင်ထားလိုက်သည်။

ဤတွင် ဗိုလ်မှူး Dorroch ၏ ဇာတ်လမ်းလည်း အဆုံးသတ်သွားပြီဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.