မြန်မာနိုင်ငံက လမ်းတွေပေါ်မှာ ဘယ်လောက် အန္တရာယ်များနေသလဲ

လူဦးရေနှင့် အချိုးချပါက ယာဉ်စီးရေ အနည်းဆုံး ဖြစ်သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းအရ အရှေ့တောင်အာရှဒေသ၌ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်း အမြင့်မားဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ၂၀၁၇ မေလအတွင်းက မြန်မာနိုင်ငံတဝန်း ယာဉ်မတော်တဆမှု ၁,၅၀၀ ကျော် ဖြစ်ပွားပြီး လူ ၂,၅၀၀ နီးပါး ဒဏ်ရာရကာ လူ ၄၈၀ လောက် သေဆုံးခဲ့ပါတယ်။ ဒီနှုန်းနဲ့တွက်ချက်ရင် မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေကြောင့် တစ်နှစ် ပျမ်းမျှ လူ ၆,၀၀၀ ဝန်းကျင် သေဆုံးနေရတယ်ဆိုတဲ့ သဘောပါ။

တကယ့်တကယ် မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆမှု ဖြစ်တဲ့ အရေအတွက်နဲ့ သေဆုံးဒဏ်ရာရ အရေအတွက် အခုထက် အများကြီး ပိုနိုင်ပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံရဲ့ ယာဉ်မတော်တဆမှု အတော်များများ မှတ်တမ်းထဲ ရောက်မလာကြလို့ပါ။

အခြားတစ်ဖက်မှာ ကြည့်လိုက်ရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ် အရေအတွက်ဟာ လူဦးရေ အချိုးအစားနဲ့ဆို အတော်လေး နည်းနေပါသေးတယ်။ ဒီလို ယာဉ်အရေအတွက် နည်းပါးနေသေးတဲ့ အခြေအနေအောက်မှာ ခုလို ယာဉ်မတော်တဆမှုတွေနဲ့ လူအသေအပျောက် များနေရတာဟာ ဖြစ်သင့်ပါရဲ့လား၊ မြန်မာနိုင်ငံရဲ့ လမ်းတွေဟာ ဘယ်လောက် အန္တရာယ်ကြီးနေသလဲ၊ လေ့လာကြည့်ကြရအောင်။

၂၀၁၆ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်မော်တော်ကား အစီးရေ ၄ သိန်း မပြည့်ပါဘူး။ မော်တော်ကား အစီးရေ ၁၂ သန်းနီးပါးရှိတဲ့ ထိုင်းနဲ့ နှိုင်းယှဉ်ရင် အလွန့်အလွန် နည်းပါးသေးတဲ့ အရေအတွက်လို့ ပြောနိုင်ပါတယ်။ လူဦးရေ ၁,၀၀၀ ဆိုရင် ထိုင်းမှာ ကားအစီးရေ ၁၇၆ စီးရှိပြီး မြန်မာမှာတော့ ၇ စီးလောက်ပဲ ရှိပါတယ်။ အတော့်ကို မပြောပလောက်တဲ့ အရေအတွက်ပါ။

နောက် ထိုင်းမှာ ဆိုင်ကယ်နဲ့သုံးဘီး အစီးရေ ၁၉ သန်းလောက်ရှိပြီး မြန်မာမှာကတော့ ၃ ဒသမ ၇ သန်းလောက်ပဲ ရှိပါတယ်။ ဒီလို ယာဉ်အစီးရေ နည်းပါးတဲ့ အခြေအနေမျိုးမှာ မြန်မာနိုင်ငံဟာ ယာဉ်အန္တရာယ် သိပ် မဖြစ်သင့်ဘူးလို့ မှတ်ယူနိုင်ပါတယ်။

တကယ်လည်း ယာဉ်မတော်တဆဖြစ်တဲ့ ကမ္ဘာ့ထိပ်တန်း ၂၅ နိုင်ငံစာရင်းမှာ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေ စာရင်းပေါက်ပေမဲ့ မြန်မာကတော့ မပါဝင်ပါဘူး။ ဒါပေမဲ့လည်း တကယ့်လက်တွေ့အခြေအနေအရ မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ အန္တရာယ်ကင်းရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားက ဝင်ရောက်လာတဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေကို လေ့လာကြည့်လိုက်ရင် ကားအချင်းချင်း၊ ဒါမှမဟုတ် ကားနဲ့ဆိုင်ကယ်၊ ဒါမှမဟုတ် ဆိုင်ကယ်အချင်းချင်း မျက်နှာချင်းဆိုင် တိုက်မိကြတဲ့ သတင်းက အများစုပါ။ ဘာကြောင့် အဲလို ဖြစ်ရတာပါလဲ။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ မောင်းနှင်နေကြတဲ့ မော်တော်ယာဉ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဂျပန်နိုင်ငံမှာ သုံးပြီးသား တစ်ပတ်ရစ် ကားတွေပါ။ ဂျပန်နိုင်ငံသုံးကားတွေ ဖြစ်တဲ့အားလျော်စွာ ဂျပန်နိုင်ငံရဲ့ လက်ဝဲကပ်မောင်းစနစ်နဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့၊ မောင်းသူက ညာဘက်မှာ ထိုင်မောင်းရမယ့် ညာဂိုင်းကားတွေပါ။ မြန်မာနိုင်ငံ လမ်းစနစ်ကတော့ ဂျပန်နဲ့ မတူပါဘူး။ လက်ယာကပ်မောင်း စနစ်ဖြစ်တဲ့အတွက် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းဖို့ဆိုရင် မောင်းသူက ဘယ်ဘက်မှာ ထိုင်မောင်းရမယ့် ဘယ်ဂိုင်းကားတွေပဲ ဖြစ်ရပါမယ်။

မြန်မာနိုင်ငံထဲက ယာဉ်တိုက်မှုတွေမှာ လူအသေအပျောက် အဖြစ်အများဆုံးကတော့ ဆိုင်ကယ်နဲ့ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေပါ။ အဓိက အကြောင်းရင်းကတော့ မြန်မာတစ်နိုင်ငံလုံးက ဆိုင်ကယ် စီးကြသူတွေဟာ ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းပြီး မစီးကြလို့ပါ။ ဒီအချက်ဟာ အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေနဲ့ ခြားနားတဲ့အချက်ပါ။

လက်ရှိ မြန်မာနိုင်ငံ တနံတလျားက ကားလမ်းအများစုဟာ လမ်းအကျယ် အလွန်ကျဉ်းပြီး အများစုကတော့ အသွားတစ်လမ်း၊ အပြန်တစ်လမ်း နှစ်လမ်းသွား လမ်းတွေပဲ ဖြစ်ပါတယ်။ ဒီအခါ ကိုယ့်ရှေ့မှာ ကားတစ်စီးစီး ရှိနေပြီး အဲဒီကားကို ကျော်တက်မယ်ဆိုရင် ဘယ်သူမဆို တစ်ဖက် ယာဉ်ကျောဘက် တက်ပြီးမှ ကျော်တက်လို့ ရပါတယ်။

လက်ရှိ ဂျပန်တစ်ပတ်ရစ်ကားတွေဟာ ညာဂိုင်းတွေ ဖြစ်လေတော့ ကားကျော်တက်ရာမှာ လမ်းရဲ့ဘယ်ဘက် ယာဉ်ကြောကနေ ဘာကားတွေ ဘာယာဉ်တွေ လာနေတယ်ဆိုတာ မမြင်ရပါဘူး။ မြင်ရအောင် ကားကို နည်းနည်း ခေါင်းပြူကြည့်လိုက်၊ ကားမရှင်းရင် ကိုယ့်ယာဉ်ကြောထဲ ပြန်ဝင်မောင်းလိုက် လုပ်ရင်း ကားကျော်တက်တာတွေ လုပ်ကြရတာပါ။

ဒါပေမဲ့ အခန့်မသင့်တာနဲ့ ကိုယ်က ကားကျော်တက်ဖို့ တစ်ဖက်ယာဉ်ကြောထဲဝင် မျက်နှာချင်းဆိုင်ကလာတဲ့ ကား၊ ဆိုင်ကယ်တွေနဲ့ တိုက်မိတော့တာပါပဲ။ ပြီးခဲ့တဲ့ လအနည်းငယ်က ဧရာဝတီတိုင်း ဝန်ကြီးချုပ်ကို သေရာပါ ဒဏ်ရာရစေခဲ့တဲ့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဟာ အဲလိုပြဿနာကြောင့် ဖြစ်ပါတယ်။ ဒီနည်းနဲ့ မြန်မာနိုင်ငံအနှံ့ ယာဉ်တိုက်မှုပေါင်းများစွာ နေ့စဉ် ဖြစ်ပွားနေတာပါ။

မြန်မာနိုင်ငံထဲက ယာဉ်တိုက်မှုတွေမှာ လူအသေအပျောက် အဖြစ်အများဆုံးကတော့ ဆိုင်ကယ်နဲ့ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေပါ။ အဓိက အကြောင်းရင်းကတော့ မြန်မာတစ်နိုင်ငံလုံးက ဆိုင်ကယ် စီးကြသူတွေဟာ ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းပြီး မစီးကြလို့ပါ။ ဒီအချက်ဟာ အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေနဲ့ ခြားနားတဲ့အချက်ပါ။

တကယ်တော့ ဆိုင်ကယ်စီးရင် ကိုယ့်ရဲ့အသက်အန္တရာယ် ကာကွယ်ဖို့အတွက် ဆိုင်ကယ်စီးဦးထုပ် ဆောင်းဖို့ လိုပါတယ်။ မြန်မာနိုင်ငံ ဥပဒေမှာလည်း ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့ပိုင်း စစ်အာဏာရှင် အစိုးရတွေလက်ထက်မှာ ယာဉ်ထိန်းရဲတွေဟာ ပြည်သူတွေ ဆိုင်ကယ်စီးဦးထုပ် ဆောင်းလာအောင် ပညာပေး၊ စည်းရုံးရမှာထက် ဦးထုပ်မဆောင်းရင် ခြိမ်းခြောက် လာဘ်ငွေတောင်းတဲ့ လုပ်ရပ်အဆိုးမျိုး လုပ်ကိုင်ခဲ့တာကြောင့် ပြည်သူအများစုနဲ့ ပဋိပက္ခပေါင်းများစွာ ဖြစ်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း ပြည်သူအများစုကြီးဟာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းတာဟာ ကိုယ့်အတွက်ပဲဆိုတာ မမြင်ကြတော့ဘဲ အာဏာပိုင်တွေရဲ့ အမိန့်ကြောင့် ဆောင်းရမယ်ဆိုတဲ့ သဘောလွဲမှားတဲ့အသိ ဝင်ကုန်ရာကနေ ဒီကနေ့အခြေအနေ ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းတော့တာမျိုး ဖြစ်လာတာပါ။ ဒီပြဿနာကြောင့် ဆိုင်ကယ်စီး ပြည်သူတွေ ယာဉ်မတော်တဆမှု ဖြစ်လိုက်တိုင်း အသက်ဆုံးသည်ထိ ဖြစ်နေကြရတာပါ။

ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ ဖြစ်တဲ့ပြဿနာက တစ်မျိုးပါ။ လမ်းက ၆ လမ်းသွားပေမဲ့ တံတားတွေကို လေးလမ်းသွားပဲ ဆောက်ထားတော့ ကားတွေ အရှိန်နဲ့မောင်းတဲ့အခါ တံတားထိပ်ရောက်၊ တံတားဘောင်နဲ့ရိုက်ပြီး ကားတိမ်းမှောက်တဲ့ဖြစ်စဉ်တွေ မနည်းမနော ဖြစ်ခဲ့ဖူးပါတယ်။ ကွန်ကရစ်ခင်းထားပြီး အပေါ်မှာချောမွေ့အောင် ကတ္တရာ လောင်းမထားတဲ့အတွက် ကားတွေရဲ့တာယာနဲ့ ကွန်ကရစ် ပွတ်တိုက်အား များပြီး တာယာတွေပွင့်ထွက်၊ အရှိန်နဲ့မောင်းတဲ့ကားတွေ တိမ်းမှောက်ကြတာမျိုးလည်း အများကြီးပါပဲ။

အဝေးပြေးလမ်း စံချိန်မီအောင် လမ်းတစ်ဖက်တစ်ချက်ကို ကာရံထားတာ မရှိလေတော့ လမ်းမကြီးထဲ ဝင်ရောက်လာတဲ့ ကျွဲနွား တိရစ္ဆာန်တွေနဲ့ တိုက်မိပြီးဖြစ်ရတဲ့ ယာဉ်တိမ်းမှောက်မှု၊ ဆိုင်ကယ်တွေ ဝင်မောင်းလို့ဖြစ်ရတဲ့ ယာဉ်တိုက်မှု စတာတွေလည်း အဖြစ်များပါတယ်။ ပြောရရင် လမ်းရဲ့ ချို့ယွင်းချက်ကြောင့်ဖြစ်ရတဲ့ ယာဉ်တိုက်မှုက အများဆုံးဖြစ်ပြီး အခုနောက်ပိုင်း အစိုးရက အဲဒီ ချို့ယွင်းချက်တွေကို ပြင်ဆင်နေပါတယ်။

ရန်ကုန်မှာဖြစ်တဲ့ ယာဉ်မတော်တဆမှုတွေကတော့ စိတ်ပျက်စရာ အကောင်းဆုံးပါပဲ။ မြို့လယ်ခေါင်မှာ လူတွေဟာ လမ်းကို ဖြတ်ကူးချင်တဲ့နေရာကနေ ကူးသလို၊ ကားတွေကိုလည်း ရပ်ချင်သလို ရပ်ထားတဲ့အတွက် နဂိုကမှ ကျဉ်းနေတဲ့ယာဉ်ကြောတွေဟာ ပိုလို့တောင် ကျဉ်းသွားစေပါတယ်။ ဒါ့အပြင် ကားအများစုကြီးကလည်း သတ်မှတ်ယာဉ်ကြော၊ သတ်မှတ်စည်းကမ်းအတိုင်း မဟုတ်ဘဲ မောင်းချင်သလို မောင်းကြပါတယ်။

လမ်းပေါ်တက် မောင်းနှင်ဖို့ ခွင့်ပြုမထားတဲ့ အနှေးယာဉ် ဆိုက်ကားနဲ့ စက်ဘီးတွေကိုလည်း ဘယ်သူမှ ပြောတာဆိုတာ မရှိလို့ မောင်းချင်သလိုမောင်းတာ တွေ့နိုင်ပါတယ်။ အစိုးရရဲ့ အလွန်အားနည်းတဲ့ စီမံခန့်ခွဲမှုအောက်မှာ စည်းပျက်ကမ်းပျက်ဖြစ်နေတဲ့ ရန်ကုန်မြို့လယ်မှာ လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်းကားတွေကို မောင်းနှင်နေကြတာ ဘယ်လောက် အန္တရာယ်များမလဲ ခန့်မှန်းနိုင်ပါတယ်။

ဒါကြောင့်လဲ အမေရိကားက လာသူတွေ၊ ဥရောပက လာသူတွေ သူတို့နိုင်ငံမှာ မြန်မာနိုင်ငံနဲ့ ညာကပ်မောင်း လမ်းစနစ် တူခဲ့ရင်တောင် မြန်မာနိုင်ငံ ရန်ကုန်မှာ၊ အဝေးပြေးလမ်းတွေမှာ ကားမောင်းရဲသူ အလွန်ရှားပါတယ်။ မြန်မာနိုင်ငံလမ်းတွေပေါ်မှာ ကားမောင်းရတာ အလွန့်အလွန် အန္တရာယ်များကြောင်း သူတို့တွေ ကောင်းကောင်းသိကြပါတယ်။ ကဲ ခင်ဗျားရော မြန်မာနိုင်ငံရောက်ရင် လမ်းတွေပေါ်မှာ ကားမောင်းရဲပါ့မလား။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.