မကောင်းဆိုးဝါး နှိမ်နင်းကြသူများ

မြန်မာနိုင်ငံက ဒေသအများအပြားမှာ သာမာန်မဟုတ်တဲ့ကိစ္စတွေ လူတွေမှာ ဖြစ်ပေါ်လာရင် ဒါဟာမကောင်းဆိုးဝါးတွေက ပူးကပ်နှောင့်ယှက်ကြတာလို့ ယုံကြည်သူ အများအပြားရှိကြပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက် ရွှေရင်ကျော်လို့ လူသိများတဲ့ဂိုဏ်းက ပယောဂနှိမ်နှင်းတဲ့ဆရာတွေက တာဝန်ယူကြရပါတယ်။

ထွန်းခိုင် ရေးသားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရဲ့တောင်ဘက် ၁၇ မိုင်လောက် အကွာအဝေးမှာရှိတဲ့ ရှမ်းရေကျော် အစိုးရအထက်တန်းကျောင်းက ကျောင်းသူ တစ်ဒါဇင်ခွဲလောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စတင်ပြီး သာမာန်ထက် ထူးကဲတဲ့ အပြုအမူတွေ ပြုမူခဲ့ကြပါတယ်။

ကျောင်းသူတွေဟာ ခြေဖျားလက်ဖျားတွေ အေးစက်နေခဲ့တာ၊ မောပန်းနွမ်းနယ်ကြတာစတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင် ဂယောင်ခြောက်ခြားနဲ့ အသိစိတ်လွတ်ခဲ့ကြတဲ့အထိ အော်ဟစ်ဆူပူတာတွေစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ ဖြစ်ခဲ့ကြပါတယ်။

ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်တဲ့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရက စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ဆရာဝန်တွေ စေလွတ်ပြီး ကုသခဲ့ရပါတယ်။

စိတ်ပိုင်းဆိုင်ရာပညာရှင်တွေရဲ့အဆိုအရ ကျောင်းသူတွေဟာ လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အစုလိုက်အပြုံလိုက် စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့ ထိတ်လန့်မှု ဖြစ်နိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး ကုသမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ရာနဲ့ ချီတဲ့ကလေးတွေရဲ့ မိဘတွေကတော့ ပညာရှင်တွေရဲ့ အယူအဆကို လက်မခံနိုင်ကြပဲ ဒါဟာ မကောင်းဆိုးဝါးတွေရဲ့ နှောင့်ယှက်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျောင်းဆောင်သစ် တိုးချဲ့ တည်ဆောက်ခဲ့တဲ့နေရာဟာ သုသာန်မြေ ဖြစ်ခဲ့တာကြောင့် မကျွတ်မလွတ်သေးတဲ့သူတွေဟာ သူတို့မြေကို ကျူးကျော်သူတွေကို ပြန်လည်ဒဏ်ခတ်ခဲ့တာလို့ ယုံကြည်ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ အဲဒီအယူအဆကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကိုယ်တိုင် လက်ခံခဲ့ပြီး ကျောင်းဝင်းထဲအရောက်သွားခဲ့ကာ မကောင်းဆိုးဝါးတွေ ကျောင်းဝင်းထဲက ထွက်ခွာသွားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ မကောင်းဆိုးဝါးတွေ ကြောက်လန့်သွားအောင် သေနတ်ပစ်ဖောက်ပြီး နှင်ထုတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကျောင်းသူတွေမှာ ထူးဆန်းတဲ့အပြုအမူတွေ ဆက်ပြီးဖြစ်ပေါ်နေခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့ မြောင်းမြကနေ မိုင် ၁၂၀ နီးပါး ဝေးကွာတဲ့ ရန်ကုန်မြို့၊ သာကေတမြို့နယ်က ဦးခင်သန်းဟာ ဒီသတင်းတွေကို လူမှုကွန်ယက်ကတဆင့် မြင်တွေ့သွားခဲ့ပါတယ်။

သူကတော့ မကောင်းဆိုးရွားတွေကို နှိမ်နှင်းရာမှာ လူသိများတဲ့ ရွှေရင်ကျော်လို့ခေါ်တဲ့ ဂိုဏ်းက အဖွဲ့ဝင် တယောက် ဖြစ်ပါတယ်။

“ကျွန်တော်သဘောပေါက်လိုက်တာက ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်သွားဖို့ လိုအပ်နေပြီဆိုတာပဲ”လို့ ရွှေရင်ကျော် ဦးခင်သန်းက ပြောပါတယ်။ သူက အဲဒီကျောင်းမှာ မကောင်းဆိုးဝါးတွေကို သုံးရက်ကြာ သွားရောက် နှိမ်နှင်းခဲ့ပါတယ်။

စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပညာရှင်တွေ၊ အစိုးရအရာရှိတွေနဲ့ မကောင်းဆိုးဝါးနှိမ်နှင်းတဲ့ ရွှေရင်ကျော် ဦးခင်သန်းတို့ သွားရောက်ကုသမှုတွေ တစ်ပြိုင်နက်လုပ်ခဲ့အပြီးမှာတော့ ကျောင်းသူတွေ ခံစားရတဲ့ ဒုက္ခတွေ ပျောက်ကင်းသွားခဲ့ပါတယ်။

မယုံကြည်သူတွေဘက်က အငြင်းပွားစရာကောင်းတဲ့ မှတ်ချက်တွေပေးခဲ့ကြပေမယ့် ရွှေရင်ကျော် ဦးခင်သန်းကတော့ မကောင်းဆိုးဝါးတွေကို သူအောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ရွှေရင်ကျော်ဂိုဏ်းဝင်တစ်ဦးဖြစ်တဲ့ ဦးခင်သန်းက ဝေဒနာရှင်တွေကို သူကူညီခဲ့တဲ့အကြောင်းတွေကို သာကေတမြို့နယ်က သူ့နေ့အိမ်မှာ Frontier ကို ရှင်းပြခဲ့ပါတယ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရွှေရင်ကျော်ဂိုဏ်းဝင်တစ်ဦးဖြစ်တဲ့ ဦးခင်သန်းက ဝေဒနာရှင်တွေကို သူကူညီခဲ့တဲ့အကြောင်းတွေကို သာကေတမြို့နယ်က သူ့နေ့အိမ်မှာ Frontier ကို ရှင်းပြခဲ့ပါတယ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မြန်မာနိုင်ငံက ဒေသအများအပြားမှာ ဒီလိုသာမာန်မဟုတ်တဲ့ကိစ္စတွေ လူတွေမှာ ဖြစ်ပေါ်လာရင် ဒါဟာမကောင်းဆိုးဝါးတွေက ပူးကပ်နှောင့်ယှက်ကြတာလို့ ယုံကြည်သူ အများအပြားရှိကြပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက် ရွှေရင်ကျော်လို့ လူသိများတဲ့ဂိုဏ်းက ပယောဂနှိမ်နှင်းတဲ့ဆရာတွေက တာဝန်ယူကြရပါတယ်။

“ကျွန်တော်တို့မှာ စည်းမျဉ်းတွေရှိပါတယ်။ ဝေဒနာသည်က ကုပေးပါလို့ အပ်မှကုရတာ”လို့ ရွှေရင်ကျော် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးက အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဦးဇော်မင်းက ပြောပါတယ်။

ဝေဒနာခံစားနေတဲ့သူက  မကောင်းဆိုးဝါးပူးကပ်နေတာလား၊ တမင်ဟန်ဆောင်နေတာလားဆိုတာကိုတော့ သူတို့ဂိုဏ်းက ချမှတ်ထားတဲ့ နည်းနာတွေနဲ့ စစ်ဆေးပြီး အတည်ပြုကြပါတယ်။

“ဝေဒနာသည်ကို ကုတော့မယ်ဆိုရင် ဆရာလုပ်တဲ့သူက အရေးအကြီးဆုံး အချက်သုံးချက်ကို တိုင်တည်ရတယ်။ ကာမပိုင်လင်ရှိမယားကို ကိုယ်ထိကာယမခိုးပါ။ သေရည် သေရက်ကို ဆေးဖြစ်ဝါးဖြစ်ကလွဲပြီး မလိမ်းမကျံ၊ မစားမသောက်ပါ။ အမဲသား ကျွဲသားကို သိလျှက်နဲ့ မစားပါဆိုပြီး”လို့ ဦးဇော်မင်းက ပြောပါတယ်။

မကောင်းဆိုးဝါး ပူးကပ်နေတယ်ဆိုတာ သေချာသွားရင် ပူးကပ်နေတဲ့ အမျိုးအစားကို ခွဲခြမ်းစိတ်ဖြာကြရပါတယ်။ တချို့က မကျွတ်မလွတ်သေးတဲ့သူတွေရဲ့ နှောင့်ယှက်တာခံရတာ၊ တချို့ကတော့ တစ်စုံတစ်ယောက်က စုန်းအတတ်ပညာနဲ့ နှောင့်ယှက်တာစတဲ့ အခြေအနေတွေကို ပယောဂကုသတဲ့ဆရာတွေက ကိုင်တွယ်ကြရပါတယ်။

ပူးကပ်နှောင့်ယှက်တဲ့သူတွေဟာ တခါတရံမှာ မမြင်နိုင်တဲ့ နာမ်လောကကသူတွေရဲ့ လုပ်ရပ်ကြောင့်ဖြစ်ပြီး တစ်ခါတရံမှာတော့ လူတွေကို နှောင့်ယှက်ဖို့ ပညာတတ်ထားတဲ့သူတွေက လုပ်ဆောင်တာလို့ ရွှေရင်ကျော်ဂိုဏ်းဆရာတွေက ယူဆကြပါတယ်။

“ကျွန်တော် တခါကုထုံးထဲမှာတွေ့ရတာက အသိတယောက်က အောက်လမ်းနဲ့ တိုက်ထားတယ်။ သူက လက်ဖက်ရည်ဆိုင်မှာ ကွမ်းတံတွေးနဲ့ ထွေးမိတာကို မကျေနပ်လို့ လုပ်တာ”လို့ ဦးဇော်မင်းက ပြောပါတယ်။

ရှမ်းရေကျော် အစိုးရအထက်တန်းကျောင်က ကျောင်းသူ တစ်ဒါဇင်ခွဲလောက် ခံစားရတဲ့ မူမမှန်တဲ့ကိစ္စဟာလည်း မကောင်းဆိုးဝါးတွေကို ခိုင်းစေနိုင်တဲ့ တစ်ဦးတယောက်က ပြုလုပ်ထားတာလို့ အဲဒီကျောင်းကို သွားရောက်ကုသပေးခဲ့တဲ့ ရွှေရင်ကျော်ဦးခင်သန်းက ပြောပါတယ်။

ရွေရင်ကျော်ဂိုဏ်းအမွေကို ဆက်ခံတဲ့သူတွေက သူတို့ဟာ မကောင်းဆိုးဝါးတွေကို နှိမ်နှင်းနိုင်ရုံတင်တင်မကပဲ အဆိပ်ရှိတဲ့ တိရိစ္ဆာန်တွေ ကိုက်တာခံရတဲ့ ဝေဒနာတွေကိုပါ ကုသနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပူပြင်းလှတဲ့ အီကွေတာရပ်ဝန်းက မြန်မာနိုင်ငံမှာ ရှင်သန်တဲ့ အဆိပ်ပြင်းတဲ့ မြွေတွေကိုက်ခံရတဲ့ သူတွေကို ကုသနိုင်တယ်လို့ သူတို့က ယုံကြည်ကြပါတယ်။

“မြွေတင်မဟုတ်ဘူး။ ကင်းမြှီးကောက်တို့လို အဆိပ်ရှိတဲ့တိရိစ္ဆာန်တွေ ကိုက်ခံရတဲ့သူတွေကိုလည်း ကူညီတယ်။ ဒါပေမယ့် မြန်မာပြည်မှာက ၁၀၀ မှာ ၉၉ ယောက်က မြွေကိုက်ခံရတာဆိုတော့ မြွေဆိပ်က အဓိကကုသလို ဖြစ်နေတာ” လို့ ဦးဇော်မင်းက ပြောပါတယ်။

ရွှေရင်ကျော်ဂိုဏ်းဟာ ဗုဒ္ဒဘာသာကိုအခြေခံထားတဲ့အတွက် ဂိုဏ်းပညာကို ဆက်ခံတဲ့သူဟာ ဗုဒ္ဒဘာသာဝင် တို့ရဲ့ကျင့်စဉ်တွေကို လိုက်နာကြရပါတယ်။ ဂိုဏ်းပညာဆက်ခံချင်တဲ့သူဟာ စီနီယာဂိုဏ်းသားတွေရှေ့မှာ သူ့ရဲ့ စိတ်အားထက်သန်မှုကိုပြသမှ လက်ဆင့်ကမ်းခွင့်ရတာ ဖြစ်ပါတယ်။

ဂိုဏ်းပညာဆက်ခံသူတွေဟာ အဆင့် ၁ ကနေ ၉ အထိ အဆင့်ခွဲခြားထားပြီး သတ်မှတ်ထားတဲ့ အဆင့်ဆင့်ကို ဖြတ်သန်းကြရပါတယ်။ ဂိုဏ်းပညာဆက်ခံသူတွေအတွက် အဆင့် ၁-၅ နဲ့ ၉ တို့ဟာ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တယ်လို့ ရွှေရင်ကျော်ပညာ ဆက်ခံသူတွေက ဆိုပါတယ်။

မကောင်းဆိုးဝါးတွေနဲ့ အဆိပ်ရှိတဲ့ တိရိစ္ဆာန်တွေ တိုက်ခိုက်မှုကို ခံရသူတွေဟာ ရွှေရင်ကျော်ဂိုဏ်းဝင်တွေဆီကနေ ယုံယုံကြည်ကြည် ကုသမှုခဲ့ယူလာခဲ့တာဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ အလေ့အကျင့်တစ်ခုလို ဖြစ်နေခဲ့ပါပြီ။

ဒီအလေ့အကျင့်တွေဟာ ဘယ်တုန်းကတည်းက စတင်ပေါ်ပေါက်လာတယ်ဆိုတာကိုတော့ အငြင်းအခုန် ဖြစ်နေကြဆဲပါ။

ရွှေရင်ကျော်ပညာရပ်တွေ စတင်ပေါ်ပေါက်ခဲ့တဲ့အကြောင်းဟာ အခြားမြန်မာ့သမိုင်းကြောင်းတွေလိုပဲ ပါးစပ် ရာဇဝင်အများအပြားနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။

အဲဒီထဲကတစ်ခုကတော့ ဒီပညာတွေရဲ့ ဇစ်မြစ်ဟာ ၁၈ ရာစုတုန်းက မြန်မာနိုင်ငံမှာ အင်အားကြီးမားတဲ့ အင်ပါယာကို တည်ထောင်နိုင်ခဲ့တဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ သားတော်တစ်ပါးဆီက ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။

ဦးခင်ဇော်၏ နေအိမ်က ဘုရားခန်း။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဦးခင်ဇော်၏ နေအိမ်က ဘုရားခန်း။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရာစုနှစ်ပေါင်းများစွာ ဒီပညာကို လက်ဆင့်ကမ်းကြပြီးနောက် ၁၉၇၄ ခုနှစ်က ရန်ကုန်မြို့ အလုံမြို့နယ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ဂိုဏ်းဝင်တွေ စုစည်းပြီး ပိုမိုစနစ်ကျတဲ့ နည်းလမ်းတွေနဲ့ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ မြန်မာလူမှုအဖွဲ့အစည်းထဲမှာ ထင်ရှားလာတဲ့ ရွှေရင်ကျော်လို ပယောဂကုသတဲ့သူတွေကို ယုံကြည်သူတွေရှိသလို ပယောဂဆရာတချို့ကြောင့် လူတွေ အသက်သေဆုံးရတာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်ထဲကတော့ ရန်ကုန်ကနေ ၁၅ မိုင်လောက်အကွာမှာရှိတဲ့ မိုင် ၂၀ တာကုန်းလို့ခေါ်တဲ့ရွာလေးမှာ ပယောဂဆရာတယောက်ကြောင့် ကလေးငယ်သုံးဦး အသက်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ အသက်နှစ်နှစ်၊ သုံးနှစ်နဲ့ ရှစ်နှစ်အရွယ်ကလေးငယ် သုံးဦးမှာ  မကောင်းဆိုးဝါးတွေ ဝင်ရောက်ပူးကပ်နေတယ်ဆိုပြီး ပယောဂဆရာက ရိုက်နှက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

အခုတော့ အဲဒီ ပယောဂဆရာလည်း လူသတ်မှုစွဲချက်တွေနဲ့ ဖမ်းဆီးခံထားရပြီး တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

ရွှေရင်ကျော်ပညာကို ဆက်ခံထားကြတဲ့သူတွေအဆိုအရတော့ သူတို့ဟာ ပယောဂတွေကို ကုသရာမှာ ဝေဒနာခံစားနေရတဲ့သူတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေမလုပ်ကြဘူးလို့ ဆိုပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ပယောဂဆရာ အတုအယောင်တွေကသာ လုပ်တဲ့လုပ်ရပ်လို့ ဆိုပါတယ်။

သာမာန်လူတွေ မမြင်နိုင်တဲ့ အစောင့်အရှောက်တွေကိုသာ စေခိုင်းအမိန့်ပေးပြီး အာဏာစွမ်းအားနဲ့သာ ကုသတာလို့ ဆိုပါတယ်။

အနောက်တိုင်းက စိတ်ပညာသဘောအရ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်လို့ ယူဆထားကြတဲ့ မူမမှန်မှုတွေကို မြန်မာပြည်ကလူတစ်ချို့ကတော့ မမြင်ရတဲ့ မကောင်းဆိုးရွားတွေ နှောင့်ယှက်ကြတာလို့ ယူဆထားကြပါတယ်။

ဒီလို အတွေးအခေါ် အယူအဆနှစ်ခုအကြား အငြင်းအခုန်တွေဖြစ်နေကြပေမယ့် မူမမှန်တဲ့ ဝေဒနာခံစားနေရတဲ့ မြန်မာပြည်ကလူတစ်ချို့ကတော့ ပရောဂဆရာတွေဆီကို သွားရောက်ကုသမှု ခံနေကြဆဲပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.