Khayae FM station managers Daw Thu Thu Hlaing and Naw Mee Mee in the studio. (Saw Yan Naing | DW Akademie)
ခရေအက်ဖ်အမ်အသံလွှင့်ရုံ မန်နေဂျာများဖြစ်ကြသည့် ဒေါ်သူသူဝင်းနှင့်နော်မီးမီးတို့အား စတူဒီယိုအတွင်း၌တွေ့ရစဉ်။ ဓာတ်ပုံ - စောရန်နောင်/ DW Akademie

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုနှေးကွေးနေသော ရေဒီယိုအသံလွှင့်လုပ်ငန်း

ဟိန်းသာ ရေးသားသည်။

၂၀၁၈ ဖေဖော်ဝါရီတွင် ရန်ကုန်မြို့၏ အနောက်မြောက်ဘက်ရှိ ကျေးလက်မြို့နယ်လေးတစ်ခုတွင် နေထိုင်သူများသည် လူထုဆက်သွယ်ရေး ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။

စတူဒီယိုငယ်လေးမှသည် အနီးဝန်းကျင်ရှိရွာများထံသို့ စိုက်ပျိုးရေးနည်းလမ်း အကြံပြုချက်များ၊ ရပ်ရွာတွင်းမှ အကြောင်းအရာများ၊ လေလှိုင်းမှတဆင့် လမ်းပိတ်ဆို့မှုများကို မျှဝေထုတ်လွှင့်ပေးရင်းဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး လူထုရေဒီယို အသံလွှင့်ဌာနလေး ဖြစ်ပေါ်လာခဲ့သည်။

ထိုခရေအက်အမ်အသံလွှင့်ဌာန Khayae FM သည် ဂျာမန်လူထုဆက်သွယ်ရေး လေ့ကျင့်မှုအဖွဲ့အစည်းဖြစ်သော DW Akademie ၏ အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် အစိုးရအသိအမှတ်ပြုရှေ့ပြေးစီမံကိန်း တစ်ခုဖြစ်သည်။

ခရေအက်ဖ်အမ်သည် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ ကျေးလက်ပြည်သူများအတွက်သာ ထုတ်လွှင့်ခြင်းဖြစ်ရာ မြန်မာနိုင်ငံ၏ ရေဒီယိုအသံလွှင့်လုပ်ငန်း မြင်ကွင်းပုံရိပ်တွင် တမူထူးခြားနေသည်။

“လူထုရေဒီယိုရဲ့ အားသာချက်က ကျွန်မတို့မြို့နယ်နဲ့ပတ်သက်တဲ့သတင်းတွေကိုပဲ တင်ဆက်ပေးနေတာပါ။ မြို့နယ်တာဝန်ရှိသူတွေတောင် မသိသေးတဲ့အကြောင်းအရာမျိုးတွေရောပေါ့” ဟု အသံလွှင့်ဌာန မန်နေဂျာ မမီးမီး က ပြောသည်။

သို့သော် လူထုရေဒီယိုသည် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ဆောင်ရွက်ရသော အသံလွှင့်လုပ်ငန်းကြီးများကို လောလောဆယ်၌ ကိုင်လှုပ်စေနိုင်ဦးမည်တော့မဟုတ်သေးပေ။ ခရေအက်ဖ်အမ်သည် နိုင်ငံ၏ ရပ်ရွာတွင်းရေဒီယို အသံလွှင့်လိုင်းတစ်ခုအဖြစ်သာ ရှိနေမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အစိုးရသည် ၂၀၁၅ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို အတည်ပြုကျင့်သုံးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းရန် ကျန်ရှိနေသေးသည်။ ထိုသို့ပြဋ္ဌာန်းပြီးမှသာလျှင် အသံလွှင့်ဌာနသစ်များကို ခွင့်ပြုပေးရေး၊ ရပ်ရွာဒေသတွင်းဝန်ဆောင်မှုများအတွက် အနည်းဆုံးအသံလွှင့်လိုင်းနှုန်း ၂၀ ရာခိုင်နှုန်း ရရှိနိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထန်းတပင်မြို့နယ်၌ ခရေအက်ဖ်အမ်လိုင်း ဖမ်းယူနားဆင်နေကြစဉ်။ ဓာတ်ပုံ – စောရန်နောင်/ DW Akademie

လုပ်ငန်းလည်ပတ်စရိတ်များကို ကာမိရန်မှာ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ကြောင်း မမီးမီးကပြောကြားသည်။ ခရေအက်ဖ်အမ်၏ ဝန်ဆောင်မှုပေးနိုင်သည့်  ဧရိယာသည် ကြော်ငြာများကို ဆွဲဆောင်နိုင်ရန် အကန့်အသတ်ရှိနေသည့်အတွက် လှူဒါန်းမှုများကို အများအားဖြင့် အားထားနေရသည်။

“ဒီအခြေအနေက မြန်မာနိုင်ငံမှာ လူထုရေဒီယိုတွေ ရေပန်းစားလာဖို့ တုံ့ဆိုင်းနေရတယ်။ ဒါပေမဲ့ ကိုယ်ပိုင်အသံလွှင့်ဌာနရှိတဲ့ မြို့နယ်တွေက မရှိတဲ့မြို့နယ်တွေထက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်တယ်” ဟုသူကပြောသည်။

ဥပဒေမူဘောင်များ ချမှတ်ပြီးချိန်ကို မျှော်မှန်း၍ မီဒီယာဖွံ့ဖြိုးမှုအဖွဲ့အစည်းဖြစ်သော International Media Support သည် ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် လူထုရေဒီယို အသံလွှင့်ဌာန သုံးခုကို ကူညီတည်ထောင်ပေးခဲ့ပြီး လောလောဆယ်၌ ဖေ့စ်ဘွတ်ခ်နှင့် အခြားအွန်လိုင်းမီဒီယာများမှတဆင့် ထုတ်လွှင့်မှုများ ပြုလုပ်နေသည်။

သို့သော် ၂၀၁၅ တွင် ဖွဲ့စည်းခဲ့သော ရုပ်သံလွှင့်ကဏ္ဍ၏ အဓိကဦးဆောင်အဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းက အစိုးရအား လူထုရေဒီယို တည်ထောင်ခြင်းကို ထောက်ပံ့ပေးရန် ပိုမိုဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။

“အသံလွှင့်ဌာနတွေ လောလောဆယ် မဖြစ်မနေလုပ်နေကြရသလို သတင်းတွေထုတ်လွှင့်ပေးရတာမျိုး မရှိတဲ့ လူထုရေဒီယိုတွေ နိုင်ငံအနှံ့မှာရှိဖို့ အမှန်တကယ်လိုအပ်ပါတယ်” ဟု အသင်း၏ ဒုတိယဥက္ကဋ္ဌ စီးတီးအက်ဖ်အမ် City FM ရေဒီယိုဌာန၏ အထွေထွေမန်နေဂျာ ဦးရဲနိုင်စိုးက ပြောကြားသည်။

လူထုရေဒီယိုကွန်ရက်များကို အိမ်နီးချင်းနိုင်ငံများတွင်မူ များစွာတွေ့နေရပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၇,၀၀၀ ကျော် တည်ထောင်ထားပြီး ၎င်းတို့သည် လူသိများသော အသံလွှင့်ဌာနကြီးများအပြင် အခြားအလေးထား ရွေးချယ်စရာများအဖြစ် ရှိကြသည်။

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း လူထုရေဒီယိုများ၏တန်ဖိုးမှာ သိသာထင်ရှားလာသည်။ နိုင်ငံတော်ကထုတ်ပြန်သည့် အိမ်ပြင်မထွက်ရန်တားမြစ်မိန့် Lockdown ကာလအတွင်း အလှမ်းဝေးသောကျေးရွာများသည် ရောဂါအခြေအနေ နောက်ဆုံးသတင်းများကိုသိရှိနိုင်ရန် ကြားခံဆက်သွယ်ရေးများကိုသာ အားကိုးကြရသည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့်နှစ်က မြို့နယ် ခုနစ်မြို့နယ်ကို အစိုးရက မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားပြီး ဒေသအများစုတွင် လျှပ်စစ်မီး ပုံမှန်မရရှိသော ရခိုင်ပြည်နယ်တွင်တော့ လွတ်လပ်သော အသံလွှင့်ဌာနတစ်ခုမှာ အသိအမှတ်ပြုခံလာရသည်။

“ကျွန်တော်တို့ ရေဒီယိုသတင်းတွေကိုပဲ အားကိုးနေရတာ၊ အထူးသဖြင့် ကိုဗစ် ၁၉ ကာလမှာပေါ့။ ရေဒီယိုလေးရှိနေတာတောင် ကျေးဇူးတင်ရမယ်” ဟု အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသတစ်ခုဖြစ်သော ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးညီခိုင်မင်းက ပြောသည်။

တင်းကျပ်သော စည်းကမ်းများ

ရန်ကုန်မြို့၌ ဇွန် ၉ ရက်က စီးတီးအက်ဖ်အမ်စတူဒီယိုတွင် အသံလွှင့်အစီအစဉ်ဆောင်ရွက်စဉ်။ ဓာတ်ပုံ – ခွန်လတ်

ဦးညီခိုင်မင်းသည် ယခင်က ပဉ္စဝတီအက်ဖ်အမ်ဟုလူသိများသော ပုဂ္ဂလိကအသံလွှင့်ဌာနဖြစ်သော Teen Radio မှ သတင်းများကို နားဆင်ရသည်။

ပုဂ္ဂလိကအက်ဖ်အမ်အသံလွှင့်ဌာနများအားလုံးလိုပင် Teen Radio မှ သတင်းအများစုနည်းတူ အစိုးရပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှထုတ်လွှင့်သော  သတင်းထုတ်ပြန်ချက်များကို ပြန်လည်ထုတ်လွှင့်ပေးခြင်းသာ ဖြစ်သည်။

အစိုးရသတင်းများသည် အာဏာပိုင်များ၏ ဆောင်ရွက်ချက်များကို အလေးထားဖော်ပြပြီး အငြင်းပွားဖွယ်ရာ ပြဿနာများကို ထုတ်ပြန်လေ့သိပ်မရှိဘဲ ထုတ်ပြန်ခဲ့လျှင်လည်း များသောအားဖြင့် အစိုးရ၏ရှုထောင့်မှသာ ဖော်ပြလေ့ရှိသည်။

သတင်းများသည် အွန်လိုင်းနှင့် ပုဂ္ဂလိက ရုပ်သံဌာနများ၌ ပျံ့နှံ့ပြီးနောက်တွင်မှ အချိန်ကြာကြာ နှောင့်နှေးနေတတ်သည်။

Teen Radio သည် မြန်မာနိုင်ငံ၏ အသံလွှင့်ဌာန ၁၀ ခုခန့်အနက်မှ တစ်ခုဖြစ်ကာ အသံလွှင့်ဌာနအများစုမှာ ဖျော်ဖြေရေးကဏ္ဍများကို အဓိကထားတင်ဆက်ခြင်းဖြစ်သည်။

ယင်းအသံလွှင့်ဌာနများသည် ၂၀၁၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး စစ်အစိုးရလက်ထက်က ဦးတေဇ၊ ဦးခင်ရွှေ၊ ဦးကျော်ဝင်း တို့အပါအဝင် လက်သင့်ရာစီးပွားရေး လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ချပေးခဲ့ခြင်းဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့တော်အသံလွှင့်ဌာန (City FM) ကို တည်ထောင်ဆောင်ရွက်သကဲ့သို့ တပ်မတော်ကလည်း သဇင်အက်ဖ်အမ်အသံလွှင့်ဌာနကို တည်ထောင်ခဲ့သည်။

ရန်ကုန်မြို့၌ ဇွန် ၉ ရက်က စီးတီးအက်ဖ်အမ်စတူဒီယိုတွင် အသံလွှင့်အစီအစဉ်ဆောင်ရွက်စဉ်။ ဓာတ်ပုံ – ခွန်လတ်

ပြန်ကြားရေးဝန်ကြီးဌာနမှ အသံထုတ်လွှင့်စက်များ၊ အသံလွှင့်တာဝါတိုင်များ၊ အသံဖိုင်များပို့ရန် ဂြိုဟ်တုချိတ်ဆက်ခြင်းများအပါအဝင် အစိုးရ၏ လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများကို အသုံးပြုခြင်းအတွက် အသံလွှင့်လုပ်ငန်းများကို ပုံသေနှုန်းထားဖြင့် သတ်မှတ်ကောက်ယူသည်။

ပုဂ္ဂလိကအသံလွှင့်ဌာနများသည် စတင်ထုတ်လွှင့်ပြီးနောက်ပိုင်း တဖြည်းဖြည်း ကျယ်ပြန့်လာသော်လည်း အများစုမှာ နေရာဒေသဧရိယာ အကန့်အသတ်တစ်ခုအတွင်း၌သာ ဖြန့်ကျက်နိုင်သည်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာနနှင့် အသံလွှင့်လုပ်ငန်းများ သဘောတူညီချက်အရ ၎င်းတို့သည် အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန (MRTV) မှ ထုတ်ပြန်သည့်သတင်းများကို တစ်နေ့နှစ်ကြိမ် ထုတ်လွှင့်ပေးရသည်။

“MRTV က သတင်းတွေကို ကိုင်တွယ်ထိန်းချုပ်ပါတယ်”ဟု လူသိများသော အက်ဖ်အမ်အသံလွှင့်ဌာနတစ်ခုမှ အမည်မဖော်လိုသည့် စီစဉ်တင်ဆက်သူတစ်ဦးက Frontier ကိုပြောသည်။

အချို့အက်အမ်ဌာနတို့က သတင်းထောက်များ ခန့်ထားပြီး အချို့က ပုံနှိပ်မီဒီယာများထံမှ သတင်းများကို ဝယ်ယူကြသည်။

သို့သော်လည်း ထုတ်လွှင့်မှုအများစုမှာ ဖျော်ဖြေရေးကဏ္ဍများကိုသာ ဇောင်းပေးထားပြီး အသံလွှင့်ဌာနအနည်းစုကသာ လွတ်လပ်သော သတင်းတင်ဆက်ခြင်းကို အလေးပေးရန် စိတ်ဝင်စားမှုရှိပုံရသည်။

ထို့ကြောင့် လွတ်လပ်သော သတင်းတင်ဆက်မှုများကို လိုလားသော ရေဒီယိုနားဆင်သူများသည် ဘီဘီစီ၊ ဗီအိုအေကဲ့သို့ လှိုင်းတိုအသံလွှင့်ဌာနများကို ဖမ်းယူနားဆင်လေ့ရှိကြသည်။ ယခင်စစ်အစိုးရလက်ထက်က ယင်းတို့၏ထုတ်လွှင့်မှုများကို ကြားဖြတ်နှောင့်ယှက်ရန် ကြံစည်ခံရသော်လည်း အဆိုပါအသံလွှင့်ဌာနများသည် အရေးပါသော သတင်းရင်းမြစ်များအဖြစ် ကာလကြာရှည်ရှိနေခဲ့သည်။

“အသံလွှင့်ဌာနတွေက ဖျော်ဖြေတင်ဆက်တဲ့အကြောင်းအရာတွေပေါ်မှာသာ ယှဉ်ပြိုင်လေ့ရှိကြပါတယ် ” ဟု Forever Group of Companies ၏ မန္တလေးအက်ဖ်အမ်နှင့် ပဉ္စဝတီအက်ဖ်အမ်တို့မှ အသံလွှင့်ဌာနမန်နေဂျာဖြစ်သူ ကိုကျော်စွာလွင်ကပြောသည်။

၂၀၂၀ ဇွန် ၂၅ ရက်က ရန်ကုန်မှ ကားတစ်စီးပေါ်၌ ရေဒီယိုလိုင်းပြောင်းစဉ်။ ဓာတ်ပုံ – ခွန်လတ်

ပြောင်းလဲဖို့ အချိန်တန်ပြီလား

အသံလွှင့်လုပ်ငန်းများသည် “ ရေဒီယိုကဏ္ဍ ဘယ်တော့မှ မတိမ်ကောဘူး” ဆိုသည့် အဆိုကို ဖက်တွယ်ထားကြသော်လည်း မြန်မာနိုင်ငံတွင် အက်ဖ်အမ်ရေဒီယိုကဏ္ဍမှာ မည်မျှခိုင်မာမှုရှိပါအံ့နည်း။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်သံထုတ်လွှင့်သူများအသင်းတို့မှ နားဆင်သူစစ်တမ်းကောက်ယူထားမှု မရှိသော်လည်း မိုဘိုင်းဖုန်းသုံးစွဲမှုများလာခြင်းသည် မြေပြင်အခြေစိုက် အသံလွှင့်မှုများထက် လူထုဆီ ပိုမိုရောက်ရှိနိုင်သဖြင့် ရေဒီယိုပရိသတ်များ တဖြည်းဖြည်းများလာသည်ဟု ဆိုကြသည်။

ကိုဗစ် ၁၉ ၏ စီးပွားရေးထိခိုက်မှုကြောင့် လုပ်ငန်းများသည် ကြော်ငြာအသုံးပြုမှုများ လျော့ကျလာပြီး  စီးပွားဖြစ် အက်ဖ်အမ်အသံလွှင့်ဌာနများသည်လည်း မီဒီယာအဖွဲ့အစည်းအများစုကဲ့သို့ပင် ကြော်ငြာဝင်ငွေရရှိမှု ကျဆင်းလာခြင်းကို ကြုံတွေ့ကြရသည်။

စီးတီးအက်ဖ်အမ်တွင် ကြော်ငြာမှရသောဝင်ငွေများသည် မတ်လကတည်းက ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ဦးရဲနိုင်စိုးကပြောသည်။

ပုံနှိပ်နှင့် အွန်လိုင်းမီဒီယာ အဖွဲ့အစည်းအချို့သည် လစာလျှော့ချခြင်း၊ ဝန်ထမ်းများလျှော့ချခြင်းနှင့် အချို့မှာ လုံးဝပိတ်ပစ်ခြင်းများပင်ရှိခဲ့သော်လည်း အက်ဖ်အမ်အသံလွှင့်လုပ်ငန်းများသည် ယင်းတို့ထက်တော့ ပိုမိုသက်သာစွာ တွေ့ကြုံခံစားရပုံရှိသည်။

သို့သော်ငြားလည်း အခြားနည်းဖြင့်ဆိုလျှင် အခြေအနေများမှာ သိပ်ကောင်းလှသည်တော့မဟုတ်ပေ။

၂၀၁၂ တွင် ပုံနှိပ်ခြင်းမတိုင်မီ စာပေစီစစ်ရေးတင်ရခြင်းကို ပယ်ဖျက်နိုင်ခဲ့ခြင်း၊ ၂၀၁၃ တွင် ပုဂ္ဂလိကသတင်းစာများကို ခွင့်ပြုပေးခဲ့ခြင်းတို့ အပါအဝင် ဦးသိန်းစိန်အစိုးရလက်ထက်မှစတင်၍ မီဒီယာအခန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာခဲ့သည်။ ဤသို့ဖြင့် ပုံနှိပ်မီဒီယာကဏ္ဍအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စေသော အပြောင်းအလဲများကို တဖြည်းဖြည်း ဆောင်ယူလာသည်။

နေ့စဉ်သတင်းစာအရေအတွက်မှာ ဈေးကွက်တွင်းတဟုန်ထိုး များပြား၍ အလျှံပယ်ဖြစ်လာသည်။

ထို့ပြင် ၂၀၁၃ တွင် ကြိုးမဲ့ဆက်သွယ်ရေးကဏ္ဍကို ဖြေလျှော့ပေးလိုက်၍  မိုဘိုင်းဖုန်းသုံးစွဲမှုများလာခြင်းကလည်း သတင်းအချက်အလက် ရွေးချယ်စရာများလာပြီး မလွဲရှောင်သာဘဲ ဈေးကွက်ဝယ်လိုအားကို ကျုံ့သွားစေသည်။

ခြားနားချက်မှာတော့ အက်ဖ်အမ်ရေဒီယိုကဏ္ဍသည် ၂၀၁၀ ပြည့်နှစ်ကတည်းက တည်ငြိမ်သလောက်ရှိနေပြီး ထိုစဉ်ကတည်းက စီးပွားဖြစ် အသံလွှင့်ဌာနအသစ် ထပ်မံမပေါ်ပေါက်ခဲ့ပေ။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးတွဲလုပ်ကိုင်ကြရခြင်းကြောင့်လည်း မည်သည့်အသံလွှင့်ဌာနကမှ လွတ်လပ်စွာ ဖော်ပြနိုင်ခြင်းမရှိကြပေ။

တပ်မတော်၏ သဇင်အက်ဖ်အမ် တစ်ခုတည်းသာလျှင် တနိုင်ငံလုံးသို့ ဖြန့်ကျက်နိုင်သည်။

“မြို့အရေအတွက်များများကို ပိုမိုထုတ်လွှင့်ချင်တယ်ဆိုရင် အခကြေးငွေပိုပေးရမှာလေ” ဟု ဦးရဲနိုင်စိုး ကပြောပြီး တိုးလာသည့်ကြော်ငြာဝင်ငွေနှင့် ကုန်ကျစရိတ်များကို ကာမိနိုင်ရန် မသေချာလှကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

စီးတီးအက်ဖ်အမ် အထွေထွေမန်နေဂျာ ဦးရဲနိုင်စိုး။ ဓာတ်ပုံ – ခွန်လတ်

ဤလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြီးစီးပြည့်စုံအောင်ဆောင်ရွက်နိုင်ခြင်းပေါ်တွင် မူတည်နေဖွယ်ရှိသည်။

၂၀၁၈ တွင် MRTV နှင့် တွဲဖက်လုပ်ကိုင်ရန် ရုပ်သံလိုင်း ၅ ခုကို ခွင့်ပြုပေးခဲ့ခြင်းမှလွဲ၍ အင်န်အယ်လ်ဒီပါတီ အစိုးရသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရနည်းတူ ရုပ်သံဥပဒေကို ပြီးစီးအောင် ရေးဆွဲပြဋ္ဌာန်းနိုင်ရန် နှေးကွေးဆဲရှိနေသည်။ ပြန်ကြားရေးဝန်ကြီးဌာနကမူ မေးမြန်းမှုများကို တစုံတရာမှတ်ချက်ပြုခြင်း မရှိခဲ့ပေ။

၂၀၁၉ တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် ဥပဒေပြဋ္ဌာန်းရေးကို ဆွေးနွေးရန် ထိုကဏ္ဍမှ ကုမ္ပဏီများနှင့် အစည်းအဝေး သုံးကြိမ် ပြုလုပ်ခဲ့သော်လည်း ဥပဒေအတည်ပြုရေးမှာ ဆောင်ရွက်ဆဲအဆင့်တွင်သာ ရှိသေးကြောင်း ဦးရဲနိုင်စိုးက ပြောကြားသည်။

ပထမခြေလှမ်းမှာ ထိုလုပ်ငန်းနယ်ပယ်ကို ကြီးကြပ်ကွပ်ကဲမည့် လွတ်လပ်သော အမျိုးသား ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုင်ရာကောင်စီ ဖွဲ့စည်းခြင်းပင်ဖြစ်သည်။

“ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းပြီးမှသာ ကောင်စီလည်း ဖွဲ့လို့ရမယ်။ နောက်ထပ် ရုပ်သံလွှင့်လုပ်ငန်းတွေကိုလည်း လိုင်စင်ချပေးလို့ရမှာပေါ့”ဟုသူကပြောသည်။  

“ဥပဒေပြဋ္ဌာန်းနိုင်ဖို့ အခြေအနေက ဒီကဏ္ဍတိုးတက်ဖို့မှာ အဓိက အဟန့်အတားဖြစ်နေတယ်။ အထူးသဖြင့် လူထုရေဒီယိုတွေ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ရောပေါ့”ဟု ဦးရဲနိုင်စိုးက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.