ဖားအံမြို့ကို မျက်စောင်းထိုးလာကြသည့် ဇိမ်ခံခရီးသွားကုမ္ပဏီများ

ပထမတန်းစား ခရီးသွားကုမ္ပဏီများက မြန်မာနိုင်ငံ၏ ထွန်းသစ်စဌာနေတစ်ခုကို ဧရာမဖွံ့ဖြိုးတိုးတက်မှု အလားအလာအဖြစ် မျက်စိကျနေကြသည်။ သို့သော် ဤစိတ်ဝင်စားမှုက ကရင်ပြည်နယ်၏ ငြိမ်းချမ်းသော မြို့တော်အတွက် ကောင်းချီးတစ်ခုပေလော၊ သို့တည်းမဟုတ် ကျိန်စာတစ်ရပ်ပေလော ဆိုသည်ကိုမူ စောင့်ကြည့်ရပေလိမ့်မည် 

Photo - Pha-An Lodge

Photo – Pha-An Lodge

ဂျော့ရှူဝါ ကာရိုး ရေးသားသည်။

 “အရင်တုန်းကဆိုရင် ဒီနေရာတွေဟာ သစ်တောတွေနဲ့ ဖုံးလွှမ်းနေတဲ့ နေရာတွေပါ” ဟု ဖားအံဟိုတယ် Hpa-An Lodge မှ မန်နေဂျာ လိုင်လာ နော်တီယာက အနုစိတ် မွမ်းမံထိန်းသိမ်းထားသော မြက်ခင်းပြင်များနှင့် ဥယျာဉ်များကို ပြသရင်း ပြောပြခဲ့ခြင်းပါ။

ကရင်ပြည်နယ်မြို့တော် ဖားအံမြို့ပြင်မှ မြင့်မားသော ထုံးကျောက်တောင်များဖြင့် ဝန်းရံလွှမ်းခြုံထားသည့် ဇိမ်ခံဘန်ဂလိုများရှိရာ စိမ်းလန်းစိုပြည်နေသော ခြံဝင်းအတွင်းမှာ ဆားငန်ရေဖြည့် ကန်တစ်ကန်၊ လူလုပ်ရေတံခွန်တစ်ခုနှင့် အိမ်မွေးဘဲငန်း တစ်အုပ်တို့ အစီစီအရီရီ နေရာယူထားလျက်ရှိသည်။

တစ်ညတာ တည်းခိုခ ကန်ဒေါ်လာ ၁၇၀ အနိမ့်ဆုံးရှိသည့် အခန်းများကို ငှားနေသော ဤဘန်ဂလိုမှာ တစ်နေ့တစ်ခြား များပြားလာသည့် စရိတ်ချွေတာချင်သူ ဖားအံမြို့လာ ခရီးသွားများအတွက် ဈေးကြီးသော နေရာတစ်နေရာပင် ဖြစ်ပေမည်။

ပုဂံနှင့် အင်းလေးကန်ကဲ့သို့သော မြန်မာ့အထင်ကရ ခရီးသွားနယ်မြေများ စည်ကားလာသည်နှင့်အမျှ အလားအလာများစွာကောင်းသည့် ခြောက်ကပ်ကပ်ဖြစ်နေဆဲ ဖားအံမြို့ကို ခရီးသွားဌာနေသစ် တစ်ခုအဖြစ် ခရီးသွားကုမ္ပဏီများက မြှင့်တင်လိုကြခြင်း ဖြစ်သည်။ 

မြို့ပတ်ဝန်းကျင်ဒေသမှာ ထူးခြားဆန်းကြယ်သော လိုဏ်ဂူများ၊ နှစ်သက်ကြည်နူးဖွယ်ရာ တောင်တန်းရှုခင်းများ၊ ကယက်လှေစီးခြင်းနှင့် တောင်တက်ခြင်းတို့အပါအဝင် စွန့်စားလှုပ်ရှားမှုများအတွက် ဂုဏ်ယူဝင့်ကြွားဖွယ် နေရာတစ်ခု ဖြစ်သည်။  ဤသို့သော ဆွဲဆောင်မှုများမှာ ကမ္ဘာလှည့်ခရီးသွား များပြားသည့် ယခုကာလတွင် မစ္စနော်တီယာ၏ ဟိုတယ်လုပ်ငန်းက ထူးကဲသည့် လုပ်ငန်းအကျိုးအမြတ်များ ခံစားနေရသည့် အကြောင်းရင်းများအနက် တစ်ခုပင် ဖြစ်သည်။

 “ကျွန်မတို့မှာ အခန်းငှားဖို့ စောင့်နေတဲ့ စာရင်းတွေတောင် ရှိတာကြောင့် အခန်းတွေက တကယ်ပြည့်နေပါပြီ” ဟု သူက ပြောသည်။ ဖားအံမြို့ရှိ တစ်ခုတည်းသော အဆင့်မြင့်ဟိုတယ်ဖြစ်သည့် ဖားအံဟိုတယ်မှာ နေရာထိုင်ခင်းကောင်းအတွက် ငွေကြေးပိုသုံးလိုသည့် ခရီးသွားများအား ဆွဲဆောင်ထားနိုင်ပြီ ဖြစ်သည်။

ဖားအံကဲ့သို့ ထွန်းသစ်စ ခရီးသွားဌာနေများတွင် နေရာထိုင်ခင်း မလုံလောက်ခြင်းက ဤလုပ်ငန်းကဏ္ဍရှိ လူအချို့အတွက် စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။

“ဖားအံမှာ ဟိုတယ်ကောင်းကောင်းဆိုလို့ တစ်ခုပဲရှိတယ်” ဟု ဒီသမ် ခရီးသွားမြန်မာ Diethelm Travel Myanmar ၏ မန်နေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်သူ လီလီ ဆက်ခ်ဆာက ဖွင့်ဟပြောကြားသည်။

“တချို့နေရာတွေကို ခရီးသွားဌာနေတွေအဖြစ် မြှင့်တင်ချင်တယ်ဆိုရင်တော့ အထောက်အပံ့တွေ ပိုလိုတာပေါ့” ဟုလည်း မြန်မာနိုင်ငံတွင် ၁၂ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးဖြစ်သော မစ္စ ဆက်ခ်ဆာက ထပ်လောင်းပြောပြသည်။

သို့သော် ဖားအံမြို့၌ တည်းခိုခန်း မလုံလောက်မှုမှာ ယာယီသာ ဖြစ်ဖွယ်ရှိသည်။

“ခုဆိုရင် ဖားအံကို လာလည်ပြီး ဟိုတယ်တွေ တိုးဆောက်နိုင်မယ့် စိတ်ကူးအကြံဉာဏ်တွေ  ရှာဖွေကြိုးစားနေသူတွေလည်း ပိုများလာတာကတော့ အသေအချာပါပဲ” ဟုလည်း မစ္စနော်တီယာက ပြောသည်။

 “ဒီဒေသရဲ့ ဟိုတယ်စီမံကိန်းတွေအပေါ်မှာ စိတ်ဝင်စားသူတွေအရေအတွက်က တစ်နေ့တစ်ခြား ပိုမိုများပြားလာပါပြီ” ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ အများပြည်သူဆက်ဆံရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးဇေယျာမျိုးအောင်က ပြောသည်။  

အများစုက ဈေးနှုန်းအလယ်အလတ်ရှိသောဟိုတယ်များနှင့် ဈေးနှုန်းနည်းပါးသောဟိုတယ်စီမံကိန်းများကို ပိုမိုအာရုံကျလျက်ရှိသည်။

Pha-An Lodge Photo-Supplied

Pha-An Lodge Photo-Supplied

၂၀၁၂ ခုနှစ်အစောပိုင်းကတည်းက စတင်ဖွင့်လှစ်ခဲ့သော ဟိုတယ် ၁၄ လုံးအနက် ဂလက်ဆီ မိုတယ် Galaxy Motel တွင် ဖရဲသီး၊ ကော်ဖီ၊ ကြက်ဥ၊ ပေါင်မုန့် မီးကင်တို့နှင့် ရိုးရိုးပုံမှန်နံနက်စာကို စားနေကြသည့် ပျော်ရွှင်ရယ်မောနေကြသော ကျောပိုးအိတ်တစ်လုံးနှင့် ကမ္ဘာလှည့်နေသည့် ခရီးသွားများဖြင့် ပြည့်နက်နေသည်။

ဤဟိုတယ်မှာ ထူးခြားဆန်းပြားလှသည် မဟုတ်သော်လည်း ယင်းသည် သန့်ပြန့်ယုံမျှမက ဖော်ရွေသော ဝန်ထမ်းများဖြင့် ဈေးနှုန်းသင့်တင့်သော ဟိုတယ်တစ်ခု ဖြစ်သည်။ အွန်လိုင်းဖိုရမ်များပေါ်တွင်လည်း အားပါးတရ ချီးမွှမ်းထားသော မှတ်ချက်များကို ရရှိထားပြီး ဖြစ်သည်။

ဘယ်လ်ဂျီယံ ခရီးသွားတစ်ဦးဖြစ်သူ ဂျန်နယ်လ် ဒီဂရာဗီအဆိုအရ မြန်မာနိုင်ငံရှိ သူသွားခဲ့သည့် လူကြိုက်များနေရာများနှင့် ဖားအံတို့၏ အဓိကခြားနားချက်မှာ နေရာထိုင်ခင်းမလုံလောက်မှုပင် ဖြစ်သည်။

သံလွင်မြစ်အနီးရှိ ဂလက်ဆီမိုတယ်မှ လှည့်ပြန်လာပြီးနောက် သူက “အဲဒီကို ကျွန်မတို့ ရောက်ခဲ့ပေမဲ့ အခန်းတွေက ပြည့်နေပါပြီ” ဟု ဆိုသည်။

ကရင်ပြည်နယ်မှာ အရေအတွက်အားဖြင့် ပိုမိုများပြားလာသော ပြည်ပခရီးသွားများကို ဆွဲဆောင်လျက်ရှိပြီး အစိုးရ စာရင်းဇယားများအရ ၂၀၁၄ ခုနှစ်တွင် ၉,၀၀၀ ကျော်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်၌ ၁၄,၀၀၀ သို့ မြင့်တက်သွားခဲ့သည်။ ဤကိန်းဂဏန်းများ ဆက်လက်မြင့်တက်နေလိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။

 “မနှစ်နဲ့ ဒီနှစ် အပြောင်းအလဲတွေကို မြင်ခဲ့ရပြီးပါပြီ။ အရင်ကတော့ အနောက်တိုင်းသား နှစ်ယောက်တည်း လိုဏ်ဂူတွေကို လျှောက်ကြည့်နေရတာမျိုး၊ စားသောက်ဆိုင်တွေမှာ သွားပြီးစားသောက်နေရတာမျိုးပါပဲ။ ခုတောဖြင့် ကျွန်မရဲ့အဖော်နဲ့ လျှောက်သွားတဲ့အခါ အနောက်တိုင်းသားတွေ ဘေးမှာ ပြည့်နေပါပြီ” ဟု မစ္စ နော်တီယာက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်မှုက မြန်မာ့ပုံရိပ်ကို ကမ္ဘာလှည့် ဆွဲဆောင်မှုတစ်ခုအဖြစ် ထပ်မံမြင့်တက်စေခဲ့ပါပြီ။ ကေအင်ယူက ဆယ်စုနှစ်ပေါင်းများစွာကြာ တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလ၌ အခြား တိုင်းရင်းသားလက်နက်ကိုင် ခုနှစ်ဖွဲ့နှင့် လက်တွဲပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို အစိုးရနှင့် လက်မှတ်ရေးထိုးနိုင်မှု၏ အကျိုးကျေးဇူးကို ကရင်ပြည်နယ်အတွင်း ခရီးသွားကဏ္ဍကလည်း ခံစားရဖွယ်ရှိသည်။

 “ကျွန်မကတော့ ဒီကိုလာတဲ့ နိုင်ငံခြားသား အားလုံးအတွက် စိုးရိမ်ပူပန်စိတ် မရှိပါဘူး။
ဒါက ကျွန်မရဲ့မြို့ကလေး တိုးတက်နေတဲ့ အဓိပ္ပာယ်ပါပဲ” 

အစိုးရ တရားဝင် စာရင်းဇယားများအရ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ဦးရေမှာ ၄ ဒသမ ၆၈ သန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ်ထက် ၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ သို့သော် ဤစာရင်းတွင် ထိုင်းဗီဇာ သက်တမ်းတိုးရန် နယ်စပ်ဖြတ် ခရီးထွက်ပြီး မြန်မာနိုင်ငံထဲ ပြန်ဝင်လာသော ခရီးသွားဦးရေကို ထည့်တွက်ထားသည်ဟု ဝေဖန်သူများက ထောက်ပြလျက်ရှိသည်။

နိုင်ငံခြား ခရီးသွား ၈၁၆,၃၆၉ ဦးကို ဆွဲဆောင်နိုင်ခဲ့သော အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ကမ္ဘာလှည့် တစ်ဟုန်ထိုး မြင့်တက်လာမှုသည် စီးပွားရေးကဏ္ဍအတွက် အပေါင်းလက္ခဏာ ဖြစ်ခဲ့သော်လည်း အချို့ကမူ ရုတ်တရက်တိုးတက်လာသော ခရီးသွားလုပ်ငန်းကဏ္ဍ၏ အကျိုးအမြတ်များကို မျှမျှတတ ခွဲဝေရရှိစေရေး ပျက်ပြားသွားအောင် နားလည်ရန်ခက်သည့် ဗျူရိုကရေစီယန္တရားက ဝင်နှောက်ဟန့်တားမည်ကို စိုးရိမ်လျက်ရှိသည်။

 “ခရီးသွားလုပ်ငန်း စီမံကိန်းတွေကို ရေပေါ်ဆီ လူနည်းစုက အဆုံးအဖြတ် ပေးနေကြပါတယ်” ဟု မြန်မာနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားကဏ္ဍ ပွင့်လင်းမြင်သာမှုရှိရေးကို ဆောင်ရွက်နေသည့် အင်န်ဂျီအိုဖြစ်သော Tourism Transparency ကို တည်ထောင်သူနှင့် ဒါရိုက်တာတစ်ဦးဖြစ်သူ အင်ဒရီယာ ဗယ်လင်တင်က ပြောသည်။

အထူးသဖြင့် ဆယ်စုနှစ်များစွာကြာ ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခတစ်ရပ် အဆုံးသတ်ရေးကို မျှော်လင့်နေရသော တိုင်းရင်းသားလူမျိုးများ၏ ဒေသများရှိ စီမံကိန်းများနှင့်ပတ်သက်၍ အထူးတလည် စိုးရိမ်နေကြသည်။

 “အောက်ခြေပိုင်း အဖွဲ့အစည်းတွေနဲ့ အဓိကပါဝင်ပတ်သက်သူတွေက နိုင်ငံတကာ ခရီးသွားတွေကို အလိုရှိကြပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာ အတိုင်းအတာအထိ စိတ်ထဲ ဒွိဟ ဖြစ်နေကြပါတယ်။ သူတို့အတွေ့အကြုံအရ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းက လူနည်းစု ကွက်ကွကကလေးကိုပဲ အကျိုးဖြစ်စေတာ သိနေလို့ပါ” ဟု မစ္စ ဗယ်လင်တင်က ရှင်းပြသည်။

အင်းလေးကန်အပါအဝင် အခြားဒေသများမှာကဲ့သို့ ဖားအံမြို့တွင်လည်း ဟိုတယ်အထူးဇုန်တစ်ရပ်ကို အာဏာပိုင်များက ဖန်တီးအကွက်ထွင်နိုင်ချေရှိသည့် သူ၏ စိုးရိမ်မှုကို သူက ထုတ်ဖော်ပြောဆိုသည်။

 “လာရောက်လည်ပတ်သူတွေကို သူတို့သွားလိုရာ သွားခွင့်မပြုဘဲ ထိန်းချုပ်ထားလိုတဲ့ အတွေးအခေါ်ဟောင်းက ရှိနေတုန်းပါပဲ။ ဒီလိုဆောင်ရွက်မှုတွေကို အရှည်သဖြင့် တည်တံ့အောင် ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး ဆိုတာနဲ့ သဟဇာတမျှအောင် လုပ်သင့်တယ်ဆိုတာတွေကို သူတို့ လက်ခံယုံကြည်လာအောင် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” ဟုလည်း သူက ထပ်လောင်းပြောပြသည်။

 “လက်ရှိအချိန်တွင်” ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌ ဖားအံဒေသတွင် ထိုသို့သောဟိုတယ်ဇုန် ဖော်ဆောင်ရန် အစီအစဉ်မရှိဟု ဦးဇေယျာမျိုးအောင်က ပြောကြားသည်။

 “ဟိုတယ်ဇုန် စီမံကိန်းတွေက ပုံမှန်ဆိုရင် နေရာအကန့်အသတ် ရှိလွန်းတဲ့ အင်းလေးလိုနေရာတွေမှာ အဓိကထား ဆောင်ရွက်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။ ကရင်ပြည်နယ် ခရီးသွားလုပ်ငန်းမှာ “ထွန်းသစ်စသာ ဖြစ်သေး၍” ဖားအံတွင် ဇုန်မြေသတ်မှတ်ရန် အရေးတကြီး မလိုအပ်သေးဟုလည်း ထပ်လောင်းရှင်းပြသည်။

မစ္စ ဗယ်လင်တင်ကမူ အသစ်ဝင်လာသော ရင်းနှီးမြုပ်နှံသူများအား အကောင်းဆုံး လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များကို လိုက်နာကြရန် အကြံပြုတိုက်တွန်းလိုက်သည်။ ယင်းတို့ထဲတွင် “စီးပွားရေးအရ ယိုဖိတ်မှုများ” ရှောင်ရှားနိုင်ရန် ဒေသခံများအား အတတ်နိုင်ဆုံး ဦးစားပေးခန့်အပ်ခြင်း၊ ဒေသထွက် အစားအစာများကို အဓိက စားသုံးပေးခြင်းနှင့် လုံလောက်သည့် လစာပေးခြင်းတို့ ပါဝင်သည်။

“ဒီလုပ်ငန်းစဉ်တွေမှာ ဒေသခံတွေ ပါဝင်လာအောင် ကြိုးစားသင့်ပြီး မွမ်းမံသင်တန်းတွေလည်း ဖော်ဆောင်ပေးသင့်ပါတယ်” ဟု သူက ပြောသည်။

ဖားအံဟိုတယ်မှာ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းထားသည်။ ရန်ကုန်မြို့မှ ငှားရမ်းလာသည့် စားဖိုဆောင်ဝန်ထမ်းများမှအပ ယင်း၏ အများစုဖြစ်သည့် အလုပ်သမား ၈၅ ဦးမှာ အနီးပတ်ဝန်း ရွာများမှ ဖြစ်ကြသည်ဟု မစ္စ နော်တီယာက ရှင်းပြသည်။

ထို့ပြင် အင်န်ဂျီအိုများကို ဖိတ်ခေါ်ကာ ယင်း၏ဝန်ထမ်းများအား ငှက်ဖျားရောဂါကဲ့သို့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များနှင့်စပ်လျဉ်းသည့် အသိပညာပေးသင်တန်းများ ပေးအပ်လျက်ရှိသည်။ ကမ္ဘာလှည့်ခရီးသွား နည်းပါးချိန်များတွင်လည်း ဝန်ထမ်းများအား အင်္ဂလိပ်စာသင်ခန်းစာများ အခမဲ့ ပို့ချပေးလျက်ရှိသည်။

ဥယျာဉ်မှူး၊ ပန်းကန်ဆေးသူ၊ သို့မဟုတ် တံခါးစောင့်တစ်ဦး၏ အခြေခံလစာမှာ တစ်လ ကျပ် ၇၀,၀၀၀ ဖြစ်သည်။ ဟိုတယ်ဝန်ထမ်းများမှာ တစ်နေ့ ရှစ်နာရီ၊ တစ်ပတ် ခြောက်ရက်နှုန်းဖြင့် လုပ်နေကြခြင်း ဖြစ်သောကြောင့် ၎င်းတို့၏ နေ့စဉ်လုပ်ခလစာမှာ ယမန်နှစ်အတွင်း အစိုးရက ပြဋ္ဌာန်းခဲ့သော အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၃,၆၀၀ အောက်  နည်းပါးသည်။ ဝန်ထမ်းများ လစာမှာ ဘောက်ဆူးငွေများ၊ တစ်နှစ် နှစ်ကြိမ် ရသည့် ဆုကြေးများနှင့် ခရီးစရိတ်ဆောင်းငွေတို့ကြောင့် မူရင်းလစာထက် ပိုများသွားရသည်ဟု မစ္စ နော်တီယာက ရှင်းပြသည်။

တဖန် ဝန်ထမ်းများသည် နှစ်စဉ် ၂၅ ရက် ခွင့်ခံစားခွင့် ရှိသေးသည်။

Photo - Pha-An Lodge

Photo – Pha-An Lodge

ခရီးသွားလုပ်ငန်းကဏ္ဍမှာ အကျဘက်သို့ ရောက်သွားနိုင်သည့်တိုင် ဖားအံဒေသခံများကမူ အခွင့်အလမ်း တစ်ရပ်အဖြစ် ရှူမြင်လျက်ရှိသည်။

ဒေါ်သင်းသင်းအောင်မှာ လူငယ်မွမ်းမံသင်တန်း အစီအစဉ်များအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနေသော လူမှုစီးပွားရေး လုပ်ငန်းတစ်ရပ်အဖြစ် ရိုးရိုးရှင်းရှင်းဖြင့် စတိုင်ကျကျ လည်ပတ်နေသည့်Veranda ကဖီးမှ စီမံကိန်းတာဝန်ခံတစ်ဦး ဖြစ်သည်။

သူက အစုလိုက် အပြုံလိုက် ဝင်ရောက်လာသော ကမ္ဘာလှည့် ခရီးသွားများကို အရှည်သဖြင့် တည်တံ့သော နည်းလမ်းတစ်ရပ်ဖြင့် စီမံခန့်ခွဲပုံနှင့်ပတ်သက်၍ စီးပွားရေးအခြေပြု ခရီးသွားလုပ်ငန်း သင်တန်း တစ်ရပ်ကို စတင်မိတ်ဆက်ရန် ပြင်ဆင်လျက်ရှိသည်။

 “ကျွန်မကတော့ ဒီကိုလာတဲ့ နိုင်ငံခြားသား အားလုံးအတွက် စိုးရိမ်ပူပန်စိတ် မရှိပါဘူး” ဟု Veranda ရှိ သက်ငယ်မိုး အဆောက်အအုံ တစ်ခုအောက် အရိပ်ထဲမှာ ထိုင်နေသော ဒေါ်သင်းသင်းအောင်က ပြောသည်။ “ဒါက ကျွန်မရဲ့မြို့ကလေး တိုးတက်နေတဲ့ အဓိပ္ပာယ်ပါပဲ” ဟုလည်း ဆက်ရှင်းပြခဲ့သည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.