မြန်မာနိုင်ငံမှာ လူငယ်ဖြစ်ရတာ စိတ်လှုပ်ရှားစရာပါ – ကနေဒါသံအမတ်ကြီး

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီးတာဝန်မှ အနားယူထွက်ခွာတော့မည့် သံအမတ်ကြီးက လူငယ်များသည် ဘဝကို သတ္တိရှိရှိ လျှောက်လှမ်းသင့်သည်ဟု ပြောကြားသည်။

ရီတာငုယင် ရေးသားသည်။ 

မေး။   ။ မြန်မာနိုင်ငံမှာ သုံးနှစ်နဲ့ သုံးလ တာဝန်ထမ်းဆောင်ခဲ့ပြီး ထွက်ခွာတော့မယ်နော်။ အရင်အချိန်တွေကထက် အခုချိန်မှာ ဒီနိုင်ငံ ကြုံတွေ့နေရတာနဲ့ပတ်သက်လို့ ပိုပြီး သိမှာပါ။ နောက်မျိုးဆက် လူငယ်တွေအတွက် ဘယ်လိုသတင်းစကားမျိုး ပါးခဲ့ချင်ပါသလဲ။

ဖြေ။   ။ ဒီနိုင်ငံက လူငယ်တစ်ယောက်ရဲ့ ဘဝဟာ ကနေဒါ၊ အမေရိကန်တို့က လူငယ်တစ်ယောက်ရဲ့ ဘဝထက်တော့ ပိုပြီးစိတ်လှုပ်ရှားဖွယ်ကောင်းတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ နိမ့်ပါးတဲ့ လူမှုစီးပွားအဆင့် တစ်ခုကနေ စရဦးတော့ ကြီးမားတဲ့ အလားအလာ တစ်ခုက ရှိနေပါတယ်။ အဲဒါက တစ်ဦးချင်း တစ်ယောက်ချင်းက လုပ်ဆောင်ချက်ဖြစ်ပေမဲ့ နိုင်ငံ့အပေါ်မှာ မယုံနိုင်စရာ အသွင်ပြောင်းစေတဲ့ သက်ရောက်မှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်တစ်ယောက် ဖြစ်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ စာရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါမှမဟုတ် ရက်ပါတွေလို ဖန်တီးမှုလောကက လူတွေအတွက် ရှင်သန်တက်ကြွဖို့ ကြီးမားလှတဲ့ အချိန်အခါကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာတွေဟာ သူတို့ရဲ့ဇာတ်လမ်းတွေကို ကမ္ဘာကို ချမပြရသေးပါဘူး။ ဒါက အခွင့်အလမ်းပါ။ ကမ္ဘာတစ်ဝန်းက ပြည်သူတွေကလည်း မြန်မာကို စိတ်ဝင်စားပါတယ်။ ဒီကလူတွေ ဘာတွေ တွေးနေတယ်။ ဘယ်လို ခံစားနေရတယ်ဆိုတာပေါ့။ ဒါဟာ မြန်မာလူငယ်တွေအတွက် ကြီးမားတဲ့ အခွင့်အခါကောင်းကြီးပါ။

မေး။   ။ အဲတော့ သူတို့(လူငယ်တွေ)ကို ဘယ်လိုအကြံများ ပေးချင်ပါသလဲ။

ဖြေ။   ။ ကနေဒါက လူငယ်တွေကို ပေးသလိုပါပဲ။ ကိုယ့်ဘဝလမ်းကြောင်းကို ရွေးချယ်ရာမှာ အရမ်းကြီး ဂရုတစိုက် တွက်ချက်လွန်းတာဟာ ကြီးကျယ်တဲ့ အယူအဆကောင်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကိုယ် ဘာလုပ်ချင်တယ်ဆိုတာ စဉ်းစားတွက်ချက်ဖို့ ကြိုးစားတာက ပိုကောင်းပါတယ်။ အဲဒါကိုပဲ အားထည့်ပြီး စိတ်ပါလက်ပါ လုပ်ရင် အောင်မြင်ဖို့ ပိုများပါတယ်။

လူငယ်တစ်ယောက်အနေနဲ့ ရှေ့ခရီးက အဝေးကြီး ရှိသေးတယ်။ ပိုပြီးဆင်းရဲတဲ့ ဒေသက လူတွေမှာ မှားယွင်းကိန်း ရှိတယ်ဆိုပေမဲ့ ပိုနည်းတယ်ဆိုတာကို အသိအမှတ်ပြုပါတယ်။ ခင်ဗျားမှာ အားကိုးအားထား ပြုရမယ့် ကျောထောက်နောက်ခံရယ်လို့ မရှိဘူး။ ဒါပေမဲ့ ဆန္ဒတော့ ရှိရမယ်။ ပထမဆုံးလုပ်တဲ့ အလုပ်ကိုပဲ တစ်သက်လုံး လုပ်သွားရမယ်လို့ တွေးထားစရာ မလိုပါဘူး။ ကိုယ် ဘာလုပ်ချင်တာဆိုတာ သိအောင်လုပ်ဖို့ သွားနေရတဲ့ လမ်းကြောင်းက အလွန်အင်မတန် ကွေ့ကောက်လှပါတယ်။ ကျွန်တော်တောင် နိုင်ငံခြားရေးဌာနမှာ အသက် ၃၂ နှစ်ကျမှ စလုပ်တာပါ။

ကျွန်တော် ယောင်တောင်ပေါင်တောင် လုပ်နေခဲ့ဖူးတယ်။ အချိန်အများစုကတော့ တက္ကသိုလ်ထဲမှာပါ။ အဲဒီနောက် ကျောင်းထွက်ခဲ့တယ်။ ဥရောပကို သွားတယ်။ တစ်နှစ်လောက်ကြာတယ်။ အဲဒီနောက် တက္ကသိုလ် ပြန်တက်တယ်။ ပြီးတော့ ထွက်ခဲ့ပြန်တယ်။ အဲဒီနောက် တရုတ်ကို သွားတယ်။ တစ်နှစ်လောက်ပါပဲ။ အဲဒီမှာ တရုတ်စကားပြော သင်ခဲ့တယ်။ တက္ကသိုလ်မှာ သင်ခဲ့တာတွေထက် ဒီစကားပြော သင်ခဲ့တာက လက်ရှိအလုပ်မှာ  ပိုပြီးအသုံးဝင်တယ်။

ကိုယ့်သတ္တိနဲ့ ကိုယ်နေသွားတာ ပိုကောင်းပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားရေးအလုပ်ကနေ ကျွန်တော် ခွင့်ယူပါတော့မယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးအလုပ်ကို ကျွန်တော်လုပ်ပြီးပါပြီ။ ခုချိန်က ခြားနားတဲ့၊  ဒါမှမဟုတ် ပျော်စရာကောင်းတဲ့ ဒါမှမဟုတ် ထိတ်လန့်စရာကောင်းတဲ့ တခြားအရာတစ်ခုခုကို လုပ်ရမယ့်အချိန်ပါ။

မေး။   ။ အဲဒီလို လုပ်မယ့်ဟာ ဘာလဲဆိုတာ ဆုံးဖြတ်ပြီးပြီလားရှင်။

ဖြေ။   ။ မဆုံးဖြတ်ရသေးပါဘူး။ ဘာမှလည်း ရှိမနေပါဘူး။ ကျွန်တော်က ဒီဧည့်ခံတွေ့ဆုံပွဲမှာ ရှိနေတယ်။ လူတွေက မေးတယ်။ ကျွန်တော်က ဖြေတယ်။ ကျွန်တော် တကယ်မသိပါဘူး။ အဲဒါ ဘာလဲဆိုတာ။ “အိုး အိုကေ ကောင်းပြီလေ။ ဒါဆိုလည်း နောက်တစ်ပတ်ကျရင် ကျွန်တော်တို့ကို ခင်ဗျား ပြောပြမှာပေါ့” တဲ့။  ဒါက ပျော်စရာပါပဲ။ တကယ်လို့ ကျွန်တော်က သိထားတာရှိတယ်၊ အောက်တိုဘာ ၁ ရက်နေ့အတွက် တစ်ခုခု စီစဉ်ထားတယ်ဆိုရင် နည်းနည်းတော့ ပျင်းစရာကောင်းနေမှာပေါ့။

မေး။   ။ မြန်မာနိုင်ငံမှာ နေထိုင်မှုနဲ့ပတ်သက်လို့ ဘယ်လိုများ အကြံပေးချင်ပါသလဲ။ ဘာတွေများ ပြင်ဆင်ရမလဲ။

ဖြေ။   ။ ကျွန်တော်သာဆို မြန်မာဘာသာစကား သင်ထားမှာပေါ့။ ၂၀၀၃ ကနေ ၂၀၀၇ အတွင်းမှာ မြန်မာနိုင်ငံကို အများကြီး လာဖူးပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ဘန်ကောက်သံရုံးမှာ အလုပ်လုပ်နေတာ။ ကျွန်တော်အသက် ၄၀ စွန်းစွန်းပေါ့။ မြန်မာကို ခရီးပေါက်ပြီး မြန်မာစကားကို စသင်ပါတယ်။ ဒါပေမဲ့ ပြန်လာတော့ ဆက်မသင်ဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သိပ်များနေလို့ပါ။ ဘဝဆိုတာ ဒီလိုပါပဲ။ ခင်ဗျားကတော့ ဆက်တိုက်လေ့လာနိုင်မယ်လို့ ထင်မယ်။ ဒါပေမဲ့ ခင်ဗျားမှာ အလုပ်တွေ ရှုပ်ရှုပ်နေတတ်တယ်။ ဟော ဗြုန်းစားကြီး ရောက်လာသလိုပဲ။ သုံးနှစ်သုံးလ ကြာသွားတယ်။ ဒီမှာနေဖို့က ကျွန်တော့်အတွက် တစ်ပတ်ပဲ ကျန်တော့တယ်။

မေး။   ။ ကောင်းပါပြီ။ လူကြီးမင်းရဲ့မနက်ပိုင်း အမြဲလုပ်ဆောင်ချက်တွေက ဘယ်လိုပါလဲ။

ဖြေ။   ။ ကျွန်တော့်မှာ လုပ်နေကျစာရင်း တစ်ခုရယ်လို့တော့ မရှိပါဘူး။ ကျွန်တော့်အလုပ်နဲ့ ပတ်သက်ပြီး တကယ်သဘောကျတာ တစ်ခုရှိတယ်။ အဲဒါက ကျွန်တော့်မှာ ပုံမှန်အမြဲလုပ်ရတဲ့ အလုပ်တွေ မရှိတာပဲ။ ကျွန်တော်က ကျွန်တော့်လူတွေအားလုံး တနင်္လာနေ့တွေမှာ အစည်းအဝေးလုပ်ဖို့ ခိုင်းတယ်။ ကျန်တဲ့ရက်တွေမှာ အစည်းအဝေးကြောင့် တစ်ခုခု မလုပ်နိုင်ဘူးဆိုတဲ့ ဆင်ခြေမျိုး မရှိစေချင်ဘူး။

ဒါ့ကြောင့် တနင်္လာနေ့တွေမှာ  ကျွန်တော်တို့ အစည်းအဝေးတွေအားလုံး သေချာလုပ်တယ်။ မနက်ပိုင်းမှာ ကျွန်တော့်ဆီ အဝင်ဖုန်းခေါ်ဆိုမှုတွေရဖို့ ကြိုးစားတယ်။ ဒါမှ ကျွန်တော်က နေ့လယ်ပိုင်းတွေမှာ လူတွေနဲ့တွေ့ဖို့ အပြင်ထွက်နိုင်တာပေါ့။

မေး။   ။ ကျွန်မ အမြဲတမ်းမေးတဲ့ မေးခွန်းတစ်ခုက လက်ဆောင်တစ်ခုအနေနဲ့ ရှင် အများဆုံးပေးတဲ့ စာအုပ်က ဘာလဲ။

ဖြေ။   ။ Politics and the English Language စာအုပ်ပါ။ ကျွန်တော့်ဝန်ထမ်းတွေ အများကြီး၊ အထူးသဖြင့်  အလုပ်သင်နဲ့ လူငယ်ဝန်ထမ်းတွေကို ပေးတာပါ။ စာအုပ်က ခပ်ပါးပါးပါ။ ရှင်းလင်းတဲ့ အဓိကအချက်တစ်ခုကို ဖော်ထုတ်ထားတယ်။ ရှင်းလင်းပြီး နားလည်နိုင်တဲ့နည်းလမ်းနဲ့ ရေးဖို့ပါ။ လူအထင်ကြီးအောင် မကြိုးစားဘူး။

မေး။   ။ လူကြီးမင်းအလုပ်မှာ အကြိုက်ဆုံးအပိုင်းက ဘာပါလဲ။

ဖြေ။   ။ လူအမျိုးမျိုးနဲ့ တွေ့ရတာပေါ့။ သမိုင်း၊ အမျိုးသား အပစ်ရပ်စဲရေးတို့ရဲ့ မျက်မြင်သက်သေလို့လည်း ပြောရမှာပေါ့။ ဒါက တကယ်လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ပိုပြီးဖြစ်နိုင်တာကတော့ လူအမျိုးမျိုးနဲ့ ညစာအတူ စားတာပေါ့ဗျာ။

မေး။   ။လူကြီးမင်းရဲ့ အမှတ်တရအရှိဆုံး အတွေ့အကြုံက ဘာလဲ။

ဖြေ။   ။ ရွေးကောက်ပွဲနေ့ကတော့ အသေအချာပေါ့။ ကျွန်တော် ဘိုကလေးကို သွားခဲ့တယ်။ အဲဒီမှာ စိတ်လှုပ်ရှားစရာ တင်းမာမှုတွေ ဖြစ်ခဲ့တယ်။ မဲစာရင်းတွေမှားတော့ ပြည်သူတွေလည်း မဲပေးလို့မရ။ ဒေါသတွေ ထွက်ကြပေါ့။

လူတွေက မနက်အစောကြီးကတည်းက တန်းစီတာ။ မနက် ၇ နာရီလောက်မှာ လူတန်းကြီးက အတော်ကို ရှည်နေပြီ။ လူတိုင်းက စိတ်အားထက်ထက်သန်သန်နဲ့ စောစောသွားချင်ပြီ။ အားလုံးက သေသေသပ်သပ်နဲ့ပါ။

မနက် ၈ နာရီလောက် ကျွန်တော်တို့ သွားတယ်။ လက်ဖက်ရည် သောက်တယ်။ လူတွေလည်း မဲကောင်းကောင်း ပေးတယ်။ ဘာအမှားအယွင်းမှ မရှိသေးဘူး။ ဒီဖြစ်ပျက်တာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေလည်း ဘယ်သူမှ မကြားသေးဘူး။ စိတ်တွေကလည်း ပိုပိုပြီးတက်ကြွလာတယ်။

အဲဒီနောက် ကျွန်တော်တို့ မဲရုံတွေ တစ်ရုံပြီးတစ်ရုံ သွားတယ်။ မနက် ကိုးနာရီလောက်ပေါ့။ အဲဒီမှာ အမျိုးသမီးနှစ်ဦးဟာ လှလှပပ ဝတ်စားထားပြီး မဲရုံရှေ့မှာ တစ်ယောက်ကို တစ်ယောက် ဓာတ်ပုံရိုက်နေကြတယ်။ နောက်တွဲရိုက်တယ်။ နိုင်ငံခြားသားနဲ့လည်း ရိုက်တယ်။

အဲဒီနောက် ကျနော်သိထားတာက အိုကေကောင်းပြီ မဲရေတော့မယ်။ သူတို့ဟာ စိတ်ဖိစီးတဲ့ စိုးရိမ်ရတဲ့ အဖြစ်အပျက်ကနေ အောင်ပွဲခံဖို့ ပြောင်းလဲတော့မယ်ပေါ့။

အဲဒီနေ့ညနေ ရန်ကုန်ပြန်ရောက်တော့ မဲရေတာကို ကျွန်တော်တို့စပြီး စောင့်ကြည့်ကြတယ်။ ပြီးတော့ သူတို့က ဘယ်သူ့ကိုမဆို စောင့်ကြည့်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ဗီဒီယိုရိုက်ခွင့်ပေးပါတယ်။ ပြီးတော့ သူတို့က ပေးတဲ့မဲတွေကို တစ်ခုချင်း ဖတ်ပြတယ်။ NLD, NLD အသံတွေပါပဲ။ NLD ဧရိယာတစ်ခု မဟုတ်တာတောင် NLD အသံထွက်ပါတယ်။

အဲဒီအခြေအနေမှာ ကျွန်တော်သိလာခဲ့တာက NLD နိုင်တော့မယ်။ ဒီမှာ မဲအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းရရင် ဒါက နောက်ဆုံးအဆုံးအဖြတ်ပဲ။ တကယ်ကို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ၂၄ နာရီပါ။

တစ်ခုရှိတာက ဒါဟာ တကယ့်ကို မှတ်တမ်းတင် အထောက်အထား ဖြစ်မဖြစ် သေချာမသိဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်ခင် တစ်နေ့က မသမာမှုတွေ ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေလည်း အများကြီး ကြားရတယ်။ ဆေးရုံတစ်ခုက မဲတွေအားလုံး လွှင့်ပစ်ပြီး အဲဒီမဲတွေအားလုံး ကြံ့ခိုင်ရေးမဲတွေ လုပ်ပစ်လိုက်တယ်လို့ ကြားတဲ့အကြောင်း တစ်ယောက်က ပြောတာကိုတော့ သတိရမိတယ်။ ဒါတွေအားလုံးက နောက်ဆုံးအချိန်ထိ ရှိနေခဲ့တာ။ လူအများက တကယ်လို့ထင်တဲ့ ခေတ်သစ်စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုပေါ့။

မေး။   ။ နှောင့်နှေးမှုတွေ ဖြစ်လာလိမ့်မယ်ဆိုတဲ့ ပြောစကားတွေ အများကြီး ရှိခဲ့တာပေါ့နော်။

ဖြေ။   ။ ကျွန်တော်က ဝိုင်ပုလင်းတစ်လုံး အနိုင်ရတယ်။ နှောင့်နှေးမှုတွေ မရှိဘူးဆိုပြီး တစ်ယောက်နဲ့ လောင်းခဲ့တာပါ။ သူက NGO တစ်ခုကပါ။ ဒါကတော့ မြန်မာနဲ့ပတ်သက်ရင် အလွန်အဆိုးမြင်လေ့ရှိတဲ့ အနောက်နိုင်ငံတွေက NGO တွေရဲ့အစဉ်အလာပါ။ သူတို့က တကယ့်ပြောင်းလဲမှုဖြစ်တယ်ဆိုတာ နားမလည်နိုင်ခဲ့ပါဘူး။ ရွေးကောက်ပွဲတွေကို အချိန်ဆွဲတော့မယ်၊ ဖျက်သိမ်းတော့မယ်လို့ ပြောနေတဲ့သူအားလုံးနဲ့ ကျွန်တော်က အမြဲတမ်း အငြင်းအခုန် ဖြစ်နေခဲ့တာပါ။

တကယ်တော့ ရွေးကောက်ပွဲက စံပြုပုံစံတစ်ခု ဖြစ်နေချိန်မှာ ရွေးကောက်ပွဲရဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ပတ်သက်လို့ သံသယတွေ များလာအောင် ဖိအားတွေ တိုးလာအောင် လုပ်တဲ့ အဖွဲ့အစည်းတွေကို ကျွန်တော် သိပ်ဘဝင်ကျပါဘူး။ နောက်ပိုင်းမှာ သူတို့ထဲက ဘယ်သူကမှလည်း မတောင်းပန်ပါဘူး။ ပြဿနာတစ်ခုကို ဖော်ထုတ်ဖို့နဲ့ အပျက်မြင်နေသူတွေအကြောင်း သိအောင်လုပ်ဖို့က တရားဝင်တဲ့အလုပ်ပါ။ အပျက်မြင်နေသူတွေက မြန်မာပြည်ကြီး နောက်ပြန်လျှောကျနေပြီ။ လူ့အခွင့်အရေး အခြေအနေကလည်း အခု ပိုဆိုးနေပြီ စသဖြင့် ပြောတယ်။ ဒီလိုမျိုးက ကိုယ်ကျိုးအတွက် လုပ်တာပါ။

မေး။   ။ လူကြီးမင်းက ပြောင်းတော့မှာလေ နောက် ဘာလုပ်မယ်ဆိုတာ စိတ်ကူးရှိပြီလား။

ဖြေ။   ။ ဒါက တစ်ခုခုကို ရွေးချယ်ရမယ့်ကိစ္စပါ။ ကျွန်တော်ကတော့ ဒီမှာလုပ်သလိုမျိုး အလုပ်တွေကိုပဲ လုပ်ဖို့ စိတ်ဝင်စားပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာအလုပ်၊ ဒါမှမဟုတ် ဖွံ့ဖြိုးရေး၊ နိုင်ငံရေးလိုအလုပ်တွေကို ပါလီမန်၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ချင်ပါတယ်။ တကယ်ပျော်စရာကောင်းမှာကတော့ အနုပညာပေါ့ဗျာ။ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ ဘက်ဂရောင်း မဟုတ်ပါဘူး။ ဒါကြောင့် ဒါမျိုးကိုတော့ နားရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ မြေပြင်နဲ့နီးတဲ့ လုပ်ငန်းစဉ်၊ နည်းနည်းနဲ့ ရလဒ်ပိုထွက်တဲ့ အလုပ်လိုမျိုး လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ချင်ပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.