တိုင်းရင်းသားအရေးတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြားဖြတ်ရွေးကောက်ပွဲ

ကြားဖြတ်ရွေးကောက်ပွဲကနေ အစိုးရဖွဲ့တာအပါအဝင် တစုံတရာ အပြောင်းအလဲကြီးကြီးမားမား လုပ်ဆောင်နိုင်ဖို့ မဖြစ်နိုင်ပေမယ့် အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာမို့ စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

ထွန်းခိုင် ရေးသားသည်။

တစ်နိုင်ငံလုံးက လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ဧပြီ ၁ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ အစိုးရအဖွဲ့ထဲ ရောက်သွားသူတွေနဲ့ ကွယ်လွန်ခဲ့ကြတဲ့ ကိုယ်စားတွေရဲ့ နေရာတွေကို အစားထိုးဖို့နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သည့် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပရခြင်းလည်း ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်အတွက်သုံးနေရာ၊ ပြည်သူ့လွှတ်တော်အတွက် ကိုးနေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် ခုနစ်အတွက် ရွေးချယ်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၉၅ ဦးက ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပါတယ်။

ဒီရွေးကောက်ပွဲမှာတော့ ရှေ့တန်းရောက်လာတဲ့ တိုင်းရင်းသားအရေးတွေနဲ့အတူ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒေါက်တာအေးမောင် ပြန်လာမှာလား။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် အာဏာရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့ထဲမှာ ရှားရှားပါးပါးအဖြစ် ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်အချို့ကို အစိုးရအဖွဲ့ထဲမှာ ထည့်သွင်းခန့်အပ်ခဲ့ပါတယ်။

တပ်မတော်အရာရှိဟောင်းနဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရကိုယ်စားလှယ် ဦးသိန်းဆွေဟာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့အတွက် သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။

လူသိများတဲ့ အသက် ၆၀ နှစ်အရွယ် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ကလည်း ဒီမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားပါတယ်။ 

ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးသူ ၉၃,၀၀၀ ကျော်ထဲက တစ်ဝက်နီးပါးလောက်က ဒေါက်တာအေးမောင်ကို မဲပေးခဲ့တာကြောင့် ကြိုတင်မဲတွေနဲ့ မဲမသမာမှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းအပါအဝင် အခြားကိုယ်စားလှယ်လောင်း လေးဦးကို အလဲထိုး အနိုင်ယူခဲ့တာပါ။

နောက် ငါးနှစ်အကြာ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်နယ်လွှတ်တော်မှာ သွားရောက်ယှဉ်ပြိုင်ဖို့ ဒေါက်တာအေးမောင်က ဆုံးဖြတ်လိုက်ပါတယ်။

ဒေါက်တာအေးမောင်ဟာ ရခိုင်ပြည်နယ်လွှတ်တော် မာန်အောင်မဲဆန္ဒနယ် အမှတ်(၂)မှာ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ သူမျှော်လင့်သလို မဖြစ်ခဲ့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဘိုးနွဲ့က အဲဒီမဲဆန္ဒနယ်မှာ အနိုင်ရသွားခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကတိကဝတ်နဲ့ နိုင်ငံရေးသြဇာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဘိုးနွဲ့ အနိုင်ရသွားတယ်လို့ ဆိုကောင်းဆိုနိုင်သလို ဒါဟာ တခြားနေရာတွေမှာ မှန်ကန်ကောင်း မှန်ကန်နိုင်ပေမယ့် ဒေါက်တာအေးမောင်အတွက်တော့ လုံလောက်တဲ့ ဆင်ခြေမဟုတ်ခဲ့ပါဘူး။

ဆန္ဒမဲ ၁၆,၃၈၅ မဲရှိတဲ့အနက် ၂၃ ဒသမ ၄၉ ရာခိုင်နှုန်းဖြစ်တဲ့ ၃,၈၄၉ မဲသာ ဒေါက်တာအေးမောင်အတွက် ဖြစ်ခဲ့ပါတယ်။ ဒါဟာ အတူယှဉ်ပြိုင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးသာညွှန့်ရတဲ့မဲထက် ၁,၆၂၈ မဲ နည်းနေပါသေးတယ်။ လေးယောက်ပြိုင်တဲ့အထဲမှာ ဒေါက်တာအေးမောင်ဟာ တတိယနေရာပဲ ရခဲ့ပါတယ်။

“ပါတီတွင်းမှာ အကွက်ချ လုပ်ကြံမှုတွေရှိခဲ့လို့ သူရှုံးခဲ့ရတာလို့ ကျွန်တော်တို့ကို ဖြေခဲ့ဖူးပါတယ်။ ပါတီဘက်ကို မေးတော့ ဦးအေးမောင်က နိုင်ပြီးသားဆိုပြီး မဲဆွယ်စည်းရုံးမှုတွေကို ပေါ့ပေါ့သဘောထားခဲ့လို့ပဲလို့ ဆိုကြပြန်ပါတယ်” လို့ ၂၀၁၅ ရွေးကောက်ပွဲအခြေအနေကို ရခိုင်အခြေစိုက် Root Investigative Agency သတင်းဌာနတည်ထောင်သူ ကိုမင်းမင်းက သုံးသပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ဒေါက်တာအေးမောင်ဟာ ရေပန်းစားတဲ့လူတယောက်ဖြစ်လာတယ်လို့ ကိုမင်းမင်းက ပြောပါတယ်။

“ဦးအေးမောင်က နာမည်ကြီးဆိုပေမယ့် ဒေသခံမဟုတ်တာကြောင့် ဒီအားနည်းချက်တစ်ခုရှိပေမဲ့ ကျန်တဲ့ ပြိုင်ဘက် သုံးဦးထက် ရေပန်းစားနေပါတယ်”လို့ ကိုမင်းမင်းက ပြောပါတယ်။

ရန်ကုန်မြို့တွင် မတ် ၃ ရက်နေ့က ပြုလုပ်သည့် NLD မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်လာကြသူများ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ရန်ကုန်မြို့တွင် မတ် ၃ ရက်နေ့က ပြုလုပ်သည့် NLD မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်လာကြသူများ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဒါပေမဲ့ ဒေါက်တာအေးမောင်နဲ့အတူ ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးဇော်လင်းအောင်ကတော့ သူသတိထားရမယ့် ပြိုင်ဘက်ဟာ ဒေါက်တာအေးမောင်မဟုတ်ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကိုယ်စားလှယ်လောင်းတွေလို့ ဆိုပါတယ်။

အမ်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တာ ဒေါက်တာအေးမောင်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အမ်းဟာ ရခိုင်ပြည်နယ်ထဲက မြို့နယ်တစ်ခုဖြစ်ပေမဲ့ အစဉ်အဆက် ရခိုင်ပါတီတွေ အရေးနိမ့်ခဲ့တဲ့ မဲဆန္ဒနယ်တစ်ခုဖြစ်လို့ပါ။

၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကသာ အနိုင်ရခဲ့ပြီး လွန်ခဲ့တဲ့ ၁၇ နှစ်က ကျင်းပခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကသာ အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တစ်ခု ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ကတော့ အခုတစ်ခေါက် အမ်းမှာ အနိုင်ရရှိရေးဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် အရေးပါလာမယ်လို့ ဆိုပါတယ်။

“၂၀၂၀ အတွက် အမ်းကနိုင်ဖို့ လိုတယ်” လို့ ဒေါက်တာအေးမောင်က Frontier ကို ပြောပါတယ်။

၂၀၂၀ မှာ အနိုင်ရရင် ပြည်နယ်တွေအတွက် နည်းပါးလွန်းတဲ့၊ မညီမျှတဲ့ ဘက်ဂျက်ခွဲတမ်းတွေကို ထောက်ပြတာ၊ ရခိုင်တွေ နှစ်ပေါင်းများစွာ တောင်းတနေကြတဲ့၊ ဒေသခံတွေလိုလားတဲ့ အစိုးရဖွဲ့တာတွေကို လုပ်လာနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် အခုကြားဖြတ်ရွေးကောက်ပွဲအတွက် အမ်းမဲဆန္ဒနယ်မှာ သူအနိုင်ရဖို့ လိုအပ်တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

အမ်းမှာအနိုင်ရမှ ၂၀၂၀ မှာ အခြားရခိုင်ပြည်နယ်က မဲဆန္ဒနယ်တွေ အလိုလို အနိုင်ရလာလိမ့်မယ်လို့ သူက ဆိုပါတယ်။

“ဒိုမီနိုသီအိုရီ (တစ်ခုပြိုလဲပါက စီတန်းထားသည့် အခြားအရာများ ဆက်တိုက် အလိုလိုပြိုလဲမှု) လိုပါပဲ။ ဒါနိုင်လိုက်တာနဲ့ ကျန်တာတွေ အလိုလိုနိုင်လာလိမ့်မယ်”လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

မငြိမ်းချမ်းသောနယ်မြေတွေက ရွေးကောက်ပွဲများ

ရွေးကောက်ပွဲကို Myanmar Idol လောက်ပင် လူငယ်တွေ စိတ်ဝင်စားမှုမရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဆိုပါတယ်။

ဒီအခြေအနေဟာ ပြည်မမှာ ဖြစ်နိုင်သော်လည်း ရှမ်းပြည်နယ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိုတော့ လူထုအနေဖြင့် အတော်အတန် စိတ်ဝင်စားမှု ရှိကြပါတယ်။

ရှမ်းပြည်နယ်၊ ကျေးသီးနှင့် မိုင်းရှုးမြို့နယ်များအတွက် ပြည်သူ့လွှတ်တော် နှစ်နေရာ၊ ပြည်နယ်လွှတ်တော်လေးနေရာ၊ စုစုပေါင်း ခြောက်နေရာအတွက် ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီနေရာတွေအတွက် ရွေးကောက်ပွဲဟာ ၂၀၁၀ နောက်ပိုင်း ခုနစ်နှစ်အကြာဖြစ်တဲ့ ယခုနှစ်မှာမှ ပြန်လည် ကျင်းပတာဖြစ်ပါတယ်။

ဓာတ်ပုံ-အီးပီအေ

ဓာတ်ပုံ-အီးပီအေ

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပချိန်တုန်းကတော့ “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေ မရှိသဖြင့်”ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

အခုတစ်ကြိမ် ပြန်လည်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာတော့ ဒေသခံတွေအဆိုအရ ရှမ်းပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy- SNLD ကျားခေါင်း) နဲ့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီကရက်တစ်ပါတီ (Shan Nationalities Democratic Party-SNDP ကျားဖြူ) တို့ဟာ အခြားပါတီတွေဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့ထက် ပိုပြီးအားကောင်းနေတယ်လို့ ကျေးသီးဒေသခံ စိုင်းကျော်သီဟက ပြောပါတယ်။

အစဉ်အလာအားဖြင့်လည်း အဲဒီဒေသတွေဟာ ရှမ်းနိုင်ငံရေးပါတီတွေ လွှမ်းမိုးတဲ့ဒေသဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲတုန်းက အဲဒီနေရာတွေမှာ ကျားခေါင်းပါတီ အနိုင်ရခဲ့ပြီး သူတို့ ဝင်မပြိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကျားဖြူနဲ့ USDP တို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အခုတစ်ခေါက် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အတွက် အဲဒီဒေသတွေမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် သတင်းစာဆရာ စိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။

“ပြီးခဲ့တဲ့ကာလ တိုက်ပွဲတွေမှာ အရပ်သားတွေသေဆုံးတာ၊ ကျည်တွေမှန်တာ၊ အစိုးရဘက်က Action (အရေးယူဆောင်ရွက်) ယူပေးနိုင်တာ မရှိတာတွေကို ဒေသခံတွေ တွေ့ခဲ့ရတယ်။ အစိုးရက NLD က ဖြစ်နေတော့ လူတွေစိတ်ထဲမှာ အဲဒီအစွဲက ရှိနေတယ်”လို့ စိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။

ကျေးသီးနဲ့ မိုင်းရှုးမြို့နယ်တွေဟာ ရှမ်းလက်နှက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ SSPP/SSA အခြေစိုက်တဲ့ ဒေသတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

တိုက်ပွဲသံတွေအကြား ကျင်းပရမယ့် ဒီရွေးကောက်ပွဲကို သံတမန်တွေ၊ မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ လာရောက်စောင့်ကြည်ဖို့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) က တောင်းဆိုထားပါတယ်။

သူတို့ အကြောင်းပြချက်ကတော့ လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲချက်များအသုံးချပြီး သူတို့ကို တိုက်ခိုက်လာ နိုင်တဲ့အတွက်လို့လည်း ဆိုပါတယ်။

NLD နှင့် USDP အားပြိုင်ကြမယ့် နယ်မြေများ

အစိုးရအဖွဲ့ဝင်ဖြစ်သွားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ၊ ကွယ်လွန်သွားကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စတဲ့နေရာတွေကို အစားထိုးဖို့အတွက် အမျိူးသားလွှတ်တော် သုံးနေရာ၊ ပြည်သူ့လွှတ်တော်ခုနစ်နေရာနဲ့ ပြည်နယ်လွှတ်တော် သုံးနေရာတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အဲဒီနေရာတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရထားတဲ့ နယ်မြေအများစု ဖြစ်ပါတယ်။

ကော့မှူးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် USDP ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ကော့မှူးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် USDP ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဒါပေမဲ့ NLD ဟာ ဒီတစ်ခေါက်မှာတော့ အစိုးရအဖွဲ့ဝင်ဖြစ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မဲဆွယ်ပေးတာတွေ လုပ်လို့မရတော့တဲ့အတွက် ကိုယ်စားလှယ်လောင်းတွေ ကိုယ့်အားကိုယ်ကိုးကြရတော့မှာ ဖြစ်ပါတယ်။

အခြားတစ်ဘက်မှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ဟာ ဦးသိန်းစိန်နေရာမှာ ခေါင်းဆောင်အသစ်ဖြစ်တဲ့ ဦးသန်းဌေး တက်လာပြီးနောက်ပိုင်း သူတို့ပါတီ ပထမဆုံးကြုံရမယ့် စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။

“ကျွန်တော်တို့ပါတီက တစ်နိုင်ငံလုံးက ၁၉ နေရာလုံးကို အာရုံစိုက်ထားတယ်။ အနိုင်ရမယ်လို့လည်း တွက်ထားတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူး မဲဆန္ဒနယ်မှာ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းက ပြောပါတယ်။

ကော့မှူးမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း ကိုးဦးအထိ စာရင်းပေးထားပြီး ဒီပမာဏဟာ အခြားဒေသတွေထဲမှာ အများဆုံးဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကနေ အစိုးရဖွဲ့တာအပါအဝင် တစုံတရာ အပြောင်းအလဲကြီးကြီးမားမား လုပ်ဆောင်နိုင်ဖို့ မဖြစ်နိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူး မဲဆန္ဒနယ်မှာသာ အနိုင်ရခဲ့ရင် ဂုဏ်သိက္ခာပိုင်းအရ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်တာကြောင့် USDP ဟာ အဲဒီဒေသမှာ အတော်လေးပြင်ဆင်နေတာကိုလည်း တွေ့ရပါတယ်။

ဆက်စပ်သတင်း – တံတားကိစ္စ ဆေးခါးကြီးသောက်ခဲ့သည့် NLD ချောင်းဆုံ၌ ရွေးကောက်ပွဲ အောင်နိုင်ရေး အားပိုထည့်မည်

ခေါင်းစီးဓာတ်ပုံ- ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်။ ဓာတ်ပုံ-အီးပီအေ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.