ကလောကို တကျော့ပြန် ကြီးကျယ်ခမ်းနားလာစေဖို့

ရှမ်းပြည်နယ် ကလောမြို့သည် ကိုလိုနီခေတ်က အမှတ်ရစရာများဖြင့် ခရီးသွားများကို ဆွဲဆောင်ရန် မျှော်လင့်လျက်ရှိသည်။ သို့ရာတွင် မြို့၏ယနေ့ခေတ် အသွင်ကွဲပြားမှုများကသာ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်သည်။

ဘန်ဒူးနန့် ရေးသားသည်။

ရှမ်းကုန်းပြင်မြင့်တောင်ပိုင်းရှိ ကလောမြို့သည် ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၁,၃၀၀ ကျော် မြင့်မားသည်။ ကလောမြို့သည် ညဘက်များတွင် တိတ်ဆိတ်နေတတ်သည်။ ညပိုင်း၌အေးသောကြောင့် ဒေသခံများနှင့် ခရီးသွားများသည် နေအိမ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များထဲတွင်သာ နေကြသည်။ လမ်းမများပေါ်တွင် ခွေးလေခွေးလွင့်များနှင့် ဗြိတိသျှအုပ်ချုပ်သူများ၏ ဝိညာဉ်များသာရှိမည်။

သို့သော် အောက်တိုဘာလ ၂၂ ရက်က မြို့ထဲတွင် အသံချဲ့စက်ဖြင့် မြန်မာရော့ခ်သီချင်းများ သီဆိုနေကြသည်။ လူများသည် မြို့လယ်ကအဝိုင်းရှိရာသို့ ရော့ခ်သီချင်းများနားထောင်ရန် ရောက်လာကြသည်။ စားသောက်ဆိုင်များက ဝေငှသော လက်ဖက်ရည်များကို သောက်ကြသည်။ အဝိုင်းအလယ်တွင် ၅၅ ပေ(၁၆ ဒသမ ၇ မီတာ) မြင့်သောနာရီစင်ကို တွေ့ရှိရသည်။

ဗြိတိသျှများက ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးသောအခါ ကလောမြို့ကို အပူဒဏ်မှ ရှောင်ရှားနိုင်ရန် သွားရောက်သောမြို့အဖြစ် ထားရှိခဲ့သည်။ ထို့ကြောင့် မြို့လယ်အဝိုင်းရှိ နာရီစင်သည် အထူးအဆန်းတော့မဟုတ်ပေ။ မြန်မာနိုင်ငံမှ မြို့အတော်များများတွင် နာရီစင်များ ရှိကြသည်။ ကိုလိုနီခေတ်က အုပ်ချုပ်သူများ၏ အမွေအနှစ်ဖြစ်သည်။ နာရီစင်၏အုတ်များသည် အပြစ်အနာအဆာမရှိ ပကတိအတိုင်း ဖြစ်သည်။ Kalaw Tower (ကလောမျှော်စင်) ဟူသောစာတန်းကို တောက်ပသောကြေးပြားဖြင့် ထိုးထွင်းထားသည်မှာ အဝေးပြေးလမ်းပေါ်မှ ဟိုတယ်တစ်ခုနှင့်ပင် တူနေသေးတော့သည်။

ယခုပြုလုပ်သော ရော့ခ်ဂီတပွဲသည် ကလောမျှော်စင်ကို ဖွင့်လှစ်ခဲ့သည့်နေ့ကို အထိမ်းအမှတ်ပြုလုပ်ခြင်း ဖြစ်သည်။ နာရီစင်အောက်ခြေတွင် Tint Tint Myanmar နှင့် Phyu Zin ကုမ္ပဏီတို့၏ မိသားစု နှစ်စုက သိန်း ၅၂၀ လှူဒါန်းထားကြောင်း ရေးထိုးထားသည်။ ယင်းမိသားစု နှစ်စုသည် ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံမှုများစွာကို ပိုင်ဆိုင်ထားသော မိသားစုများဖြစ်သည်။ ကလောမြို့သည် ခရီးသွားလုပ်ငန်း ဖွံဖြိုးသောမြို့ဖြစ်သည်။

ခရီးသွားလုပ်ငန်းရှင် သူဌေးနှစ်ဦးက ဆောက်ပေးထားသည့် ကလောမြို့နာရီစင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဘန်ဒူးနန့်

ခရီးသွားလုပ်ငန်းရှင် သူဌေးနှစ်ဦးက ဆောက်ပေးထားသည့် ကလောမြို့နာရီစင်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဘန်ဒူးနန့်

နှင်းဆီခြံနှင့် မြက်ခင်းစိမ်းများ

Hill Top Villa Hotel ၏ အထွေထွေမန်နေဂျာဖြစ်ပြီး အသစ်ဖွဲ့ထားသော ကလောမြို့ ခရီးသွားလုပ်ငန်းအသင်း Kalaw Tourism Organization ၏ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးခင်မောင်ချင်းက နာရီစင်ရောက်ရှိလာခြင်းသည် ကလောမြို့အတွက် ကောင်းသည်ဟုဆိုသည်။

ထင်းရှူးပင်များစိုက်ပျိုးထားသော သူ့ဟိုတယ်တွင် ကော်ဖီနှင့် အသားညှပ်ပေါင်မုန့်များ စားသုံးနေစဉ် သူက ကလောမြို့သည် ဗြိတိသျှကိုလိုနီခေတ်က လွန်စွာသာယာခဲ့သည်ဟုဆိုသည်။ ကလောမြို့ ခရီးသွားလုပ်ငန်းအသင်း၏ အတွင်းရေးမှူးဖြစ်သော ဦးကျော်စိုးဟန်ကလည်း ကလောမြို့သို့ လာရောက်လည်ပတ်သူများအား ကိုလိုနီခေတ်၏အမှတ်ရစရာများကို ပြသပေးနိုင်ပါက ကောင်းမည်ဟု ဆိုသည်။ သူသည် Phyu Zin ကုမ္ပဏီပိုင် Royal Kalaw Hills Resort ၏ မန်နေဂျာလည်း ဖြစ်သည်။

ယနေ့ခေတ်တွင် ကလောမြို့သို့ ခရီးသွားများ လာရောက်ကြခြင်းကလည်း ဗြိတိသျှများ လာခဲ့ကြသည့် အကြောင်းရင်းအတိုင်းဖြစ်သည်။ “ကလောမြို့က ခရီးသွားတွေကို ဆွဲဆောင်နိုင်တာက ရာသီဥတုကြောင့်ပါ။ ကလောမြို့ကအေးမြပြီး လေထုကသန့်ရှင်းတယ်” ဟု ဦးခင်မောင်ချင်းက ဆိုသည်။ မိုးရာသီပြီးစ အပူဒဏ်အောက်တွင် ကလောမြို့သို့ လာရောက်ခဲ့သော Frontier သည်လည်း အေးမြမှုကို ချက်ချင်းခံစားခဲ့ရသည်။

ခရီးသွားများ လာရောက်အနားယူပြီးပါက နေ့ချင်းပြန်တောင်တက်ခရီးများ၊ သို့မဟုတ် ဓနု၊ ပအိုးဝ်၊ တအာင်း(ပလောင်)နှင့် တောင်ရိုးရွာများသို့ ရက်ရှည်ခြေကျင်ခရီးများ သွားရောက်လည်ပတ်နိုင်သည်။ ယင်းသို့မဟုတ်ပါကလည်း ကလောမြို့ကိုယ်၌က လှပပြီးဖြစ်သည်။ သစ်သားဖြင့်ဆောက်လုပ်ထားသော ဗြိတိသျှအိမ်ကြီးများ၊ နှင်းဆီခင်းများကြား ဆောက်လုပ်ထားသော ဘန်ဂလိုများရှိသည်။ ယင်းဗြိတိသျှ အိမ်အချို့သည် ယိုယွင်းနေသော ကြောက်မက်ဖွယ်အိမ်ဟောင်းကြီးများအဖြစ် ရှိနေသော်လည်း အများအပြားသည် ဟိုတယ်များဖြစ်နေကြသည်။ ကိုလိုနီခေတ်အငွေ့အသက်များကို လာရောက်ခံစားလိုသူများအတွက်ဖြစ်သည်။

 

မကြာသေးခင်က ဖွဲ့စည်းခဲ့သည့် ကလောခရီးသွားလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးခင်မောင်ချင်း(ယာ)နှင့် အသင်းအတွင်းရေးမှူး ဦးကျော်စိုးဟန်တို့ကို Hill Top Villa Hotel ၌ တွေ့ရစဉ်။ ဓာတ်ပုံ - ဘန်ဒူးနန့်

မကြာသေးခင်က ဖွဲ့စည်းခဲ့သည့် ကလောခရီးသွားလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးခင်မောင်ချင်း(ယာ)နှင့် အသင်းအတွင်းရေးမှူး ဦးကျော်စိုးဟန်တို့ကို Hill Top Villa Hotel ၌ တွေ့ရစဉ်။ ဓာတ်ပုံ – ဘန်ဒူးနန့်

နာရီစင်မှ ၅ မိနစ်ခန့်လျှောက်သွားပါက ကလောဘူတာသို့ရောက်နိုင်သည်။ ထိုဘူတာမှ ရန်ကုန်မြို့သို့ ၁၅ နာရီကြာ ရထားစီးသွားနိုင်သည်။ ထိုသို့မဟုတ်ပါကလည်း ၃ နာရီခွဲကြာ ရထားစီးပြီး ရွှေညောင်သို့ သွားရောက်နိုင်သည်။ ရွှေညောင်မှတဆင့် တောင်ကြီးနှင့်အင်းလေးသို့ ခရီးဆက်နိုင်သည်။ ကားဖြင့်သွားက ပိုမြန်နိုင်သော်လည်း ရန်ကုန်သို့ အမြန်သွားလိုသူများသည် ဟဲဟိုးမြို့မှတဆင့် လေယာဉ်စီးနိုင်သည်။ ကလောမှ ဟဲဟိုးသို့ တစ်နာရီခန့် ကားစီးရသည်။

ပြီးခဲ့သောနှစ်တွင် ရန်ကုန်မြို့ ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ Yangon Heritage Trust သည် ကလောမြို့၏ ရထားဘူတာနှင့်စာတိုက်ကို ပြုပြင်ပြောင်းလဲရန် ဗိသုကာပညာရှင် နှစ်ယောက်ကို မူကြမ်းရေးဆွဲဖို့ စေလွှတ်ခဲ့ကြောင်း YHT ၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က Frontier ကိုပြောသည်။ ဦးခင်မောင်ချင်းကမူ ကလောမြို့တွင်းရှိ ကိုလိုနီခေတ်အဆောက်အအုံများတွင် သမိုင်းကြောင်းကို အကျဉ်းချုပ်ရေးထားသော အပြာရောင်ဆိုင်းဘုတ်များ တပ်ဆင်ထားရန် အကြံပေးသည်။ ယင်းမှာ YHT က ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော အပြာရောင်ဆိုင်းဘုတ် တပ်ဆင်သည့်အစီအစဉ်မှ အကြံရခြင်းဖြစ်သည်။ ကိုလိုနီခေတ်ပုံစံ လမ်းညွှန်ဆိုင်းဘုတ် ဖြစ်သည်။

တိုးတက်မှုက မများလှသေး

ကလောမြို့ ခရီးသွားလုပ်ငန်းအသင်းသည် ပြီးခဲ့သောနှစ်တွင် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်း တစ်ခုအဖြစ် ဟိုတယ်ပိုင်ရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ ဧည့်လမ်းညွှန်များဖြင့် အစိုးရနှင့်ထိတွေ့ဆက်ဆံရန် ဖွဲ့စည်းခဲ့သည်။ ထို့နောက် သင့်တော်သောဖွံ့ဖြိုးရေးလုပ်ငန်းများ ကလောမြို့တွင်လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။ ကျွန်တော်တို့က “ဖွံ့ဖြိုးရေးကို လိုချင်ပါတယ်။ အလွန်အကျွံဖွံ့ဖြိုးတာတော့ မလိုချင်ဘူး” ဟု ညောင်ရွှေမြို့မှ အင်းလေးကန်တွင် ဖြစ်ပွားခဲ့သောကိစ္စများကို သင်ခန်းစာယူပြီးပြောပြသည်။ ဟိုတယ်များစွာ အဆမတန် ဆောက်လိုက်ပါက မြို့၏သဘာဝအလှအပများကို ထိခိုက်စေမည်ဟု၎င်းကဆိုသည်။

ဂျာမန် ဖွံ့ဖြိုးရေးအေဂျင်စီ တစ်ခု၏နည်းပညာအကူအညီဖြင့် ကလောမြို့ ခရီးသွားလုပ်ငန်းအသင်းသည် မြို့ပြဖွံ့ဖြိုးရေးအစီအစဉ် တစ်ခုကိုရေးဆွဲနေသည်။ ကလောမြို့နယ် စည်ပင်၏အကူအညီကို ရရှိပါက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဖွံ့ဖြိုးမှုများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အဖွဲ့ဝင်များက ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်သည် တက်ကြွစွာ ကူညီဆောင်ရွက်ပေးသည်ဟုဆိုသည်။

“တာဝန်သိတဲ့ ခရီးသွားလုပ်ငန်းကို ကျွန်မစိတ်ဝင်စားပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အမတ်က ဖုန်းအင်တာဗျူးတွင် Frontier ကိုပြောပြသည်။ တာဝန်သိခရီးသွားလုပ်ငန်းသည် ယခုလက်ရှိတွင် ဖွံ့ဖြိုးမှု မညီမျှသဖြင့် တင်းမာမှုများပေါ်ပေါက်ကာ ပဋိပက္ခများဖြစ်ပွားနေသော ရှမ်းပြည်နယ်မှ တိုင်းရင်းသားများကြား ငြိမ်းချမ်းမှုနှင့်စည်းလုံးမှုကို ရရှိစေနိုင်မည်ဟု သူကဆိုသည်။

The Yangon Heritage Trust က ပုံပါကလောဘူတာနှင့် စာတိုက်တို့ကို ထိန်းသိမ်းပြုပြင်မှုအတွက် လေ့လာရေးဆွဲနိုင်ရန် ဗိသုကာနှစ်ဦးကို ကလောသို့ ယမန်နှစ်က စေလွှတ်ခဲ့သည်။ ဓာတ်ပုံ - ဘန်ဒူးနန့်

The Yangon Heritage Trust က ပုံပါကလောဘူတာနှင့် စာတိုက်တို့ကို ထိန်းသိမ်းပြုပြင်မှုအတွက် လေ့လာရေးဆွဲနိုင်ရန် ဗိသုကာနှစ်ဦးကို ကလောသို့ ယမန်နှစ်က စေလွှတ်ခဲ့သည်။ ဓာတ်ပုံ – ဘန်ဒူးနန့်

ထိုခရီးသွားလုပ်ငန်းအသင်းသည် တရားဝင်အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်ရန် ကြိုးစားနေသည်။ သို့သော် ယခုတွင်ပင် ပြည်တွင်းနှင့်နိုင်ငံတကာမှ ထောက်ခံမှုများ ရရှိထားပြီးဖြစ်သည်။ ကလောမြို့ကို သန့်ရှင်းသာယာအောင် လုပ်ဆောင်ခဲ့မှုဖြင့် ASEAN Clean Tourism City Standard အာဆီယံ သန့်ရှင်းသောခရီးသွားမြို့တော် အဆင့်အတန်းသတ်မှတ်သည့်အဖွဲ့၏ အသိအမှတ်ပြုမှုကို ရရှိထားသည်။ ယင်းအဖွဲ့အစည်းက စည်ပင်သာယာကို အမှိုက်ကားများ လှူဒါန်းခြင်းကြောင့် ဒေသခံများက အိမ်တွင်းအမှိုက်များကို ခြံထဲတွင်မီးရှို့သည့်အလေ့အထ ပျောက်ကွယ်သွားခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောပြသည်။

ဦးခင်မောင်ချင်းနှင့် ကိုကျော်စိုးဟန်တို့က အသင်းဆောင်ပုဒ်ကို Lets’s Make Kalaw Great Again (ကလောမြို့ တကျော့ပြန်ကြီးကျယ်ခမ်းနားဖို့ ကြိုးပမ်းကြပါစို့)ဟု သတ်မှတ်နိုင်ရန် အဖွဲ့ဝင်များ၏ သဘောတူညီချက်ကို တောင်းခံထားသည်ဟုဆိုသည်။

ဖဲဝိုင်း၊ တင်းနစ်ကွင်းနှင့် အတင်းအဖျင်းတို့သာ မွေ့လျော်ရာ

မည်သို့ဆိုစေ၊ ကိုလိုနီခေတ်တုန်းကလည်း ကလောမြို့လေး၏ ကြီးကျယ်ခမ်းနားမှုကို လာလည်ကြသူ ဧည့်သည်အားလုံးက နားလည်သိရှိခဲ့ကြသည်မဟုတ်ချေ။ အိုင်းရစ်လူမျိုး ကိုလိုနီအုပ်ချုပ်ရေး အငြိမ်းစားအရာရှိနှင့် စာရေးဆရာလည်းဖြစ်သူ မောရစ်ကောလစ် Mourice Collis သည် ၁၉၃၈ ခုနှစ်တွင် ဝန်စည်စလှယ်များ ခေါင်မိုးအထိတင်ထားသောကားတစ်စီးဖြင့် အစေခံတသိုက်နှင့်အတူ ကလောမြို့သို့ရောက်လာသည်။

အစပိုင်းတွင် ကလောမြို့လေး၏လှပမှုကြောင့် ညှို့ယူဖမ်းစားခံလိုက်ရသော်လည်း ဖဲဝိုင်း၊ တင်းနစ်ကွင်းနှင့် မပြီးဆုံးနိုင်သော အတင်းအဖျင်းပြောခြင်းတို့ဖြင့်သာ အချိန်ကုန်နေကြသော အငြိမ်းစားနှင့် တာဝန်ထမ်းဆဲ ဗြိတိသျှအရာရှိများနှင့် သူတို့၏မိသားစုများ၏ မွန်းကြပ်သောပတ်ဝန်းကျင်မှ ထွက်ပြေးလိုစိတ် အလျင်အမြန် ဖြစ်ပေါ်လာခဲ့သည်။ မောရစ်ကောလစ်အတွက်တော့ ကလောမြို့သည် အင်္ဂလိပ်တို့၏ လူနေမှုဘဝစစ်စစ်နှင့် တက်ကြွလှုပ်ရှားသော မြန်မာ့ဘဝအကြား၊ ဟိုမရောက် ဒီမရောက်၊ လမ်းခုလတ်မှ အထီးကျန်အိမ်လေးနှင့်သာ တူနေတော့သည်။

ကလောလေကို ရှူရှိုက်ရသည်မှာ ထောင်ထဲကလေကို ရှူရသလို အသက်ရှူမဝ၊ ထိုအချိန်က ကျွန်တော်သည် လန်ဒန်ရှိအိမ်သို့ ညတွင်းချင်းပင် ပြန်ပြေးချင်စိတ်ဖြစ်မိသည်ဟု မောရစ်ကောလစ်က ထိုနှစ်ထဲမှာပင် ထုတ်ဝေခဲ့သော ရှမ်းပြည်ခရီးသွားမှတ်တမ်းစာအုပ် နေဝင်ဘုရင်များ Lords of the Sunset တွင် ရေးသားခဲ့သည်။

သို့သော် ယနေ့ကလောမြို့လေး၏ ဆွဲဆောင်မှုသည် ကိုလိုနီခေတ်ကို တသလွမ်းဆွတ်မှုထက်တော့ သာလွန်ပါသည်။ မစ္စတာ ပေါ်လိုဖဲလစ် Mr. Paulo Felice သည် ကလောမြို့တွင်နေထိုင်သည့် တစ်ဦးတည်းသော အီတလီလူမျိုးဖြစ်ပြီး သူ့မြန်မာဇနီးသည် မခိုင်ဇာနီစိုးနှင့် ၂၀၁၆ ခုနှစ်ကတည်းက အီတာလျံစားသောက်ဆိုင် Red House ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။

သူက Frontier နှင့် တွေ့ဆုံရာတွင် ကလောမြို့ကို သူတန်ဖိုးအထားဆုံးအရာကတော့ ဘာသာစုံ၊ လူမျိုးစုံ တွေ့မြင်ရခြင်းပဲဟု ပြောပြပါသည်။ ကလောတွင် ငါးရက်တစ်ဈေးရှိသည်။ ငါးရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချသည့်ဈေး၌ ဓနု၊ ပအိုးဝ်၊ တအာင်း၊ တောင်ရိုး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ မြို့ပတ်ဝန်းကျင်တဝိုက်ရှိ တောင်များပေါ်မှ ရောက်လာကြသည်။

အမျိုးသမီးက အများစုဖြစ်ပြီး ယောက်ျားအနည်းငယ်သာ တွေ့ရသည်။ ယင်းဈေးနေ့များတွင် ဗဟိုကလောဈေးသည် ဘာသာစကားမျိုးစုံတို့၏အသံဖြင့် ပျံ့လွင့်နေပြီး တောင်ပိုင်းရှမ်းပြည်၏ ပြယုဂ်ပုံစံငယ်လေးသဖွယ် မြင်တွေ့ရသည်။

ကလောမြို့မဈေးကြီး။ ဓာတ်ပုံ - ဘန်ဒူးနန့်

ကလောမြို့မဈေးကြီး။ ဓာတ်ပုံ – ဘန်ဒူးနန့်

သို့သော် ကလောမြို့ပေါ်လူထုကလည်း ထိုနည်းတူ လူမျိုးစုံသည်။ ကလောတွင် ဗုဒ္ဓဘာသာ ကျောင်းကန်ဘုရားများ၊ မွတ်ဆလင်ဗလီများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဟိန္ဒူဘုရားကျောင်း၊ ဆစ်ဘုရားကျောင်း အားလုံးရှိသည်။ အိုင်းရစ်နွယ်ဖွား၊ ရှမ်းနွယ်ဖွား၊ ကရင်နွယ်ဖွား၊ ပန်ချာပီနွယ်ဖွားများ ပေါင်းစုရောနှောနေသော မိသားစုကြီးတစ်ခုသည် ၂၀ ရာစုအစောပိုင်းက သူတို့ဘိုးဘွားများ ပိုင်ဆိုင်နေထိုင်လာခဲ့သော သစ်သားအိမ်ကြီးတစ်အိမ်ကို ၁၉၉၅ တွင် သီရိဂေဟာ (ခေါ်) ညီအစ်မ ခုနစ်ယောက်စားသောက်ဆိုင်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။

အခြားနာမည်ကြီး စားသောက်ဆိုင်တစ်ခုမှာ ဧဝရက်-နီပေါ စားသောက်ဆိုင်ဖြစ်သည်။ နီပေါနိုင်ငံ ရေကန်ကြီး တစ်ကန်ဘေးရှိ ပိုခါရာမြို့ဇာတိနွယ်ဖွားတစ်ဦးသည် ဒုတိယကမ္ဘာစစ်အတွင်းက အိန္ဒိယစစ်တပ်တွင် ဂေါ်ရခါးစစ်သားတစ်ဦးအဖြစ် မြန်မာနိုင်ငံစစ်မြေပြင်သို့ ရောက်ရှိခဲ့ရာမှ စစ်ကြီးပြီးသောအခါ ကလောမြို့၌ အခြေချနေထိုင်လာခဲ့ပြီး ထိုဆိုင်ကို သူ၏သားစဉ်မြေးဆက်များက ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ဧည့်သည်တွေ တိုးတိုးလာနေသော မြို့ကလော

ခြုံကြည့်လျှင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းမှာ ရုန်းကန်နေရဆဲဖြစ်သည်။ ရခိုင်ပြည်နယ်မှ ပြဿနာကြောင့် အနောက်တိုင်းမှ သုံးနိုင်စွဲနိုင်သော ခရီးသွားများက မြန်မာနိုင်ငံကို ဝေးဝေးမှ ရှောင်နေကြသည်။ သို့သော် ကလောမြို့ကိုတော့ ခရီးသွားတွေတိုး၍ ဝင်ရောက်နေပါသည်။ ယင်းမှာ တစိတ်တပိုင်းအားဖြင့် ပြည်တွင်းမှ အပန်းဖြေခရီးထွက်သူများ တိုးပွားနေသောကြောင့်ဖြစ်သည်။

ကလောတွင် အဆင့်မြင့်ဟိုတယ်များ ဖွင့်လှစ်ထားသော ဦးခင်မောင်ချင်းနှင့် ကိုကျော်စိုးဟန်တို့ နှစ်ဦးစလုံး၏ အဆိုအရ ကလောသို့လာကြသော နိုင်ငံခြားခရီးသွားနှင့် မြန်မာခရီးသွားတို့၏ အချိုးအစားမှာ ယခင်က နိုင်ငံခြားသားများဘက်က ပိုများခဲ့သော်လည်း မကြာမီနှစ်များအတွင်းက ထိုအချိုးအစားမှာ ပြောင်းပြန်ဖြစ်သွားခဲ့ကြောင်းသိရသည်။

၂၀၁၁ ခုနှစ်တွင် မော်တော်ကားတင်သွင်းခွင့်ကို ဖြေလျော့ပေးလိုက်သည့်နောက်ပိုင်း တိုးပွားနေသော မြန်မာ့လူလတ်တန်းစားအလွှာတွင် ကားပိုင်သူဦးရေ နည်းပါးသေးသည့်တိုင် ကိုယ်ပိုင်ကားဖြင့် မိသားစုခရီးသွားမှုများ တိုးပွားခေတ်စားလာလျက်ရှိသည်။ တချိန်တည်းမှာပင် လူမှုမီဒီယာတွင် ခရီးသွား ဘလော့ဂါများ travel bloggers တွင်ကျယ်လာရာ စနေ၊ တနင်္ဂနွေ အပန်းဖြေခရီးထွက်သည့် ယဉ်ကျေးမှုနှင့် ကိုယ်တိုင်ဓာတ်ပုံရိုက်သညိ့ ဆယ်ဖီယဉ်ကျေးမှုတစ်ရပ် လူငယ်ထုအတွင်း ပျံ့နှံ့သွားခဲ့သည်။

ကလောမြို့မှ နာရီပိုင်းအချိန်ယူလျှောက်သွားရသည့် ရှုခင်းသာ။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ကလောမြို့မှ နာရီပိုင်းအချိန်ယူလျှောက်သွားရသည့် ရှုခင်းသာ။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

Frontier ကတွေ့ဆုံမေးမြန်းခဲ့သော ဟိုတယ်ပိုင်ရှင်နှင့် စားသောက်ဆိုင်ပိုင်ရှင်များ၏အဆိုအရ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးကဲ့သို့မြို့ကြီးများမှလာသည့် မြန်မာခရီးသွားများသည် အနောက်တိုင်းမှ ဧည့်သည်များထက်ပင် သုံးနိုင်စွဲနိုင်သည်ကို တွေ့ရကြောင်း၊ Suites ခေါ်ကျယ်ဝန်းသောဟိုတယ်ခန်းတွဲများကို ကြိုတင်မှာထားကြကြောင်း၊ နိုင်ငံခြားဖြစ် အဖိုးတန်ဝိုင်အရက်များကိုလည်း မှာကြားကြကြောင်းသိရသည်။

ကလောတွင် တောတောင်ကုန်းတန်းများကို ခြေလျင်လျှောက်သည့် trekking ခရီးသွားလုပ်ငန်းကို မိသားစုများက လုပ်ကိုင်နေကြသည်။ လမ်းပြအဖြစ် ဝန်ဆောင်မှုပေးကြသည်။ trekking လုပ်ငန်းကလည်း ကျဆင်းနေသည်။ လောလောဆယ်ခြေလျင်လမ်းလျှောက်သည့် hiking လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်း တစ်ခုဖြစ်သည်။ နိုင်ငံခြားခရီးသွားများ အထူးသဖြင့် အနောက်တိုင်းမှ ခရီးသွားများလာဖို့တော့လိုအပ်သည်။

မတိုးတိုးမာ လုပ်ကိုင်နေသော Ever Smile Trekking Agency သည် ကလောမြို့တွင် လူသိအများဆုံး trekking အေဂျင်စီများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သူ့ဖောက်သည်အများစုမှာ ဥရောပမှ ခရီးသွားများဖြစ်သည်။ မနှစ်က သူ့ထံသို့ ဧည့်သည်အလာ ကျသွားသည်ဟု မတိုးတိုးမာက ပြောပြသည်။

ယခင်က ယခုလို (နိုဝင်ဘာ – မတ်) ခရီးသွားရာသီမှာ တနေ့တနေ့ ဧည့်သည် ၃၅ ယောက်ခန့်ထိရှိခဲ့ရာ ယခုအခါ တနေ့ လူ ၂၀ လာပါက ကံကောင်းလှပြီဟု ပြောပြပါသည်။ ထိုသို့နိုင်ငံခြားသား ခရီးသည်များ ကျဆင်းသွားသည်ကို တိုးလာသည့်မြန်မာ့ခရီးသည်များနှင့် အစားထိုးရနိုင်မည်ဟု မတိုးတိုးမာက မယူဆချေ။ သူ့ဖောက်သည် ၂၀ တွင် မြန်မာတစ်ဦးလောက်သာ ပါတတ်သည်။ လာရောက်သောမြန်မာတို့ကလည်း နေ့တိုခရီးလေးများကိုသာ လျှောက်လိုကြသည်ဟုဆိုသည်။

“တချို့လမ်းပြတွေဆို ရွာပြန်ပြီး ယာတောင်လုပ်နေကြပါပြီ”ဟု မတိုးတိုးမာက ပြောပြပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – တောင်ပိုင်းရှမ်းပြည်မှ ကလောမြို့လေးသည် တချိန်ကဗြိတိသျှတို့၏ အနားယူတောင်ပေါ်စခန်းသာ မြို့လေးဖြစ်ခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကလောသည် ခြေလျင်တောင်ပေါ်ခရီးသွားသည့် အပန်းဖြေစခန်းမြို့အဖြစ် ထင်ရှားလာခဲ့သည်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.