မြစ်ဆုံကို နှိုးထရန် ရေအားလျှပ်စစ်ပေါ်လစီသစ်ကို တရုတ်က မြန်မာအစိုးရထံ အကြံပြုနေ

တရုတ်အစိုးရက မြန်မာနိုင်ငံ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံ ရေအားလျှပ်စစ်မူဝါဒဆိုင်ရာ စက္ကူဖြူစာတမ်းတစ်ခုဖြင့် အကြံပြုနေပြီး တချိန်တည်းမှာပင် ကာလရှည်ကြာရပ်ဆိုင်းထားသော မြစ်ဆုံဆည်စီမံကိန်း ပြန်လည်လုပ်ဆောင်ရန် ဖိအားပေးနေသည်ဟု သတင်းရင်းမြစ်များက Frontier ကို ပြောကြားကြသည်။

သောမတ်စ်ကင်းန်

ရပ်ဆိုင်းထားသော မြစ်ဆုံဆည်နှင့် တရုတ်အကူညီဖြင့် တည်ဆောက်မည့် မြန်မာပြည်ရှိ အခြားဆည်ကြီးများ၏ အနာဂတ်အတွက် အဓိကတွန်းအားအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (MOEE) ထံ ရေအားလျှပ်စစ် စက္ကူဖြူစာတမ်းဖြင့် တရုတ်အစိုးရအေဂျင်စီတစ်ခုက အကြံပြုထားသည်ဟု သတင်းရင်းမြစ်များက Frontier ကိုပြောသည်။

ကမ္ဘာ့ဘဏ်အုပ်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း International Finance Corporation (IFC) ၏ အထောက်အပံ့ဖြင့် ၂ နှစ်ကြာ ပြုစုရေးဆွဲခဲ့သော ရေအားလျှပ်စစ်ကဏ္ဍအပေါ် မဟာဗျူဟာ ပတ်ဝန်းကျင် အကဲဖြတ်သုံးသပ်မှု အစီရင်ခံစာ (SEA) ကို ဝန်ကြီးဌာနက အတည်ပြုလက်မှတ် ရေးမထိုးသေးဘဲနေခဲ့သည်။

SEA အပြီးသတ်မူကြမ်းကို ၂၀၁၈ ခုနှစ်၊ မေလတွင် IFC က ထုတ်ပြန်ပေးခဲ့သော်လည်း အစိုးရက စက္ကူဖြူစာတမ်း အသစ်တစ်ခုကို ထုတ်ပြန်ရန်ရှိနေကြောင်း ထိုနှစ် သြဂုတ်လတွင် သိရှိခဲ့ရသည်။

ထိုနှစ် နိုဝင်ဘာလတွင် SEA ထွက်လာသောအခါ သိသာသည့်တစ်ခုတည်းသော အပြောင်းအလဲမှာ အစီရင်ခံစာအဖုံးပေါ်မှ MOEE ဝန်ကြီးဌာန၏ အမှတ်တံဆိပ်ဖယ်ရှားလိုက်ခြင်းကိုသာ ထူးခြားချက်အဖြစ် တွေ့မြင်ရသည်။

ဤအချက်ကြောင့် SEA အစီရင်ခံစာ၏ အဓိကထောက်ခံအကြံပြုချက်များအပေါ် အစိုးရ၏ သက်ဝင်ယုံကြည်မှုကို သံသယဖြစ်စရာ ဖြစ်လာခဲ့သည်။ ဧရာဝတီနှင့် သံလွင်မြစ်အပါအဝင် အဓိကမြစ်ကြီး ငါးခု အပေါ်တွင် ရေအားလျှပ်စစ် တည်ဆောက်ခြင်းမပြုရန် SEA အစီရင်ခံစာက ထောက်ခံအကြံပြုထားသည်။

ဤသို့ လိုက်နာလုပ်ဆောင်ပါက တရုတ်နိုင်ငံပိုင် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာတန်သည့် စီမံကိန်းများကို ပိတ်ပင်လိုက်သလိုဖြစ်သွားဖြစ်သည်။ ထိုတရုတ်ကုမ္ပဏီများက SEA အစီရင်ခံစာကို ဆန့်ကျင်လုပ်ကိုင်ရန် လူသိရှင်ကြားရော၊ ကန့်လန့်ကာနောက်ကွယ်မှပါတဖုံ အပြင်းအထန် မဲဆွယ်လှုပ်ရှားနေကြသည်။

တရုတ်တို့၏ ရေအားလျှပ်စစ်မူဝါဒ အကြံပြုချက်အတိုင်းသာဆိုလျှင် ၆,၀၀၀ မီဂါဝပ်ရှိ ကချင်ပြည်နယ် မြစ်ဆုံဆည်ကဲ့သို့ အကြီးစားဆည်ကြီးများအား ပြန်လည်စတင်ရန် အခြေအနေကောင်းလာတော့မည်ဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာကတည်းက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ယခုလိုအချိန်အထိ ပြန်လည်လုပ်ကိုင်ခွင့်ရရန် အခြေအနေ ဝေးလွန်းသည်ဟု ထင်မှတ်ခဲ့ကြသော စီမံကိန်းဖြစ်သည်။

ဤသို့သော နောက်ခံအခြေအနေတွင် မြစ်ဆုံကို တည်ဆောက်မည့် State Power Investment Corporation နှင့် တရုတ်အစိုးရတို့က လူကြိုက်နည်းလှသော ဤစီမံကိန်းကို ပြန်လည်လုပ်ကိုင်ခွင့်ရရန် တွန်းတွန်းတိုက်တိုက် ကြိုးပမ်းလာသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် တရုတ်အစိုးရအေဂျင်စီတစ်ခု၏ နည်းပညာအကူအညီဖြင့် စက္ကူဖြူစာတမ်းတစ်စောင်ပြုစုနေသည်ဟု သတင်းရင်းမြစ်အများအပြားက Frontier ကို အတည်ပြုပြောကြားခဲ့ကြသည်။ ထိုအေဂျင်စီမှာ China National Energy Administration (NEA) ဖြစ်သည်ဟု Frontier က နားလည်ထားသည်။

NEA သည် စွမ်းအင်စီမံကိန်း၊ လုပ်ထုံးလုပ်နည်းနှင့် ဝန်ကြီးချုပ် Li Keqiang ဦးဆောင်သော အမျိုးသားစွမ်းအင်ကော်မရှင် NEC ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးတို့ကို တာဝန်ယူလုပ်ဆောင်ရသည်။

တစ်ခုတည်းသော ရပ်ဝန်းနှင့် လမ်းမ (Belt and Road) အစီအစဉ်ကို လုပ်ဆောင်နေသော အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) က NEA ကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တည်ထောင်ခဲ့သည်။ NEA ၏ အကြီးအကဲသည် NDRC ၏ ဒု-ဝန်ကြီးပင်ဖြစ်သည်။

China Renewable Energy Engineering Institute သည် NEA လက်အောက်ခံ ဉာဏ်ကြီးရှင် Think Tank အဖွဲ့တစ်ခုဖြစ်ပြီး စက္ကူဖြူစာတမ်းကိစ္စကို ဝန်ကြီးဌာနနှင့် ပူးတွဲလုပ်ကိုင်နေသည်ဟု တရုတ်နိုင်ငံအစိုးရမီဒီယာများအဆိုအရ သိရှိရသည်။

၂၀၁၈ ခုနှစ် အစောပိုင်းတွင် NEA ၏ ဒုအုပ်ချုပ်ရေးမှူး Mr. Li Fanrong မြန်မာပြည်သို့လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ NEA ကို မြန်မာနိုင်ငံတွင် ပို၍တွေ့မြင်လာရသည်။

၂၀၁၈ ခုနှစ် သြဂုတ်လနှင့် အောက်တိုဘာလများအတွင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် တရုတ်ပြည်သို့ သွားရောက်ပြီး NEA ထိပ်ပိုင်းအရာရှိများ၊ တရုတ်ရေအားလျှပ်စစ်တည်ဆောက်မည့် ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့သည်။

စွမ်းအင်ပေါ်လစီသစ် ရေးဆွဲချမှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC အနေဖြင့် အံ့အားသင့် တုန်လှုပ်သွားခဲ့ရသည်။ အထူးသဖြင့် မဟာဗျူဟာပတ်ဝန်းကျင်အကဲဖြတ်မှုမှာ ပြီးစီးကာနီးနေသည့် ကာလဖြစ်သောကြောင့် ပို၍အံ့သြကြရသည်။ IFC ပြောခွင့်ရပုဂ္ဂိုလ်က အကဲဖြတ် အစီရင်ခံစာကို နောက်လတွင် အစိုးရထံတင်တော့မည်ဟု Frontier ကို ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းကပင် ပြောခဲ့သေးသည်။ “ဒါပြီး နောက်သိပ်မကြာခင် အစီရင်ခံစာကို ထုတ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက Frontier ကို ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့က ပြုလုပ်သည့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေး မိတ်ဖက်များအစည်းအဝေးတွင် ဝန်ကြီးဦးဝင်းခိုင်က ၎င်း၏ ဝန်ကြီးဌာနသည် ရေအားလျှပ်စစ်မူဝါဒအသစ်အတွက် (၎င်းစကားအတိုင်း ပြောရလျှင်) စက္ကူဖြူစာတမ်းကို ရေးဆွဲနေကြောင်း၊ မဟာဗျူဟာ ပတ်ဝန်းကျင်အကဲဖြတ်အဖွဲ့ SEA နှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

SEA လုပ်ငန်းစဉ်နှင့် အကျွမ်းတဝင်ရှိသော IFC ကိုယ်စားလှယ်တစ်ဦးကမူ လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် စက္ကူဖြူစာတမ်းနှင့် ပတ်သက်၍ နောက်ထပ်အသေးစိတ်အချက်အလက်များကို IFC ထံ လက်ရှိအချိန်ထိ ပေးအပ်ခြင်းမရှိသေးဟု Frontier ကိုပြောသည်။

“စက္ကူဖြူစာတမ်းကို တရုတ်အဖွဲ့အစည်းတစ်ခုက လုပ်နေတယ်လို့ကြားတာပဲ။ အဲဒီထဲမှာ ဘာတွေပါသလဲ၊ ရည်ရွယ်ချက်က ဘာလဲ၊ SEA နဲ့ တကယ်ရော ဆက်စပ်မှုရှိရဲ့လား၊ ဆက်စပ်ထားပါတယ်ဆိုရင် ဘယ်လို ဆက်စပ်ထားတာလဲ ဆိုတာတွေ ကျွန်တော်တို့တစ်ခုမှ မသိရသေးပါဘူး” ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့မေးချင်တာက ဒီစက္ကူဖြူစာတမ်းပြီးသွားရင် ဘာတွေဖြစ်မှာလဲ။ အဲဒီဟာက SEA နဲ့ ဝိရောဓိ ဖြစ်နေမှာလား။ သူတို့ အဆုံးအဖြတ်အတွက် သူတို့ရှေ့ဆက်သွားကြရာမှာ အဲဒီစာတမ်းက ဘာအဓိပ္ပာယ်လဲ” ဟုလည်း ၎င်းကပြောသည်။

SEA အစီရင်ခံစာပေါ်မှ MOEE ဝန်ကြီးဌာန၏ အမှတ်တံဆိပ် ဖယ်ရှားလိုက်ရသည့်ကိစ္စနှင့် ပတ်သက်ပြီး MOEE နှင့် ဆွေးနွေးညှိနှိုင်းခဲ့သည့် အကြောင်းအား ပြောကြားရန်ကိုလည်း IFC ကိုယ်စားလှယ်က ငြင်းဆိုခဲ့သည်။ “အကဲဖြတ်လုပ်ငန်းလုပ်ဆောင်ရာမှာ IFC ရဲ့ ဦးစားပေးတာဝန်က ဒီအစီရင်ခံစာကို လူထုရှေ့မှောက် အချိန်မီရောက်ဖို့ပါပဲ” ဟုသာ ၎င်းက ပြောသည်။

Frontier က မေးမြန်းသည့် မေးခွန်းများကို လက်ခံရရှိကြောင်း MOEE က အသိအမှတ်ပြုသော်လည်း ပြန်လည်ဖြေကြားမည့်အချိန်ကိုမူ ၎င်းတို့က ပြောကြားခြင်းမရှိပေ။ ရန်ကုန်မြို့ရှိ တရုတ်သံရုံးနှင့် China Renewable Energy Engineering Institute တို့ကလည်း တစုံတရာမှတ်ချက်ပြု ပြောဆိုဖို့ ငြင်းခဲ့ကြသည်။

International Centre for Environmental Management နှင့်အတူ SEA ကို ရေးသားပြုစုသော Myanmar Institute for Integrated Development ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Joern Kristensen က “SEA ရဲ့ အဓိက ထောက်ခံအကြံပြုချက်တွေကနေ နောက်ဆုတ်တော့မယ်လို့ ထင်ရတဲ့ ဆုံးဖြတ်ချက်ဟာ ဝန်ကြီးဌာနရဲ့ ထိပ်ပိုင်းကနေ လာပုံရတယ်” ဟု ပြောပါသည်။

“ဒီဆုံးဖြတ်ချက်က MOEE ရဲ့ အထက်ကလာပုံရတယ်။ တရုတ်တွေ ထိတွေ့လုပ်ကိုင်နေပုံကို ကြည့်ရင် အစိုးရထိပ်ပိုင်းက လုပ်နေတာဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။

မဲခေါင်မြစ်ကော်မရှင် Mekong River Commission ၏ ယခင်ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့ဖူးသူ Kristensen က “ဒီမဟာဗျူဟာပတ်ဝန်းကျင် သုံးသပ်အကဲဖြတ်ချက်ဟာ အစိုးရအတွက် အဖိုးအလွန်တန်တယ်ဆိုတာကို သက်သေပြနိုင်နေဆဲပါ” ဟု ပြောကြားသည်။

“အခု SEA လက်ထဲမှာ ရှိနေတော့ အစိုးရအနေနဲ့ တရုတ်နဲ့ဆွေးနွေးရာမှာ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး ဘာတွေလုပ်ရမယ်၊ ဘာတွေရှောင်ရမယ်ဆိုတာကို ဆွေးနွေးလို့ရတာပေါ့”ဟုလည်း ၎င်းကပြောသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.