ထိပါးနှောက်ယှက် အကြမ်းဖက်မှုတွေခံနေရတဲ့ မြန်မာအမျိုးသမီးတွေ

 

အမျိုးသမီးများသည် ဘတ်စ်ကားများပေါ်တွင် အမျိုးသားများ၏ ပစ်မှတ်ထား ထိပါးစော်ကားမှုကို ခံနေရဆဲဖြစ်သည်။ ဓါတ်ပုံ - Lauren DeCicca

အမျိုးသမီးများသည် ဘတ်စ်ကားများပေါ်တွင် အမျိုးသားများ၏ ပစ်မှတ်ထား ထိပါးစော်ကားမှုကို ခံနေရဆဲဖြစ်သည်။ ဓါတ်ပုံ – Lauren DeCicca

အိုလီဗာစလိုးနှင့် နိုနိုအောင် ရေးသားသည်။

အသက် ၂၃ နှစ်အရွယ်ရှိ မဝင်းသည် အလုပ်သို့ ဘတ်စ်ကားဖြင့် သွားရောက်စဉ် သူ၏ နံဘေးထိုင်ခုံမှ အမျိုးသားတစ်ဦးက ကား၏ အလယ်လမ်းကို လွယ်အိတ်ဖြင့် ကာထားပြီး မဝင်း၏ မျက်နှာကို စိုက်ကြည့်ကာ မိမိတစ်ဦးတည်း ကာမစိတ် ဖြေလျှော့မှုကို လုပ်ဆောင်ပြခဲ့သည်။

“သူက သူရဲ့ လိင်အင်္ဂ ါကို ကျွန်မမြင်အောင် လုပ်ပြနေတယ်။ ပထမတော့ ကျွန်မ ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။ နောက်တော့ ကျွန်မ တခြားထိုင်ခုံကို ပြောင်းထိုင်လိုက်တယ်။ ကျွန်မ အဲဒီ တုန်းက ကြောက်လို့ တစ်ကိုယ်လုံး တုန်ရင်နေခဲ့တာ မှတ်မိသေးတယ်” ဟု သူက လွန်ခဲ့သော လအနည်းငယ်က အဖြစ်အပျက်ကို ပြန်လည် ပြောပြသည်။

သူ၏ သူငယ်ချင်းဖြစ်သူ အသက် ၂၃ နှစ်အရွယ်ရှိ မနီလာလည်း ထိုသို့သော အဖြစ်အပျက်မျိုး တွေကြုံခဲ့ဖူးသည်။ ရန်ကင်းမြို့နယ်ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုကို ဖြတ်လမ်းမှ သွားရောက်နေစဉ်တွင် လမ်းဘေးတွင် အပေါ့သွားနေသော အမျိုးသားတစ်ဦး၏ နံဘေးမှ ဖြတ်သွားခဲ့ရသည်။ ထိုအမျိုးသားက မနီလာကို တွေ့သွားသောအခါ သူ၏ လိင်အင်္ဂါကို ထုတ်ပြလိုက်ပြီး ညစ်ပတ်သော စကားများလည်း အော်ပြောခဲ့သည်။

“ကျွန်မက သူကို အော်လိုက်ပြီး ထီးကို လက်နက်အဖြစ် ရိုက်မလို့ ရွယ်လိုက်တော့ သူထွက်ပြေး သွားတယ်။ နောက်မှ ကျွန်မစဉ်းစားမိတာ သူကို ဓါတ်ပုံကို ရိုက်ပြီး ရဲစခန်းကို တိုင်လိုက်ရမှာလို့ တွေးမိတယ်” ဟု မနီလာက ပြောပြသည်။

မဝင်းကလည်း ဘတ်စ်ကားပေါ်မှ အခြားခရီးသည်များကို အော်မပြောလိုက်ရသောကြောင့် နောင်တရမိသည်ဟု ဆိုသည်။

မဝင်းသည် ထိုအကြောင်းကို သူ၏ လုပ်ဖောင်ကိုင်ဖက် အမကြီးတစ်ယောက်ကို ပြန်ပြောပြချိန်တွင် သူ၏ပုံစံသည် အပေါစားမိန်းကလေး တစ်ဦးပုံ ပေါက်နေသောကြောင့်ဟု အပြောခံရပြန်သည်။

“ပထမတော့ ကျွန်မလည်း ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားမိပြီး စိတ်မကောင်းဖြစ်နေမိတယ်။ နောက်တော့ ကျွန်မဟာ ယောင်္ကျားတစ်ယောက်ရဲ့  မိုက်ရိုင်းစော်ကားမှုအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိပါလားလို့ သိရှိလာခဲ့တယ်။ ဒါက မဖြစ်သင့်တဲ့ စိတ်အနေအထားပဲ” ဟု မဝင်းက ပြောသည်။

ဤဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းခဲ့သော အမျိုးသမီးအများအပြားက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများသည် လမ်းမများပေါ်နှင့် အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေး ယာဉ် များပေါ်တွင် ဖြစ်နေကျ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ပြောကြားကြသည်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ပုံစံတစ်မျိုး မဟုတ် တစ်မျိုးနှင့် ကြုံရလေ့ရှိကြောင်း အမျိုးသမီးငယ်လေးများက ပြောကြားကြသည်။ သို့သော် ထိုအမျိုးသမီးအများစုက သက်ဆိုင်ရာသို့ တိုင်ကြား အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လေ့မရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ပါကလည်း အချိန်ကုန်ရုံသာ ရှိမည်ဟု ထင်ကြသောကြောင့် ဖြစ်သည်။

“ရန်ကုန်မှာက မိန်းကလေးတွေရဲ့ ကိုယ်ခန္ဓာကို ဘတ်စ်ကားက အမျိုးသား စပယ်ယာတွေက ကိုယ်တွယ်ထိတွေ့တာ သမားရိုးကျလို ဖြစ်နေပြီ။ လူအနည်းငယ်ကပဲ ဒါဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတစ်ခုလို့ မြင်ကြတော့တယ်။ အမျိုးသားအများစုက သူတို့လုပ်နေတာ မသင့်တော် ဘူးလို့ မထင်မြင်ကြတော့ဘူး” ဟု မဝင်းက ပြောသည်။

ကရင်ပြည်နယ် မြို့တော် ဘားအံ့တွင် ပုဂ္ဂလိကကျူရှင်တစ်ခု တက်ရောက်နေစဉ်  အသက် ၅၀ အရွယ် ဆရာဖြစ်သူက သူ၏ပေါင်ကို လာရောက်ထိတွေ့ကိုင်တွယ်ခြင်းခံခဲ့ရသူ အသက် ၂၁ နှစ်အရွယ် မလဲ့လဲ့ကလည်း ထိုသို့ ကိုင်တွင်ခံရခြင်းမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဟု မထင်ခဲ့မိကြောင်း ပြောသည်။

“သမီးက အစတုန်းက အဲဒါကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာလို့ မထင်မိဘူး။ ဘာလို့လဲဆို တော့ သမီးက ဗဟုသုတလည်း နည်းပါးတာရယ်၊ သူက သမီးရဲ့ ဆရာဖြစ်နေလို့ပါ” ဟု မလဲ့လဲ့ က ပြောသည်။

“သူ့ရဲ့ အပြုအမူတွေကြောင့် သမီး စိတ်ရှုပ်ထွေးသွားပြီး စိတ်ပျက်ရတယ်။ အဲဒီ အချိန်ကနေ ဘယ်လို လွတ်မြောက်အောင် လုပ်ရမလဲ မသိခဲ့ဘူး။ သမီးတို့နိုင်ငံရဲ့ ယဉ်ကျေးမှုအရ ဆရာတွေကိုဆိုရင် အလွန်အရိုအသေ ပေးကြတယ်။ ဒီတော့ သမီးသူ့ကို ဆန့်ကျင်ပြီး ဘာမှ မပြောရဲခဲ့ဘူး။ မိဘတွေကိုတောင် မပြောပြရဲဘူး ဖြစ်ခဲ့တယ်” ဟု မလဲ့လဲ့က ပြောသည်။

မဝင်း (အမည်လွဲ) အသက် ၂၃ နှစ်၊ ရန်ကုန်မြို့ သည် ဘိုကလေးဈေး ဘတ်စ်ကား မှတ်တိုင်မှ ၈၆ နံပါတ် ဘတ်စ်ကားကို မနက်ခင်း စီးနင်းလာစဉ်တွင် အမျိုးသားတစ်ဦးသည် နံဘေးထိုင်ခုံတွင် ထိုင်ကာ တစ်ဦးတည်း လိင်မှုဖြေဖျောက်သည့် အလုပ်ကို လုပ်ပြခဲ့သည်။ ဓါတ်ပုံ - Lauren Decicca

မဝင်း (အမည်လွဲ) အသက် ၂၃ နှစ်၊ ရန်ကုန်မြို့ သည် ဘိုကလေးဈေး ဘတ်စ်ကား မှတ်တိုင်မှ ၈၆ နံပါတ် ဘတ်စ်ကားကို မနက်ခင်း စီးနင်းလာစဉ်တွင် အမျိုးသားတစ်ဦးသည် နံဘေးထိုင်ခုံတွင် ထိုင်ကာ တစ်ဦးတည်း လိင်မှုဖြေဖျောက်သည့် အလုပ်ကို လုပ်ပြခဲ့သည်။ ဓါတ်ပုံ – Lauren Decicca

အများပြည်သူ ပို့ဆောင် ဆက်သွယ်ရေး ယာဉ်များပေါ်တွင် လိင်ပိုင်းဆိုင်ရာ မတော်တရော်ပြုမှု များအပြင် တခြားသော လိင်အခြေခံသည့် အလွဲသုံးစားပြုမှုများဖြစ်သည့် စီးပွားရေး၊ စိတ်ခံစား ချက်ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများလည်း မြန်မာနိုင်ငံတွင် အများအပြား ရှိနေဆဲဖြစ်သည်။

လေ့လာချက်များအရ ကမ္ဘာပေါ်ရှိ အမျိုးသမီးများ၏ ၃၅ ရာခိုင်နှုန်းခန့်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို သူတို့၏ မိတ်ဖက်မှဖြစ်စေ၊ သူစိမ်းများထံမှဖြစ်စေ ကြုံတွေ့နေကြရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ အိမ်ထောင်ရှိသော အမျိုးသမီး ၃၀ ရာခိုင်နှုန်းခန့်သည် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများကို ၎င်းတို့၏ မိတ်ဖက်ထံမှ ခံရလေ့ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ထိုသို့သော ကိစ္စရပ်များအတွက် သတင်းအချက်အလက်များ ရှားပါးနေခြင်းကလည်း စိန်ခေါ်မှု တစ်ခုကဲ့သို့ ဖြစ်နေသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အမျိုးသမီး လေးရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းခန့်သည် စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှု ခံကြရကြောင်း သတင်းပို့ထားကြပြီး သုံး ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်က ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှု ခံကြရကြောင်း အစီရင်ခံ ထားကြသည်။ သို့သော် အမျိုးသမီးအများစုမှာ တိုင်ကြားလေ့မရှိကြသဖြင့် အမှန်တကယ်ဖြစ်ပွားနေသော ကိန်းဂဏန်းမှာ ထိုထက်အများကြီး ပိုနိုင်ပါသည်။

အိမ်တွင်း အကြမ်းဖက်မှု

အမျိုးသမီးများအရေး ဆောင်ရွက်ပေးနေသည့် ပြည်တွင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် Gender Equality Network က ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် Behind the Silence: Violence Against Women and Their Resilience အစီရင်ခံစာတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အစီရင်ခံထားသည်။

ထိုအစီရင်ခံစာသည် ရန်ကုန်နှင့် မော်လမြိုင်မြို့တို့မှ အမျိုးသမီး ၃၈ ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ သူတို့သည် ၎င်းတို့၏ ကြင်ဖက်များထံမှ အကြမ်းဖက်မှု ပုံစံတစ်မျိုးမျိုးကို တွေ့ကြုံခံစားနေရသူများ ဖြစ်သည်။

မေးမြန်းထားသော အမျိုးသမီးများထဲမှ ထက်ဝက်ကျော်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သို့မဟုတ် အိမ်ထောင်ပြုပြီးနောက် အဓမ္မပြုကျင့်ခံရခြင်းကို တွေ့ကြုံကြရကြောင်း ဖြေကြားကြသည်။ ခင်ပွန်းများက ၎င်းတို့ဆန္ဒရှိသော အချိန်တွင် ဇနီးထံမှ လိင်မှုကိစ္စကို ရယူပိုင်ခွင့်ရှိသည်ဟူသော မှားယွင်းယုံကြည်မှုများကြောင့် ဖြစ်ကြသည်။

အလိုမတူဘဲ အတင်းအကျပ် လိင်ဆက်ဆံခိုင်းခံရသော အမျိုးသမီးအားလုံးသည် စိတ်ခံစားချက် ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုလည်း ခံကြရသည်။ အမျိုးသမီးအများစုသည် ၎င်းတို့၏ ခင်ပွန်းများထံမှ အကြမ်းဖက်မှု တစ်မျိုးမက ခံစားနေကြရသည်။

အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေး နေရာများတွင် အုပ်စုဖွဲ့၍ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခြင်းသည်လည်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ တွေ့ကြုံနေကျသကဲ့သို့ ဖြစ်နေသည်။ အထူးသဖြင့် ရန်ကုန်ရှိ ဘတ်စ်ကားလိုင်းများပေါ်တွင် အဖြစ်အများဆုံး ဖြစ်သည်။

“အမျိုးသားတွေက ကျွန်မနားကို တိုးလာကြပြီး သူတို့ရဲ့ လိင်အင်္ဂ ါတွေနဲ့ ကျွန်မနောက်ကနေ လိုက်ထောက်နေကြတယ်။ ဘတ်စ်ကားစီးတဲ့ အမျိုးသမီးတိုင်းနီးပါး ဒီလိုအခြေအနေတွေကို တွေ့ကြုံကြရတာပဲ” ဟု မေးမြန်းထားသော အမျိုးသမီးတစ်ဦးက ပြောကြားသည်။ ထိုသို့ လုပ်ဆောင်သူ အားလုံးနီးပါးသည် သူစိမ်းများသာ ဖြစ်ကြကြောင်းနှင့် တစ်ခါတစ်ရံတွင် ဘတ်စ် ကား စပယ်ယာများနှင့် ဒရိုင်ဘာများလည်း ပါဝင်တတ်ကြောင်း ပြောပြသည်။

စိတ်ဖိစီးမှုများသော အခြေအနေများ၊ ဥပမာ ဇနီးသည် ကိုယ်ဝန်ဆောင်ခြင်း၊ ခင်ပွန်းက အလုပ်အကိုင် မရှိခြင်းစသော အခြေအနေများကို ချိန်ညှိနိုင်ရန် အခက်အခဲရှိသော အမျိုးသားများသည် ဇနီးသည်များကို အလွဲသုံးစားပြုမှု ပိုမိုများပြားသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ အမျိုးသမီးများထဲမှ ထက်ဝက်ကျော်က ပြောကြားရာတွင် ခင်ပွန်းသည် ဖောက်ပြန်နေခြင်းက ထိုကဲ့သို့အကြမ်းဖက်မှု ဖြစ်ရသော အကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။ အကြမ်းဖက်မှု အဖြစ်အပျက်များတွင် အရက်သောက်သုံးခြင်းသည်လည်း အဓိက အကြောင်းချက်တစ်ခုအဖြစ် ပါဝင်နေသည်။

ထို့ပြင် အမျိုးသမီးများကို အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး လူ့အဖွဲ့အစည်း၏ တုံ့ပြန်မှုကလည်း အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။ အချို့သော လူပုဂ္ဂိုလ်များက အလွဲသုံးစားပြုခံရသော အမျိုးသမီးများကို ဖေးမထောက်ခံကြသော်လည်း နောက်ကွယ်တွင်ရှိနေသည့် လူ့အဖွဲ့အစည်း၏ ယုံကြည်ချက်များ၊ ဥပမာ ကလေးများကို ထောက်ထားပြီး အိမ်ထောင်မပြိုလဲစေရန် ထိန်းသိမ်းရေး စသည့် ဖိအားများသည် အမျိုးသမီးများကို အလွဲသုံးစားပြုခံရမှု အဆုံးသတ်စေရန် ကြိုးပမ်းမှုများကို တားဆီးလျှက်ရှိသည်။

အစီရင်ခံစာထဲတွင် ဖေါ်ပြထားသော အလွဲသုံးစားပြုမှု ပုံစံများထဲမှ အဓိကတစ်ခုမှာ အိမ်တွင်းတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်ထောင်ပြုပြီးမှ အဓမ္မပြုကျင့်မှု ဖြစ်သည်။ အမျိုးသမီးများသည် ၎င်းတို့၏ ခင်ပွန်းနှင့် လိင်ဆက်ဆံရန် ငြင်းပယ်ပါက ရုပ်ပိုင်းဆိုင်ရာအရ သို့မဟုတ် နှုတ်ဖြင့် အကြမ်းဖက်ခံရမှုကို ကြုံရတတ်သည်။ တစ်ခါတစ်ရံတွင် အမျိုးသားများသည် ၎င်းတို့ထံတွင် HIV ပိုး ရှိနေသည်ကို သိပါလျှက်၊ သို့မဟုတ် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်မျိုးရှိမှန်း သိပါလျှက်ဖြင့် ကွန်ဒုံးသုံးရန် ငြင်းဆန်ခြင်းတို့ ပါဝင်သည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အစီရင်ခံစာက ဖေါ်ပြထားချက်အရ အကြောင်းရင်းမှာ အမျိုးသားက ဇနီးသည်နှင့် လိင်ဆက်ဆံခွင့်ရှိသည်ဟူသော ယုံကြည်ချက် ကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံတွင် အမျိုးသားများက ဇနီးသည်နှင့် လိင်ဆက်ဆံမှုပြုခြင်းမှာ ၎င်းတို့၏ အခွင့်အရေးတစ်ခုဖြစ်သည်ဟု ပွင့်လင်းစွာပင် ထုတ်ဖေါ်ပြောဆိုတတ်ကြသည်။ ဖြစ်ပေါ်တတ်သော အလွဲသုံးစားမှုပြုသည့် အသွင်သဏ္ဍာန်တစ်ခုမှာ ခင်ပွန်းသည်က အကြမ်းဖက်မှု ပြုပြီးပြီးချင်းတွင် ပြန်တောင်းပန်ကာ ခဏမျှတာရှည်ခံသော်လည်း နောင်တွင် အကြမ်းဖက်မှု ဆက်လက်ဖြစ်ပေါ်တတ်ခြင်း ဖြစ်သည်။

မော်လမြိုင်မြို့တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသမီးက အစီရင်ခံစာအတါက် ဖြေကြားရာတွင် သူ၏ ခင်ပွန်းသည်က ရိုက်နှက်တတ်ကြောင်း၊ နံရိုးတွင် ဒဏ်ရာရသည့်အထိ ဖြစ်ကြောင်း၊ ထို့နောက် ခင်ပွန်းသည်က သူ့ကို ပြန်လည်ချော့မော့တတ်ကြောင်း၊ ထိုသို့ ချော့မော့ချိန်တွင် ခင်ပွန်းသည် ပြောင်းလဲသယောင် ထင်မြင်ရသော်လည်း နောက်ပိုင်းတွင် ပြန်လည် ရိုက်နှက်တတ်သည်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြသနာအတွက် အဖြေ

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ဖျက်နေသော ပညာရှင်များတွင် ထိုပြသနာကို ဖြေရှင်းရန်အတွက် မတူညီသော အမြင်များ ရှိနေတတ်ကြသည်။

လန်ဒန်မြို့ အခြေစိုက် အကြမ်းဖက်မှု ဆန့်ကျင်ရေး အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် International Alert အဖွဲ့အစည်း၏ လိင်ခွဲခြားမှုပိုင်းဆိုင်ရာနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော Dr. Henri Myrttinen က အမျိုးသားများပါဝင်သော ချဉ်းကပ်မှုများနှင့် အပြုသဘောဆောင်သော ယောကျာၤးပီသမှုဟု ခေါ်ဆိုသော သဘောထားများကို ရှင်းလင်းပြသခြင်းများ ပါဝင်သည်ဟု ပြောကြားသည်။

“ကျွန်တော်တို့က အမျိုးသားတွေကို ဒီလို အစီအစဉ်တွေဆီ ခေါ်ဆောင်လာရမယ်။ ပြီးတော့ အကြမ်းဖက်မှု မရှိပါက ၎င်းတို့ ပိုမိုတိုးတက်အောင်မြင်နိုင်ကြောင်း၊ ၎င်းတို့အကြောင်း ၎င်းတို့ ကိုယ်တိုင်လေ့လာနိုင်တဲ့ ဒီလိုဆွေးနွေးပွဲတွေက သူတို့အတွက် အကျိုးရှိနိုင်ကြောင်း သိလာ အောင် လုပ်ဆောင်ပေးရမယ်။ ဒီလို အမျိုးသားစွမ်းရည်တွေကို မြင့်တင်ပေးခြင်းက ပိုမိုအကျိုးရှိ နိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အမျိုးသမီးများကို အကြမ်းဖက်တတ်သော အမျိုးသားများသည် ကနဦးတွင်တော့ မိမိကိုယ်ကို ခုခံခြင်းမျှသာဖြစ်ပြီး ထိုသို့သော ပြဿနာမျိုးကို ဆွေးနွေးခြင်းများ၊ ဆင်ခြင်ခြင်းများဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်သည်ဟု ၎င်းကပြောသည်။

“ကျွန်တော်ကတော့ သူတို့တွေ ပြဿနာတက်နေပြီဆိုရင် လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်လို၊ ဘဝတူတစ်ယောက်လို သူတို့ရဲ့ စိတ်ဖိစီးမှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးတယ်” ဟု ၎င်းက ပြောသည်။ “ဒီတော့ ကျွန်တော်တို့က လိင်ခွဲခြားမှုကိစ္စရပ်ကို လိင်ခွဲခြားမှုလို့ နာမည်မတပ်ဘဲ ဖြေရှင်းပေးတာက ပိုမိုအောင်မြင်နိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် Colourful Girls ဟု ခေါ်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းကို ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အလွဲသုံးစားပြုမှု ခံရနိုင်သော ဆယ်ကျော်သက် မိန်းကလေးလေးများအား မိမိကိုယ်ကို ယုံကြည်မှုများနှင့် သတိရှိမှုများကို မြင့်တင်ပေးလျှက်ရှိသည်။ ထိုအဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုထဲမှ ခြောက်ခုတွင် လုပ်ကိုင်လျှက်ရှိပြီး အမျိုးသမီးငယ်လေးများကို အပျိုဖေါ်ဝင်ချိန်အကြောင်း၊ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုများ၊ မိမိကိုယ်ကို ယုံကြည်မှုများနှင့် အပြုသဘောဆောင်သော သွင်ပြင်များကို ရရှိနိုင်စေရန် သင်တန်းများ ပေးလျှက်ရှိသည်။

“ကျွန်မတို့က အမျိုးသမီးတွေကို သူတို့ခံစားနေရတာတွေကို ဖေါ်ထုတ်ပြောဆိုရန်၊ သူတို့ရဲ့ အိပ်မက်တွေကို ပြောပြရန် တွန်းအားပေးပါတယ်။ မိန်းကလေးတွေက သူတို့ တွေ့ကြုံရတာတွေ၊ သူတို့ ခံစားနေရတာတွေကို လူတွေကို မျှဝေပြောပြဖို့ လူတွေကို မယုံကြည်ဘူး။ ဒီတော့ ကျွန်မ တို့က သူတို့ကို ဒီလိုလုပ်နိုင်စရာ နေရာတစ်ခု ဖန်တီးပေးတာပါ။ သူတို့တွေ ပျော်နေလား။ ဝမ်းနည်းနေလားစတဲ့ ခံစားချက်တွေပေါ့” ဟု ထိုအဖွဲ့အစည်းတွင် အဓိက စီစဉ်ဆောင်ရွက်နေသူ မနန်းသဇင်မင်းက ပြောပြသည်။

မြန်မာနိုင်ငံတွင် လူတစ်ချို့ က ပြောဆိုနေကြသကဲ့သို့ လိင်တန်းတူ ညီမျှမှုရှိသည်ဟူသော အချက်ကို မနန်းသဇင်မင်းက သဘောမတူပေ။

“ညီမျှတယ်၊ ဟုတ်လား။ လုံးဝ မညီမျှပါဘူး။ နေရာတိုင်းမှာ မညီမျှပါဘူး။ အိမ်တွင်းအဆင့်ကနေ နိုင်ငံအဆင့်အထိ လုံးဝ မညီမျှသေးပါဘူး။ တစ်ချို့ လူတွေက ပြောင်းလဲနေတယ်လို့ ပြောကြတယ်။ အခုဆို မိန်းကလေးတွေ ဘီယာဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ သွားနိုင်နေပြီလို့ ပြောကြ တယ်။ ဒါက အပေါ်ယံသက်သက်ပါ။ အရေးကြီးတာက သဘောထားတွေနဲ့ အပြုအမူတွေ ပြောင်း လဲဖို့ပါ” ဟု မနန်းသဇင်မင်းက ပြောသည်။

“အမျိုးသမီးတွေက လူ့အဖွဲ့အစည်းမှာ ဖိနှိပ်ခံနေရတုန်းပဲ။ မိန်းကလေးငယ်တစ်ဦးက အလွဲသုံး စားမှု ပြုခံရရင် သူက ဘယ်လိုထုတ်ပြောရမလဲ မသိဘူး။ အရှက်ရရုံဘဲ ရှိတယ်” ဟု ကျူရှင် ဆရာ၏ မဖွယ်မရာ ထိတွေ့ကိုင်တွယ်မှုကို ခံခဲ့ရသော မလဲ့လဲ့၏ အတွေ့အကြုံကို ရည်ညွှန်းပြီး မနန်းသဇင်မင်းက ပြောကြားသည်။

“ကျွန်မတို့က မိန်းကလေးတွေကို သူတို့ ဘာတွေလိုအပ်တယ်။ ဘာတွေဖြစ်ချင်တယ်ဆိုတာကို ထုတ်ဖေါ်ပြောဆိုနိုင်တဲ့ ပတ်ဝန်းကျင်လေးတစ်ခု ဖန်တီးပေးရမယ်။ ကျွန်မတို့ဟာ ငယ်ငယ် ကတည်းက ဒါကို မလုပ်နဲ့။ ဒါကို လုပ်ရမယ်ဆိုတာမျိုးတွေ သင်ပြခံခဲ့ရတယ်။ ဒီလိုမျိုး သင်ပြမှု ပုံစံမျိုးကိုလည်း ပြောင်းလဲပစ်ရမယ်။ ကျွန်မတို့ဟာ မိန်းကလေးတွေကို သူတို့အတွက် သူတို့ တွေးခေါ်နိုင်အောင် သင်ပြပေးရမယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်ကြီးကို ပြောင်းလဲပစ်ဖို့ သူတို့ကို သူတို့ ပြောင်းလဲပစ်ရမယ်” ဟု မနန်းသဇင်မင်းက ပြောကြားသည်။

(ဆောင်းပါးအတွက် မေးမြန်းထားသော အမျိုးသမီးအချို့၏ အမည်များကို ပြောင်းလဲထားပါသည်။)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.