မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှုအန္တရာယ်

သြကာသလောကကြီးကို မြတ်နိုးချစ်ခင်တတ်သော လူငယ်လေးတစ်စုသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အန္တရာယ်ကို လူအများပိုမိုသိရှိနားလည်လာအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။

နိကိုးလ်တူးမောင် ရေးသားသည်။

စက်တင်ဘာလ တနင်္ဂနွေနေ့တစ်နေ့ နေ့လယ်ခင်းအချိန်တွင် လူစည်ကားရာ ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့ ကျောက်တုံးများညီညာလှပစွာ ခင်းထားသော စင်္ကြံပေါ်တွင် ပိုစတာဆိုင်းဘုတ်များ ကိုင်ဆောင်ထားသော လူတစ်ရာခန့်စုရုံး၍ ကြွေးကြော်သံများအော်ဟစ်နေကြသည်။

‘စနစ်ကိုပြောင်းပါ၊ ရာသီဥတု မပြောင်းပါနဲ့’ ၊  ‘ရာသီဥတုကို တရားမျှတစွာ ဆက်ဆံပါ’

ထိုလူငယ်များသည် ကမ္ဘာအနှံ့ ပထမဆုံးပြုလုပ်သည့် “ရာသီဥတုဆိုင်ရာ ဆန္ဒဖော်ထုတ်ပွဲ” Climate Strike ၌ ပါဝင်ဆင်နွှဲနေသော လူ ၇ ဒသမ ၆ သန်းတွင် သူတို့လည်း တတပ်တအား ပါဝင်ဆင်နွှဲနေကြသူများဖြစ်လေသည်။ စက်တင်ဘာ ၂၁ မှ ၂၇ ထိ ပြုလုပ်သည့် ယင်းဆန္ဒဖော်ထုတ်ပွဲကြီးသည် ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သက်၍ သမိုင်းတွင်အကြီးမားဆုံး ပွဲကြီးဖြစ်သည်။

ရန်ကုန် ဗိုလ်ချုပ်ဈေးရှေ့ပြုလုပ်သော ထိုဆန္ဒထုတ်ဖော်ပွဲကို ‘Climate Strike Myanmar’ အဖွဲ့က ဦးဆောင်စည်းရုံးခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့ကို ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာကျောင်းသား ကိုကျော်ရဲထက် (၂၁ နှစ်) က ဦးဆောင်သည်။ အဖွဲ့တွင် အခြားကျောင်းသားများနှင့် ရာသီဥတုလှုပ်ရှားတက်ကြွသူများပါဝင်သည်။ သူတို့က တဖြည်းဖြည်းဆိုးဝါးလာနေသော ရာသီဥတု အကျပ်အတည်းကို တိုက်ဖျက်နိုင်ရေးအတွက် မြန်မာအစိုးရ၊ ပုဂ္ဂလိကကုမ္ပဏီကြီးများနှင့် သာမန်နိုင်ငံသားများကပါ ဝိုင်းဝန်းလုပ်ဆောင်ကြရန် တောင်းဆိုကြသည်။ ကမ္ဘာ့အခြားနေရာများတွင် ပြုလုပ်သော ကန့်ကွက်ဆန္ဒပြပွဲများနှင့် နှိုင်းစာလျှင် သေးငယ်လှသည်မှန်သော်လည်း ပါဝင်လာသူများ (အထူးသဖြင့် မြန်မာလူငယ်များ) တိုးပွားလာနေသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုမှာ မြန်မာနိုင်ငံကို လောလောဆယ်ခြိမ်းခြောက်နေသော အန္တရာယ်တစ်ခုဖြစ်သည်။ ဂျာမနီအခြေစိုက် အကျိုးအမြတ်မယူသောအဖွဲ့ Germanwatch က ထုတ်ပြန်သော Global Climate Risk Index အဆိုအရ ၁၉၉၈ နှင့် ၂၀၁၇ အကြား ပြင်းထန်သော ရာသီဥတုအဖြစ်အပျက်များ၏ ဒဏ်အခံရဆုံး ထိပ်ဆုံး သုံးနိုင်ငံတွင် မြန်မာသည် တစ်နိုင်ငံအပါအဝင်ဖြစ်သည်ဟု ဖော်ပြထားပါသည်။

မြန်မာခေတ်သစ်သမိုင်းတွင် အဆိုးဝါးဆုံးမှာ ၂၀၀၈ တွင် ဖြစ်ပေါ်ခဲ့သော ‘နာဂစ်’ ဆိုင်ကလုံးမုန်တိုင်းဖြစ်ပြီး လူ ၁၃၈,၀၀၀ ကျော် သေဆုံးကာ လူတစ်သန်းခွဲကျော်၏ဘဝများ ထိခိုက်ပျက်စီးခဲ့ကြရသည်။ ၂၀၁၀ တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုံးနှင့် ၂၀၁၇ တွင် ဖြစ်ပေါ်ခဲ့သော မိုရာဆိုင်ကလုံးတို့တွင် သေဆုံးမှုနှင့် အပျက်အစီးပိုများသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုင်ကလုံးမုန်တိုင်း၊ ရေလွှမ်းမိုးမှု၊ မိုးခေါင်ရေရှားမှု၊ အပူလွန်ကဲမှု အဖြစ်အပျက်များသည် လာမည့်ဆယ်စုနှစ်များတွင် ပြင်းအားအရရော အကြိမ်အရေအတွက်ပါ တိုးလာမည်ဟု အန္တရာယ်အညွှန်းကိန်းများက ဖော်ပြနေသည်။

မြန်မာနိုင်ငံဒေသအနှံ့အပြားမှ ပတ်ဝန်းကျင်ထိန်းသိမ်းမှုရေးရာ လူငယ်ခေါင်းဆောင် ငါးဦးကို Frontier က တွေ့ဆုံခဲ့ပါသည်။ သူတို့သည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးကို လမ်းမပေါ်တွင် လှုပ်ရှားမှု၊ လူမှုမီဒီယာများအသုံးပြုမှု၊ ပညာပေးမှု၊ ထောက်ခံအားပေးမှုတို့ဖြင့် လုပ်ဆောင်နေကြသူများဖြစ်သည်။ သူတို့သည် ဇီဝမျိုးစုံမျိုးကွဲ မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ သဘာဝသယံဇာတများကို အလွဲစားသုံးခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်းတို့၏ အမြန်နှုန်းကို လျှော့ချရန် အပြေးအလွှား ကြိုးစားအားထုတ်နေကြသူများ ဖြစ်ပါသည်။

ကမ္ဘာကြီး၏ အပူချိန်မြင့်တက်လာနေသလို ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်လာနေသည်။ မြင့်မားလာသည့် ရာသီဥတုဆိုးရွားမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ရန် မြန်မာလူငယ်တို့ကလည်း အချိန်နှင့်အမျှ ဒီရေနှင့်အပြိုင် ကြိုးပမ်းနေကြရပါသည်။

dsc_0687.jpg

ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ပြုပြင်ဆောင်ရွက်မှုများအတွက် ချီတက်ဆန္ဒဖော်ထုတ်သည့် လူငယ်များအား စက်တင်ဘာ ၂၇ ရက်က ရန်ကုန်၌တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

မြေပေါ်မှ အစပြု

“ကျွန်တော်တို့က ပတ်ဝန်းကျင်ကို ဖျက်ဆီးရကောင်းလာလို့ လူကြီးတွေကို အပြစ်တင်နေကြတယ်လေ၊ ကျွန်တော်တို့ကိုလည်း နောင်လာနောက်သားတွေက အပြစ်တင်စရာဖြစ်ကျန်ရစ်မှာကို မလိုလားဘူး” ဟု ကိုကျော်ဇင်မျိုး ( ၂၀ နှစ်) ကပြောပါသည်။ ကိုကျော်ဇင်မျိုးသည် မန္တလေးမြို့အောက်ခြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Trash Hero ကို ဦးဆောင်နေသူဖြစ်သည်။ သူ့အဖွဲ့သည် နှစ်ပတ်တစ်ကြိမ် အဖွဲ့နှင့် အမှိုက်စုပေါင်းကောက်ကြခြင်း၊ မူလတန်းကျောင်းများတွင် ပညာပေးလုပ်ငန်းဆောင်ရွက်ခြင်း၊ စားသုံးသူများ ပလတ်စတစ်သုံးစွဲမှု လျှော့ချရန် လူမှုမီဒီယာများမှတဆင့် လုပ်ဆောင်ခြင်းတို့ကို လုပ်ကြသည်။ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လူငယ်တွေဦးဆောင်သော ‘Trash Hero’ အသင်း ၁၃ သင်းရှိပြီး အများပြည်သူနေရာများတွင် အမှိုက်ကင်းစင်ရေး လုပ်ဆောင်ကြသူများဟု လူသိများသည်။ ကိုကျော်ဇင်မျိုးက သူတို့ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး လုပ်ဆောင်နေသည်မှာ ကမ္ဘာကြီးပူနွေးလာမှုကို တထောင့် တနေရာမှ ကူညီလုပ်ဆောင်နေခြင်းပါဟု ပြောသည်။

ဂျီနီဗာနှင့် ဝါရှင်တန်တွင် ရုံးစိုက်သော စေတနာ့ဝန်ထမ်းဥပဒေကုမ္ပဏီဖြစ်သည့် Center for International Enviromental Law ၏ ၂၀၁၉ အစီရင်ခံစာအရ လက်ရှိနှုန်းအတိုင်းသွားနေပါက ၂၀၁၅ လောက်ရောက်လျှင် ပလတ်စတစ်စက်ရုံလုပ်ငန်းများမှ ထုတ်လွှတ်သော ကာဗွန်သည် တကမ္ဘာလုံး ကာဗွန်ထုတ်လွှတ်မှု၏ ၁၃ ရာခိုင်နှုန်းရှိမည်ဟုဆိုသည်။ ပလပ်စတစ်ထုတ်လုပ်မှုအဆင့်တိုင်းတွင် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်သည်။ ပလတ်စတစ်ထုတ်လုပ်ရာတွင်၊ သန့်စင်ရာတွင်နှင့် စွန့်ပစ်ရာတွင် အဆင့်တိုင်း၌ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ကြသည်။

“ဒီပြဿနာဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ကိုယ်တိုင် လက်တွေ့လုပ်ကိုင်ပြသပါတယ်၊ ကျွန်တော်တို့ အမှိုက်ရှင်းတယ်၊ ပညာပေးတယ်၊ ပြောင်းလဲအောင်လုပ်တယ်၊ လူမှုမီဒီယာတွေကတဆင့် သိနားလည်မှု မြှင့်တင်ပေးရေးလုပ်နေပါတယ်” ဟု ကိုကျော်ဇင်မျိုးကပြောသည်။ သတင်းစကားတဆင့်ပါးရာတွင် လူမှုမီဒီယာ (အထူးသဖြင့် Facebook) သည် အလွန်လျင်မြန်ထိရောက်သည်ကို Trash Hero အဖွဲ့က သိရှိထားသည်။ မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ သန်း ၂၀ ကျော်ရှိနေရာ သတင်းစကားများကို ဖန်တီးလျှင်ဖြစ်စေ၊ မျှဝေလျှင်ဖြစ်စေ၊ အလျင်မြန်ဆုံးနှင့် အထိရောက်ဆုံး မီဒီယာဖြစ်သည်။ သို့သော် တခါတရံ သတင်းမှားများကိုလည်း ဖြန့်တတ်ကြပေသေးသည်။

ရာသီဥတုပြောင်းလဲမှု သတင်းအချက်အလက်များကို မြန်မာဘာသာနှင့်ရရန် ရှားပါးလှသည်။ ထိုရှားပါးမှုကို ဖြည့်ဆည်းရန် ရန်ကုန်မြို့မှ ဘလော့ဂါအမျိုးသမီး နှစ်ဦး မမျိုးဆုဝေ ( ၂၃ နှစ်) နှင့် မမေခန်းအိမ် ( ၂၄ နှစ်) တို့သည် လူမှုမီဒီယာကို အခွင့်ကောင်းယူ၍ ရာသီဥတုပြောင်းလဲမှုများကို လူအများသိရှိအောင်တင်ပေးသည်။ ‘ကမ္ဘာမြေ စစ်သည်တော်များ’ ‘Warriors of the Earth’ ဆိုသော Facebook စာမျက်နှာမှ ရာသီဥတုပြောင်းလဲမှု သတင်းအချက်အလက်များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြပေးသည်။

“Facebook ကို နိုင်ငံက လူတန်းစားတိုင်း အခမဲ့ ဖတ်ရှုလေ့လာနိုင်ကြလို့ Facebook ကိုပဲ ကျွန်မတို့ရွေးပါတယ်” ဟု အမျိုးသမီးနှစ်ယောက်ကပြောသည်။

အောက်တိုဘာလနှောင်းပိုင်းက ရန်ကုန်မြို့လယ် ဝိုင်အမ်စီအေတွင် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ တက်သစ်စလူငယ်များကို နှစ်ရက်ကြာ အလုပ်ရုံသင်တန်း ပို့ချပေးပါသည်။ သင်တန်းကို မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ပြဒေသတွင် ပြုလုပ်ခဲ့ရသည်မှန်သော်လည်း ရာသီဥတုပြောင်းလဲမှုအချက်အလက်များနှင့် လိုက်လျောညီထွေ နေထိုင်နည်းနှင့် နည်းဗျူဟာလေ့ကျင့်သင်ကြားမှုများကို ကျေးရွာများအထိ ပျံ့နှံ့သွားမည်ဟု မျှော်လင့်ထားသည်။ ရေလွှမ်းမိုးနှင့် မိုးခေါင်ရေရှားမှုတို့လို ဘေးဆိုးဒဏ်အများဆုံးခံကြရသူများမှာ အဆိုပါကျေးလက်ဒေသမှ လူများဖြစ်သည်။

ns-20.jpg

အောက်တိုဘာ ၂၆ က ရန်ကုန်မြို့လယ်ရှိ ဝိုင်အမ်စီအေ၌ ပြုလုပ်သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူလူငယ်များအတွက် အလုပ်ရုံသင်တန်း။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

စာသင်ခန်းထဲထိရောက်ရှိစေရေး

ရေနှင့် ကာဘွန်သံသရာလည်ခြင်းတို့ကဲ့သို့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အကြောင်းအရာများကို အစိုးရကျောင်းများတွင် ဘာသာရပ်အမျိုးမျိုးကြား တစွန်းတစသာသင်ကြားခဲ့ပြီး သဘာဝလောကကြီးနှင့် လူ့အဖွဲ့အစည်းအတွက် ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးရွားပြင်းထန်သည့် သက်ရောက်မှုများကို မီးမောင်းထိုးပြရန် ပေါင်းစပ်သင်ကြားခြင်းမျိုးမရှိဟု မမျိုးဆုဝေကပြောသည်။

“ကျွန်မတို့အစိုးရကျောင်းတွေမှာက သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ သင်ခန်းစာတချို့တော့ရှိပါတယ်။ ဒါပေမဲ့ ပြဿနာက ဒါတွေက မြန်မာနိုင်ငံမှာ ကျွန်မတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ချိတ်ဆက်နေတယ် ဆိုတာကိုတော့ သင်မပေးပါဘူး” ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ သင်မပေးဘဲဖြုတ်ထားခဲ့သည့်အပိုင်းကို သင်ရိုးသစ်များဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး သို့မှသာ လူ့အသိုင်းအဝိုင်းများက ရာသီဥတုပြောင်းလဲမှုကို ပိုမိုနားလည်ကာ ယင်းပြောင်းလဲမှုကို ပိုမိုလျော့ပါးစေရန်နှင့် ပိုမိုလိုက်လျောညီထွေပြင်ဆင်နိုင်မည်ဟု ၎င်းက မျှော်လင့်ထားသည်။

တိုးတက်မှုအတွက် ပထမဆုံးလက္ခဏာများမှာ အဆင့်မြင့်ပညာရေးတွင် ရှိနေပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပညာရေးကို လိုလားသူ အသက် ၃၃ နှစ်အရွယ် ဒေါက်တာသန့်ဇင်သည် လေးနှစ်စီမံကိန်းတစ်ခုဖြစ်သည့် Transformation by Innovation in Distance Education ၏ စီမံကိန်းမန်နေဂျာဖြစ်သည်။ ယင်းစီမံကိန်းက အစိုးရတက္ကသိုလ်များတွင် ပညာရပ်နယ်ပယ်တစ်ခုထက်ပိုသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရေးကို စတင်မိတ်ဆက်ရန်ဖြစ်သည်။

၂၀၁၈ ဖေဖော်ဝါရီက စတင်ခဲ့သည့် စီမံကိန်း၏ပထမအဆင့်တွင် ဒေါက်တာသန့်ဇင်နှင့် ၎င်း၏အဖွဲ့သည် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များ၌ သဘာဝပတ်ဝန်းကျင်ပညာကို ဘွဲ့ကြိုမေဂျာတစ်ခုအဖြစ် ဖွံ့ဖြိုးလာရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ယင်းအဆင့်မှာ ချောမောစွာအောင်မြင်ခဲ့သည်ဟု ၎င်းကပြောခဲ့သော်လည်း တက္ကသိုလ်မတက်မီ မြန်မာကလေးငယ်များအတွက် မသင်မနေရ ရာသီဥတုပြောင်းလဲမှုပညာရေးမရှိခြင်းအပေါ် မမျိုးဆုဝေ၏ စိုးရိမ်မှုကိုလည်း ၎င်းကမျှဝေခဲ့သည်။

“မြန်မာလူငယ်တွေက ရာသီဥတုပြောင်းလဲမှုကို အင်တာနက်ကနေ သင်ကြားနိုင်တယ်ဆိုပေမဲ့ စနစ်တကျသင်ကြားတာမျိုး၊ ဒါမှမဟုတ် ဒီသတင်းအချက်အလက်ကို ပညာရေးအဖွဲ့အစည်းတွေဆီ စနစ်တကျပေးပို့တာမျိုးတော့ မရှိပါဘူး” ဟု၎င်းကပြောသည်။

သို့သော်လည်း ပြောင်းလဲမည့်လက္ခဏာများတော့ရှိသည်။ ယခုနှစ်အစောပိုင်းက အစိုးရက မြန်မာ့ရာသီဥတု ပြောင်းလဲမှုပေါ်လစီ၊ မြန်မာ့ရာသီဥတု ပြောင်းလဲမှုမဟာဗျူဟာနှင့် ပင်မစီမံကိန်းတို့ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ရာသီဥတုပြောင်းလဲမှုဆိုင်ရာထုတ်ပြန်မှုက အမျိုးသားပေါ်လစီများကို ရောင်ပြန်ဟပ်သည့် ပထမဆုံးအကြိမ် ထုတ်ပြန်မှုလည်းဖြစ်သည်။

ယင်းပေါ်လစီတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရေးကို မြှင့်တင်ခြင်းအစီအမံများနှင့် ပြည်သူအားလုံး ရာသီဥတုပြောင်းလဲခြင်းကို သိမြင်မှုမြှင့်တင်ရန် အစိုးရက အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဆိုသည့် ကတိကဝတ်များပါဝင်သည်။ ယင်းသို့အရေးယူဆောင်ရွက်မှုတွင် ရာသီပြောင်းလဲမှုနှင့်ဆီလျော်အောင် ပြင်ဆင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျော့ပါးအောင်ပြုလုပ်ခြင်း၊ ကာဘွန်ထုတ်လွှတ်မှု လျော့နည်းအောင်ပြုလုပ်ခြင်း၊ ရာသီဥတုဒဏ်ခံဖွံ့ဖြိုးရေး၊ ပုံမှန်ပညာရေး၊ အလွတ်ပညာရေးတို့မှတဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခြင်းတို့ပါဝင်သည်။ ထို့အပြင် မူလတန်းနှင့် အလယ်တန်း ပညာရေးတို့ကို ဦးစားပေးသတ်မှတ်မည်ဟုလည်းဆိုသည်။

img_3873.jpg

ကမ္ဘာမြေနေ့ကွန်ရက်၏ မြန်မာလက်ထောက်မန်နေဂျာဖြစ်သူ ရခိုင်ပြည်နယ် ကျောက်ဖြူမှ ကိုလှိုင်မင်းအောင်။ ဓာတ်ပုံ – သူရဇော်

ပြည်တွင်းကြိုးပမ်းမှုများနှင့် ကမ္ဘာလုံးဆိုင်ရာပြဿနာများ

ယင်းပညာရေးနှင့်ပတ်သက်သည့် ကနဦးအစီအစဉ် အောင်မြင်မည်၊ မအောင်မြင်မည်ပြောရန် စောသေးသော်လည်း ရခိုင်ပြည်နယ် ကျောက်ဖြူမှ အသက် ၂၈ နှစ်အရွယ် ကိုလှိုင်မင်းအောင်မှာ ယင်းကိစ္စကို မိမိတို့အရေးကိစ္စအဖြစ် အလေးထားလုပ်ဆောင်နေသော ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူများထဲမှ တစ်ယောက်ဖြစ်သည်။

ယခုအခါ ရန်ကုန်တွင်နေထိုင်နေသော ၎င်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒီမိုကရေစီအတွက် ကမ္ဘာအနှံ့လှုပ်ရှားမှုတစ်ခုနှင့် ညှိနှိုင်းလုပ်ဆောင်သော Earth Day Network အတွက် မြန်မာလက်ထောက်မန်နေဂျာတစ်ဦးဖြစ်သည်။ ၁၉၇၀ပြည့်နှစ်က အမေရိကန်တွင် ပထမဆုံးပြုလုပ်သော မြေကမ္ဘာနေ့ဟု ခေါ်ဆိုသော ဧပြီ ၂၂ ရက်တွင် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို ယင်းကွန်ရက်က ဦးဆောင်ပြုလုပ်သည်။

ယင်းအထိမ်းအမှတ်ပွဲကို ခေတ်သစ်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုအတွက် အုတ်မြစ်ချကာလ တစ်ခုအဖြစ် ယူဆသည်။

“ကျွန်တော်တို့နိုင်ငံမှာ အချိန်တွေအများကြီးမရှိပါဘူး။ အခုချက်ချင်းပဲ အဖြေတွေရှာဖို့လိုပါတယ်” ဟု ကိုလှိုင်မင်းအောင်က ပြောသည်။ ၎င်းသည် ရန်ကုန်ရှိ အထက်တန်းကျောင်းများသို့ သွားကာ သဘာဝပတ်ဝန်းကျင်သိပ္ပံကို ဆန္ဒအလျောက်သင်ကြားနေသူဖြစ်သည်။

“အရေးယူဆောင်ရွက်ဖို့အတွက် လူငယ်တွေက လူကြီးတွေကို မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ တတ်နိုင်သလောက် ထူးခြားမှုရှိအောင် စလုပ်ဖို့လိုပါတယ်” ဟု Young Professionals for Agricultural Development မှ စေတနာ့ဝန်ထမ်းနိုင်ငံကိုယ်စားလှယ် အသက် ၃၂ နှစ်ရှိ ဒေါက်တာအောင်ထွန်းဦးက Frontier ကိုပြောသည်။ ယင်းကွန်ရက်မှာ စဉ်ဆက်မပြတ် စိုက်ပျိုးရေးတိုးတက်မှုကို စိတ်ဝင်စားသည့် လူငယ်အတတ်ပညာရှင်များ၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက် တစ်ခုဖြစ်သည်။

ကိုအောင်ထွန်းဦးသည် ဘယ်လ်ဂျီယံနိုင်ငံ Ghent ဂင့်ထ်တက္ကသိုလ်မှ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးပညာဖြင့် ပီအိပ်ချ်ဒီဘွဲ့ရရှိထားသူဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူအနီး ရွာလေးတစ်ရွာမှဖြစ်သည်။ ယင်းရွာရှိ ၁၅ ဧကကျယ်သောမြေပေါ်တွင် သူ့မိဘများက စပါး၊ ကြံနှင့် နှမ်းတို့ကိုစိုက်ပျိုးကာ သူ့ကျောင်းလခကို ထောက်ပံ့ပေးခဲ့ကြရသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းနီးပါးရှိ ကျေးလက်နေပြည်သူများသည် ရေကြီးခြင်း၊ သုံးရေမလုံလောက်ခြင်းကဲ့သို့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံးဖြစ်ပြီး ပထမဆုံး ခံစားရသူများလည်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော့်မိဘတွေက လယ်သမားတွေပါ။ ရာသီဥတုပြောင်းလဲမှုက သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုနဲ့အညီ သူတို့ပြင်ဆင်နိုင်စွမ်းထက် ကျော်လွန်နေတယ်။ ဒါ့ကြောင့် သူတို့ခံနိုင်ရည်ရှိအောင် ကူညီပေးဖို့ ကျွန်တော်တို့ အဖြေတွေရှာဖို့ လိုပါတယ်” ဟု၎င်းကပြောသည်။

လူ့အသိုင်းအဝိုင်းကို စည်းရုံးလှုံ့ဆော်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေပြင်ဆင်ခြင်းအတွက် ထိရောက်သည့်မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရေးအတွက် သော့ချက်ကျသည်ဟု သူကယုံကြည်သည်။ သို့သော်လည်း ယင်းသို့ဖြစ်လာရန်မှာ ပေါ်လစီချမှတ်သူများ၊ အင်န်ဂျီအိုများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

“ခင်ဗျားက သုတေသီလား၊ လယ်သမားလား၊ အင်ဂျင်နီယာလား။ ခင်ဗျား ဘယ်သူပဲဖြစ်နေနေ ရာသီဥတုပြောင်းလဲမှုအတွက် အဖြေတွေရှာရာမှာ ခင်ဗျားဘယ်လိုကူညီနိုင်တယ်ဆိုတာသာ စဉ်းစားပါ။ ခင်ဗျားတတ်နိုင်တဲ့ လုပ်ကိုင်ပေးနိုင်တာမှန်သမျှ လုပ်ပေးလိုက်ပါ” ဟု၎င်းကဆိုသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – စက်တင်ဘာ ၂၂ ရက်ကကျင်းပသည့် ကမ္ဘာ့ရာသီဥတုဆိုင်ရာ ဆန္ဒဖော်ထုတ်ပွဲ၌ လူပေါင်းရာချီ ပါဝင်ဆင်နွှဲကြသည်။ ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.