တိုင်းရင်းသားများအကြောင်း သင်ကြားဖို့အရေး

သင်ရိုးညွှန်းတမ်းတွင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအကြောင်း ထည့်သင်ပေးခြင်းသည် လူမျိုးအချင်းချင်း ပိုမိုနားလည် စာနာတတ်စေပြီး လွဲမှားစွာ လက်ခံ၊ ဆက်ဆံမှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

အီဝမ် ကင်မရွန် ရေးသားသည်။

ပညာရေးတွင် တိုင်းရင်းသား ယဉ်ကျေးမှုကို ထည့်သွင်းသင်ကြားစေခြင်းသည် အငြင်းပွားစေသော အချက်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆွေးနွေးမှု အများဆုံးသော ကိစ္စရပ်မှာ သင်ကြားရာတွင် အသုံးပြုသော ဘာသာစကားဖြစ်သည်။ တိုင်းရင်းသား လူနည်းစုကိုယ်စားလှယ်များက ၎င်းတို့၏ မိခင်ဘာသာစကားဖြင့်သာ သင်ကြားခွင့်ရရန် တောင်းဆိုနေကြသည်။

သို့သော် ယဉ်ကျေးမှုကိစ္စရပ်များသည် သင်ကြားသည့် ဘာသာစကားထက် ပို၍ အရေးကြီးပေသည်။ ယဉ်ကျေးမှုတွင် ဘာသာစကားသာမက ရုပ်ဝတ္တုထည်များမှအစ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာအထိ ကိုးထောက်စရာများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်လေသည်။

အပြန်အလှန် ယဉ်ကျေးမှု လေ့လာသင်ယူခြင်း မဟာဗျူဟာသည် တိုင်းရင်းသား ယဉ်ကျေးမှုများကို ကျောင်းသားများ၏ နားလည်တန်ဖိုးထားမှု တိုးပွားလာစေပြီး တိုင်းရင်းသားပေါင်းစုံနှင့် ကိုးကွယ်ယုံကြည်မှုများအကြား ပိုမိုနားလည်မှု ရှိလာကာ ငြိမ်းချမ်းရေးကို ရယူခြင်းအထိ အထောက်အပံ့ ဖြစ်စေနိုင်သည်။

အပြန်အလှန် ယဉ်ကျေးမှု လေ့လာခြင်းသည် တိုင်းရင်းသားအချင်းချင်း စာနာနားလည်မှု၊ အပြန်အလှန် လေးစားမှု၊ တစ်ဦးနှင့်တစ်ဦး ပွင့်လင်းမှု၊ စိတ်ဝင်စားမှု၊ တန်းတူရည်တူ ဆက်ဆံမှု တည်းဟူသော အခရာကျသည့် တန်ဖိုးများ ဖြစ်ထွန်းလာစေနိုင်ပေသည်။ ယဉ်ကျေးမှုချင်း လေ့လာဖလှယ်သည့် မဟာဗျူဟာမှာ မတူညီသော ယဉ်ကျေးမှုများအတွက် ကျောင်းစာသင်ရိုးများတွင် အဆင်ပြေပြေ ပေါင်းစပ်ကိုယ်စားပြုမှုအဖြစ် အဓိပ္ပာယ်ရပေသည်။

တိုင်းရင်းသား ယဉ်ကျေးမှုများ အကြောင်း မြန်မာနိုင်ငံ၏ ဖတ်စာအုပ်များတွင် ပါဝင်ပြီး ဖြစ်သည်။ သို့သော် ၎င်းတို့၏ ထိရောက်မှုမှာ အပေါ်ယံမျှသာ ဖြစ်သည်။ မြန်မာနိုင်ငံ ပညာရေးဆိုင်ရာ တိုင်းရင်းသားကွန်ရက် Myanmar Indigenous Network for Education(MINE) က မြန်မာနိုင်ငံ၏ ဖတ်စာအုပ်များထဲမှ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများမှာ ဗမာလူမျိုးများ၏ ရှုထောင့်မှ ဖော်ပြထားခြင်းသာ ဖြစ်သောကြောင့် ကျောင်းသားများမှာ နိုင်ငံ၏ လူမျိုးနှင့် ယဉ်ကျေးမှုပေါင်းစုံ ကွဲပြားသည့် အခြေအနေကို နားလည်ရ ခက်စေနိုင်ကြောင်း မှတ်ချက်ပြုသည်။

ထိုသို့ လုပ်ဆောင်မှုသည် ခွဲခြားဆက်ဆံမှုများကို ဖြစ်ပေါ်စေသည်။ ရန်ကုန်တွင် ကျောင်းနေခဲ့ရသော ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက် ရှမ်းအမျိုးသမီးတစ်ဦးက သူသည် ရှမ်းလူမျိုး ဖြစ်နေသောကြောင့် ကျောင်းနေဘက်များက သူ့ကို စုန်းမဟု ခေါ်ခဲ့ကြသည်ဟု ဆိုသည်။ နာဂလူမျိုး မိတ်ဆွေတစ်ဦးကလည်း သူ့သူငယ်ချင်းများက သူ့ကို လူသားစားသလားဟု အမေးခံရဖူးသည်ဟု ဆိုသည်။ ထိုသို့သော နားလည်အမှားများ မည်သို့ ဖြစ်ပေါ်လာသည်ကို သူမသိဟု ဆိုသည်။ ထို့ပြင် နာဂများကို ချင်းလူမျိုးများနှင့် မှားတတ်လေ့ရှိကြသည်ဟု ဆိုသည်။

ထိုသို့ခွဲခြားဆက်ဆံမှုများကို ကြုံရသည်မှာ တိုင်းရင်းသား လူနည်းစုများသာ မဟုတ်ပေ။ ကရင်အများစု တက်ရောက်သော ကျောင်းတွင် နေခဲ့ရသော ကျွန်တော့်မိတ်ဆွေ အမျိုးသမီး တစ်ဦးကလည်း သူ့ကို ဗမာဖြစ်နေသည်ဟူသော လူမျိုးခွဲခြားမှုအခြေခံဖြင့် ဆက်ဆံခံရသည့်အခါ အထူးပင် တုန်လှုပ်ခဲ့ရကြောင်း  ပြောပြဖူးသည်။

ယဉ်ကျေးမှုဆိုင်ရာ နားလည်မှု လွဲမှားခြင်းများသည် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ လီဆူးအများအပြားသည် တရားဝင် မှတ်ပုံတင်များ မရရှိကြသေးပေ။ အဘယ့်ကြောင့်ဆိုသော် လီဆူးများသည် လီဆူးကိုပင် လီရှောဟု အသံထွက်ရာမှ ရှုပ်ထွေးကုန်သောကြောင့် ဖြစ်သည်။ ရလဒ်အားဖြင့် မြန်မာနိုင်ငံတွင် လီဆူးများကို လီရှောဟု တရားဝင် သတ်မှတ်လာခဲ့သည်။ လီရှောဟူသော တိုင်းရင်းသားမှာ အမှန်တကယ်တွင် မရှိဘဲ လီဆူးသာရှိပြီး လီဆူးနှင့် လီရှောသည်လည်း အတူတူသာဖြစ်သည်။

ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတ နည်းပါးခြင်းကို ပိုမိုသိမ်မွေ့သော နည်းလမ်းများဖြင့်လည်း တွေ့ရတတ်လေ့ရှိသည်။ တိုင်းရင်းသား အများအပြားတွင် မြန်မာများနည်းတူ နာမည်ရှေ့တွင် ရှေ့ဆက်များ ရှိကြသည်။ ကျွန်တော့်သူငယ်ချင်း မွန်လူမျိုး တစ်ဦးက သူ့ဆရာ ဆရာမများက သူ့ကို “မောင်မင်း”ဟု ရှေ့ဆက်တပ်ခေါ်သဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရပုံကို ပြောပြသည်။

မွန်ယဉ်ကျေးမှုတွင် ‘မင်း’သည် ‘မောင်’ကဲ့သို့ပင် အဓိပ္ပာယ်ရသည်။ နှစ်ခုစလုံးသည် ယောကျ်ားလေးများအတွက် ရှေ့ဆက်ဖြစ်သည်။ ထိုသို့ ရှေ့ဆက်ကို နှစ်ခါထပ်ခေါ်ခြင်းသည် တိုင်းရင်းသား လူနည်းစုများအတွက် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ယင်းမှာ တမင်မရည်ရွယ်ဘဲ မသိ၍ဖြစ်ရသည် မှန်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု ၎င်းတို့ကဆိုသည်။ ယဉ်ကျေးမှု အပြန်အလှန် နားလည်အောင် လုပ်ဆောင်ခြင်းသည် ခွဲခြားဆက်ဆံမှုများနှင့် လူမျိုးရေး ခွဲခြားမှုများကို တိုက်ဖျက်စေနိုင်သည့်ပြင် မတူညီကွဲပြားသော ယဉ်ကျေးမှုများကို တန်ဖိုးထားတတ်လာစေနိုင်သည်။

ပညာရေး ဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပညာရေး အာဏာပိုင်များကို ဒေသတွင်းနှင့် ကိုက်ညီသည့်သင်ရိုးများ လွတ်လပ်စွာ ပြဋ္ဌာန်းခွင့်ကို ပေးထားပြီး တိုင်းရင်းသား ကျောင်းသားများ၏ လေ့လာသင်ယူမှုတွင် ၎င်းတို့ကိုယ်တိုင် ကိုယ်စားပြုနိုင်မည့် အခြေအနေရအောင် တိုင်းရင်းသားလူနည်းစု၏ ယဉ်ကျေးမှုနှင့် စာပေဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ထားသောကြောင့် အားရစရာ ကောင်းပါသည်။ 

အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားများနှင့် ၎င်းတို့ သီးသီးသန့်သန့် နေထိုင်ရာဒေသ အတိအကျ ထပ်တူကျခြင်းမျိုး မရှိပေ။ ထို့ကြောင့် သင်ရိုးများကို လူများစုကို အခြေတည်ကာ ပြည်နယ်အခြေပြု သတ်မှတ်ခြင်းသည် လွဲချော်သွားမည်ဖြစ်သည်။

ယင်းခြေလှမ်းများသည် အမှန်တကယ် လုပ်ဆောင်နိုင်ပါက ချီးမွမ်းရမည် ဖြစ်သည်။ သို့သော် လက်တွေ့ လုပ်ဆောင်ရာတွင် ဖော်ထုတ်ထားသော ကျွမ်းကျင်မှုနှင့် တန်ဖိုးတို့မှာ ကျောင်းသားအားလုံးအတွက် အရေးပါသဖြင့် အပြန်အလှန် ယဉ်ကျေးမှု လေ့လာရေး မဟာဗျူဟာသည် အပေါ်ယံမျှ မဟုတ်ဘဲ နက်ရှိုင်းစွာ ပါဝင်နေရမည်ဖြစ်သည်။

ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုကို အချိန်ဇယား၌ ဘာသာရပ် တစ်ခုအဖြစ် သီးခြားထည့်သွင်းရန် မလိုအပ်ပေ။ သို့သော် သင်ရိုးညွှန်းတမ်းအားလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေရပေမည်။ ဥပမာအားဖြင့် ဩစတြေးလျနိုင်ငံတွင် ယဉ်ကျေးမှု အပြန်အလှန် လေ့လာခြင်းသည် အပြန်အလှန် ယဉ်ကျေးမှု လေ့လာရေး မဟာဗျူဟာ ဖြစ်ကာ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီနှင့် ပြည်သူ့နီတိ ဘာသာရပ်များတွင် ထည့်သွင်းထားသည်။

သို့သော် အပြန်အလှန် ယဉ်ကျေးမှု လေ့လာခြင်းကို အခြားနိုင်ငံ၊ သို့မဟုတ် ပညာရေးအာဏာပိုင်အဖွဲ့များထံမှ ပုံတူကူးချရန်မှာ မဖြစ်နိုင်ပေ။ အကြောင်းမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှုချင်း မတူညီသောကြောင့် ဦးတည်ရည်မှန်းချက်မှာလည်း လိုအပ်ချက်အရ တူညီမည် မဟုတ်ပေ။

မြန်မာနိုင်ငံတွင် ယဉ်ကျေးမှု အပြန်အလှန် လေ့လာခြင်းကို မည်သို့လုပ်ကိုင်မည်နည်း။ ပါစကယ် ခူးသွယ် Pascal Khoo Thwe ရေးသားသော The Land of Green Ghost စာအုပ်မှ ကယန်းရွာ တစ်ရွာတွင် နေထိုင်ခဲ့ရသော အကြောင်းများကို အင်္ဂလိပ်စာပေ ဖတ်စာအုပ်များတွင် ထည့်သွင်းနိုင်သည်။

သို့တည်းမဟုတ် ဂျာနယ်ကျော် မမလေး၏ မုန်း၍မဟူ ဝတ္တုကို ပြဋ္ဌာန်းနိုင်သည်။ ယင်းမှာ ၁၉၄၀ ပြည့်လွန်နှစ်များကို အခြေခံထားပြီး မြစ်ဝကျွန်းပေါ် မြို့တစ်မြို့၌ အနောက်တိုင်းယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့ ထိပ်တိုက်တွေ့ခဲ့ရပုံကို ရေးသားထားသည်။ ၎င်းစာအုပ်သည် ဒေသတွင်း ယဉ်ကျေးမှုအပေါ် ကိုလိုနီဝါဒ၏ သက်ရောက်ပုံကို လေ့လာရန် အကောင်းဆုံး စာအုပ်တစ်ခု ဖြစ်သည်။

ပထဝီ သင်ခန်းစာများတွင် မြန်မာနိုင်ငံအတွင်းရှိ ဒေသများ၏ မြေမျက်နှာသွင်ပြင်၊ ရာသီဥတုအမျိုးမျိုးနှင့် ထိုဒေသတို့မှ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုတို့ အပြန်အလှန် သက်ရောက်ပုံဖော်ပုံများကို လေ့လာနိုင်သည်။ ချင်းရိုးရာ အစားအစာက ဆန်မပါဘဲ ဘာကြောင့် ပြောင်းဖူးကို အဓိက စားသုံးကြောင်း ကျောင်းသားများက သိချင်ကြမည်။

သမိုင်းသင်ကြားရာတွင် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအကြောင်း အသေးစိတ် သင်ကြားနိုင်သည့်ပြင် ဒေသတွင်းရှိ မင်းဆက်များနှင့် ထီးနန်းများအကြောင်းလည်း ထည့်သွင်းနိုင်သည်။ တဖန် The Kite Tales Myanmar ဟူသော အဖွဲ့အစည်းက မှတ်တမ်းပြုစုနေသည့် ပါးစပ်ပုံပြင် (ဝါ) နှုတ်ပြောသမိုင်းများကိုလည်း ထည့်သွင်းနိုင်သည်။

နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား စာပေနှင့်အနုပညာ ကော်မတီများသည် ၎င်းတို့ ဒေသအတွက်သာမက တစ်နိုင်ငံလုံးအတွက် သင်ရိုးများကိုပါ ထောက်ကူမှု ပေးနိုင်သည်။ တက္ကသိုလ်အဆင့်၌ တက္ကသိုလ်များသည် ယဉ်ကျေးမှု အပြန်အလှန် လေ့လာမှုအတွက် တိုင်းရင်းသားနှင့် ယဉ်ကျေးမှု လေ့လာမှု စည်းမျဉ်းများ ချမှတ်တည်ထောင်ပေးသင့်သည်။ ယခုလက်ရှိတွင် ယင်းစည်းမျဉ်းမျိုး မရှိသေးပေ။

ဗဟိုချုပ်ကိုင်မှု မရှိသော ပြည်ထောင်စု ပညာရေးစနစ်ကို ရရှိသည့်တိုင် တိုင်းရင်းသားအားလုံးအတွက် ခိုင်ခိုင်မာမာ ကိုယ်စားပြုမှုကို သင်ရိုးထဲ၌ ရှာဖွေတွေ့ရှိရန် ခက်ခဲနေဦးမည်ဖြစ်သည်။

အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားများနှင့် ၎င်းတို့ သီးသီးသန့်သန့် နေထိုင်ရာဒေသ အတိအကျ ထပ်တူကျခြင်းမျိုး မရှိပေ။ ထို့ကြောင့် သင်ရိုးများကို လူများစုကို အခြေတည်ကာ ပြည်နယ်အခြေပြု သတ်မှတ်ခြင်းသည် လွဲချော်သွားမည်ဖြစ်သည်။ သို့ဖြင့် ကျောင်းဖတ်စာအုပ်များတွင် တိုင်းရင်းသားအမျိုးမျိုး အကြောင်းမျှသာမက လက်တွေ့သင်ကြားမှု နည်းလမ်းအဖုံဖုံဖြင့် ခွဲခြားသင်ပေးသော စနစ်တစ်ရပ် လိုအပ်လာပေသည်။

ရလဒ်ကောင်းသည့် ကျောင်းသားဗဟိုပြု ချဉ်းကပ်မှုဖြင့် သင်ကြားခြင်းသည် စာသင်ခန်းများတွင် တိုင်းရင်းသားများကို ပိုမိုကိုယ်စားပြုနိုင်မည်ဖြစ်သည်။ ထိုသို့ဖြင့် ကျောင်းသားများသည် သင်ကြားမှုကို နားထောင်ခံယူသူ သက်သက်မဟုတ်တော့ဘဲ ကိုယ်တိုင် တက်ကြွစွာ သင်ယူလေ့လာသူများ ဖြစ်လာကြပေမည်။

မူလတန်းအဆင့်တွင် ကျောင်းသားများသည် ၎င်းတို့၏ တိုင်းရင်းသား လူမျိုးစုများ၏ နောက်ခံသမိုင်း၊ ကိုးကွယ်သည့်ဘာသာဆိုင် အချက်အလက်များကို ကျောင်းသားအချင်းချင်း မျှဝေနိုင်ကာ အထက်တန်းအဆင့်၌ ၎င်းတို့၏ လူမှုအဖွဲ့အစည်းအကြောင်း ကိုယ်တိုင် သုတေသနပြုနိုင်ကြပေသည်။ ကျောင်းသားဗဟိုပြု သင်ယူမှုစနစ်သည် ကျောင်းသားများ နေထိုင်ခဲ့ရသော ဘဝအတွေ့အကြုံများမှ သင်ယူခြင်းဖြစ်ပြီး အထက်ကနေ ပြဋ္ဌာန်းပေးထားခြင်းမျိုး မဟုတ်ပေ။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်သည် အမြဲဖြစ်ပေါ်နေသော သွင်ပြင်တစ်ခုဖြစ်ပြီး လူမှုအဖွဲ့အစည်း အချင်းချင်း တင်းမာမှုများ ဖြစ်စေကာ အကြမ်းဖက်မှုများမှာလည်း စိတ်မချမ်းမြေ့ဖွယ် ပုံမှန်ဖြစ်ပွားလျက်ရှိသည်။ ယဉ်ကျေးမှု အပြန်အလှန် လေ့လာခြင်းသည် ပညာရေးဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ရုံသာမက ငြိမ်းချမ်းရေးဖြစ်စဉ်၏ အစိတ်အပိုင်းလည်း ဖြစ်နိုင်ပေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.