နောက်ကြောင်းပြန်ပေးခြင်း

မြန်မာနိုင်ငံတွင် ရပ်ဂ်ဘီအားကစားနည်းကို စိတ်ဝင်တစား နှစ်မြှုပ်ဆောင်ရွက်နေသူတစ်စုသည် ယင်းကစားနည်းကို မိတ်ဆက်နေရင်း ရန်ပုံငွေကောက်ခံခြင်းနှင့် လူကျွံဘော စည်းမျဉ်းများကို ရှင်းပြခြင်းတို့အတွက် စိန်ခေါ်ချက်ကို ရင်ဆိုင်ကျော်လွှားနေကြရသည်။

အိုလီဗာဆလိုး ရေးသားသည်။

ရပ်ဂ်ဘီ စတင်ကစားရန် လာရောက်သူအား ယင်းအားကစားနည်းမှ စည်းမျဉ်းများကို ရှင်းပြခဲ့ဖူးသည့် ရပ်ဂ်ဘီဝါသနာပါသူတစ်ဦးဦးသည် ရန်ကုန်မြို့ မြောက်ဘက်ဆင်ခြေဖုံးရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် မိုးဖွဲဖွဲကျနေသဖြင့် တကိုယ်လုံး ရွှဲရွှဲစိုနေစဉ် ကလေးငယ်တစ်စုအား လူကျွံဘောစည်းမျဉ်းကို ကြိုးစားသင်ပေးနေသည့် ဤစာရေးသူ ခံစားရသော စိတ်အနှောက်အယှက်ဖြစ်မှုမျိုးကို နားလည်ပေလိမ့်မည်။

သူတို့ နားထောင်နေခြင်း အလျဉ်းမရှိပေ။ သူတို့က ဘောလုံးဖြင့် လျှောက်ပတ်ပြေးလွှားကာ ကစားဖော်အား ပြင်းထန်နိုင်သမျှ အပြင်းထန်ဆုံး အနေအထားဖြင့် ဆောင့်တွန်းပြီး ရွှံ့ထဲတွင် လူးလွန့်ရန်သာ ဖြစ်သည်။ သူတို့အား မည်သူကများ အပြစ်တင်နိုင်မည်နည်း။ ဒါကလည်း ယင်းအားကစားနည်းကို ကျွန်တော် နှစ်သက်ရသည့် ပထမဆုံး အကြောင်းရင်းပင် ဖြစ်သည်။

သင်သည် ဘောလုံးကို နောက်သို့သာ ပြန်ပေးနိုင်ပြီး ဂိုးသွင်းသောအခါ သူငယ်ချင်း၏ ဦးခေါင်းဆီသို့ ပစ်လွှတ်ခြင်းအစား မြေပြင်ပေါ်တွင် ဘောလုံးချရမည်ဟူသည့် အခြား အခြေခံစည်းမျဉ်းများကို မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။ ကလေးငယ်များမှာ ဟက်ဟက်ပက်ပက် ရယ်မော ပြေးလွှားနေသည့်အလျောက် အခြေခံစည်းမျဉ်းအချို့ကို ချိုးဖောက်မှု အနည်းငယ် ရှိသော်လည်း သူတို့၏နားလည်မှုမှာ ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။

ကစားပွဲမှာ မရမ်းကုန်းမြို့ရှိ နန်းဦးဘုန်းတော်ကြီးကျောင်းတွင်ဖြစ်ပြီး မြန်မာနိုင်ငံ၌ ရပ်ဂ်ဘီအားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သော အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ကစားနေခြင်းဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် နဂါးလေးတွေဟု အမည်ပေးထားသည့် ယင်းအစီအစဉ်သည် ရပ်ဂ်ဘီအားကစားနည်းကို  မြန်မာနိုင်ငံအဝှမ်း မိတ်ဆက်ပေးရန် ရည်ရွယ်ထားသကဲ့သို့ အချို့တဲ့ဆုံး ကလေးငယ်အချို့၏ ဘဝတစ်သက်တာ ကျွမ်းကျင်အရည်အသွေးများ ဖွံ့ဖြိုးလာစေရန်လည်း ရည်ရွယ်သည်။ 

ဓာတ်ပုံ - တေဇလှိုင်

ဓာတ်ပုံ – တေဇလှိုင်

ရပ်ဂ်ဘီ အားကစားနည်းမှာ မြန်မာနိုင်ငံ၌ ကျော်ကြားသော အားကစားနည်းတစ်ရပ် မဟုတ်သော်လည်း သမိုင်းစာအုပ်များ၌ ရေးသားဖော်ပြမှုအချို့ ရှိနေခဲ့သည်။

လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ်သည် အင်္ဂလန်တွင် နှစ်များစွာ နေထိုင်ခဲ့ပြီး ရပ်ဂ်ဘီအသင်းများ၏ အရည်အသွေးပိုင်း၌ ကျော်ကြားသော တက္ကသိုလ် နှစ်ခုဖြစ်သည့် ကိန်းဘရစ်ချ်မှ ဒါးလ်ဝှစ်ကောလိပ်နှင့် ကွင်းစ်ကောလိပ်တို့အတွက် တစ်လှည့်စီ ကစားပေးခဲ့ဖူးသည်။

၁၉၂၀ ပြည့်နှစ်များတွင် ကွာဆီကွာတန် ရေးသားခဲ့သည့် အင်ပါယာ၏ တရဲတစ္ဆေများ ဟူသော စာအုပ်တွင် ဦးတင်ထွဋ်အား ရန်ကုန် ဂျင်မ်ခါနာကလပ်နှင့် ကစားရန် ဗြိတိသျှစစ်တပ်က ဖိတ်ခေါ်ခဲ့ဖူးသော်လည်း ဗြိတိသျှတပ်မတော်က “ဥရောပသား”၁၅ ဦးကို မရှာဖွေနိုင်သေးသည့် အချိန်တွင်သာ ဖြစ်သည်။

“ထိုပွဲစဉ်တွင် ၎င်းမှာ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း လူတိုင်းက အသိအမှတ်ပြုခဲ့သည်” ဟု ကွာတန်က ရေးသားဖော်ပြထားသည်။ သို့သော် ကိုလိုနီခေတ် လူမျိုးခွဲခြားမှု၏ အရှက်ရဖွယ်ရာ ကိစ္စတစ်ခုတွင် ဥရောပသားများအတွက် သီးသန့်ထားရှိသောနေရာ၌ ဦးတင်ထွဋ်အား ရေချိုးခွင့် မပြုခဲ့ခြင်းပင် ဖြစ်သည်။

ဘောလုံးအသင်းနှင့်မတူသည်မှာ ရပ်ဂ်ဘီ အားကစားနည်းသည် လွတ်လပ်သော မြန်မာနိုင်ငံတော်သို့ အရောက်မလှမ်းနိုင်ခြင်းပင် ဖြစ်သည်။

ဓာတ်ပုံ - တေဇလှိုင်

ဓာတ်ပုံ – တေဇလှိုင်

၂၀၁၃ ခုနှစ်တွင် ရန်ကုန်နဂါးများ ရပ်ဂ်ဘီကလပ်ကို ဖွဲ့စည်းခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ နဂါးလေးတွေ အစီအစဉ်မှာ နဂါးကလပ်ဖွဲ့စည်းခြင်း၏ ရလဒ်ဖြစ်ပြီး ရပ်ဂ်ဘီ အားကစားနည်းကို မြန်မာနိုင်ငံသားများစွာအား မိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ခဲ့သည်။

“ကလေးတွေက ဒီကစားနည်းကို သဘောကျပါတယ်”ဟု အခြား ရပ်ဂ်ဘီဝါသနာပါသူများထံမှ အကူအညီဖြင့် ယင်းအစီအစဉ်ကို ဦးဆောင်နေသူ မစ္စတာ ဘင်န်မတ်က ဆိုသည်။ “သူတို့က လျှောက်ပြေးပြီး အတူတူ လုပ်ကိုင်ရတာကို သဘောကျတာတော့ အသေအချာပါပဲ။ လောလောဆယ်တော့ အပျော်သဘော လေ့ကျင့်ပြီးတဲ့နောက်မှာ တို့ထိကစားတဲ့ ရပ်ဂ်ဘီဂိမ်းတွေကို သင်နေပါတယ်။ ဒီဘုန်းတော်ကြီးကျောင်းထဲက လူတချို့ ပါဝင်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

ယင်းအစီအစဉ်ကို ရပ်ဂ်ဘီကစားနည်းပိုင်း၌ အလျင်အမြန် တိုးတက်နေသော ကင်ညာနိုင်ငံတွင် အောင်မြင်နေသည့် ရှားမာ့စ် ရပ်ဂ်ဘီဖောင်ဒေးရှင်း၌ ပါဝင်ခဲ့သည့် မစ္စတာ ဝီလျံ ဖာဂူဆန်က စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ဖာဂူဆန် ထွက်ခွာသွားသည့် ယခုနှစ်အစောပိုင်းကျမှ မစ္စတာ မတ်က တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းအစီအစဉ်၏ ရေတိုရည်မှန်းချက်များတွင် နန်းဦးဘုန်းတော်ကြီးကျောင်းနှင့် မြောက်ဒဂုံမြို့နယ်ရှိ ဒို့ကျောင်းသား စာသင်ကျောင်းတို့အကြား ပြိုင်ပွဲများ စီစဉ်ခြင်းနှင့် အနီးဝန်းကျင်ဖြစ်သော သန်လျင်နှင့် ပဲခူးမြို့များသို့ တိုးချဲ့ရန်လည်း ပါဝင်သည်။

ယင်းတွင် ယာယီအားဖြင့် ‘ဘောလုံးပေးလိုက်ပါ’ ဟု အမည်ပေးထားသည့် စီမံချက်တစ်ရပ်လည်း ပါဝင်သေးသည်။ ထိုစီမံချက်မှာ ရပ်ဂ်ဘီသင်ကြားပြသပေးခြင်းနှင့် မီးဘေးလုံခြုံရေး၊ ရှေးဦးသူနာပြုစုရေး၊ လိင်ကျန်းမာရေးတို့လည်း ပါဝင်သည့် ဘဝတစ်သက်တာ ကျွမ်းကျင်အရည်အသွေးများကို သင်ကြားပေးခြင်းတို့နှင့် ပေါင်းစပ်ထားသည်။

ယင်းအစီအစဉ်သည် ပွဲများကို အမှီအခိုကင်းစွာ ဦးဆောင်နိုင်မည့် မြန်မာနည်းပြများ မွေးထုတ်ပေးရန်လည်း ရည်ရွယ်ထားသည်။ စိတ်ဝင်စားသူ အနည်းငယ်လည်း ရှိနေပေပြီ။

ထိုသူများတွင် နဂါးတို့အကြောင်းကို သူငယ်ချင်းတစ်ဦးက ပြောပြ၍ ကြားသိရချိန်ထိ ရပ်ဂ်ဘီ အားကစားနည်းအကြောင်း မကြားခဲ့ဖူးသည့် မဖူးပွင့်သင်းလည်း အပါအဝင်ဖြစ်သည်။

“ဝီလ်(ဖာဂူဆန်)က သူ့ကို ကူညီဖို့ ဒေသခံတစ်ဦး ရှာနေတဲ့အချိန်မှာ ဒီအစီအစဉ်ကို ကျွန်မက စိတ်ဝင်စားလာတာပါ”ဟု Frontier ကို မဖူးပွင့်သင်းက ပြောသည်။ “သူက ကင်ညာမှာ ရပ်ဂ်ဘီ အားကစားနည်း ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရာမှာ အောင်မြင်ခဲ့တယ်လေ။ ဒီမှာလည်း တစ်ခုခု လုပ်ချင်ခဲ့တယ်။ ရပ်ဂ်ဘီက မြန်မာနိုင်ငံမှာ အသစ်စက်စက် အားကစားနည်းတစ်ခုဖြစ်ပြီး ကျွန်မက ဒီအားကစားနည်း ဖွံ့ဖြိုးလာစေဖို့ ကူညီလိုပါတယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။

နန်းဦးဘုန်းတော်ကြီးကျောင်းတွင် ကလေးများကို စာရေးသူကိုယ်တိုင် လူကျွံဘောအကြောင်း ရှင်းပြရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်တော့သည်။ ဓာတ်ပုံ - တေဇလှိုင်

နန်းဦးဘုန်းတော်ကြီးကျောင်းတွင် ကလေးများကို စာရေးသူကိုယ်တိုင် လူကျွံဘောအကြောင်း ရှင်းပြရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်တော့သည်။ ဓာတ်ပုံ – တေဇလှိုင်

မဖူးပွင့်သင်းမှာ မစ္စတာမတ်အပါအဝင် နန်းဦးနှင့် ဒို့ကျောင်းသား စာသင်ကျောင်းတို့မှ အခြား အခြားသော စေတနာ့ဝန်ထမ်းများနှင့်အတူ အပတ်စဉ် လေ့ကျင့်ပို့ချမှု အစီအစဉ်များ ပြုလုပ်လျက်ရှိသည်။ ဤစာရေးသူက နန်းဦးမှာ ကလေးတို့ကို လူကျွံဘောစည်းမျဉ်းအကြောင်း ရှင်းမပြတတ်ခဲ့သည့်နောက်ပိုင်း သူကတော့ ယင်းအချက်ကို မိနစ်ပိုင်းအတွင်း ပီပီပြင်ပြင် ရှင်းပြနိုင်လိုက်သည်။ သူက ပါရမီရှင်တစ်ဦးမှန်း သိသာလှသည်။  

ယင်းအစီအစဉ်တွင် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် ပါဝင်နေသည့် မစ္စ ကာရိုလင်း ရော့ဒ်စ်အဆိုအရ ရပ်ဂ်ဘီသည် သူ့ဘဝမှာ အရေးပါသောကဏ္ဍမှ ပါဝင်နေခြင်းကြောင့် စိတ်ပါဝင်စားလာခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က မြန်မာနိုင်ငံက လူငယ်တွေကို အသင်းလိုက် စုစည်းမှု၊ ညှှိနှိုင်းဆောင်ရွက်မှုနဲ့ ပြဿနာ ဖြေရှင်းမှု အသိပညာကို ပျော်စရာကောင်းပြီး တန်းတူညီမျှမှုရှိတဲ့ အနေအထားတစ်ရပ်မှာ တည်ဆောက်ပေးဖို့အတွက် ရပ်ဂ်ဘီကို မိတ်ဆက်လိုခဲ့ကြတာပါ” ဟု Frontier ကို သူက ပြောပြသည်။

“ဒါက ကစားသူအားလုံးအတွက် အားကစားနည်းသစ်တစ်ခုဖြစ်ပြီး အသက်အရွယ်အနေနဲ့၊ ဒါမှမဟုတ် ကျားမအနေနဲ့ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ သူတို့အားလုံးကို တူညီတဲ့ အဆင့်တစ်ရပ်မှာ စတင်ဖို့၊ သူတို့ရဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေကို အတူတကွ ဖော်ထုတ်နိုင်စေပါတယ်” ဟုလည်း ထပ်လောင်း ပြောပြသည်။

ယင်းအစီအစဉ်မှာ ကျောင်းတွင်း၌ အားကစားမလုပ်ရသော ကလေးများစွာအတွက် အားကစား သင်တန်းများ ဖော်ဆောင်ပေးခြင်းလည်း ဖြစ်ပြီး “အောက်ခြေကနေ ရပ်ဂ်ဘီ အားကစားနည်း ဖွံ့ဖြိုးလာပြီး ကျူရှင်လခ မတတ်နိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတချို့ကို ဘဝတစ်သက်တာ ကျွမ်းကျင်အရည်အသွေးတွေ သင်ကြားပေးတာလည်း ဖြစ်ပါတယ်”ဟု မစ္စတာ မတ်က ဆိုသည်။

သို့တစေ စိန်ခေါ်ချက်များ အမှန်ပင် ရှိနေပြီး ရန်ပုံငွေ မရှိသလောက် နည်းပါးခြင်းမှာလည်း စိန်ခေါ်ချက်တစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။ ယင်းအဖွဲ့က ရန်ပုံငွေ ကောက်ခံရန် စာမျက်နှာတစ်ခု ဖွင့်ထားပြီးဖြစ်သည်။ နည်းပြအဖွဲ့ဝင်များအား ယင်းအစီအစဉ်တွင် အချိန်ပြည့် အလုပ်လုပ်နေစေမည့် လုံလောက်သော ရန်ပုံငွေများ ဖော်ထုတ်ပေးနိုင်လိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ထိုစာမျက်နှာကို ဖွင့်လှစ်တည်ဆောက်ထားခြင်း ဖြစ်သည်။

အခြားစိန်ခေါ်ချက်တစ်ရပ်မှာ အများပြည်သူပိုင် နေရာကိစ္စပင်ဖြစ်သည်။ ၂၀၁၄ ခုနှစ် အစီရင်ခံစာ တစ်ခုအရ ရန်ကုန်မြို့တွင် လူတစ်ဦးချင်းစီအတွက် ၀ ဒသမ ၃၇ စတုရန်းမီတာမျှရှိသော ပန်းခြံနေရာသာ ရှိနေပြီး ကမ္ဘာ့လုံးဆိုင်ရာ လေ့လာချက်အရ အနိမ့်ဆုံးပမာဏပင်ဖြစ်သည်။

“မြန်မာနိုင်ငံက ရှုထောင့်များစွာအရ ဒီလိုမျိုး ပိတ်လှောင်နေတဲ့နေရာ ဖြစ်တာကြောင့် ခုလိုလုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ”ဟု မစ္စတာမတ်က ဆိုသည်။ “ကျွန်တော်က ရပ်ဂ်ဘီကစားရတာနဲ့ လူငယ်တွေအများကြီးနဲ့  အလုပ်လုပ်ရတာ သဘောကျပါတယ်။ ဒီအစီအစဉ်က ရပ်ဂ်ဘီထက်ပိုကြီးတဲ့ အရာတစ်ခုခုအဖြစ်နဲ့ ကြီးထွားလာခဲ့ပါပြီ။ ဒါပေမဲ့ ရပ်ဂ်ဘီက ကလေးငယ်တွေအတွက် အကျုံးဝင်နေဆဲဖြစ်ပြီး အသုံးလည်း ဝင်နေတုန်းပါပဲ”ဟုလည်း ၎င်းက ဆက်လက်ရှင်းပြသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.