ဘဏ်များလုံခြုံရေးနှင့် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ၏ အခန်းကဏ္ဍ

ကျရောက်လာနိုင်သည့် ဘေးရန်များမှ ကာကွယ်ရန် လုပ်ငန်းအဖွဲ့အစည်းများက စဉ်းစား ပြင်ဆင်လာကြချိန်တွင် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီများအား ကြီးကြပ်ထိန်းကျောင်းနိုင်ရန် အစိုးရကလည်း ပြင်ဆင်နေသည်။

ကျော်လင်းထွန်း ရေးသားသည်။

ဖေဖော်ဝါရီလက လားရှိုးမြို့လယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း နှစ်ဦး သေဆုံးသွားခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီအဖွဲ့အစည်းများက ၎င်းတို့ ဘေးအန္တရာယ်လုံခြုံရေးအတွက် ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီများ ထားရှိကြရန် အာရုံစိုက်လာကြသည်။

ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရိုးမဘဏ်အနီး ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီး ဘဏ်ဝန်ထမ်း နှစ်ဦး သေဆုံးပြီး ဝန်ထမ်း ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ရိုးမဘဏ်နှင့် ကပ်နေသည့် ဧရာဝတီဘဏ်လည်း ထိခိုက်ပျက်စီးသွားပြီး လူတစ်ဦး ဒဏ်ရာရရှိကာ လမ်းသွားလမ်းလာတစ်ဦးလည်း ဒဏ်ရာရသွားခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားသောနေရာသည် ရဲစခန်းမှ သိပ်မကွာဝေးလှသည့်နေရာတွင် ဖြစ်သည်။

ပေါက်ကွဲမှုကို မျက်မြင်တွေ့ခဲ့ရသူမှာ အသက် ၅၅ နှစ်အရွယ် ဦးထွန်းမြင့် ဖြစ်သည်။ ဦးထွန်းမြင့်သည် လားရှိုးမြို့ရှိ လူမှုအဖွဲ့အစည်းဆိုင်ရာ လူငယ်အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော ရိုးမဘဏ်ခွဲ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် လေးနာရီခန့် သူ လုပ်အားပေးခဲ့သည်။

ဦးထွန်းမြင့်သည် အသက် ခုနစ်နှစ်အရွယ်က လားရှိုးအားကစားရုံ ဗုံးပေါက်ကွဲမှုမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့သူလည်း ဖြစ်သည်။ ယခုကဲ့သို့ သတိရစရာဖြစ်ရပ်ကြောင့် ဖေဖော်ဝါရီ ၂၁ ရက်ည၌ အိမ်သို့ ပြန်ရောက်ချိန်တွင် အတိတ်က ဖြစ်ရပ်များ စိတ်တွင ်ပြန်လည်ထင်ဟပ်လာခဲ့သည်။

“သူတပါးကို ကူညီရတာတော့ ကောင်းတဲ့လုပ်ရပ်ပါ။ ဒါပေမဲ့ နောက်ထပ် ဗုံးတစ်လုံး ကျန်နေသေးရင် ကျွန်တော်တို့ အားလုံး သေကုန်မှာပဲ” ဟု သူက ပြောကြားသည်။

Exera က လုံခြုံရေးအစောင့်တစ်ဦးအား ကားအောက်ပိုင်းရှိ ဗုံးရှာဖွေပုံကို သင်ကြားပေးနေစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

Exera က လုံခြုံရေးအစောင့်တစ်ဦးအား ကားအောက်ပိုင်းရှိ ဗုံးရှာဖွေပုံကို သင်ကြားပေးနေစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

လားရှိုး ဗုံးပေါက်ကွဲမှုကို မည်သူက လုပ်ဆောင်ခဲ့သည်နှင့် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သည်ကို မသိရှိရသလို မည်သို့ကာကွယ်မှုများ လုပ်ဆောင်ထားသင့်သည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

သို့သော် လုံခြုံရေးနှင့်ပတ်သက်ပြီး သုံးသပ်ဝေဖန်သူများက ဘဏ်များတွင် လုံခြုံရေးစနစ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားရန် လိုအပ်နေသည်ဟု တိုက်တွန်းကြသည်။ မြန်မာနိုင်ငံသည် ငွေသားကို အဓိကအသုံးပြုသော နိုင်ငံဖြစ်သည့်အတွက် ဘဏ်များက လွယ်ကူသည့် ပစ်မှတ်များ ဖြစ်နေသည်ဟု ၎င်းတို့က ဆိုသည်။ သို့သော် ယခုကဲ့သို့ ရိုးမဘဏ် တိုက်ခိုက်ခံရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သေးပေ။ ယခင်ကလည်း ဘဏ်များကို တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကမ္ဘောဇဘဏ်ကို ဓားများ၊ သေနတ်များ ကိုင်ဆောင်ကာ ဓားပြတိုက်သွားသူ လေးဦးကို ရဲများက ရှာဖွေနေရဆဲ ဖြစ်သည်။ ထိုဓားပြတိုက်မှုသည် ဇန်နဝါရီ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကျပ် သိန်း ၉၂၀ ဓားပြတိုက်ခံခဲ့ရသည်။ ထိုလူများက ဘဏ်မှ ပြန်လည်မထွက်ခွာမီ လုံခြုံရေးကင်မရာ CCTV စနစ်များကို ဖျက်ဆီးသွားခဲ့သည်။

လားရှိုးပေါက်ကွဲမှုတွင်လည်း အပျက်အစီးများကြားမှ ပြန်လည်ရရှိသော CCTV မှတ်တမ်းများသည် ပေါက်ကွဲမှုကြောင့် အသုံးပြု၍ မရတော့ကြောင်း ရဲများက ပြောသည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံတွင် လာရောက်တည်ထောင်ခဲ့သော လုံခြုံရေး အကြံပေးကုမ္ပဏီဖြစ်သည့် Exera ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ဂျက်ဖရီ ဟမီတန် Mr Geoffrey Hamilton က စီစီတီဗီ ပုံရိပ်များကို ကွန်ပျူတာဆာဗာများပေါ်တွင် သိမ်းဆည်းထားခြင်းထက် cloud computing စနစ်ဖြင့် သိမ်းဆည်းထားပါက ပိုမိုလုံခြုံသည်ဟု အကြုံပြုခဲ့သည်။

လားရှိုးတွင် ဗုံးခွဲခြင်း၏ ပစ်မှတ်သည် ရိုးမဘဏ်နှင့် အခြားဘဏ်များကို ရည်ရွယ်ခြင်း မဟုတ်ဟု ၎င်းက ယုံကြည်ထားသည်။

Exera မှ အမှုဆောင်အရာရှိချုပ် မစ္စတာ ဂျက်ဖရီ ဟမီတန်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

Exera မှ အမှုဆောင်အရာရှိချုပ် မစ္စတာ ဂျက်ဖရီ ဟမီတန်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဗုံးပေါက်ကွဲအပြီးတွင် Exera က သုံးသပ်လေ့လာမှုတစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု မစ္စတာ ဟမီတန်က ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် Exera ၏ ဖောက်သည်များ ရှိနေသောကြောင့် ဖြစ်သည်။

“ကျွန်တော်တို့ လေ့လာရသလောက်တော့ ဗုံးခွဲတဲ့ လူတွေက ရိုးမဘဏ်ကို ပစ်မှတ်ထားတာ မဟုတ်လောက်ဘူး။ ပေါက်ကွဲတဲ့ နေရာက လမ်းမကြီးပေါ်မှာပါ” ဟု ကနေဒါတော်ဝင်ရေတပ်တွင် အနှစ် ၂၀ ခန့် တာဝန်ထမ်းခဲ့သော မစ္စတာ ဟမီတန်က ပြောသည်။

လားရှိုးဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီးတွင် ဘဏ်များက လုံခြုံရေးကို ပိုမို အာရုံစိုက်လာကြသော်လည်း ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများအား ငှားရမ်းကြရန် စိတ်မပါကြသေးဘဲ ဖြစ်နေကြသည်။

မြန်မာနိုင်ငံတွင် Aspect Management Security ကုမ္ပဏီကို ၂၀၀၉ ခုနှစ်က စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့နှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးတို့သည် ၎င်း၏ ဖောက်သည်များ ဖြစ်သည်ဟု ဖော်ပြထားသည်။

Aspect က လုံခြုံရေးဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်း၊ လုံခြုံရေးဝန်ထမ်းများ ငှားရမ်းပေးခြင်း၊ လက်နက်ကိရိယာများ ထောက်ပံ့ပေးခြင်းနှင့် ကင်းလှည့်ခြင်းစသည့် ဝန်ဆောင်မှုများကို လုပ်ကိုင်ပေးနေသည်။

သို့သော် မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ချိန်မှစ၍ ပြီးခဲ့သည့် ကိုးနှစ်တာကာလအတွင်း ဘဏ်များက တစ်ကြိမ်တစ်ခါမှ လာရောက်ငှားရမ်းခြင်း မရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“ဘဏ်တွေက လိုချင်တာက သူတို့ရဲ့ လုံခြုံရေးဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့ပဲ။ လုံခြုံရေးနဲ့ ပတ်သက်ပြီး လေ့ကျင့် သင်တန်းတွေ ပို့ချပေးဖို့ပါ” ဟု Aspect ၏ စီမံခန့်ခွဲရေး ဒါရိုက်တာ ဦးမြင့်နိုင်က ပြောကြားသည်။ ၎င်းသည် စင်ကာပူရှိ ကုမ္ပဏီခွဲဖြစ်သော Aspect Security Management ၏ ဒါရိုက်တာလည်း ဖြစ်သည်။

Aspect Management Security မှ မန်းနေးဂျင်းဒါရိုက်တာ ဦးမြင့်နိုင်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

Aspect Management Security မှ မန်းနေးဂျင်းဒါရိုက်တာ ဦးမြင့်နိုင်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

မြန်မာနိုင်ငံသားများဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာသောင်းဟန်ကမူ လုံခြုံရေးကုမ္ပဏီများကြောင့် ယခင်က စိတ်ပျက်ရသည့် ဖြစ်ရပ်များရှိခဲ့သည်ဟု ပြောကြားသည်။

“ကျွန်တော်အရင်ကုမ္ပဏီမှာတုန်းက လုံခြုံရေးအတွက် ပြင်ပလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းတွေကပဲ အားကိုးခဲ့ပါတယ်။ ဒါပေမဲ့ လုံခြုံရေးဝန်ထမ်းတွေကို လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီတွေက ငှားလိုက်ရင် လိုအပ်ချက်နဲ့ ဘယ်တော့မှ မကိုက်ညီဘူး။ သူတို့ပေးတဲ့ လုံခြုံရေး အစောင့်တွေက အသက်ကြီးလွန်းနေတာတွေ၊ အသက်ငယ်လွန်းနေတာတွေပဲ ကြုံရတယ်။ ပြီးတော့ သူတို့က စည်းကမ်းလည်း မရှိဘူး။ ဒါကြောင့်ပဲ ဘဏ်တွေက လုံခြုံရေးဝန်ထမ်းတွေကို အပြင်က မငှားကြတာ ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။

မကြာသေးမီနှစ်များအတွင်း ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများတွင် တိုးတက်မှုများ ရှိလာခဲ့သော်လည်း နာမည်ကောင်း မရသည့် ပြဿနာကို ၎င်းတို့ ရင်ဆိုင်နေကြရဆဲဖြစ်သည်။

လုံခြုံရေး ကုမ္ပဏီများကို ယုံကြည်မှု ကင်းမဲ့နေကြခြင်းကြောင့် ဘဏ်များနှင့် အခြားစီးပွားရေးလုပ်ငန်းများက ရှောင်ရှားနေကြခြင်းလည်း ဖြစ်မည်ဟု မစ္စတာ ဟမီတန်က ယူဆထားသည်။

“လုံခြုံရေးအစောင့်တွေ ပလတ်စတစ် ထိုင်ခုံပေါ်မှာ အိပ်နေကြတာကို မြင်ဖူးကြတယ်။ လုံခြုံရေးကုမ္ပဏီတွေက ဒါမျိုးဝန်ဆောင်မှုတွေပဲ ပေးနိုင်တယ်လို့ သူတို့ ထင်နေကြတယ်” ဟု ၎င်းကပြောသည်။

ရိုးမဘဏ်ကမူ လားရှိုးဘဏ် ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကတည်းက ဘဏ်များအားလုံးအတွက် ပြင်ပမှ ညစောင့်များ ငှားရမ်းရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။

လားရှိုးဗုံးပေါက်ကွဲမှု မတိုင်မီကတည်းက လုံခြုံရေးကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဘဏ်၏ ဆက်သွယ်ရေးအရာရှိ မမေဦးက ပြောသည်။ သို့သော် ဗုံးပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးအတွက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလက အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း အဖမ်းခံရအပြီးတွင် လုံခြုံရေးကုမ္ပဏီများအကြား ဂယက်ရိုက်မှု အနည်းငယ်ရှိခဲ့သည်။ အေစီအီး ကုမ္ပဏီအုပ်စု ACE Group of Companies ၏ ဥက္ကဋ္ဌဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဦးဖြိုးကိုကိုတင့်ဆန်းအား နေပြည်တော်လေဆိပ်တွင် သေနတ်နှစ်လက်အပြင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သူနှင့်အတူ သူ၏ အပေါင်းအဖော်နှစ်ဦးလည်း အတူအဖမ်းခံခဲ့ရသည်။ သူ၏ နေအိမ်ကို ဆက်လက် ရှာဖွေစစ်ဆေးခဲ့ရာ အမျိုးသား လုံခြုံရေးကောင်စီဟု ရေးသားထားသည့် တရားမဝင်တံဆိပ်များ တပ်ဆင်ထားသော မော်တော်ယာဉ်များနှင့် ယူနီဖောင်းများကို တွေ့ရှိခဲ့ရသည်။

ထိုသို့ ဖမ်းဆီးမှုနှင့် လက်နက်များ သိမ်းဆည်းရမိမှုအပြင် အမျိုးသားလုံခြုံရေးကောင်စီ တံဆိပ်ပါသော ယူနီဖောင်းများပါ တွေ့ရှိခဲ့ရခြင်းက နေပြည်တော်ရှိ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအတွက် လုံခြုံရေး အစီအမံများ မည်သို့ဆောင်ရွက်ထားသည်ကိုပါ မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။

မြန်မာ့ရဲတပ်ဖွဲ့၊ စီမံရေးရာဌာန ညွှန်ကြားရေးမှူးဖြစ်သူ ရဲမှူးချုပ်သက်နိုင်က လုံခြုံရေးကုမ္ပဏီများကို စိစစ်ရန် သမ္မတရုံးက အဖွဲ့တစ်ဖွဲ့ကို ယခုနှစ် အစောပိုင်းက ဖွဲ့စည်းပေးခဲ့သည်ဟု ဆိုသည်။

လုံခြုံရေးကုမ္ပဏီများ၏ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲပေးမည့် ဥပဒေတစ်ခု ရေးဆွဲပေးရန်လည်း အစိုးရက ပြင်ဆင်နေသည်ဟု ဆိုသည်။ ထိုသို့ ရေးဆွဲရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက အဓိက အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။

အသစ်ရေးဆွဲမည့်ဥပဒေတွင် လုံခြုံရေးအစောင့်များအား လက်နက်ကိုင်ဆောင်ခွင့် ပေးရန် မျှော်လင့်ထားကြောင်း ရဲမှူးချုပ်သက်နိုင်က ဆိုသည်။ လက်ရှိအချိန်တွင်မူ လုံခြုံရေးအစောင့်များသည် နံပါတ်တုတ်များသာ ကိုင်ဆောင်ခွင့်ရှိသည်။

ဇန်နဝါရီ ၁၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်၌ လုံခြုံရေးကုမ္ပဏီများမှ ဝန်ထမ်းများ ဝတ်ဆင်သော ယူနီဖောင်းသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝတ်ဆင်သော ယူနီဖောင်းများနှင့် မတူညီကြစေရန် သတိပေးထားသည်။

မစ္စတာ ဟမီတန်ကမူ လက်ရှိအနေအထားတွင် ကုမ္ပဏီများက လုံခြုံရေးအခြေအနေနှင့်စပ်လျဉ်း၍ ချဉ်းကပ်ပုံမှာ ခေတ်နောက်ကျနေသေးသည်ဟု ဆိုသည်။ ထို့ပြင် လုံခြုံရေးကိစ္စများကို အရေးတယူ ဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။ ပထမဆုံးခြေလှမ်းမှာ မိမိတို့၏ အန္တရာယ်အတွက် ဦးစွာ သုံးသပ်ကြရန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဘဏ်မှာ ဓားပြတိုက်မှုတွေ ဖြစ်နေတယ်။ အေတီအမ်စက်မှာ ငွေလိမ်ထုတ်သွားတယ်။ လိမ်ပြီး ငွေတောင်းခံတယ်။ အရင် ငါးနှစ်လောက်က မဖြစ်ခဲ့တာတွေ အခု ဖြစ်နေတယ်။ ပြည်တွင်းက ကုမ္ပဏီတွေက ဒါတွေကို ရိပ်မိပုံ မရဘူး” ဟု ၎င်းက ဆိုသည်။

“ဒီလို အန္တရာယ်တွေက နေ့ချင်းညချင်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ပိုတိုးလာဖို့ပဲ ရှိတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- ဘဏ်ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ရသည့် လားရှိုး ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ပျက်စီးနေသည့် ဘဏ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.