ပြည်ခိုင်ဖြိုးပါတီ နောက်တစ်ကြိမ် အာဏာ ပြန်ရနိုင်သေးသလား

စည်သူအောင်မြင့် ရေးသားသည်။

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အစိုးရသစ် မတက်ခင် ကာလအထိ နှုတ်ဆိတ်နေခဲ့ပြီး အခုတော့ ပါတီ လှုပ်ရှားမှု သတင်းတွေ ပြန်ထွက်ပေါ်လာပါပြီ။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က ပါတီဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန် နေပြည်တော် ပါတီဌာနချုပ်ကို ရုံးတက်ခဲ့ပြီး ခေါင်းဆောင်ပိုင်းတွေနဲ့ အစည်းအဝေး လုပ်ခဲ့တယ်လို့ သိရပါတယ်။ တဆက်တည်း အဲဒီနေ့မှာပဲ ဦးသိန်းစိန် အုပ်စုနဲ့ ကာလကြာရှည် သဘောထားကွဲခဲ့တဲ့ အရင် ပါတီ ယာယီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနဲ့ တခြားပါတီထိပ်ပိုင်း ပုဂ္ဂိုလ် ၁၆ ယောက်ကို ပါတီကနေ အပြီးအပိုင် ထုတ်ပယ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ခုတော့ ကာယကံရှင်တချို့က သူတို့ ထုတ်ပယ်ခံရကြောင်း သတင်းဌာနတွေကို အတည်ပြုချက်တွေ ပေးခဲ့ပါပြီ။ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့် အနာဂတ်ကာလ ဘာတွေ ဆက်ပြီး လုပ်ကိုင်မှာလဲ၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပြန်ပြီး အာဏာရလာနိုင်ခြေရော ရှိပါရဲ့လား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လာမယ့် အနာဂတ်ကာလ ပြည်ခိုင်ဖြိုးပါတီရဲ့ အနာဂတ် အကြောင်းပြောတော့မယ် ဆိုရင် ဒီပါတီ ဘယ်လို ပေါ်ပေါက်လာပြီး ဘယ်လို အာဏာရခဲ့သလဲ၊ နောက်တော့ ဘာအကြောင်းတွေကြောင့် ရှုံးနိမ့်မှုတွေ ကြုံခဲ့ရသလဲ ဆိုတာ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ အရင် စစ်အာဏာရှင်တွေဟာ စစ်ယူနီဖောင်းဝတ်ပြီး တိုင်းပြည်ကို ၂၃ နှစ်လောက် အုပ်ချုပ်သွားခဲ့ကြပါတယ်။ သူတို့အနေနဲ့ အဲလို အခြေအနေလောက်ကို ကျေနပ် မနေပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် အရပ်သား အစိုးရအဖြစ် ပုံသဏ္ဍာန်ပြောင်း အုပ်ချုပ်ရရင်တောင် တိုင်းပြည်ကို စစ်ဘုရင်မင်းဆက်တွေကပဲ အစဉ်အဆက် အုပ်ချုပ်သွားလို့ ရအောင် စနစ်တကျ အချိန်ယူပြီး ပြင်ဆင်ပေးသွားခဲ့ကြပါတယ်။ အဲဒါကတော့ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီးနောက် ကျင့်သုံးမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲ၊ အတင်းအကြပ် အတည်ပြုသွားခဲ့တာပါ။

ဖွဲ့စည်းပုံထဲမှာ တိုင်းပြည်ကို သမ္မတ တစ်ယောက်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက် ပေါင်း နှစ်ယောက်က အုပ်ချုပ်တဲ့ ပုံသဏ္ဍာန် ပြဋ္ဌာန်းထားပါတယ်။ သမ္မတကိုလည်း သာမန် အရပ်သားပါတီက တစ်ယောက်ယောက် သမ္မတ ဖြစ်မလာအောင် စနစ်တကျ အကာအကွယ်တွေ လုပ်သွားခဲ့ပါတယ်။

အကြောင်းကတော့ တိုင်းပြည်ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ သမ္မတ တစ်ယောက်ကို လွှတ်တော်က ရွေးချယ်ရာမှာ တပ်မတော်သား အမတ်တွေက ၂၅ ရာခိုင်နှုန်း မဲပေးခွင့်ကို ဖွဲ့စည်းပုံထဲ ပြဋ္ဌာန်းပြီး အရယူထားလိုက်လို့ပါပဲ။

သေချာတာကတော့ ဘယ်နည်းလမ်းကို ရွေးချယ်ခဲ့သည် ဖြစ်စေ၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရဖို့၊ အာဏာရပါတီ ပြန်ဖြစ်လာဖို့ ဆိုတာ လုံးဝ မမြင်မတွေ့ရပါဘူး။ 

ဒီအတွက် စစ်ဗိုလ်ချုပ်တွေဟာ သူတို့အတွက် ပါတီ တစ်ခုထောင်၊ ရွေးကောက်ပွဲမှာ မဲ ၃၄ ရာခိုင်နှုန်းလောက် အနိုင်ရတာနဲ့ လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေနဲ့ပေါင်းပြီး သမ္မတ တင်နိုင်၊ အစိုးရဖွဲ့နိုင်၊ တိုင်းပြည်ကို ဆက်အုပ်ချုပ်နိုင်အောင် ပြင်ဆင်ထားခဲ့ကြပါတယ်။ အင်န်အယ်လ်ဒီ လို စစ်တပ်နဲ့ မပတ်သက်တဲ့ ပါတီမျိုးဆိုရင်တော့ ရွေးကောက်ပွဲမှာ ၆၇ ရာခိုင်နှုန်းကျော် နိုင်မှ သမ္မတ တင်နိုင်၊ အစိုးရဖွဲ့နိုင်မယ့် အခြေအနေမျိုး ဖန်တီးထားခဲ့တာပါ။

ဒီလိုနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးပါတယ်။ အင်န်အယ်လ်ဒီကို ဝင်မပြိုင်နိုင်အောင် နည်းမျိုးစုံနဲ့ အကန့်အသတ်တွေ လုပ်ခဲ့တဲ့ အပြင် ရွေးကောက်ပွဲမှာလည်း မသမာမှု အများအပြား လုပ်ခဲ့ကြပါသေးတယ်။

ဒီလိုနည်းနဲ့ ၂၀၁၁ မှာ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာတာပါ။ ပြည်ခိုင်ဖြိုးပါတီဟာ အာဏာရပါတီ ဖြစ်လာတဲ့တိုင် သာမန်နိုင်ငံရေးပါတီတွေ လုပ်ရကိုင်ရမယ့် ပြည်သူ့အကြိုက် ပါတီဖြစ်အောင် လုံးဝ မကြိုးစားခဲ့ပါဘူး။ ပါတီကို တကယ့် နိုင်ငံရေးပါတီ ပီပီသသ ဖြစ်အောင် လုံးဝ မတည်ဆောက်ခဲ့ပါဘူး။

သူတို့ထင်ထားတာက သူတို့ဟာ အာဏာရပါတီ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုလည်း သူတို့လူ စစ်ဗိုလ်ချုပ် တစ်ယောက်ကို ခန့်ထားပြီးသား၊ မသမာမှုတွေကိုသာ လုပ်လိုက်ရင် ရွေးကောက်ပွဲမှာ ၃၄ ရာခိုင်နှုန်းလောက်တော့ အသာလေး နိုင်နိုင်တယ်။ ဒါဆို စစ်ဗိုလ်ချုပ် တစ်ယောက်ယောက်က သမ္မတ ဖြစ်၊ ပြည်ခိုင်ဖြိုးပါတီပဲ အာဏာရ အစိုးရဖြစ် ဆိုတဲ့ သဘောမျိုး ထင်မှတ်ထားကြတာပါ။

တကယ့်တကယ် အခြေအနေဟာ အရင် စစ်အာဏာရှင်တွေ ထင်မြင်ထားသလို ဖြစ်မလာပါဘူး။ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် သမ္မတ ရာထူးယူလိုက်ရတဲ့အခါ သူနဲ့ သူ့လူတွေ ပါတီလှုပ်ရှားမှုမှာ ပါဝင်လို့ မရတော့ပါဘူး။ ဒီအခါ ပါတီဦးဆောင်မှုနေရာကို အရင် စစ်အာဏာရှင်ခေတ်မှာ နံပတ် ၃ နေရာ ရခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်း လက်ထဲ ရောက်သွားပါတယ်။

သူရဦးရွှေမန်းဟာ သမ္မတ ဖြစ်ဖို့ မျှော်မှန်းချက်ကြီးသူ ဖြစ်လေတော့ သူ သမ္မတ ဖြစ်လာအောင် ဖွဲ့စည်းပုံထဲက သမ္မတ ဖြစ်ခွင့် အနေအထားကို ပြုပြင်ဖို့ ကြိုးစားခဲ့သလို၊ ပါတီကိုလည်း သူ့ကို ထောက်ခံတဲ့ ပါတီ ဖြစ်လာအောင် စည်းရုံး တည်ဆောက်ပါတော့တယ်။ ဒီလိုနည်းနဲ့ ပြည်ခိုင်ဖြိုးပါတီထဲမှာ သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ထောက်ခံတဲ့ အုပ်စုနဲ့ သူရဦးရွှေမန်းကို ထောက်ခံတဲ့ အုပ်စု ဆိုပြီး အကြီးအကျယ် ကွဲပြဲခဲ့ကြပါတယ်။ တစ်ဖက်နဲ့ တစ်ဖက်လည်း နိုင်ငံရေးအရ အသေအကြေ တိုက်ခိုက်ကြပါတယ်။

ဒီလိုအကွဲအပြဲပုံစံကို မဖြေရှင်းနိုင်ခဲ့ဘဲ ရွေးကောက်ပွဲနီးကပ်တဲ့ အချိန်ထိ ရောက်သွားခဲ့ပါတယ်။ ပြောရရင် နဂိုကတည်းကမှ ပြည်သူလူထု အကြိုက် လုပ်ကိုင်ဆောင်ရွက်မှု မရှိတဲ့ ပါတီ တစ်ခုဟာ အကွဲအပြဲနဲ့ ရွေးကောက်ပွဲ ဝင်ရသလို ဖြစ်သွားစေပါတယ်။ အကွဲအပြဲနဲ့ ရွေးကောက်ပွဲ ဝင်ရတဲ့ အတွက်လည်း မသမာမှု လုပ်ဖို့ အခွင့်အလမ်း မရှိသလောက် နည်းသွားစေပါတယ်။ ဒီလိုနည်းနဲ့ စစ်ဗိုလ်ချုပ်တွေ လုံးဝ ထင်မှတ်မထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ် အနိုင်ရသွားတဲ့ ရလဒ် ထွက်ပေါ်ခဲ့တာပါ။

ခုဆိုရင် အင်န်အယ်လ်ဒီ ပါတီဟာ အစိုးရတစ်ရပ်ကို ဖွဲ့ထားနိုင်ရုံမက လွှတ်တော်ကိုလည်း လွှမ်းမိုးထားပါပြီ။ နောင် ရွေးကောက်ပွဲတွေအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ လိုမျိုး၊ ဖွ့ဲစည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်လို နေရာမျိုးတွေမှာ အင်န်အယ်လ်ဒီက သူ့စိတ်ကြိုက်လူတွေ ခန့်အပ်ထားနိုင်ခဲ့ပါပြီ။

ပြည်ခိုင်ဖြိုးပါတီကတော့ အခုမှ ပါတီတွင်း ဂိုဏ်းဂဏ တိုက်ပွဲကို အဆုံးသတ်နေဆဲ ရှိပါသေးတယ်။ ပြီးရင် အရင် စစ်အာဏာရှင်တွေ ဖန်တီးထားတဲ့အတိုင်း စစ်တပ်ကို ထောက်ခံတဲ့ ပါတီတစ်ရပ်အဖြစ် ဆက်ပြီး ရပ်တည်မလား၊ ဒါမှမဟုတ် စစ်တပ်နဲ့ ဘာမှ မပတ်သက်အောင် နေပြီး ပြည်သူလူထု ကြိုက်နှစ်သက် အားပေးထောက်ခံတဲ့ သာမန် နိုင်ငံရေးပါတီ အဖြစ်ရပ်တည်နိုင်အောင် ကြိုးစားမလား၊ ဘာမှ မသေချာ မရေရာသေးပါဘူး။

သေချာတာကတော့ ဘယ်နည်းလမ်းကို ရွေးချယ်ခဲ့သည် ဖြစ်စေ၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရဖို့၊ အာဏာရပါတီ ပြန်ဖြစ်လာဖို့ ဆိုတာ လုံးဝ မမြင်မတွေ့ရပါဘူး။ တိုင်းပြည်မှာ စစ်အာဏာသိမ်းပွဲလို ထူးခြားတဲ့ အခြေအနေ တစ်စုံတစ်ခု မဖြစ်ပွားခဲ့ဘူးဆိုရင် ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲ နည်းလမ်းနဲ့ အာဏာဇာတ်ခုံပေါ်ကို ပြန်ရောက်ဖို့ လုံးဝ လွယ်ကူမှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.