ပြည့်တန်ဆာများ၊ ခေါင်းပုံဖြတ်မှုများနှင့် ပြုပြင်ပြောင်းလဲရမည့် ဥပဒေ

ပြည့်တန်ဆာများကို အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်မှုတို့မှ ကာကွယ်ရေးအတွက် ဥပဒေဆိုင်ရာ အပြောင်းအလဲများ အရေးတကြီး လိုအပ်လျှက် ရှိသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ သို့သော် နိုင်ငံရေးအရ အထိမခံမှုများကြောင့် နှောင့်နှေးကြန့်ကြာနေသည်။ 

ဆုမြတ်မွန် ရေးသားသည်။ 

ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာနိုင်ငံတွင် ကြီးမားသည့် လုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ သို့သော် ကမ္ဘာ့ပေါ်တွင် ရှေးယခင်ကာလများကတည်းက ရှိနေခဲ့သည့် ထိုလုပ်ငန်းမှ ငွေများ ရရှိနေသည်မှာ ပြည့်တန်ဆာများမဟုတ်ကြပဲ ပြည့်တာဆာခေါင်းများ၊ ပြည့်တန်ဆာအိမ်ပိုင်ရှင်များ၊ အကျင့်ပျက်ချစားသော အရာရှိများဖြစ်ကြသည်။ ထိုအထဲတွင် ရဲတပ်ဖွဲ့ဝင်အချို့လည်း ပါဝင်နေသည်။

မြန်မာနိုင်ငံတွင် တရားစွဲခံရမှု အများဆုံးခံရသူများတွင် ပြည့်တန်ဆာများလည်း ပါဝင်သည်။ ထိုလုပ်ငန်းမှာ တရားမဝင်သောကြောင့် ၎င်းတို့သည် ဖောက်သည်များ၊ ခေါင်းများနှင့် အကျင့်ပျက် ချစားသော ရဲများ၏ ခေါင်းပုံဖြတ်မှုကို ခံရလေ့ရှိသည်။ 

၁၉၅၆ ခုနှစ်၊ ပြည့်တန်ဆာ အက်ဥပဒေအရ ပြည့်တန်ဆာတစ်ဦးသည် ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည်။ ၁၉၉၈ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သည့် ဥပဒေတွင် ထောင်ဒဏ် ၅ နှစ် အပြင် ငွေဒဏ်လည်း ကျခံနိုင်သည်ဟု ဖော်ပြထားသည်။

ထိုဥပဒေကို ပြင်ဆင်ရေးလှုပ်ရှားမှုသည် ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ် ဒေါ်စန္ဒာမင်းက ပြည်တန်ဆာလုပ်ငန်းကို ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ရန် အဆိုကို လွှတ်တော်၌ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ထိုအဆိုပြုချက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားသော လွှတ်တော်များက မထောက်ခံခဲ့သော်လည်း လက်ရှိဥပဒေကို အစားထိုးပြီး တရားစွဲ၊ ထောင်ချမှု အနည်းငယ်သာ လုပ်ဆောင်ပြီး ပြည့်တန်ဆာများကို လေ့ကျင့်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးတို့ကို အလေးပေးသော ဥပဒေတစ်ခုကို ရေးဆွဲခဲ့ကြသည်။ 

အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ပေးမည့် ဥပဒေကြမ်း အခြားတစ်ခုကလည်း ပြည့်တန်ဆာများ ခေါင်းပုံဖြတ်ခံရခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံပါဝင်သည့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု အမျိုးမျိုးအား တားမြစ်ထားသည့် သဘောတူညီချက်ဖြစ်သော Convention on the Elimination of

ထိုဥပဒေသစ်များကို အစိုးရနှင် လွှတ်တော်က အပြီးသတ် ပြဌာန်းနိုင်မည့် အချိန်ဇယား မရှိသောကြောင့်  ပြည့်တန်ဆာများမှာ အကြမ်းဖက်မှု၊ ညှင်းပန်းမှုနှင့် ဖမ်းဆီးခံရမှုတို့ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ UNAIDS ၏ အဆိုအရ ၂၀၁၀ ခုနှစ်တွင် ထိုသို့ အန္တရာယ် ကျရောက်နေသော ပြည့်တန်ဆာ ၇၀,၀၀၀ ခန့် ရှိခဲ့သည်ဟု ဆိုသည်။

သွားစရာ နေရာမရှိ

မြန်မာနိုင်ငံတွင် အမျိုးသမီးများ ပြည့်တန်ဆာ ဖြစ်လာရခြင်းမှာ ဘဝတွင် အခက်အခဲများ ကြုံရခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် လူကုန်ကူးသူများ၏ သားကောင် ဖြစ်သွားသောကြောင့် ဖြစ်သည်။ 

“အမျိုးသမီးတွေ ပြည့်တန်ဆာ ဖြစ်လာရတာက သူတို့က အကျင့်စာရိတ္တ မကောင်းလို့ မဟုတ်ကြဘူး။ ရွေးချယ်စရာ လမ်းမရှိကြလို့ပါ” ဟု လွန်ခဲ့သော အနှစ် ၂၀ ခန့်ကတည်းက ပြည့်တန်ဆာ ဖြစ်လာခဲ့သူ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ခင်က ပြောသည်။ 

ဒေါ်ခင်ခင်နှင့် သားဖြစ်သူကို ခင်ပွန်းဖြစ်သူက ၂၀၀၀ ပြည့်နှစ်တွင် စွန့်ပစ်သွားခဲ့ပြီး နောက်မိန်းမ ယူသွားခဲ့သည်။ ထိုအခါ ဒေါ်ခင်ခင်သည် သာကေတမြို့နယ်ရှိ သူမ၏ အစ်မနေအိမ်သို့ သွားရောက်နေထိုင်ခဲ့ရသည်။ သို့သော် သူမ၏ ခဲအိုဖြစ်သူက သူမကို အဓမ္မ ပြုကျင့်သဖြင့် ထွက်ပြေးခဲ့ရသည်။ 

“ကျွန်မက ဘယ်မှာမှ နေစရာမရှိတော့ ပုဇွန်တောင်မြို့နယ်ထဲက လမ်းမဘေးမှာ ထိုင်ငိုနေခဲ့တယ်။ အဲဒီအချိန်မှာ အမျိုးသမီး တစ်ယောက်က ရောက်လာပြီး ကျွန်မကို ကူညီမယ်လို့ ပြောတယ်” ဟု သူမက Frontier ကို ပြောသည်။ 

ထိုအမျိုးသမီးက ဒေါ်ခင်ခင်ကို သူမ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်နေသော အင်းစိန်မြို့နယ်ရှိ နေအိမ်သို့ ခေါ်သွားခဲ့သည်။ 

ပြည့်တန်ဆာအဖြစ် ပထမဆုံး လုပ်ကိုင်မည့်နေ့တွင် ပြည့်တန်ဆာခေါင်းက ဒေါ်ခင်ခင်ကို မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ဝင်းထဲကို သွားရောက်ကာ စစ်သားတစ်ယောက်အား ဖျော်ဖြေပေးရမည်ဟု ပြောကြားခဲ့သည်။ 

စစ်တပ်ဝင်းထဲသို့ ရောက်သောအခါ သူမနှင့် ပျော်ပါးရန် စောင့်ဆိုင်းနေသော စစ်သားမှာ အယောက်၂၀ ကျော် ရှိနေသည်ကို တွေ့ရသောကြောင့် သူမ အလွန်ကြောက်လန့်သွားခဲ့ရသည်။ 

“အဲဒီညကတော့ တကယ့် အိမ်မက်ဆိုးကြီးပါပဲ။ သူတို့က ကျွန်မကို သစ်ပင်တစ်ခုအောက် အတင်းခေါ်ဆောင်သွားပြီး ဝိုင်း အဓမ္မ ပြုကျင့်ကြတယ်” ဟု ဒေါ်ခင်ခင်က အသံတုန်တုန်ယင်ယင်နှင့် ပြောပြသည်။ 

“ကျွန်မက သူတို့ကို ဆက်မလုပ်ကြဖို့ တောင်းပန်တော့ သူတို့က ကျွန်မက ပြည့်တန်ဆာဆိုတော့ ဒါမျိုးနဲ့ဘဲ ထိုက်တန်တယ်ဆိုပြီး ကန်ကြောက် ရိုက်နှက်ကြပါတယ်” ဟု သူမက ပြောသည်။ 

“ကျွန်မက အတင်းအော်ငိုတော့ သူတို့က မင်း ထွက်ပြေးရင်ပြေး၊ မပြေးရင် မင်းကို ငါတို့သတ်မယ်လို့ ပြောကြပါတယ်” ဟုလည်း သူမက ပြောသည်။ 

ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့သည့်ဘဝတစ်လျှောက်တွင် ကိုယ်ထိလက်ရောက်အပြင် နှုတ်နဲ့ပါ ခေါင်းပုံဖြတ်မှုများ၊ နှိပ်စက်ညင်းပန်းမှုများ ခံခဲ့ရသည်ဟု ဆိုသည်။ 

“ကျွန်မတို့လို ပြည့်တန်ဆာတွေကို အလိုမတူဘဲ နှိပ်စက်ကလူ ပြုနေတာကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတစ်ခု ရှိသင့်ပါတယ်” ဟု သူမက ဆိုသည်။ 

ပြည့်တန်ဆာများသည် ရဲ သတင်းပေးများ၏ ခေါင်းပုံဖြတ်မှုကိုလည်း ခံနေရသည်ဟု ဒေါ်ခင်ခင်က ဆိုသည်။ 

“ရဲ သတင်းပေးကို ကျွန်မတို့က ပိုက်ဆံပေးရတယ်။ ဒါမှ မဟုတ်ရင် အခမဲ့ လိင်ဆက်ဆံခွင့် ပေးရတယ်။ မပေးရင် သူတို့က ရဲကို တိုင်မယ်လို့ ခြိမ်းခြောက်ကြတယ်” ဟု သူမက ပြောသည်။

သူမ ဘဝ တစ်လျှောက်တွင် ရက် ၃၀ ထက် မပိုသော ထောင်ဒဏ် ၃ ခါ ကျဖူးသည်ဟု ဆိုသည်။ ပထမဆုံး အကြိမ်ကမူ ရဲတစ်ယောက်က လူဆိုးဖမ်းပေးရမယ့် ဝေစု မပြည့်သေးဟုဆိုကာ သူမက ဖမ်းသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ဒေါ်ခင်ခင်သည် ၂၀၀၆ ခုနှစ်တွင် HIV ပိုး ကူးစက်ခံခဲ့ရသည်။ သူမသည် အမေရိကန်အခြေစိုက် ကျန်းမာရေး စောင့်ရှောက်မှု NGO တစ်ခုဖြစ်သော Population Services International က ပေးသော anti retroviral ဆေးကို သောက်သုံးနေရသည်။ ထို NGO က ဆောင်ရွက်နေသည့် ကွန်ဒွန်ပိုမိုသုံးလာစေရန် အသိပညာပေးသည့် စီမံကိန်းတွင် သူမက ပါဝင်ကူညီပေးသည်။ ထို့ပြင် လိင်လုပ်သားများ၏ အခွင့်အရေး မြင့်တင်နိုင်ရန်အတွက်လည်း ကူညီပေးနေသည်။ 

သူမက ပြည့်တန်ဆာအလုပ်ကို အချိန်ပြည့် မလုပ်တော့သော်လည်း Facebook ပေါ်တွင်တွေ့သော ပုံမှန် ဖောက်သည်များကိုမူ တခါတရံ ဝန်ဆောင်မှုပေးနေသည်။ ဤအလုပ်ကို သူမက မနှစ်သက်သော်လည်း သားဖြစ်သူကို ပညာသင်ကြားပေးနိုင်ရန်နှင့် မိဘများကို ထောက်ပံ့ရန် ငွေလိုအပ်သည်ဟု ဆိုသည်။ 

ဥပဒေသစ်များ

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို အစားထိုးနိုင်မည့် ဥပဒေတစ်ခုကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးရေးဆိုင်ရာဌာနက ၂၀၁၇ ခုနှစ်တွင် ရေးဆွဲခဲ့သည်ဟု ညွှန်ကြားရေးမှူး နော်သဝါးက ပြောသည်။ ထိုဥပဒေကြမ်းကို ရေးဆွဲမှုမှာ ပြီးစီးနေပြီဖြစ်ပြီး ရှေ့နေချုပ်ရုံးက ပြန်လည် စိစစ် သုံးသပ်လျှက် ရှိသည်ဟုဆိုသည်။ 

ဥပဒေသစ်ကို ရေးဆွဲရသည့် ရည်ရွယ်ချက်မှာ ပြည့်တန်ဆာများအနေဖြင့် အခြားသော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ပြောင်းလဲ လုပ်ကိုင်နိုင်ရန် ရည်ရွယ်သည်ဟု သူမက ဆိုသည်။ 

“ဒီဥပဒေက ပြည့်တန်ဆာတွေရဲ့ အသက်မွေး အလုပ်ကို ပြောင်းလဲပေးဖို့ ရည်ရွယ်တယ်။ ဥပဒေက သူတို့ကို အပြစ်ပေးတာထက်စာရင် အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးဖို့ ကြိုးစားပါမယ်” ဟု သူမက ဆိုသည်။ 

သို့သော် နိုင်ငံ၏ ယဉ်ကျေးမှုစံနှုန်းအရ ပြည့်တန်ဆာအလုပ်ကို တရားဝင် ခွင့်ပြုပြီး အပြစ်ပေးမှု ပယ်ဖျက်ခြင်းမျိုး လုပ်ဆောင်၍ မရဟု သူမက ဆိုသည်။ “ဒါက တိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ စံနှုန်းတွေပဲ” ဟု သူမက ပြောသည်။ ဥပဒေက ပြည့်တန်ဆာများအား သုံးကြိမ်အထိ ခွင့်လွှင့်ပေးမည်ဖြစ်ကာ နောက်ပိုင်းတွင်မူ အပြစ်ပေးခံရမည်ဖြစ်သည်။ သို့သော် ဥပဒေကြမ်းတွင်ပါဝင်သည့် အသေးစိတ်အချက်အလက်များကို သူမက ပြောကြားခြင်းမရှိပေ။

အစိုးရက ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ငန်းအဖြစ် မသတ်မှတ်ပေးခြင်းက အကြံပေး အဖွဲ့အစည်းများကို စိုးရိမ် ပူပန်စေသည်။ ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော NGO တစ်ခုဖြစ်သည့် ပြည်ကြီးခင်မှ အမှုဆောင် ဒါရိုက်တာ ဒေါ်နွေဇင်ဝင်းက အသစ်ရေးဆွဲသည့် ဥပဒေတွင် ပြည့်တန်ဆာများကို အကူအညီပေးရန် အပိုဒ်များအပြင် အပြစ်ပေးရန် အပိုဒ်များလည်း ပါဝင်နေခြင်းက လိုက်လျောညီထွေ မရှိကြောင်း ပြောကြားသည်။ ပြည်ကြီးခင် NGO သည် အားနည်းသော အမျိုးသမီးများနှင့် ကလေးများကို ကူညီပေးရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

“ဒီဥပဒေသစ်က ပြည့်တန်ဆာတွေအတွက် အကာအကွယ် ရရှိနိုင်ပါ့မလားလို့ ကျွန်မ စိတ်ပူပါတယ်” ဟု သူမက ဆိုသည်။ “သူတို့ ဒီဥပဒေကို ဘယ်လို အသက်ဝင်အောင် လုပ်နိုင်မလဲ စဉ်းစားမရဘူး။ ဒါက ရဲတွေအကြား အကျင့်ပျက် ချစားမှုတွေဘဲ ဖြစ်လာနိုင်တယ်။ ပြည့်တန်ဆာတစ်ဦးက လာဘ်ပေးပြီး ဒါက သူမရဲ့ ပထမဆုံးအကြိမ်ပါလို့ ပြောနေနိုင်တာပဲ” ဟု သူမက ဆိုသည်။ 

ဥပဒေတွင် ပါဝင်သော အငြင်းပွားဖွယ်ရာ အပိုဒ်များမှာ ပြည်ထဲရေး ဝန်ကြီးဌာနက ရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် လွှတ်တော်က သဘောမတူခဲ့သည့် အပိုဒ်များကို ပြန်လည်ရယူ ထည့်သွင်းထားခြင်း ဖြစ်သည်ဟု သူမက ဆိုသည်။ 

“ဥပဒေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အစအဆုံး ရေးဆွဲခဲ့မယ်ဆိုရင် အပြစ်ပေးတဲ့ အပိုဒ်တွေ ပါဝင်လောက်မှာ မဟုတ်ဘူး” ဟု သူမက ဆိုသည်။ 

ဥပဒေတွင် အပြစ်ပေးသည့် အပိုဒ်ကို ထည့်ခြင်း၊ မထည့်ခြင်းက အရေးကြီးလှသည်။ အဘယ့်ကြောင့်ဆိုသော် လိင်လုပ်သားများအတွက် သူတို့တို့၏ အခွင့်အရေး ရရှိမှုနှင့် တိုက်ရိုက် ဆက်နွယ်နေသောကြောင့် ဖြစ်သည်။ လက်ရှိတွင် ပြည့်တန်ဆာခေါင်းများ၊ ရဲအရာရှိများနှင့် ဖောက်သည်များက အလွဲသုံးစားပြုသောအခါတွင် လိင်လုပ်သားများမှာ မတိုင်တန်းရဲကြပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ တရားစွဲဆို ဖမ်းဆီးခံရနိုင်သောကြောင့် ဖြစ်သည်။ 

ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင် ဆက်လက် သတ်မှတ်ခြင်းအားဖြင့် ပြည့်တန်ဆာများမှာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခွင့်အရေးများကို ရရှိရန် ခက်ခဲစေနိုင်သည်။ ထို့ပြင် လိင်မှတဆင့် ကူးစက်သော ရောဂါများနှင့် HIV ရောဂါ ပြန့်ပွားခြင်းကို ရပ်တန့်အောင် ကြိုးပမ်းမှုများကိုလည်း အခက်တွေ့စေနိုင်သည်။ 

လိင်လုပ်သားများကို တရားဝင် ကာကွယ်ပေးနိုင်ရန် ကြိုးပမ်နေသော Sex Workers in Myanmar အဖွဲ့ ခေါင်းဆောင်သော ဒေါ်သူဇာဝင်းက လက်ရှိဥပဒေသည် အိုဟာင်းနေပြီ ဖြစ်သောကြောင့် ဥပဒေကို ပြင်ဆင်ရန် လိုအပ်နေသည်မှာ ကြာပြီဖြစ်သည်ဟု ဆိုသည်။ အပြစ်ပေးမှုများက ပြင်းထန်ပြီး ပြည့်တန်ဆာများဘက်ကိုသာ ဖိနှိပ်မှု ပိုမို များပြားနေသည့်အပြင် ဥပဒေကိုယ်တိုင်ကလည်း ရှင်းလင်းမှုလည်း မရှိကြောင်း သူမက ပြောကြားသည်။ လိင်လုပ်သားတွေကို ဖမ်းဆီးခြင်းက HIV ပြန့်ပွားမှု လျှော့ချရန် ကြိုးပမ်းမှုများကိုလည်း နှောင့်နှေးစေသည်။ “ဥပဒေကို ရှေ့နေတွေ အပါအဝင် ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရမယ်” ဟု သူမက ဆိုသည်။ 

နိုင်ငံရေးအရ အထိခိုက်မခံမှု

ပြည့်တန်ဆာ လုပ်ငန်းအပေါ် ပြင်းထန်သော အယူအဆများ ရှိနေသောကြောင့် ဥပဒေကို ပြုပြင်ပြောင်းလဲရာတွင် နိုင်ငံရေးအရ အထိမခံမှုများလည်း ရှိနေသည်ဟု ဒေါ်နွေဇင်ဝင်းက ဆိုသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် လိင်လုပ်သားများအတွက် ဥပဒေကို ပြင်ဆင်ပေးလိုက်ပါက ဝေဖန်ခံရမည်ကို စိုးရိမ်နေပုံရသည်ဟုလည်း သူမက ယုံကြည်ထားသည်။ 

“ဥပဒေ ပြုပြင်ပြောင်းလဲဖို့အတွက် ဒါက အဓိက စိန်ခေါ်မှုကြီးလို့ ထင်တယ်” ဟု သူမက ဆိုသည်။ 

တက်ကြွလှုပ်ရှားသူများသည် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပြင်ဆင်ရေး တစ်ခုတည်းကိုသာ စိတ်ဝင်စားခြင်း မဟုတ်ပေ။ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေကြမ်းကလည်း လိပ်လုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်လိမ့်မည်ဖြစ်သည်။

လိင်လုပ်သားများက လူမဆန်သော ခေါင်းပုံဖြတ်မှုများကို သည်းခံနေရခြင်းမှာ တခြားသော အမျိုးသမီးများနှင့် တန်းတူသော အကာအကွယ်ကို ၎င်းတို့ မရရှိသောကြောင့် ဖြစ်သည်ဟု ဒေါ်နွေဇင်ဝင်းက ပြောသည်။  လိင်လုပ်သားများကို ရဲများနှင့် ဖောက်သည်များက ခေါင်းပုံဖြတ်သောအခါ ကာကွယ်စောင့်ရှောက်မှု မရနိုင်ပုံကို သူမက ထောက်ပြခဲ့သည်။ 

“ဖောက်သည်တစ်ယောက်က လိင်ကိစ္စ ပျော်ပါးပြီး တန်ရာတန်ကြေး မပေးတဲ့အခါ ပြည်တန်ဆာတွေအနေနဲ့ ဘာမှ မတတ်နိုင်ကြဘူး” ဟု သူမက ပြောသည်။ 

“ကျွန်မတို့ လိုအပ်နေတာက လိင်လုပ်သားတွေအနေနဲ့လည်း တခြားအမျိုးသမီးတွေနည်းတူ ကာကွယ်စောင့်ရှောက်မှု ရရှိစေဖို့ပါ”ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသား လွှတ်တော်အမတ် နော်ဆူဆန်နာလှလှစိုးက အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေကြမ်းကို ၂၀၁၃ ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီအစိုးရက ရေးဆွဲပြီးကတည်းက လွှတ်တော်တွင် ဆွေးနွေးရခြင်း မရှိသေးဟု ပြောသည်။ ၎င်းသည် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သည်။ 

 “ဒီဥပဒေနဲ့ ပတ်သက်ပြီး ရှေ့နေချုပ်ရုံးမှာ သုံးသပ်တာ ကိုးခါ ရှိနေပါပြီ။ အဓ္ဓမ ပြုကျင့်မှုဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အများအပြား ရှိခဲ့ပါတယ်” ဟု သူမက Frontier ကို ဇူလိုင် ၆ ရက်နေ့က ပြောကြားသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်များအတွက် ထားရှိသည့် စည်းကမ်းကြောင့် အင်တာဗျူးကို ဆက်လက်ဖြေကြားရန် သူမက ငြင်းဆိုခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုကိစ္စကို လွှတ်တော်တွင် မဆွေးနွေးရသေးသောကြောင့် ဖြစ်သည်။ 

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့ရှိ တရားရုံးတစ်ခုတွင် ပြည့်တန်ဆာမှုဖြင့် အမှုရင်ဆိုင်နေရသည့် တရုတ်အမျိုးသမီးများ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.