ပိုမိုကောင်းမွန်သော အနာဂတ်အတွက် သင်ယူနေကြသော မြန်မာလုပ်သားများ

ထိုင်းနိုင်ငံရှိ အလွတ်သင်ကျောင်းများက မြန်မာရွှေ့ပြောင်းလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်သွားချိန်တွင် အပေါင်းလက္ခဏာဆောင်သော အကျိုးပြုမှုများ ပြုလုပ်နိုင်စေရန် လိုအပ်သည့် အရည်အချင်းများကို ဆည်းပူးရန်အတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည်။

တစ်ဖနီ တန် ရေးသားသည်။

နော်မေဘယ်ထူးတစ်ယောက် ထိုင်းနိုင်ငံရှိ ချင်းမိုင်တက္ကသိုလ်တွင် စတင်တက်ရောက်ခွင့်ရခဲ့လေပြီ။ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့် မှတ်ပုံတင်ထားခြင်းမရှိသူတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည့် အသက် ၂၈ နှစ်အရွယ် သူမအတွက် ဤနေရာသို့ရောက်ရှိရန် ခရီးရှည်ကြီးအား ဖြတ်သန်းခဲ့ရသည်။

မေဘယ်ထူးသည် ၂၀၀၀ ပြည့်နှစ်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ကရင်လူမျိုး အသိုင်းအဝိုင်းမှ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ချင်းမိုင်ခရိုင်ရှိ မယ်ကောင်းခ ဒုက္ခသည်စခန်းတွင် ပထမဆုံး နေထိုင်ခဲ့သည်။ ထိုဒုက္ခသည်စခန်းကို ပိတ်လိုက်သည့် ၂၀၀၄ ခုနှစ်တွင် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်လအုံ ဒုက္ခသည်စခန်းသို့ ရွှေ့ပြောင်းကာ တစ်နှစ်မျှ နေထိုင်ခဲ့ပြီးနောက် တက်ခရိုင်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

ယခုအခါတွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်တစ်ဦး ဖြစ်နေပြီဖြစ်သော သူမသည် ဘွဲ့ရပြီးနောက် ဇာတိမြို့သို့ပြန်ကာ ထိုမြို့မှ လူငယ်များ၊ အမျိုးသမီးများနှင့် လယ်သမားများအတွက် လူမှုအသိုင်းအဝိုင်းစင်တာတစ်ခု တည်ဆောက်ပြီး အကူအညီပေးနိုင်ရန် မျှော်လင့်ထားသည်။

မေဘယ်ထူးသည် ချင်းမိုင်၌ ၂၀၁၀ ခုနှစ်က တည်ထောင်ခဲ့သည့် BEAM ပညာရေး ဖောင်ဒေးရှင်းတွင် တက်ရောက်သင်ကြားခဲ့သည်။ ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် သီးသန့်ရည်ရွယ်သော နှစ်နှစ်ကြာ တက္ကသိုလ်အကြို ပြင်ဆင်ရေး သင်ရိုးညွှန်းတမ်းက ၎င်းတို့အား အခြေခံပညာရေး ဖွံ့ဖြိုးတိုးတက်မှု ဘွဲ့လက်မှတ်တစ်ခုအတွက် လေ့လာနိုင်စေခဲ့သည်။ ထိုဘွဲ့လက်မှတ် စာမေးပွဲသည် ထိုင်းအစိုးရကျောင်းများကို မတက်ရောက်နိုင်သော ဒုက္ခသည်များအတွက် တက္ကသိုလ်များ၊ ပညာသင်စုများ လေ ျှာက်ထားစေနိုင်မည့် နိုင်ငံတကာအသိမှတ်ပြု စာမေးပွဲဖြစ်သည်။

BEAM သင်တန်းအစီအစဉ်ကို တက်ရောက်ပြီးသည့် ကျောင်းသား ၁၅၀ အနက် ၅၇ ဦးမှာ ထိုင်း၊ ဟောင်ကောင်၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ရှိ တက္ကသိုလ်များတွင် တက်ရောက် သင်ကြားလျက် ရှိသည်။ အခြားသူများမှာမူ ဆရာများ သို့မဟုတ် ကျန်းမာရေးလုပ်သားများအဖြစ် လုပ်ကိုင်လျက်ရှိသည်။

BEAM တွင် ကွန်ပျူတာ၊ စက်ချုပ်နှင့် အခြားအတတ်ပညာများကို သင်ကြားပေးသည့် အသက်မွေးဝမ်းကြောင်း သင်တန်းစင်တာတစ်ခုလည်း ရှိနေသည်။ အသက် ၃၇ နှစ်အရွယ် မအန်းရာသည် ကချင်ပြည်နယ်ရှိ  စစ်ဘေးရှောင်များအတွက် စခန်းတစ်ခုရှိ သူမနေထိုင်ရာ အသိုင်းအဝိုင်းသို့ မပြန်မီ ၂၀၁၄ ခုနှစ်တွင် BEAM ၏ အသက်မွေးဝမ်းကျောင်းမှု သင်တန်းအစီအစဉ်တစ်ခုတွင် တက်ရောက်ခဲ့သည်။ ယခုနှစ်အစောပိုင်းတွင်မူ အဝတ်အထည်ချုပ်လုပ်ခြင်းအား သူမက စခန်းတွင် ပြန်လည်သင်ကြားပေးနေပြီဖြစ်သည်။

ဒုက္ခသည်များမှာ ထိုင်းပညာရေးစနစ်တွင် တက်ရောက် ပညာသင်ကြားနိုင်ခြင်း မရှိသောကြောင့် ရွှေ့ပြောင်းများအတွက် တက္ကသိုလ်အကြို ပြင်ဆင်ရေး အခွင့်အလမ်းကို ပေးအပ်လျက်ရှိသည့် BEAM ဖောင်းဒေးရှင်းကဲ့သို့သော ကျောင်းများက တက္ကသိုလ်တက်လိုသူများအတွက် တစ်ခုတည်းသော ရွေးချယ်စရာပင် ဖြစ်သည်။ အန်(န်)ဂျီအိုများနှင့် အလှူရှင်များထံမှ ရန်ပုံငွေများသည် လူမှုအသိုင်းအဝိုင်း အခြေပြုကျောင်းများအတွက် အခမဲ့ပညာသင်ကြားမှု ပေးအပ်နိုင်စေမည့် နည်းလမ်းပင်ဖြစ်ပေသည်။ BEAM သည် ၂၀၀၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဖွဲ့စည်းခဲ့သည့် အကျိုးအမြတ်မယူသော အဖွဲ့ဖြစ်သည်။ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ရှိ အခွင့်အလမ်း နည်းပါးသော လူငယ်များကို ကူညီလျက်ရှိသည့် Child’s Dream Foundation က ငွေကြေး ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ BEAM ဖောင်ဒေးရှင်းရှိ ကျောင်းသားများသည် တစ်လလ ျှင် ထိုင်းဘတ် ၁၀၀ (ကျပ် ၃,၄၀၀ ခန့်) ထည့်ဝင်ရသည်။ သို့သော် ထိုငွေကြေးပမာဏအား မတတ်နိုင်သူများအနေဖြင့်မူ ပေးရန် မလိုအပ်ပေ။

၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်အား ထိုင်းနိုင်ငံက လက်မှတ်ရေးထိုးရခြင်း မရှိသေးပေ။ ထို့အတူ ထိုင်းနိုင်ငံအတွင်းရှိ အခွင့်အလမ်း အနည်းပါးဆုံးသောသူများဖြစ်ကြသည့် ၎င်းတို့ကိုလည်း ဒုက္ခသည်များအဖြစ် အသိမှတ်ပြုခြင်း မရှိသေးပေ။ တရားဝင်ပညာရေး၊ ကျန်းမာရေး သို့မဟုတ် မဲပေးခွင့်များ ရရှိမှု မရှိသလောက် နည်းပါးနေသောကြောင့် ယခုကဲ့သို့ အခွင့်အလမ်း အနည်းဆုံးသောသူများ ဖြစ်နေရခြင်း ဖြစ်သည်။

ဒုက္ခသည်များရရှိသည့် တစ်ခုတည်းသော ပညာရေးမှာ အန်(န်)ဂျီအိုများက ပေးအပ်ခြင်းပင်ဖြစ်သည်။ ထိုင်းအစိုးရက အသိမှတ်မပြုသောကြောင့် ဒုက္ခသည်များအနေဖြင့် စဉ်ဆက်မပြတ် သင်ယူရသော ပညာရေးအား ရရှိနိုင်ခြင်း မရှိပေ။

နယ်စပ်ဒေသတစ်လျှောက်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည် ၁၀၇,၃၂၁ ကို ကူညီရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် ထိုင်းအစိုးရအာဏာပိုင်များ၊ အန်(န်)ဂျီအိုများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ BEAM ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးကျော်ကျော်မင်းထွဋ်၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား သုံးသန်းခန့်ရှိနေပြီး ထက်ဝက်ခန့်မှာ နေထိုင်ခွင့် လက်မှတ်မရှိသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အာ ဝန်ကြီးဌာနက ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၈ သန်းအား မှတ်ပုံတင်ပေးခဲ့ပြီးဖြစ်သည်။

မေဘယ်ထူးကို ကျောင်းစာကြည့်တိုက်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ- ဗင်ဆန်ဇို ဖလော်ရာမို

မေဘယ်ထူးကို ကျောင်းစာကြည့်တိုက်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ- ဗင်ဆန်ဇို ဖလော်ရာမို

ရွှေ့ပြောင်းလူဦးရေ၏ ၇၀ ရာနှုန်းမှာ အသက် ၁၈ နှစ်နှင့် ၃၀ နှစ်အရွယ်အကြားတွင်ရှိသည်ကို လေ့လာ သိရှိထားပြီး ဖြစ်သည့် ဦးကျော်ကျော်မင်းထွဋ်က မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်  ရေရှည် တည်တံ့သော နှစ်ရှည်ပညာရေးကို သင်ယူရရှိပါက ထိုင်းနှင့် မြန်မာနှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

“ပညာတတ် ရွှေ့ပြောင်းလုပ်သားတွေထံက နှစ်နိုင်ငံလုံးရရှိမယ့် အခြေခံအကျိုးကျေးဇူးတွေက လုံခြုံရေးနဲ့ ကုန်ထုတ်စွမ်းအားပါ” ဟု Frontier ကို ၎င်းက ပြောကြားခဲ့သည်။ “ပညာရေးက အခြေခံကျတဲ့ ရင်းနှီးမြုပ်နှံမှုပါ” ဟုလည်း ၎င်းကဆိုသည်။

BEAM အပါအဝင် အဖွဲ့ဝင် ၁၇ ဖွဲ့ပါဝင်သော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာရွှေ့ပြောင်းများအတွက် ကျောင်းကွန်ယက်တစ်ခုဖြစ်သည့် ရွှေ့ပြောင်းပညာရေးပေါင်းစည်းမှုဆိုင်ရာ ကနဦးကြိုးပမ်းမှုအဖွဲ့ တည်ထောင်မှုနှင့် ပတ်သက်ပြီးလည်း ဦးကျော်ကျော်မင်းထွဋ်က ပြောကြားခဲ့သည်။ ဤကွန်ယက်က မြန်မာရွှေ့ပြောင်းဆရာများအစည်းအရုံးနှင့် ရနောင်းပညာရေးလုပ်ငန်းကော်မတီတို့ကဲ့သို့သော အဖွဲ့အစည်းများနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံ၊ မြဝတီမြို့တစ်ဘက်ကမ်းရှိ လူသွားလူလာများသော နယ်စပ်မြို့ဖြစ်သည့် မဲဆောက်တွင် မင်းမဟော် အဆင့်မြင့်ပညာရေးသင်တန်းအစီအစဉ်ကလည်း BEAM နှင့် ဆင်တူသော ဝန်ဆောင်မှုများကို ပေးအပ်နေသည်။ စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစတင်ကာ ကျောင်းသား ၃၅ ဦး ဘွဲ့ရခဲ့ပြီး ၁၀ ဦးမှာမူ ထိုင်း၊ ဟောင်ကောင်နှင့် အမေရိကန်နိုင်ငံများရှိ တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားလျက် ရှိသည်။ အခြားသူများမှာမူ ထိုင်းနိုင်ငံနှင့် နယ်စပ်ဒေသများတွင် အလုပ် လုပ်ကိုင်လျက်ရှိသည်။

BEAM နှင့် မင်းမဟော်တို့အား တိုင်းရင်းလူမျိုးစုအားလုံးအတွက် ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း မယ်ဟောင်ဆောင်ခရိုင်ရှိ ဘန်နိုင်ဆွိုင်ဒုက္ခသည်စခန်းမှ ကရင်နီလူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာမှာမူ ထိုင်းနိုင်ငံအနီးရှိ ကယားပြည်နယ်မှ ဒုက္ခသည်များအတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ KSDC အား အန်(န်)ဂျီအိုများစွာက ပံ့ပိုးပေးထားသည့်အတွက် ဤကျောင်းတွင် အခမဲ့ သင်ကြားပေးလျက်ရှိသည်။

“[မြန်မာ] အစိုးရအနေနဲ့ ကျွန်တော်တို့ကျောင်းတွေက ကျောင်းသားတွေကို အသိမှတ်ပြုပေးဖို့ လိုအပ်သလို နိုင်ငံသားအဖြစ်လည်း လက်ခံပေးဖို့လိုပါတယ်” ဟု KSDC ၏ ကယားကျောင်းအုပ်ဖြစ်သူ မမြှားရှေက ဆိုသည်။ “သူတို့က သူတို့အနာဂတ်နဲ့ပတ်သက်ပြီး အရမ်းကို ဇဝေဇဝါ ဖြစ်နေကြတာပါ။ [မြန်မာ] အစိုးရဟောင်းနဲ့ အသစ်အကြားမှာ ကရင်နီ [ကယား] တိုင်းရင်းသားတွေအတွက်၊ အနာဂတ် ငြိမ်းချမ်းရေးအတွက် အပေးယူတစ်ခု လုပ်ဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။

KSDC မှ ဘွဲ့ရပြီးခါစ မပပမိုးသည် ၂၀၁၀ ခုနှစ်တွင် ကယားပြည်နယ်ရှိ ၎င်း၏ကျေးရွာမှ ဘန်နိုင်ဆွိုင်ဒုက္ခသည် စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သူ ဖြစ်သည်။ KDSC သို့ တက်ရောက်ခြင်းမပြုမီ ဤဒုက္ခသည်စခန်းရှိ ကျောင်းတစ်ကျောင်းတွင် ကိုးတန်းအထိ သင်ယူအောင်မြင်ခဲ့သည်။

“KSDC မှာ လေ့လာယူခြင်းခြင်းက ကျွန်မဘဝကို ပြောင်းလဲပေးခဲ့ပါတယ်။ ဒီမိုကရေစီလို နိုင်ငံရေး အတွေးအခေါ်တွေကို ကျွန်မသင်ကြားခဲ့ရတယ်။ ယုံကြည်မှု ပိုရှိလာတယ်။ ကျွန်မတို့ရဲ့ နေ့စဉ် လက်နက်ကိုင် ပဋိပက္ခတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို နားလည်လာခဲ့တယ်။ ခုဆိုရင်တော့ နိုင်ငံသားကောင်းတစ်ဦးအဖြစ် ဘယ်လိုကျင့်ကြံ နေထိုင်ရမလဲဆိုတာကို ကျွန်မသိပါပြီ” ဟု မပပမိုးက ဆိုသည်။

၎င်းသည် KSDC တွင် လူ့အခွင့်အရေး သင်တန်းဆရာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပြီး ဒုက္ခသည် အခွင့်အရေးများနှင့် ပဋိပက္ခဖြေရှင်းမှုတို့နှင့် ပတ်သက်သော သူမ၏ အသိပညာကို ကျောင်းရှိ ကျောင်းသားများဖြင့် မျှဝေနိုင်ခြင်းအတွက်လည်း ဝမ်းမြောက် ကြည်နူးလျက်ရှိသည်။

BEAM၊ မင်းမဟော်နှင့် KSDC တို့ရှိ ကျောင်းသားအများစုမှာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် တရားဝင် မှတ်ပုံတင်ထားကြသူများ ဖြစ်ကြသော်လည်း ၎င်းတို့၏ ပညာသင်ယူမှုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သည့် ပတ်စ်ပို့များ၊ ဗီဇာများနှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များနှင့် ပတ်သက်၍ စိန်ခေါ်မှုများ ရင်ဆိုင်နေရဆဲ ဖြစ်သည်။

BEAM တွင် ထိုင်းအာဏာပိုင်များနှင့် အပေါင်းလက္ခဏာဆန်သော ဆက်ဆံရေးတစ်ရပ်ရှိသော်လည်း အကျိုးဆက်များကို မကြာခဏဆိုသလို ခန့်မှန်း၍ မရနိုင်ဘဲ ဖြစ်နေတတ်သည်ဟု ဦးကျော်ကျော်မင်းထွဋ်က ဆိုသည်။

မူဝါဒပြောင်းလဲမှုများကိုလည်း အသိပေးမှု တစ်စုံတစ်ရာမရှိပဲ ကြုံတွေ့ရနိုင်သည်ဟု မေဘယ်ထူးက ဆိုသည်။

“အလုပ်သမားတွေ မှတ်ပုံတင်ရမယ့် နောက်ဆုံးရက်ဖြစ်တဲ့ ဇူလိုင် ၂၉ ရက်နောက်ပိုင်းမှာ တရားမဝင် ရွှေ့ပြောင်းတွေကို ဖမ်းဆီးအရေးယူမယ်လို့ ထိုင်းအစိုးရက ခြိမ်းခြောက်ထားတာကြောင့် ကျောင်းသားတွေအနေနဲ့ ပိုမိုတင်းကြပ်တဲ့ အလုပ်အကိုင် လမ်းညွှန်ချက်တွေနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ အလုပ်သမားဌာနက ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲရေးအပေါ်မှာ အာရုံစိုက်နေလို့ပါ” ဟု ၎င်းကဆိုသည်။

BEAM နှင့် ၎င်း၏ကွန်ယက်မှ အခြားကျောင်းများသည် ၎င်းတို့၏ ကျောင်းသားများအတွက် လေ့လာသင်ယူမှုမှ အလုပ်အကိုင်ရှာဖွေမှုသို့ အသွင်ကူးပြောင်းခြင်းတွင် ပိုမိုလွယ်ကူစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရံဖန်ရံခါတွင် ထိုင်းနှင့် မြန်မာ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသည်။

“GED က အကောင်းဆုံးရွေးချယ်မှုမဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့က အမေရိကန်သမိုင်းနဲ့ စီးပွားရေးအပေါ်မှာ အာရုံစိုက်မယ့်အစား [အရှေ့တောင်အာရှ] နိုင်ငံတွေနဲ့ ဆက်စပ်တဲ့ ခေါင်းစဉ်တွေအပေါ်မှာ အလေးပေးတဲ့ သင်ရိုးညွှန်းတမ်းတစ်ခု ဖော်ဆောင်မယ့် အလွတ်တန်းနဲ့ တရားဝင်ပညာရေးရုံး [ထိုင်းနိုင်ငံ] နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ဦးကျော်ကျော်မင်းထွဋ်က ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ရွှေ့ပြောင်းသင်ကြားရေးစင်တာများမှ ကျောင်းသားများမှာ ကံကောင်းသူများ ဖြစ်ကြသည်။ အထူးသဖြင့် အသက် ၁၈ နှင့် ၃၀ အကြားရှိ မြန်မာရွှေ့ပြောင်းများတွင် တက္ကသိုလ်ဝင်ခွင့်ရရန် သို့မဟုတ် ပိုမိုကောင်းမွန်သော အလုပ်ရရန် လိုအပ်သည့် ပညာသင်ကြားခွင့်များ မရှိကြပေ။ BEAM ကဲ့သို့သော အဖွဲ့အစည်းများက သက်ဆိုင်ရာ စံချိန်မီ သင်ရိုးညွှန်းတမ်းများကို ဆက်လက် ဖော်ဆောင်နေသည်နှင့်အမျှ ၎င်းတို့ကျောင်းသားများမှာလည်း စာသင်ယူမှုများ၊ အလုပ်များနှင့် ဗီဇာကိစ္စရပ်များတွင် ဟန်ချက်ညှိရန် ခက်ခဲနေပေဦးမည်ဖြစ်သည်။ သို့သော် မိမိတို့ရည်မှန်းချက်များကို အောင်မြင်စေရန်အတွက် ထပ်ဆောင်း ကြိုးစားရကြိုးနပ်သည်ဆိုခြင်းမှာ ကျောင်းသားများ၏ ယုံကြည်မှုပင် ဖြစ်သည်။

“[ကျောင်းသား]အများစုက ကျွန်မထက် အသက်ပိုကြီးကြတာကြောင့် ကျွန်မ စိုးရိမ်မိပါတယ်။ ဒါပေမယ့် သူတို့က တော်တော်လေးကို လေးစားသမှုရှိကြပြီး သင်ယူဖို့အတွက်လည်း စိတ်လှုပ်ရှားနေကြပါတယ်” ဟု BEAM ရှိ အမေရိကန်ဆရာမတစ်ဦးဖြစ်သူ မစ္စမယ်လိုဒီဝေက ဆိုသည်။ “တစ်နှစ်လုံးလုံး ကျွန်မက ကျောင်းနဲ့ တစ်လမ်းတည်းမှာနေတာကြောင့် ကျောင်းပိတ်ရက်တွေမှာ သူတို့နဲ့အတူနေတယ်။ လေ့လာရေးခရီးတွေ၊ စာအုပ်ကလပ်တွေ၊ ရုပ်ရုင်ကြည့်တဲ့ညတွေလို သူတို့အကြောင်းကို ပိုသိနိုင်မယ့် အခွင့်လမ်းတိုင်းကို စီစဉ်ပေးဖြစ်တယ်” ဟုလည်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အနာဂတ်မြန်မာနိုင်ငံအတွက် အရေးပါသော ဆုံးဖြတ်ချက် ချမှတ်သူများတွင် ပါဝင်လာဖွယ်ရှိသည်ဟု ဦးကျော်ကျော်မင်းထွန်းက ဆိုသည်။

“ဒီနိုင်ငံ နှစ်နိုင်ငံစလုံးက ဒီရွှေ့ပြောင်းတွေကို လိုအပ်ပါတယ်။ ဒါပေမယ့် သူတို့တွေ ပညာတတ်တယ်ဆိုရင် သူတို့က ပိုပြီးတန်ဖိုးရှိလာမှာပါ” ဟု ၎င်းကဆိုသည်။

အစားထိုးပညာရေးက မေဘယ်ထူးနှင့် ပပမိုးတို့ကဲ့သို့သော ကျောင်းသားများအတွက် မျှော်လင့်ချက်ရှိသော လမ်းကြောင်းတစ်ကြောင်းအဖြစ် လမ်းခင်းပေးခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ဒုက္ခသည်စခန်းတစ်ခုအတွင်းတွင် စိတ်ပျက်အားငယ်စွာ နေနေရခြင်းအစား တက္ကသိုလ်တက်ရောက်ရန် သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရန် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အရည်အချင်းများကို ဆည်းပူးခဲ့ကြသည်။ BEAM၊ မင်းမဟော်နှင့် KSDC ကဲ့သို့သော အဖွဲ့အစည်းများက ကွပ်ကဲလည်ပတ်နေသော ကျောင်းများတွင် တက်ရောက်နေသော ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့ပါက ၎င်းတို့မွေးရပ်မြေတွင် အပေါင်းလက္ခဏာဆောင်သော အကျိုးပြုမှုများအတွက် စွမ်းရည်များ တည်ဆောက်ပေးသင့်သည်ဆိုသည်မှာ မေးစရာမလိုသော မေးခွန်းပင်ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ – ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ BEAM ပညာရေးဖောင်ဒေးရှင်းမှ ထွက်လာသော ကျောင်းသားတစ်ဦးကို တွေ့ရှိရစဉ်။ ဓာတ်ပုံ- ဗင်ဆန်ဇို ဖလော်ရာမို

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.