NLD supporters celebrate the party's electoral landslide in front of the party's Yangon headquarters November. (Hkun Lat | Frontier)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသူများက နိုဝင်ဘာ၈ရက် ညခင်းပိုင်းတွင် ပါတီဌာနချုပ်အနီး စုဝေး၍ အောင်ပွဲခံခဲ့ကြသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

“၂၀၂၀ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ ဘာကြောင့် အပြတ်အသတ်အနိုင်ရခဲ့သလဲ”

ဒေါ်အောင်ဆန်းစုကြည်အပေါ် လူကြိုက်များမှုသည် အင်န်အယ်လ်ဒီပါတီ နိုဝင်ဘာ၈ရက်တွင် တောင်ပြိုကမ်းပြို ထပ်မံအနိုင်ရရှိခဲ့ခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်။ သို့တိုင် အာဏာရပါတီက လွန်ခဲ့သောငါးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးတိုးတက်ရေးအသီးအပွင့်များနှင့် တပ်မတော်ခေါင်းဆောင်၏ ရွေးကောက်ပွဲအကြိုကာလ ပြောဆိုချက်များကလည်း အင်န်အယ်လ်ဒီထပ်မံ​အနိုင်ရခဲ့သည့် အကြောင်းတရားများဖြစ်သည်။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပပြီးသွားပါပြီ။ အင်န်အယ်လ်ဒီပါတီဟာ လက်ရှိအနေအထားအရ ပြည်ထောင်စုလွှတ်တော်မှာ သူ့တစ်ပါတီတည်းနဲ့ သမ္မတရွေးနိုင်၊ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အမတ်အရေအတွက် ၃၂၂ ယောက်ကို ကျော်လွန်ရရှိခဲ့သလို သူတို့အပြတ်အသတ် အနိုင်ရခဲ့တယ်ဆိုတဲ့ ၂၀၁၅က ပြည်ထောင်စုအဆင့် အမတ် အရေအတွက်၃၉၀ထက်လည်း ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲပြီးသွားချိန် ပြည်တွင်းမှာ စောင့်ကြည့်လေ့လာနေကြတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကနေ ရွေးကောက်ပွဲရဲ့ အရည်အသွေးကို အကဲဖြတ်ခဲ့ကြပြီး ပြဿနာကြီးကြီးမားမား မပေါ်တဲ့၊ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တဲ့၊ ပွင့်လင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် ဖော်ပြခဲ့ကြပါတယ်။

ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တဲ့ လွတ်လပ်သော ရွေးကောက်ပွဲများအတွက် အာရှ ကွန်ယက် (ANFREL) ကတော့ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကာလရွေးကောက်ပွဲ စီမံခန့်ခွဲမှုကို တခြားနိုင်ငံတွေကပါ အတုယူသင့်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့ရွေးကောက်ပွဲကို လေ့လာတဲ့ ဂျပန်နိုင်ငံအစိုးရကိုယ်စားလှယ် အဖွဲ့ကတော့ ရွေးကောက်ပွဲကို ချီးကျူးလိုက်ပြီး ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကတော့ အနိုင်ရတဲ့ အင်န်အယ်လ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုလွှာပေးပို့ခဲ့ကြပါတယ်။ အလားတူ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ကလည်း မြန်မာ့ရွေးကောက်ပွဲကို ချီးကျူးခဲ့ကြပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံတွေနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ချို့ကတော့ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ မဲပေးခွင့်မရတဲ့ကိစ္စ၊ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်မြေအများစုမှာ ရွေးကောက်ပွဲမကျင်းပနိုင်လို့ တိုင်းရင်းသားတွေ မဲပေးခွင့်ဆုံးရှုံးရတဲ့ကိစ္စ၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ခံမဟုတ်တဲ့ ၂၅ရာခိုင်နှုန်းသော တပ်ကိုယ်စားလှယ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ကိစ္စ၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အာဏာရအစိုးရအဖွဲ့ သမ္မတကခန့်အပ်တဲ့ ကိစ္စလိုမျိုးကိုတော့ စိုးရိမ်ပူပန်ကြောင်းနဲ့ ဝေဖန်ခဲ့ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ကာလမှာကျင်းပခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲဟာ နိုင်ငံတကာ ရွေးကောက်ပွဲတွေနည်းတူ ပြဿနာ နည်းနည်းပါးပါး ကြုံရတာကလွဲရင် ၂၀၁၅ တုန်းကလိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီ ဘာကြောင့် အပြတ်အသတ် ထပ်ပြီးအနိုင်ရခဲ့တာလဲဆိုတဲ့ ကိစ္စကတော့ အတော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီအကြောင်း လေ့လာကြည့်ကြရအောင်ပါ။

၂၀၁၅အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲ နှစ်ခုအကြား ကြီးမားတဲ့ ခြားနားချက် တစ်ချို့ရှိပါတယ်။ ၂၀၁၅တုန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြည်ခိုင်ဖြိုးအစိုးရရဲ့ သမ္မတဦးသိန်းစိန်က ခန့်အပ်ခဲ့ပြီး သူနဲ့ရင်းနှီးတဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်သူ ဦးတင်အေးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့တယ်။ အောက်ခြေကော်မရှင် အဆင့်ဆင့်မှာလည်း စစ်ဗိုလ်ဟောင်းတွေကို ခန့်အပ်ထားခဲ့တာပါ။

၂၀၂၀ရွေးကောက်ပွဲကျင်းပပေးတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုတော့ အင်န်အယ်လ်ဒီအစိုးရရဲ့ သမ္မတက ခန့်အပ်ပေးတာဖြစ်ပြီး ဥက္ကဋ္ဌက အရပ်သားပညာရှင်ဖြစ်ပါတယ်။ နောက်ပိုင်း ကော်မရှင်အဆင့်ဆင့်တာဝန်တွေကို စစ်ဗိုလ်ဟောင်းတွေကနေ အရပ်သားတွေကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

ဒုတိယထူးခြားချက်ကတော့ ၂၀၁၅တုန်းက ပြည်သူတွေဟာ ပြည်ခိုင်ဖြိုး အစိုးရ အုပ်ချုပ်မှုအောက်မှာ အကြောက်တရား တစ်ချို့နဲ့ မဲပေးခဲ့ကြရပါတယ်။ ၂၀၂၀မှာတော့ အင်န်အယ်လ်ဒီ အစိုးရအုပ်ချုပ်မှုအောက်မှာ အကြောက်တရားကင်းကင်းနဲ့ မဲပေးနိုင်ခဲ့ကြပါတယ်။

၂၀၂၀ရွေးကောက်ပွဲမတိုင်ခင် ကြားကာလမှာ ကော်မရှင်ဟာ ရွေးကောက်ပွဲဆိုင်ရာ အရေးကြီးတဲ့ နည်းဥပဒေနှစ်ခုကို ပြင်ဆင်ခဲ့ပြီး လွှတ်တော်ကအတည်ပြုပေးခဲ့ပါတယ်။ အဲဒီထဲက တစ်ခုကတော့ အရင်ရွေးကောက်ပွဲနှစ်ကြိမ်တုန်းကလို တပ်တွင်းမဲရုံတွေ မထားတော့ဘဲ တပ်ပြင်ပမှာ မဲရုံတွေဆောက်ပြီး တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို မဲပေးစေတာပါ။

တစ်ပြိုင်တည်းမှာပဲ ၂၀၁၀၊ ၂၀၁၅တုန်းကနဲ့မတူ တပ်မတော်သားတွေပေးတဲ့ ကြိုတင်မဲတွေ ကိစ္စ၊ စာရင်းဇယားကိစ္စတွေကို ဝင်ပြိုင်တဲ့ အမတ်လောင်းတွေနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေ အထိုက်အလျောက် စိစစ်ခွင့်ရလာပါတယ်။

ရွေးကောက်ပွဲကျင်းပရတဲ့ ကာလဟာ မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ဒုတိယလှိုင်း ကျရောက်နေချိန်ဖြစ်လို့ ကော်မရှင်နဲ့အစိုးရဟာ ပြည်သူတွေ အန္တရာယ်ကင်းကင်း မဲပေးနိုင်အောင်နဲ့ မဲပေးသူ ရာခိုင်နှုန်း ကျဆင်းမသွားအောင် အကြီးအကျယ် ကြိုးစားခဲ့ကြရပါတယ်။

ရွေးကောက်ပွဲအတွက် ကိုဗစ်-၁၉ကာကွယ်ရေးအခြေအနေနဲ့ ကိုက်ညီတဲ့ အခင်းအကျင်းဖြစ်အောင် ကြိုတင်ပြင်ဆင်ရတာ၊ မဲဆွယ်စည်းရုံးရေးကာလကိုလည်း ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့ ပြုလုပ်စေတာ၊ မဲပေးတဲ့နေ့ မဲဆန္ဒရှင်ပြည်သူတွေတပ်ဆင်ဖို့ ဒေါ်လာသန်းနဲ့ချီတဲ့ ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းတွေကို တရုတ်နိုင်ငံကနေ အလုံးအရင်းဝယ်ယူ ဖြန့်ဖြူးခဲ့တာကိုလည်း တွေ့ရပါတယ်။

မဲပေးတဲ့သူအရေအတွက် လျော့နည်းမသွားအောင်နဲ့ တကယ်မဲပေးတဲ့ နိုဝင်ဘာ၈ရက်မှာ မဲပေးတဲ့သူ အရေအတွက် အထိုက်အလျောက် လျှော့ချနိုင်အောင် ကျယ်ပြန့်တဲ့ကြိုတင်မဲပေး စည်းကမ်းချက်တွေ သတ်မှတ်ပေးခဲ့တာလည်း တွေ့ရပါတယ်။

တစ်ချို့မြို့နယ်တွေမှာ အသက်၆၀အထက် မဲဆန္ဒရှင်တွေကို နေအိမ်အရောက် မဲလိုက်ကောက်တာ၊ ကြိုတင်မဲပေးတဲ့ ရက်ရှည်သတ်မှတ်ပေးတာအပြင် ကိုဗစ်ကာလကြောင့် ကိုယ့်မဲဆန္ဒနယ် ပြင်ပရောက်နေသူတွေ အဝေးကနေ မဲပေးလို့ရအောင်လည်း စည်းကမ်းချက် အသစ်တွေ ချမှတ်ပေးခဲ့တာ တွေ့ရပါတယ်။

ကော်မရှင်ရဲ့ အားနည်းချက်တစ်ချို့လည်း ရှိခဲ့ပါတယ်။ ရှေ့ရွေးကောက်ပွဲနှစ်ကြိမ်တုန်းကလိုပဲ မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ အမှားအယွင်း အချွတ်အချော်တွေများလို့ မဲစာရင်းတွေ ပြန်စိစစ်၊ ပြန်ပြုစုရတာ၊ မဲစာရင်းကပ်တဲ့အချိန် တိုးမြှင့်ပေးရတာ စတာတွေ ဆောင်ရွက်ခဲ့ရပါတယ်။

နောက်ပိုင်း ကိုဗစ်-၁၉ကြောင့် ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်ရက်ရှည်ကြာတာ၊ ကြိုတင်မဲပေးသူ များတာတွေကြောင့် အဲဒီလုပ်ငန်းစဉ် တစ်လျှောက် ပါဝင်ပတ်သက်ရသူ များပြားပြီး ချွတ်ချော် မှားယွင်းမှု ပြဿနာတစ်ချို့ ပေါ်ပေါက်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုင်တွယ်မှု မှန်ကန်ကောင်းမွန်ခဲ့ကြောင်း နောက်ပိုင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက အတည်ပြုပေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ချို့လည်း ကြုံခဲ့ရပါသေးတယ်။ အဲဒါတွေကတော့ ၂၀၂၀၊ ဇွန်လကုန်မှာလုပ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ အမတ်လောင်းတွေ လိုက်နာရမယ့် Code of Conduct လို့ခေါ်တဲ့ ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး ပါတီ အသီးသီး ဆွေးနွေးညှိနှိုင်း သဘောတူညီထားချက်တွေကို ပြည်ခိုင်ဖြိုးနဲ့ သူ့မဟာမိတ် ပါတီ တစ်ချို့ လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါဘူး။

အဲဒီအကျိုးဆက် နောက်ပိုင်းသက်ရောက်မှု တစ်ချို့ရှိခဲ့တာ တွေ့နိုင်ပါတယ်။ နောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်းတစ်ချို့နဲ့ ဝန်းရံသူတွေ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ ဟောပြောမှုတွေလုပ်ခဲ့လို့ဖြစ်ပြီး အဲဒါတွေဟာ CoC နဲ့ ကိုက်ညီခြင်း မရှိပါဘူး။

နောက်ပြဿနာကြီးတစ်ခုက ပြည်ခိုင်ဖြိုးပါတီဦးဆောင်တဲ့ ၃၄ပါတီ ခေါင်းဆောင်တွေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သွားရောက်တွေ့ဆုံတဲ့ကိစ္စပါ။ အဲဒီမှာ ပါတီခေါင်းဆောင်တစ်ချို့က လက်ရှိရွေးကောက်ပွဲကော်မရှင်ဟာ မယုံကြည်ရဘူး၊ ဘက်လိုက်မှုရှိနေတယ်၊ ဒါကြောင့် ရွေးကောက်ပွဲကလည်း တရားမျှတမှုရှိမှာမဟုတ်ဘူး၊ ဒါကြောင့် မြန်မာနိုင်ငံမှာ ၁၉၅၈တုန်းကလို တပ်မတော်ကအာဏာရယူပြီး ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပပေးပါ ဆိုပြီး တောင်းဆိုခဲ့ကြတာပါပဲ။

၁၉၅၈တုန်းက စစ်အာဏာသိမ်းမှုဖြစ်ပွားမှာကို စိုးရိမ်ပြီး အဲဒီအချိန် အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ်ဦးနုက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်အာဏာ ယာယီလွှဲအပ်ပေးပြီး ရွေးကောက်ပွဲ ကျင်းပစေခဲ့တာမျိုးပါ။ နိုင်ငံရေးပါတီခေါင်းဆောင် တစ်ချို့ရဲ့ အဲဒီလိုတောင်းဆိုမှုဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စစ်အာဏာသိမ်းဖို့ သွယ်ဝိုက် တောင်းဆိုတာမျိုးဖြစ်ပြီး တပ်ချုပ်က ရွေးကောက်ပွဲပြီးအောင်တော့ စောင့်ကြည့်လိုက်ပါလို့ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲနီးချိန် ကြိုတင်မဲတွေပေးနေကြချိန်မှာလည်း တပ်မတော်က ကြေညာချက်တစ်ခု ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ဥပဒေနဲ့မညီတာတွေ၊ မှားယွင်းချွတ်ချော်မှုတွေ အများကြီးတွေ့နေရပြီး အဲဒီကိစ္စအားလုံး တည်ဆဲအင်န်အယ်လ်ဒီအစိုးရက တာဝန်ယူရမယ်ဆိုတဲ့အထိ ပြောဆိုခဲ့ပါတယ်။

နောက်ရက်ပိုင်းလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၅တုန်းက ရွေးကောက်ပွဲရလဒ် ကြေညာတာနဲ့ သူ့အနေနဲ့ အသိအမှတ်ပြုမှာလို့ ပြောခဲ့ပေမဲ့ အခု ရွေးကောက်ပွဲအတွက်ကိုတော့ စဉ်းစားရဦးမယ်ဆိုတဲ့ သဘော၊ ၂၀၂၀ရွေးကောက်ပွဲကို အသိအမှတ်ပြုချင်မှပြုမယ်ဆိုတဲ့ သဘောပြောဆိုခဲ့ပါတယ်။ နောက်ပိုင်း အဲဒီအကျိုးဆက်က ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီက တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်ထောင်စုအဆင့် မဲဆန္ဒနယ်မြေတွေရဲ့ ၈၀ရာခိုင်နှုန်းကျော်အထိ အနိုင်ရခဲ့တာပါ။

အင်န်အယ်လ်ဒီ အဲဒီလိုအနိုင်ရခဲ့တာဟာ မဲဆန္ဒရှင်ပြည်သူ အများစုက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်နှစ်သက်လို့ဆိုတာကတော့ အဓိက အကျဆုံးအချက်ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ သာမန်ပြည်သူတွေအနေနဲ့ အရင်သမ္မတဦးသိန်းစိန်အစိုးရနဲ့ စစ်အစိုးရလက်ထက်တွေထက် အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ဖွံ့ဖြိုးတိုးတက်လာမှုတွေကို ကိုယ်တိုင်မြင်တွေ့ရမှု၊ ပိုပြီးလွတ်လပ်ခွင့်ရလာမှု၊ စီးပွားရေး၊ ပညာရေးတိုးတက်မှုတွေကို ခံစားရမှု စတာတွေကြောင့် အင်န်အယ်လ်ဒီပါတီကို မဲပေးကြတာဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးအချက်ကတော့ ရွေးကောက်ပွဲနီးချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်တွေကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြပြီး၊ အရင် စစ်အာဏာရှင်ခေတ်လိုမျိုးကို ပြန်မသွားလိုတာကြောင့် ပြည်သူအများအပြား မဲထွက်ပေးကြတာကလည်း အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒီအချက်တွေကြောင့် မဲပေးသူ စံချိန်တင်ခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီပါတီ အပြတ်အသတ်အနိုင်ရခဲ့တာ ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.