ဒီမိုကရေစီမှတ်တိုင်တစ်ခု ဖြစ်လာနိုင်သည့် ရန်ကုန်စည်ပင် ရွေးကောက်ပွဲ

ရန်ကုန်မြို့တွင် ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲသည့် ဒီမိုကရေစီစနစ်အတွက် စမ်းသပ်မှုတစ်ခုဖြစ်စေသလို အစိုးရကို လူထုနှင့် ပိုမိုနီးကပ်သွားစေလိမ့်မည်ဖြစ်သော်လည်း တချို့ကတော့ အလျင်စလို နိုင်လွန်းမည်လားဟု စိုးရိမ်နေကြသည်။

ဘန်ဒူးနန့် ရေးသားသည်။

အမြဲလိုလိုပြည့်ကြပ်နေသော ရန်ကုန်လမ်းမများပေါ်တွင် ဘတ်စ်ကားဖြင့် အလုပ်သွားနေသူများသည် ဆိုင်းဘုတ်အသစ်များကို သတိထားမိကြမည် ဖြစ်သည်။ ၎င်းတို့ဓာတ်ပုံများ၊ ၎င်းတို့အမည်များနှင့် မည်ကဲ့သို့ အပြောင်းအလဲများကို လုပ်ပေးပါမည်ဟူသော ၎င်းတို့၏ကြွေးကြော်သံများကို ထိုဆိုင်းဘုတ်များပေါ်တွင် တွေ့မြင်ရသည်။ ကားဘော်ဒီပေါ်နှင့် လိုက်ဝေနေသော လက်ကမ်းစာစောင်များတွင်လည်းကောင်း ၎င်းတို့ရုပ်ပုံများကို မြင်တွေ့နေကြရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် လူဦးရေအများဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် မြို့တော်စည်ပင်ရွေးကောက်ပွဲကို မတ် ၃၁ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များအဖြစ် ဝင်ရောက်အရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းများကလည်း ထိုရွေးကောက်ပွဲကို အလေးအနက်ထားကာ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်။

မဲဆွယ်ခွင့် တရားဝင်စတင်သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစပြီး မြို့၏ အဓိကအချက်အချာနေရာများတွင် မဲဆွယ်ဆိုင်းဘုတ်များထောင်ကာ ငွေကုန်ကြေးကျခံ၍ ကြော်ငြာနေကြပြီဖြစ်သည်။

ရန်ကုန်မြို့အတွက် ယခုရွေးကောက်ပွဲက အသစ်အဆန်းတစ်ခု ဖြစ်သည်။

မဲဆန္ဒရှင် ၇ဝ ရာခိုင်နှုန်း ပါဝင်မဲပေးခဲ့ကြပြီး ယုံကြည်လေးစားလောက်သော ရွေးကောက်ပွဲဖြစ်ခဲ့သည့် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲကြီးအပါအဝင် ကြားဖြတ်ရွေးကောက်ပွဲနှစ်ကြိမ်အား ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။ သို့သော် ဒီမိုကရေစီအနံ့အရသာ၊ အနှစ်သာရနှင့် ကျင်းပသော ဒေသန္တရရွေးကောက်ပွဲမှာမူ ယခုအကြိမ်က ပထမဆုံး ဖြစ်သည်။

ရန်ကုန်မြို့တွင် အခြေချနေထိုင်သည်မှာ အနည်းဆုံးတစ်နှစ်ရှိပြီဟု သက်သေပြနိုင်သည့် အရွယ်ရောက်သူအားလုံး မဲပေးခွင့်ရရှိကြမည် ဖြစ်သည်။ ရန်ကုန်မြို့စည်ပင်သာယာရေးအတွက် တာဝန်ရှိသော အဓိကအာဏာပိုင်အဖွဲ့ဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ၏ အမှုဆောင်အဖွဲ့ဝင်အားလုံးအပြင် YCDC အောက်ရှိ မြို့နယ် ၃၃ မြို့နယ်အတွက် စည်ပင်သာယာကော်မတီအဖွဲ့ဝင်များအားလုံးအား ၎င်းတို့က ဆန္ဒမဲပေး ရွေးချယ်ကြရမည်ဖြစ်သည်။

(မတ် ၃၁ ရက်တွင် ကျင်းပမည့် ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆ ခုမှ ကော်မတီဝင် ၆ ဦး၊ မြို့နယ် တစ်မြို့နယ်တွင် မြို့နယ်ဥက္ကဋ္ဌ တစ်ဦးနှင့် အဖွဲ့ဝင်၂ ဦး ဖြင့်ရာ ၃၃ မြို့နယ်အတွက် ၉၉ ဦး၊ စုစုပေါင်း ၁၀၅ ဦး ရွေးချယ် တင်မြှောက်မည် ဖြစ်သည်။)

နောက်ဆုံးအကြိမ် စည်ပင်ရွေးကောက်ပွဲကို ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲသည် ၁၉၄၉ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးသော မြူနီစပယ် (စည်ပင်သာယာ) ရွေးကောက်ပွဲဖြစ်ခဲ့သော်လည်း မီဒီယာများ၊ လူမှုအဖွဲ့အစည်းများနှင့် အများပြည်သူလူထုက သိပ်အလေးဂရု မပြုခဲ့ကြပေ။ ဤသည်မှာ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် ဇောကပ်နေသောကြောင့်ချည်းလည်း မဟုတ်ပေ။

၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲကျင်းပခဲ့စဉ်က တစ်အိမ်ထောင်လျှင် မိသားစုဝင်တစ်ဦးသာ မဲပေးခဲ့ကြရသည်။ အတိအကျ သတ်သတ်မှတ်မှတ် ဖော်ပြထားခြင်းမရှိသော်လည်း အိမ်ထောင်ဦးစီးတစ်ဦးတည်းကသာ မဲပေးခဲ့ရသည်ဟု နားလည်ရသည်။ သို့ဖြစ်ရာ လူကြီးများအတွက်သာ ဦးစားပေးထားခြင်းဖြစ်သည်။ ထိုစဉ်က မဲပေးခဲ့သူ ၁ဝ၆,ဝ၈၉ ဦးရှိခဲ့ရာ မဲပေးခွင့်ရှိသူအားလုံး၏ ၂၅ ဒသမ ၈ ရာခိုင်နှုန်းသာ လာရောက်မဲပေးခဲ့ကြသည်။ တနည်းပြောရလျှင် ရန်ကုန်မြို့နေ လူဦးရေ ၅ ဒသမ ၂ သန်း၏ ၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြခြင်းဖြစ်သည်။

စည်ပင်အဖွဲ့များ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ကြရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်အစိုးရများအား ၂ဝ၁၃ ခုနှစ်တွင် ထိုစဉ်က သမ္မတဦးသိန်းစိန်က တိုက်တွန်းခဲ့သော်လည်း မန္တလေးနှင့် အခြားမြို့ကြီးများတွင် အလားတူ ရွေးကောက်ပွဲစနစ်များကိုသာ ကျင့်သုံးခဲ့ကြသည်။ ထိုစည်ပင်ရွေးကောက်ပွဲများကို လူအများက သတိပင်မထားမိခဲ့ကြချေ။

ဒေသန္တရရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများနှင့် ၎င်းတို့၏ အမှတ်တံဆိပ် အသုံးပြုမှုကို ပိတ်ပင် တားမြစ်ထားသော်လည်း လူထု၏ စိတ်အားထက်သန်မှုကတော့ တိုးမလာခဲ့ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အခြားတိုင်းရင်းသားပါတီများအား စင်ပေါ်တွင် ဟောပြော မဲဆွယ်မှု မပြုခဲ့သလို မဲဆန္ဒရှင်များ၏ ဒေသန္တရပြဿနာများကို မဲဆန္ဒရှင်များနှင့် ပြောဆိုခွင့်မပြုခဲ့ချေ။

သို့သော် ယခုလ ရွေးကောက်ပွဲတွင်မူ အသက် ၁၈ နှစ် ပြည့်ပြီး ရန်ကုန်တွင် နေထိုင်သူတိုင်းသည် ၎င်းတို့ ထောက်ခံမည့်ပါတီ၊ (NLD၊ USDP၊ တစ်သီးပုဂ္ဂလ)တစ်ခုခုအား ရွေးချယ်၍ မြို့တော်အုပ်ချုပ်ရေးအတွက် တာဝန်ရှိသူများကို ရွေးချယ်ရာတွင် ကိုယ်တိုင်ပါဝင် ဆန္ဒမဲပေးခွင့် ရရှိကြတော့မည်ဖြစ်သည်။

ဤသို့ပြောင်းလဲသွားသည့်မြင်ကွင်းမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ယမန်နှစ်က ပြဋ္ဌာန်းခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် အမြင်သာဆုံးအပြောင်းအလဲမှာ လူတိုင်းမဲပေးပိုင်ခွင့် ရရှိလာခြင်းဖြစ်သည်။ ဤအချက်မှာလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရည်မှန်းချက်ပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံမည့်သူအဖြစ် တစ်ချိန်က တစ်ပေးခံခဲ့ရသော ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် ဝန်ကြီးချုပ်သက်တမ်းအတွင်း အမနာပပြောဆိုမှု အတင်းအဖျင်းမျိုးစုံမှ လွတ်မြောက်လာခဲ့သူဖြစ်သည်။ ထိုအထဲတွင် ပြောစရာဖြစ်ခဲ့သော ဝယ်ယူရေးပြဿနာများနှင့် သတင်းထောက်များကို စိတ်လိုက်မာန်ပါဖြင့် တရားရုံးတွင် တရားစွဲတတ်သော ပြဿနာလည်းပါသည်။ သို့သော် ပို၍တာဝန်ယူမှုရှိသော YCDC ဖြစ်ပေါ်လာခြင်းသည်သာ သူချန်ရစ်ခဲ့သော အမွေအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပေးလိမ့်မည်။

မဲဆွယ်ခွင့် တရားဝင်စတင်သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစပြီး မြို့၏ အဓိကအချက်အချာနေရာများတွင် မဲဆွယ်ဆိုင်းဘုတ်များထောင်ကာ ငွေကုန်ကြေးကျခံ၍ ကြော်ငြာနေကြပြီဖြစ်သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

မဲဆွယ်ခွင့် တရားဝင်စတင်သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစပြီး မြို့၏ အဓိကအချက်အချာနေရာများတွင် မဲဆွယ်ဆိုင်းဘုတ်များထောင်ကာ ငွေကုန်ကြေးကျခံ၍ ကြော်ငြာနေကြပြီဖြစ်သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဤသည်က နက်ရှိုင်းသောအကျိုးဆက်များလည်း ရှိနိုင်သည်။ YCDC နှင့် မန္တလေးမှ MCDC ကဲ့သို့ မြူနီစပယ်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် အောက်အဆင့်သို့ လုပ်ပိုင်ခွင့်အာဏာများ လွှဲပြောင်းပေးရမှု အလွန်များပြားသော အဖွဲ့အစည်းများဖြစ်သည်။ ငွေရေးကြေးရေး အမှီအခိုကင်းလွတ်မှု အပေါ်တွင် အရင်းခံသည်။ YCDC သည် ၎င်း၏ ကိုယ်ပိုင်ဘတ်ဂျက်ကို အခွန်များ၊ ဝန်ဆောင်ခများ၊ စီးပွားရေးလိုင်စင်များ၊ အိမ်ခြံမြေ ငှားရမ်းခများမှ ရရှိသည်။

ရန်ကုန်တွင် YCDC သည် “ထိပ်ဆုံးက ကျွန်တော်” ပင်ဖြစ်သည်။ မြို့တော်စီမံကိန်းကို တာဝန်ယူလုပ်ကိုင်ရသည်။ အမှိုက်သိမ်းရသည်။ လမ်းမီးတွေ ထွန်းရသည်။ ရေပေးဝေရေး၊ ကုန်သွယ်မှု၊ အရောင်းအဝယ် ကြီးကြပ်ရသည်။ ပန်းခြံနှင့် ကစားကွင်းများအား စောင့်ရှောက်စီမံရသည်။ အခြားသော ဝန်ဆောင်မှုလုပ်ငန်း အများအပြားကိုလည်း လုပ်ဆောင်ပေးရသည်။ မြို့တော်သူ မြို့တော်သား အများအပြားအတွက်မူ YCDC သည် ၎င်းတို့နှင့် အဓိက ထိတွေ့ ရင်ဆိုင်ရသော အစိုးရပင်ဖြစ်သည်။ ထိုထိတွေ့ရမှုများသည် အခါခပ်သိမ်း ပျော်ရွှင်စရာကောင်းသည်ချည်းတော့ မဟုတ်ချေ။ ၎င်းဝန်ထမ်းအချို့၏ လုပ်ငန်း မကျွမ်းကျင်မှု၊ အဂတိလိုက်စားမှုများကြောင့် မြို့တော်စည်ပင်သည် ရန်ကုန်လူထု၏ မှိုချိုးမျှစ်ချိုး အပြောခံရဆုံး အဖွဲ့အစည်းလည်း ဖြစ်သည်။

လာမည့်ဆယ်စုနှစ်တွင် နယ်မှ ရန်ကုန်သို့ ပြောင်းရွှေ့လာသူများ တိုးပွားသည်ထက် တိုးပွားလာလိမ့်မည်ဖြစ်သည်။ ကြီးမားသည့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများလည်း ဖြစ်လာဖွယ်ရှိသည်။ မကြာမီနှစ်များအတွင်းက စီးပွားရေးအပြောင်းအလဲကြောင့် မြို့ကြီး၏ အခြေခံအဆောက်အအုံနှင့် လက်ရှိအိမ်ရာများမှာ မလောက်မငဖြစ်နေပြီဖြစ်ရာ မြို့နေလူထု၏ ဘဝများ တိုးတက်သာယာရေးအတွက် ကျန်းမာသန်စွမ်းထက်မြက်သော မြို့ပြအုပ်ချုပ်ရေးတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်လာရန် အလွန်အရေးကြီးနေသည်။ ထိုနည်းတူ ဆန္ဒမဲပုံးများမှတဆင့် မြို့လူထု၏ ပြောရေးဆိုခွင့်များ ပိုမို ရရှိလာရေးသည်လည်း အလွန်အရေးကြီးပေသည်။

သို့သော် အလျင်စလိုနိုင်လှသော အချိန်ဇယားကြောင့်သော်လည်းကောင်း၊ လူထု၏ သိရှိနားလည်မှုအပြည့်အစုံ မရရှိသေးသောကြောင့်လည်းကောင်း၊ စီမံခန့်ခွဲမှု အလွဲအမှားများကြောင့်ဖြစ်စေ၊ မဲပေးသူဦးရေ နည်းပါးလွန်း၍ဖြစ်စေ မျက်နှာပူစရာ မအောင်မမြင်ဖြစ်သွားမှာကို စိုးရိမ်နေကြသူများလည်း ရှိနေသည်။ ထိုသို့ဖြစ်ခဲ့ပါက မြို့တော်အာဏာပိုင်များလည်း စိတ်အားပျက်သွားမည်ဖြစ်သည်။ ထို့ပြင် အခြားတိုင်းနှင့် ပြည်နယ်မှ အစိုးရများကလည်း ရန်ကုန်၏ ဥပမာကို ကြည့်ပြီး အားပျက်ကုန်ကြမည်ဖြစ်သည်။

မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် လူထုအားလုံးပါဝင်သော ရွေးကောက်ပွဲမျိုးကို ကျင်းပပေးဖူးသည့် အတွေ့အကြုံရှိသော တစ်ခုတည်းသော အဖွဲ့အစည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သာ ဖြစ်သည်။ ဤကော်မရှင်ကလည်း ယခုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုပေ။ YCDC က ဖွဲ့စည်းလိုက်သော ရွေးကောက်ပွဲကော်မရှင်သည် ဇန်နဝါရီလထဲကမှ ဖွဲ့လိုက်သောကော်မရှင်ဖြစ်သည်။

YCDC ရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံမှ မဲဆန္ဒရှင်စာရင်းကိုလည်း မရနိုင်ပေ။ သို့ဖြစ်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခွဲများမှ လက်ရေးဖြင့် ကူးမှတ်ထားသော စာရင်းကိုသာ အခြေပြုထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃ ဒသမ ၄ သန်းခန့်ကိုသာ ပြုစုထားရလေသည်။ ထိုစာရင်းသည် UEC ရယူခဲ့သည့် ရင်းမြစ်နှင့် အတူတူပင်ဖြစ်ရာ ၂ဝ၁၅ ရွေးကောက်ပွဲကျင်းပစဉ်က သေဆုံးပြီးသူများပါ စာရင်းထဲပါနေသည်ဟု ဝေဖန်ခံခဲ့ရသော မဲဆန္ဒရှင်စာရင်းပင် ဖြစ်သည်။

ရန်ကုန်မြို့လယ်က မဲဆွယ်ဆိုင်းဘုတ်တစ်ခု။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ရန်ကုန်မြို့လယ်က မဲဆွယ်ဆိုင်းဘုတ်တစ်ခု။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

လူထုသဘောထားစစ်တမ်း ကောက်ယူမှုလည်း မရှိသဖြင့် စည်ပင်ရွေးကောက်ပွဲအကြောင်း လူထုသိရှိမှု နည်းပါးသည်ဟုသာ ယူဆရသည်။ သို့သော် ကိုယ်စားလှယ်လောင်းများက မဲဆွယ်မှုတွင် ငွေကြေးအတော်အတန် ကုန်ကျခံလိုက်လျင် ဤအခြေအနေက ပြောင်းလဲသွားနိုင်သည်။ အချို့ကိုယ်စားလှယ်လောင်းများကလည်း လုပ်ဆောင်နေကြသည့်လက္ခဏာ မြင်တွေ့နေရပါသည်။ Facebook၊ ဗီဒီယိုများ၊ ဘတ်စ်ကားမှတ်တိုင်များတွင် အီလက်ထရောနစ် ကြော်ငြာဆိုင်းဘုတ်များဖြင့် ကြော်ငြာပေးခြင်းကို ဥရောပသမဂ္ဂ ငွေကြေးအထောက်အပံ့ခံ STEP Democracy Programme က လုပ်ဆောင်ပေးလျက်ရှိသည်။

ဆွီဒင်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ IDEA အဖွဲ့က STEP programme ကို ပူးတွဲအကောင်အထည်ဖော်လျက်ရှိရာ ၎င်း၏ ဝန်ထမ်းသုံးဦးက YCDC ရွေးကောက်ပွဲကော်မရှင်နှင့်အတူ ပူးတွဲ လုပ်ကိုင်ပေးလျက်ရှိသည်။ “တကယ်တော့ ဒီရွေးကောက်ပွဲက သိပ်အချိန်ကပ်ပြီး ကျင်းပလိုက်တော့ ကော်မရှင်မှာ ဖိအားတွေ မတရားများသွားတယ်” ဟု IDEA ၏ Programme မန်နေဂျာ Ms Shana Kaiser က Frontier ကို ပြောသည်။

သို့သော် ကော်မရှင်အဖွဲ့ဝင်များက ဝီရိယစိုက်၍ ကြိုးကြိုးစားစား လုပ်ကိုင်နေကြပါသည်ဟု ၎င်းက ပြောသည်။ “ကော်မရှင်အဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာလုပ်ငန်းမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဒီရွေးကောက်ပွဲတွေအတွက် နှစ်မြှုပ်လုပ်ကိုင်နေကြတာကို ကျွန်မတို့ဆီက ပညာရှင်တွေက အဆက်မပြတ် သတိထားမိကြပါတယ်၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရာမှာ YCDC က လမ်းဖွင့်ထားတာတွေဟာ နမူနာကောင်းတွေအဖြစ် တွေ့မြင်ရပါတယ်၊ နောက်လာမယ့် အခြားရွေးကောက်ပွဲတွေမှာလည်း ဒီနမူနာတွေအတိုင်း လုပ်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Karisu က ပြောသည်။

သို့သော် မဲဆန္ဒရှင်များ၏ စိတ်အားထက်သန်မှုကို ရုတ်လျော့သွားစေနိုင်သော အချက်အချို့လည်း ရှိနေသည်။ တစ်ခုမှာ YCDC ၏ ဥက္ကဋ္ဌဖြစ်သော မြို့တော်ဝန်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါးလည်းဖြစ်ရာ ၎င်းသည် အများရွေးကောက်ခံမဟုတ်ဘဲ ပြည်ထောင်စုအစိုးရက တိုက်ရိုက်ခန့်ထားသူဖြစ်သည်။ ယခု အသစ်ဖန်တီးထားလိုက်သော ဒုတိယမြို့တော်ဝန်ကမူ မိုးကျရွှေကိုယ် မဟုတ်မူဘဲ ရွေးကောက်ခံကော်မတီ အမှုဆောင်အဖွဲ့ဝင် ၆ ဦးထဲမှ ရွေးချယ် ခန့်ထားမည်ဖြစ်သည်။ ထိုဒုတိယမြို့တော်ဝန်ဆိုသူတွင် လုပ်ပိုင်ခွင့်အာဏာတွေ မည်မျှရှိမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရချေ။ ခြုံကြည့်လျှင် ကော်မတီအဖွဲ့ဝင် ၁၁ နေရာအနက်မှ ငါးနေရာကို အထက်မှ ခန့်ထားဦးမည်ဖြစ်သည်။

မတ် ၃၁ ရက်နေ့တွင် အရွေးခံရသူများသည် သက်တမ်းနှစ်နှစ်သာ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပြီး နောက်ထပ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ အကြောင်းမှာ ကော်မတီ၏သက်တမ်းမှာ တိုင်းဒေသကြီးအစိုးရ၏ သက်တမ်းအတိုင်းသာဖြစ်ရာ ၂ဝ၂၁ ခုနှစ်၊ မတ်လတွင် လက်ရှိ တိုင်းဒေသကြီးအစိုးရ သက်တမ်းကုန်ဆုံးသည့်အခါ ၎င်းတို့လည်း တာဝန်ထမ်းဆောင်ချိန်သက်တမ်း ပြည့်မြောက်မည်ဖြစ်သည်။

ဤအချက်ကြောင့် ယခုရွေးကောက်ပွဲ၏ ချိန်ခွင်လျာကို လျော့ပါးသွားစေပြီး ဒေသန္တရဒီမိုကရေစီတွင် အပြောင်းအလဲတစ်ရပ် ဖြစ်လာနိုင်သလို တဖြေးဖြေးနှင့် မှေးမှိန်ပျောက်ကွယ်၍လည်း အဆုံးသတ်သွားနိုင်ပေသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.