နည်းပညာ ကဏ္ဍမှာ ဒီနှစ် ဘာတွေ မျှော်မှန်းနိုင်မလဲ

ယခုအချိန်တွင် မြန်မာနိုင်ငံသည် ကွန်ရက်ဆက်သွယ်မှုကို ကောင်းစွာ ရရှိထားပြီးဖြစ်သဖြင့် ၂၀၁၇ ခုနှစ်သည် အသုံးပြုမည့် အကြောင်းအရာအားလုံးအတွက် အရေးပါလာပြီ ဖြစ်သည်။

ရီတာငုယင် ရေးသားသည်။

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ခုန်ပျံကျော်လွှားမှုသည် ယခင်က အသုံးပြုသည့် အကြောင်းအရာကို သိပ်အလေးမပေးနိုင်ဘဲ အခြေခံအဆောက်အုံ ရရှိရေးကိုသာ လုပ်ဆောင်ခဲ့ရသည်။ ယခုမူ နည်းပညာဆိုင်ရာ စကားဝိုင်းများသည် ပြောင်းလဲလာပြီ ဖြစ်သည်။

အရေအတွက်ကို ကြည့်ရှုလျှင် ယင်းအနေအထားကို သိနိုင်ပါသည်။ မိုဘိုင်းဖုန်း ထိုးဖောက်ဝင်ရောက်မှုသည် ယခုအခါ ၇၅ ရာခိုင်နှုန်း ရှိနေပြီး လူဦးရေ၏ ၇၈ ရာခိုင်နှုန်းက စမတ်ဖုန်းများ ကိုင်ဆောင်နေကြပြီ ဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသည် ကွန်ရက်ဆက်သွယ်မှု ကောင်းစွာရရှိနေပြီဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံ၏ နည်းပညာ တော်လှန်ရေးနှင့်စပ်ဆိုင်သော စိတ်လှုပ်ရှားမှုများသည် အသစ်အဆန်း မဟုတ်ပေ။ ယခုပြောဆိုကြသော စကားများမှာ အူရီဒူး Ooredoo ၊ တယ်လီနော Telenor နှင့် အမ်ပီတီ MPT အပြင် မကြာမီတွင် ချိတ်ဆက်တော့မည့် မိုင်တဲလ် Mytel တို့က အသုံးပြုမည့် ဖောက်သည်များကို မည်သို့ ရှာဖွေနိုင်မလဲဆိုသည့် အချက်မဟုတ်တော့ဘဲ လူတွေက သူတို့ဖုန်းများနှင့် ဘာကို အသုံးပြုကြမလဲ  ဆိုသည့်အချက် ဖြစ်တော့သည်။ ကျွန်မတို့ ယခု အာရုံစိုက်ကြသည့်အရာမှာ အသုံးပြုမည့် အကြောင်းအရာများ ဖြစ်သည်။

ရင်းနှီးမြုပ်နှံမှု

၂၀၁၄- ၁၅ ခုနှစ်များတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ တဟုန်ထိုး ရရှိလာခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် နှေးကွေးသွားခဲ့သည်။ ယခုနှစ်အစ၌ Code2lab ၏ ဒေါ်လာ ၅ သိန်း ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့သည်။ ယင်းမှာ မြန်မာနိုင်ငံရှိ နည်းပညာ လုပ်ငန်းသစ်များအတွက် များပြားသော ငွေကြေး ဖြစ်သည်။

နောင်တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ထပ်မံရောက်လာမည်ဟု မျှော်လင့်ရသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော မြောက်အမေရိကနှင့် ဥရောပတိုက်တို့မှ နိုင်ငံများသည် ပြင်ဆင်မှုများ ပြီးစီးလျှင် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်ဟု မျှော်လင့်ရသည်။ ပြီးခဲ့သော နှစ်အနည်းငယ်က Revo Tech ၊ Nex နှင့် Star Tickets စသော ကုမ္ပဏီများထံမှ ရင်းနှီးမြုပ်နှံမှုများ ရရှိခဲ့သော်လည်း ကြီးမားသော နည်းပညာ ကုမ္ပဏီကြီးများက လာရောက်ရင်းနှီးမြှုပ်နှံမှု မရှိခဲ့ပေ။

၂၀၁၆ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများသည် နှေးကွေးခဲ့သော်လည်း ထူးခြားမှု နှစ်ခု ရှိခဲ့သည်။ Oway Ride သည် International Finance Corporation မှ ကန်ဒေါ်လာ ၃ သန်း ရင်းနှီးမြှုပ်နှံမှုကို  ရရှိခဲ့သည်။ ထို့ပြင် တီထွင်ဖန်တီးရေး ဗဟိုဖြစ်သော ဖန်တီးရာသည် Omidyar ၏ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂ သန်း ရရှိခဲ့သည်။ ယင်းတို့မှာ ၂၀၁၆ နှောင်းပိုင်းတွင်မှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံရရှိလာမည်ဟု မျှော်လင့်ရသည်။ ထို့ကြောင့် ၂၀၁၇ နှောင်းပိုင်းတွင်လည်း ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံမှုများ မြင်တွေ့ရနိုင်သည်။ ရရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ်သိမ်းမည့် အလားအလာကိုမူ မတွေ့ရပေ။

အီလက်ထရွန်းနစ် ကုန်သွယ်မှု  

ကျွန်တော်တို့သည် အွန်လိုင်း ဈေးဝယ်ခြင်း၏ လွယ်ကူချောမွေ့မှုကို သဘောကျလာသဖြင့် အိမ်အရောက် သယ်ယူပို့ဆောင်သည့် စနစ်များမှာ အရေးပါလာသည်။ သို့သော် မြန်မာနိုင်ငံသည် အီလက်ထရွန်းနစ် ကုန်သွယ်မှုအတွက် အဆင်သင့် မဖြစ်သေးပေ။

ယင်းကဏ္ဍတွင် လုပ်ငန်းအမျိုးအစား ၂ ခု ရှိသည်။ ရင်းနှီးမြှုပ်နှံမှု ကြီးမားသော လုပ်ငန်း asset-heavy နှင့် ဝယ်လိုအားရှိမှ ရောင်းချသော လုပ်ငန်း on-demand ဟူ၍ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ကြီးမားသော လုပ်ငန်းအမျိုးအစားသည် ဈေးကွက်အချက်အလက်များ ကောင်းစွာမရရှိနိုင်ပါက စွန့်စားရနိုင်သည်။ ထို့ပြင် ရှင်းလင်းသော သွင်းကုန်ဥပဒေများ၊ အားထားရသော ကုန်စည်ထောက်ပံ့မှုရင်းမြစ်များ လိုအပ်သည်။

ဝယ်လိုအားရှိမှ ရောင်းချသော လုပ်ငန်းသည် အိမ်အရောက် ဝန်ဆောင်မှုအတွက် ပိုက်ဆံအပိုပေးနိုင်သော ဖောက်သည်နှင့် ကုန်အမှတ်တံဆိပ် ရှိပါက အဆင်ပြေသည်။ ထိုလုပ်ငန်း အမျိုးအစားမှာ မြန်မာနိုင်ငံတွင် ရှိနေပြီ ဖြစ်သော်လည်း အောင်မြင်မှုမှာ ရောင်းချရသော အတိုင်းအတာပေါ်တွင် မူတည်သည်။ မြန်မာနိုင်ငံ၌ ထိုမျှ မရောင်းချရသေးပေ။

အီလက်ထရွန်းနစ် ကုန်သွယ်မှုကို ကျယ်ပြန့်စွာ အသုံးပြုရန် last mile delivery ဟု ခေါ်ဆိုသည့် ဖောက်သည်၏ အိမ်အရောက် ပို့ပေးသော ဝန်ဆောင်မှုစနစ်နှင် ဒစ်ဂျစ်တယ် ငွေချေစနစ်များသည် မြန်မာနိုင်ငံတွင် နည်းပါးနေဆဲ ဖြစ်သည်။ အီလက်ထရွန်းနစ် ကုန်သွယ်မှုစနစ်သည် ရင်းနှီးမြှုပ်နှံမှု များစွာလိုအပ်သော စနစ်ဖြစ်သည်။ အွန်လိုင်းလက်လီ ကုမ္ပဏီဖြစ်သော Rocket Internet သည်ပင် မြန်မာနိုင်ငံတွင် ဈေးကွက်ကို ရှာဖွေနေရဆဲ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဈေးကွက်သည် အီလက်ထရွန်းနစ် ကုန်သွယ်မှုအတွက် အဆင်သင့် မဖြစ်သေးသောကြောင့် ဖြစ်သည်။

ဘဏ္ဍာရေး နည်းပညာ

အီလက်ထရွန်းနစ် ကုန်သွယ်မှုများ ထွန်းကားလာအောင် စောင့်ဆိုင်းနေစဉ်မှာပင် ကျွန်မတို့သည် ဘဏ္ဍာရေး နည်းပညာကဏ္ဍ Fintech ၌ အစဦး တိုက်ခိုက်မှုများကို စတင်မြင်လာရသည်။ ယင်းတို့မှာ ပြည်တွင်းက ဘဏ်များ အဆင့်မြှင့်တင်လာခြင်း၊ မိုဘိုင်းငွေချေစနစ် ကုမ္ပဏီများက ဈေးကွက်ရှယ်ယာကို လွှမ်းမိုးရန် ကြိုးစားလာခြင်း၊ အသေးစား ငွေချေးလုပ်ငန်းများက ခက်ခဲသော နေရာများကို ရောက်ရှိနိုင်အောင် ချဲ့ထွင်လာခြင်း၊ ပြည်တွင်းက စတင်တည်ထောင်သော ကုမ္ပဏီများက ထိုဈေးကွက်ကို ခွဲဝေယူရန် ကြိုးစားလာခြင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ငွေကြေးများကို ကျယ်ပြန့်စွာ သုံးလာနိုင်စေရန် လုပ်ဆောင်စရာ အမြောက်အမြား ကျန်ပါသေးသည်။ သို့သော် စိတ်မပူပါနှင့်။ ထိုသို့ ဖြစ်လာစေရန် ဒေါ်လာ သန်းပေါင်းများစွာကို အသုံးပြုကာ အကောင်အထည်ဖော်နေကြပါသည်။ ယခုအချိန်တွင် ဈေးကွက်၏ ပညာရေးသည် ယင်းအတွက် အတားအဆီး ဖြစ်နေသော်လည်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ငွေကြေးများကို လက်ခံသော ကုန်သည်များကလည်း နည်းပါးလျက်ရှိသည်။

၂၀၁၄ ခုနှစ်တွင် ဆက်သွယ်ရေးကဏ္ဍကို ဖွင့်ပေးလိုက်ကတည်းက မိုဘိုင်းဖုန်း သုံးစွဲမှု ၇၅ ရာခိုင်နှုန်းထိ မြင့်မားကာ အများစုက ဆင်းမ် နှစ်ကတ်ထားသုံးနေကြသည်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

၂၀၁၄ ခုနှစ်တွင် ဆက်သွယ်ရေးကဏ္ဍကို ဖွင့်ပေးလိုက်ကတည်းက မိုဘိုင်းဖုန်း သုံးစွဲမှု ၇၅ ရာခိုင်နှုန်းထိ မြင့်မားကာ အများစုက ဆင်းမ် နှစ်ကတ်ထားသုံးနေကြသည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

ယင်းမှာ အဓိက ပြဿနာ ဖြစ်သည်။ ဒစ်ဂျစ်တယ် ငွေကြေးဖြင့် နေရာတကာတွင် ဝယ်မရ၍ ဈေးဝယ်သူများကို ဒစ်ဂျစ်တယ် ငွေကြေး သုံးခိုင်းရန် ခက်ခဲမည်ဖြစ်သည်။ ယင်းအချက်သည် ဈေးကွက်ရှယ်ယာကို ရရှိရန် ကြိုးပမ်းနေသော ဘဏ်များ၊ မိုဘိုင်း ငွေကြေးကုမ္ပဏီများအတွက် အာရုံစိုက် အလေးထားစရာ အချက်တစ်ချက် ဖြစ်သည်။

ဘဏ်များသည် လျင်မြန်စွာ ပြောင်းလဲပစ်နိုင်သော အခွင့်အလမ်းများ ရှိသည်။ အေးဂျင့်များ အသုံးပြုပြီး အွန်လိုင်းဘဏ်များ တည်ထောင်ခြင်းစသော မှန်ကန်သော ချဉ်းကပ်နည်းကို မည်သည့်ဘဏ်များက အသုံးချနိုင်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း

ကမ္ဘာတစ်ဝန်း၊ အထူးသဖြင့် အရှေ့တောင်အာရှတွင် ထောက်ပံ့နှင့် သယ်ယူပို့ဆောင်မှုလုပ်ငန်းများ Logistics တွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ရှိသည်။ Lalamove နှင့် Ezyhaul ကဲ့သို့သော ကုမ္ပဏီများက မကြာသေးမီက ရင်းနှီးမြှုပ်နှံမှုများကို ကြည့်ပါ။ ရင်းနှီးမြှုပ်နှံမှု မူဘောင်ကို ပြောင်းလဲလိုက်ပါက မြန်မာနိုင်ငံသည် ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမျှော်လင့်နိုင်သည်။ ထိုသို့ဖြင့် ထောက်ပို့ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး နောက်ဆုံးအပိုင်းတွင် အားကောင်းစွာ လုပ်ကိုင်နိုင်သော ကုမ္ပဏီတစ်ခုသည် အီလက်ထရွန်းနစ် ကုန်သွယ်မှုစနစ် ဖွံ့ဖြိုးလာစေရန် များစွာအထောက်အကူ ပြုနိုင်သည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်က ရှေ့ရေးကြိုတွေး လုပ်ကိုင်တတ်သော စားသုံးသူ ထုတ်ကုန်ရောင်းချသည့် ကုမ္ပဏီနှစ်ခုသည် သယ်ယူပို့ဆောင်ရေး နောက်ဆုံးအပိုင်းကို လုပ်ကိုင်ရာတွင် လူပြော အတန်များခဲ့သည်။ ထိုကဏ္ဍထဲသို့ စတင်ဝင်ရောက်လာသော ကုမ္ပဏီ နှစ်ခုခန့်ကို ကြားဖူးသည်။ ရှိပြီးသား ကုမ္ပဏီများနှင့် အသစ်ဝင်ရောက်သော ကုမ္ပဏီများကြား ယှဉ်ပြိုင်မှုများအပြီးတွင် ဝင်ငွေ အတန်ကောင်းနေပြီဖြစ်သော ရှိပြီးသား ကုမ္ပဏီများက အင်အားနည်းသော အသစ်ဝင်လာသူများကို ကျော်တက်ကာ ဈေးကွက်ရှယ်ယာ အများဆုံးကို ရရှိနိုင်မလားဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

သယ်ယူပို့ဆောင်ရေး

၂၀၁၆ ခုနှစ်တွင် Oway Ride ၊ Hello Cabs နှင့် လူသိနည်းသော InDriver တို့ တည်ထောင်မှုဖြင့် စားသုံးသူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လှုပ်ရှားမှုအချို့ ဖြစ်ပေါ်ခဲ့သည်။ အရာရာမှာ အဆင်ပြေသေးသည် မဟုတ်ပေ။ InDriver သည် ဈေးကွက်ထဲမှ ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည်။ Uber သည် မြန်မာနိုင်ငံတွင် နိုင်ငံဆိုင်ရာ မန်နေဂျာ တစ်ဦး ငှားရမ်းရန် ရှာဖွေနေသည်။ Grab သည်လည်း မရှေးမနှောင်းပင် ရောက်လာမည်ဟု မျှော်လင့်ရသည်။ ထိုသို့ နိုင်ငံတကာ အတွေ့အကြုံ ရှိပြီးသား ကုမ္ပဏီကြီးများကို ပြည်တွင်းမှ ကုမ္ပဏီများက မည်သို့ ယှဉ်ပြိုင်နိုင်မည်ကို စောင့်ကြည့်ရပေမည်။

ဝိုင်ဘီအက်စ်အတွက် အန်ဒရွိုက်ဖုန်း အက်ပလီကေးရှင်းကို ရန်ကုန်တိုင်းအစိုးရက ဇန်နဝါရီလ ၁၆ ရက်၌ ဖန်တီးမိတ်ဆက်ပေးခဲ့သည်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ဝိုင်ဘီအက်စ်အတွက် အန်ဒရွိုက်ဖုန်း အက်ပလီကေးရှင်းကို ရန်ကုန်တိုင်းအစိုးရက ဇန်နဝါရီလ ၁၆ ရက်၌ ဖန်တီးမိတ်ဆက်ပေးခဲ့သည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

တက္ကစီ ငှားစီးသည့်ကဏ္ဍအပြင် အသစ်ပြောင်းလဲလိုက်သော ရန်ကုန်ဘတ်စ်ကားလုပ်ငန်း Yangon Bus Service ကို ထောက်ပံ့ပေးသည့် Android application တစ်ခုလည်း တည်ထောင်နိုင်ခဲ့သည်။ YBS သည် အစဦးသာ ရှိသေးသော်လည်း အကောင်းမြင် သုံးသပ်ချက်များ ရရှိနေသည်။ ထိုကဲ့သို့ပင် တိုက်ရိုက်သာမက တစ်ဆင့်ခံအဖြစ်ပါ ရောင်းချပေးနေသော ဘတ်စ်ကား လက်မှတ် ဝယ်ယူသည့် application ဖြစ်သည့် Star Tickets လည်း ထွက်ပေါ်လာခဲ့သည်။ ထိုကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်တွင် ကိန်းဂဏန်း ၆ လုံး တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့သည်။ သို့ဖြင့် ၂၀၁၇ ခုနှစ်တွင် ၎င်းတို့ထံမှ တိုးတက်မှုများကို မျှော်မှန်းရဖွယ် ရှိသည်။

အခြားစောင့်ကြည့်စရာ နေရာများ

ချက်တင်ပြောဆိုခြင်း

လွန်ခဲ့သောနှစ်က နိုင်ငံတကာ အတွေ့အကြုံရင့် ချက်တင် အက်ပလီကေးရှင်းများ ဝင်ရောက်လာမှုနှင့် ပြန်လည်ထွက်ခွာမှုများကို မြင်တွေ့ခဲ့ရသည်။ ရန်ကုန်မြို့တွင် Line နှင့် WeChat တို့၏ ကြော်ငြာများကို မတွေ့ရတော့ပေ။ Beetalk ကြော်ငြာလည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် တစ်ခါတစ်ရံ Zalo ကို တွေ့ရနိုင်သေးသည်။ Zalo သည် နောက်ကျမှ ဝင်လာသူ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင်လည်း ချက်တင် အက်ပလီကေးရှင်းများသည် ၎င်းတို့၏ စီးပွားရေးပုံစံအတွက် ရုန်းကန်နေကြရသည်။ WeChat ၏ အောင်မြင်မှုများကို တရုတ်ပြည်တွင် လူနည်းစုကသာ သိသည်။ မြန်မာနိုင်ငံ၏ ဈေးကွက်တွင် Facebook ၊ Messenger နှင့် Viber တို့ကသာ လွှမ်းမိုးထားသည်။ ထိုခေတ်ရေစီးသည် မကြာမီတွင် ပြောင်းလဲသွားမည့်ပုံ မပေါ်ပေ။

ခရီးသွားလုပ်ငန်း

၂၀၁၆ ခုနှစ်အတွင်းက ရန်ပုံငွေတောင့်တင်းသည့် Jovago နှင့် Flymya တို့သည် ပြည်တွင်း ခရီးသွားကဏ္ဍတွင် Oway ကို တိုက်ခိုက်ရန် တိတ်ဆိတ်စွာ တည်ထောင်ခဲ့ကြသည်။ ထိုကဏ္ဍ၏ ဈေးကွက်သည် ကြီးမားလှသည်။ ပြည်တွင်း ခရီးသွားဈေးကွက်တွင် ကျွန်မတို့သည် အောက်ခြေ၌ ထုထည်နှင့်ရှိပြီး အပေါ်ယံ ခပ်ပါးပါးသာရှိသည့် ရေခဲတောင်၏ထိပ်ဖျားကို ထိနိုင်ရုံသာ ရှိသေးသည်။ ဆိုလိုသည်မှာ မြန်မာလူမျိုးများသည် ပြည်တွင်းရော ပြည်ပပါ ခရီးသွားနေကြခြင်း ဖြစ်သည်။ ယခုနှစ်တွင် ပြည်တွင်းခရီးသွားများအတွက် ရည်ရွယ်သော ပြည်တွင်းကုမ္ပဏီများ ပေါ်လာနိုင်သည်။ ယင်းတို့ထဲတွင် ဖန်တီးရာ နည်းပညာဗဟို၌ တည်ထောင်သော Go P လည်း အပါအဝင် ဖြစ်သည်။

ကျန်းမာရေးနှင့် ပညာရေး

ဤကဏ္ဍနှစ်ရပ်စလုံးသည် နောက်ကျကျန်ရစ်လျက် ရှိသည်။ ဦးဆောင်သွားမည့် ကုမ္ပဏီလည်း မရှိသေးပေ။ ရန်ပုံငွေ၊ စိတ်အားထက်သန်မှုနှင့် ယှဉ်ပြိုင်အန်တုနိုင်သော စီးပွားရေးပုံစံလည်း မရှိသေးပေ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရန်ကုန်မြို့လယ်ရှိ ဖန်တီးရာ နည်းပညာဗဟိုသည် ပြီးခဲ့သည့်နှစ်များအတွင်း နည်းပညာဖွံ့ဖြိုးမှုကဏ္ဍ၌ အရေးပါသောနေရာမှ ပါဝင်လာသည်။ ဓာတ်ပုံ – တေဇလှိုင် 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.