မြန်မာ့ကာချုပ်ကို Facebook က ဆင်ဆာဖြတ်လိုက်ပြီလား

Facebook လုပ်လိုက်ပုံက လွန်လွန်းသည်ဟု တချို့က ဆိုသည်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် လွတ်လပ်စွာ သတင်းသိပိုင်ခွင့်တွေ ချိုးဖောက်ခံရသလားဆိုတာကတော့ အငြင်းပွားဖွယ်ရာပင်ဖြစ်သည်။

Oliver Spencer နှင့် ယဉ်ရတနာသိန်း ရေးသားသည်။

သြဂုတ် ၂၇ ရက်နေ့က ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့က မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲမှုထွက်ပေါ်လာပြီး မိနစ်ပိုင်းအတွင်းမှာပင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်နှင့် ဆက်နွယ်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂ဝ ၏ အကောင့်နှင့် စာမျက်နှာများကို Facebook က ဖယ်ရှားပစ်လိုက်သည်။ Facebook ၏ ဆုံးဖြတ်ချက်သည် ဆင်ဆာတည်းဖြတ်ခြင်းပေလောဟူသော အငြင်းအခုံများ အွန်လိုင်းပေါ်တွင် ချက်ချင်း ပျံ့နှံ့သွားသည်။

ကုလသမဂ္ဂ အစီရင်ခံစာအသစ်က မြန်မာစစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များကို နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအရ တရားစွဲဆိုရန် သက်သေအထောက်အထား အလုံအလောက်ရှိကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲလိုက်ပြီး လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်သည့် အထောက်အထား Facebook Posts အချို့ကို ထောက်ပြခဲ့သည်။ အစိုးရနှင့် စစ်တပ်သည် အမုန်းတရားကိုဖြန့်ရာတွင် Facebook ကို လက်နက်ကိရိယာသဖွယ် အသုံးချပြီး အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများကို လှုံ့ဆော်သည့် အခြေအနေကို အွန်လိုင်းပေါ်တွင် အားပေးအားမြှောက် လုပ်ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ မြန်မာ့အာဏာပိုင်များသည် မျိုးချစ်စိတ်ကို သွယ်ဝိုက်အသုံးပြု၍ အမုန်းစကားတိုးပွားအောင် လုပ်နေခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုသည်မှာ အကြွင်းမဲ့သဘောမျိုး မဟုတ်ဘဲ ဥပဒေနှင့် မညီသော ပြောဆိုမှု ပုံစံများလည်း ရှိနေသည်။ လူမျိုးတုံးသတ်ဖြတ်ရန် လှုံ့ဆော်မှုသည် ဥပဒေနှင့် မညီသည့် အထင်ရှားဆုံး ပြောဆိုမှုပုံစံဖြစ်ပြီး ၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်အရ တားမြစ်ထားသည်။ အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုအတွက် လှုံ့ဆော်ခြင်းကိုလည်း တားမြစ်ထားသည်။

စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များကိုယ်တိုင် လှုံဆော်ရာတွင် ပါဝင်ခြင်း ရှိ၊ မရှိ ဆိုသည့် မေးခွန်းကို ဖြေကြားရန်မှာ ၎င်းတို့၏ Facebook posts များနှင့် တင်ခဲ့သော အခြေအနေအရပ်ရပ်ကို အသေးစိတ်လေ့လာရန် လိုအပ်ပါသည်။ လှုံ့ဆော်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကုလသမဂ္ဂက အပိုင်း ရှစ်ပိုင်းပါဝင်သော စမ်းသပ်ချက်ကို အသုံးပြုခဲ့သည်။ စက်တင်ဘာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တင်ပြမည့် ၎င်းတို့၏ စွပ်စွဲချက်များကို ကျောထောက်နောက်ခံပေးမည့် သက်သေအထောက်အထား များစွာရှိသည်ဟု အစီရင်ခံစာရေးသားသူများက ဆိုသည်။ Facebook ကလည်း သဘောချင်း ကိုက်ညီပုံရသည်။ ထို့ကြောင့်သာလျင် ကုလသမဂ္ဂအစီရင်ခံစာ ထွက်လာပြီး မိနစ်ပိုင်းအတွင်းမှာပင် အကောင့် ၁၈ ခုနှင့် စာမျက်နှာ ၅၂ ခုကို ချက်ချင်း ဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည်။

Facebook သည် နိုင်ငံတစ်နိုင်ငံ မဟုတ်ပေရာ နိုင်ငံတကာ ဥပဒေအရ လှုံ့ဆော်မှုကို ဖယ်ရှားပစ်ရန် တိုက်ရိုက် တာဝန်မရှိပေ။ Facebook က လိုက်နာမည်ဟု ကြေညာထားသော လူ့အသိုက်အဝန်းဆိုင်ရာ စံနှုန်းများတော့ ရှိနေသည်။ မည်သို့ဆိုစေ ကုမ္ပဏီက လက်ငင်းလက်တွေ့ ပို၍စိုးရိမ်နေသော အချက်မှာ အမေရိကန်ပြည်ထောင်စုလို Facebook အခြေစိုက်သော နိုင်ငံတွင် ဥပဒေနှင့် ငြိစွန်းသော စကားများကို ပယ်ဖျက်ခြင်းမပြုပါက Facebook အနေဖြင့် တရားစွဲခံရမည် ဖြစ်သည်။ လှုံ့ဆော်သော စကားများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်နေပါက ပို၍ပင် စိုးရိမ်ဖွယ်ကောင်းလှပေသည်။

Facebook က ယခုလောက် လျင်လျင်မြန်မြန် လုပ်ဆောင်ခဲ့ပုံကို ထောက်ရှုခြင်းအားဖြင့် ကုလသမဂ္ဂအစီရင်ခံစာက သူတို့ကို ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန်တော့မည်ကို တွက်ဆထားပြီး ထိုအတွက် အသင့်ပြင်ထားပုံရသည်။ ထို့ကြောင့်ပင် ပြဿနာဖြစ်နေသော အကောင့်နှင့် စာမျက်နှာများကို ဖယ်ရှားလိုက်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Facebook အနေဖြင့် တရားစွဲခံရလျှင် ကုလသမဂ္ဂအစီရင်ခံစာများသည် ထင်ရှားသော၊ အရေးပါသော သက်သေအထောက်အထားတွေဖြစ်လာလိမ့်မည်။ ထို့ကြောင့် ကုမ္ပဏီ၏ ရှေ့နေများက ထိုအချက်၏ အန္တရာယ်ကို ကုမ္ပဏီအား သတိပေးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာ့မီဒီယာ၊ သတင်းစာခေါင်းစီးများတွင် Facebook ကုမ္ပဏီနှင့် သူ၏ စီအီးအို မာခ့်ဇူကာဘတ်တို့ကို ရှုံ့ချဝေဖန်ကြဦးမည် ဆိုတာကတော့ ပြောစရာပင် မလိုတော့ပေ။

ကုလသမဂ္ဂ၏ အစီရင်ခံစာပါ သွယ်ဝိုက်စွပ်စွဲချက်များက တချို့ posts များသည် ဥပဒေနှင့် မညီဟုသာ ဖော်ပြပါရှိသော်လည်း Facebook က တရားမဝင်ပြောဆိုချက်များပါသော post တစ်ခုချင်းကိုသာမက အားလုံးသော အကောင့်နှင့် စာမျက်နှာအားလုံးကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် မျှတသော တုံ့ပြန်မှု ဟုတ်ပါ၏လောဟူသည်ကို စောကြောစရာ ဖြစ်နေသည်။

ဤအချက်က အရေးကြီးလှပါသည်။ အချိုးအစားမညီ၊ မမျှတသော တုန့်ပြန်အရေးယူမှုကြောင့် မြန်မာ့စစ်တပ် ခေါင်းဆောင်များ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို Facebook က ချိုးဖောက်သည်ဟု အဓိပ္ပာယ် သက်ရောက်ပါလိမ့်မည်။

မြန်မာနိုင်ငံမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တက်ကြွလှုပ်ရှားသူများက Facebook ၏ လုပ်ဆောင်ချက်သည် ယနေ့ကမ္ဘာတွင် အလွန်အရေးပါသော လူထုကွက်လပ်နေရာ ဖြစ်နေပါသည်။ အထူးသဖြင့် မြန်မာကဲ့သို့ နိုင်ငံတွင် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အပေါ် လုံးဝ ပိတ်ပင်လိုက်ခြင်းသည် မညီမမျှ ဖြစ်သွားပါလိမ့်မည်။ ထိုမျှမက မြန်မာလူထုအနေနှင့် တပ်မတော်ခေါင်းဆောင်များ မည်သို့ ထင်မြင်ယူဆသည်ကို သိပိုင်ခွင့်ရှိကြသည်။ တပ်မတော်ခေါင်းဆောင်များသည် တန်ခိုးပါဝါထွားခဲ့သူများ၊ ထွားနေဆဲလူများမဟုတ်ပါလော။

ဤသို့ ငြင်းချက်ထုတ်မှုများသည် နိုင်ငံအများစုတွင် အလွန်အင်အား ကောင်းနေမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ အတွက်မူ ယခုလောက်ထိရောက်မည် မဟုတ်ချေ၊ ဘာကြောင့် ပါလဲ။ မြန်မာစစ်တပ်တွင် ကိုယ်ပိုင် ရုပ်သံလွှင့်ဌာနများနှင့် သတင်းစာများ လက်ဝယ်ရှိနေသောကြောင့် ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ယောက်တွင် မိမိကိုယ်ကို ထုတ်ဖော်တင်ပြရန် အခွင့်အလမ်းနှင့် လုပ်နိုင်စွမ်း ရှိခြင်း၊ မရှိခြင်းသည် လူတစ်ယောက်၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ချိုးဖောက်ရာ ကျ၊ မကျ ဆုံးဖြတ်ရာတွင် အရေးပါသော အချက်ဖြစ်သည်။ ယခုကိစ္စတွင် Facebook ၏ ဆုံးဖြတ်ချက်သည် စစ်တပ် ခေါင်းဆောင်များအား လူထုနှင့် ဆက်သွယ်ရာတွင် နှောင့်နှေးမှုလောက်ကိုသာ ဖြစ်စေနိုင်မည် မဟုတ်ချေ။ ၎င်းတို့တွင် လူထုဆက်သွယ်ရေး အခြားနည်းလမ်းများစွာ လက်ဝယ်ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူထုအနေဖြင့်လည်း စစ်တပ်ခေါင်းဆောင်များ၏ အယူအဆနှင့် သဘောထားများကို ဆက်လက် သိရှိနေနိုင်ကြမည်သာဖြစ်သည်။

Facebook ၏ လုပ်ဆောင်ချက် အချိုးညီမျှခြင်း ရှိ၊ မရှိ ဆိုသည်ကမူ လာမည့် စက်တင်ဘာလထဲတွင် ရှင်းရှင်းလင်းလင်း သိလာရမည်ဖြစ်သည်။ နောက်လတွင် ကုလသမဂ္ဂ၏ အစီရင်ခံစာ အပြည့်အစုံ ထွက်လာသောအခါ အထောက်အထားများလည်း အပြည့်အစုံ ပါလာလိမ့်မည်ဖြစ်သည်။ Facebook  အနေဖြင့်လည်း အမုန်းစကားလှုံ့ဆော်မှု နမူနာများကို အလားတူ ထုတ်ပြန်ပေးမည်ဆိုလျှင် မြန်မာလူထုအဖို့ Facebook ၏ ဆုံးဖြတ်ချက်ကို နားလည်နိုင်မည် ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ မြန်မာစစ်တပ်အပေါ် Facebook ၏ ပိတ်ပင်မှုက အမှန်တကယ် နှုတ်ပိတ်ခံနေရသူတွေ ကိစ္စအပေါ် လောင်းရိပ်မိုးမသွားပါစေနှင့်လို့တော့ ဆုတောင်းပါသည်။ ရိုက်တာ သတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးတို့က နမူနာပြနေသော လွတ်လပ်သည့် မီဒီယာနှင့် ဝေဖန်နိုင်စွမ်းအသံများ မဆိတ်သုန်းပါစေသတည်း။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.