တားမြစ်ရာသီကုန်ဆုံးပြီမို့ ငါးခိုးဖမ်းလှေတွေ နှိမ်နင်းပေးဖို့တိုက်တွန်း

ငါးသယံဇာတများ ထိုးကျဆင်းနေသဖြင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်အားလုံးတွင် ငါးမဖမ်းရအချိန်ကို သုံးလ တိုးမြှင့်သတ်မှတ်ခဲ့ရသည်။ သို့သော် တရားမဝင် ငါးခိုးဖမ်းနေကြသော စက်လှေများကို ထိရောက်စွာနှိမ်နင်းရန် ငါးလုပ်ငန်းမှပုဂ္ဂိုလ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုတိုက်တွန်းနေကြသည်။

ကျော်လင်းထွန်း ရေးသားသည်။

မြန်မာ့ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်အားလုံးတွင် ငါးနှင့် ပုစွန်သားပေါက်ရာသီ သုံးလအတွင်း ငါးမဖမ်းရတားမြစ်ချိန် သုံးလ ကုန်ဆုံးသွားပြီဖြစ်၍ စက်တင်ဘာ ၁ ရက်၌ ငါးဖမ်းစက်လှေများ ထွက်လာကြပြီဖြစ်သည်။ သို့သော် ရရှိနိုင်မည့်ငါး၊ ပုစွန်အခြေအနေကတော့ အားရစရာ မရှိလှပေ။

လွန်ခဲ့သောနှစ်များက တစိတ်တပိုင်းသာ ရပ်ဆိုင်းမှုပြုခဲ့ပြီး မနှစ်ကမူ ရေယာဉ်အမျိုးအစား ၇၀ ရာခိုင်နှုန်းခန့် အကျုံးဝင်အောင်ပိတ်ပင်ခဲ့ရာမှ ယခုနှစ်၌ ကမ်းလွန်ငါးဖမ်းလုပ်ငန်းအားလုံးကို ပထမဆုံးအကြိမ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ပင်လယ်ငါး ဖမ်းဆီးရရှိမှု ဆိုးဆိုးရွားရွား ကျဆင်းနေသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနက အလုံးစုံရပ်ဆိုင်းပိတ်ပင်မိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ငါးလုပ်ငန်းဦးစီးဌာနနှင့် ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO လက်အောက်ရှိ EAF- Nansen Programme တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သော သုတေသနလုပ်ငန်းအရ လွန်ခဲ့သောအနှစ် ၄၀ အတွင်း မြန်မာ့ငါးသယံဇာတမှာ ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုသုတေသနကို နော်ဝေနိုင်ငံအစိုးရ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သုံးလကြာ ငါးဖမ်းပိတ်ထားခဲ့ခြင်းကြောင့် ငါးအရေအတွက်ပမာဏ မည်မျှအပြောင်းအလဲရှိသည်ကို သိရှိနိုင်ရန် နောက်ထပ်သုသေတန ဆက်လုပ်ရဦးမည်ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇင်ထူးက ပြောသည်။
“ငါးအရေအတွက် သိသိသာသာ တက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟု သူက Frontier ကို သြဂုတ်လနှောင်းပိုင်းက ပြောခဲ့သည်။

သူက သုတေသနတွေ့ရှိချက်များကို တရားဝင်ထုတ်ပြန်နိုင်ဖို့တော့ အချိန်စောင့်ရလိမ့်မည်ဟုလည်းဆိုသည်။  ငါးမဖမ်းရ ပိတ်ပင်ကာလ အလယ်ကျသည့် ဇူလိုင်လအတွင်းကလည်း Frontier သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းသို့ သွားရောက်ခဲ့သေးသည်။ ငါးသယံဇာတ လျော့ပါးသွားမှုနှင့် တရားမဝင်ငါးခိုးဖမ်းနေကြသည့် အခြေအနေကို ပို၍သိရှိနိုင်ရန် သွားခဲ့ခြင်းဖြစ်သည်။ ယင်းပြဿနာများကိုပင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့က သူတို့ဒေသကြီးလွှတ်တော်မှာလည်းကောင်း၊ အမျိုးသားလွှတ်တော်မှာလည်းကောင်း တင်ပြနေသံများကို မကြာခဏ ကြားနေခဲ့ကြရသည်။

မြိတ်ခရိုင်တွင် မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်များပါဝင်ပြီး တနင်္သာရီတိုင်းဒေသကြီးရှိ လူဦးရေစုစုပေါင်း ၁ ဒသမ ၄ သန်း၏ ထက်ဝက်ခန့် နေထိုင်လျက်ရှိသည်။ မြိတ်ခရိုင်သည် မြန်မာနိုင်ငံတောင်ပိုင်း ငါးလုပ်ငန်း၏ ဗဟိုအချက်အချာလည်းဖြစ်ရာ အစိုးရက ကမ်းရိုးတန်းငါးဖမ်းလုပ်ငန်းအတွက် ငါးဖမ်းစက်လှေ ၂,၅၀၀ ခန့်နှင့် ကမ်းလွန်ငါးဖမ်းလုပ်ငန်းအတွက် ငါးဖမ်းစက်လှေ ၈၀၀ ခန့်ကို လိုင်စင်ချထားပေးသည်။
“ဒါပေမဲ့လည်းဗျာ ကျွန်တော်တို့ သုတေသနပြုလေ့လာချက်အရတော့ တရားမဝင် ငါးဖမ်းစက်လှေက နောက်ထပ်အစင်း တစ်ထောင်ထက်မနည်းရှိနေတယ်လို့သိရပါတယ်” ဟု ‘Our Future Initiative (OFI)’ ကို တည်ထောင်သူ ဦးတင်ကိုကိုဦးက ပြောသည်။ ထိုအဖွဲ့သည် မြိတ်အခြေစိုက် အင်န်ဂျီအိုဖြစ်ပြီး ပင်လယ်သယံဇာတ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးကို အဓိကစူးစိုက် ကြိုးပမ်းဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။

မြိတ်မြို့ဆိပ်ကမ်း၌ ရပ်နားထားသည့်စက်လှေများ။ ဓာတ်ပုံ - ကျော်လင်းထွန်း

မြိတ်မြို့ဆိပ်ကမ်း၌ ရပ်နားထားသည့်စက်လှေများ။ ဓာတ်ပုံ – ကျော်လင်းထွန်း

‘OFI’ အဖွဲ့၏ ယမန်နှစ်ကလုပ်ဆောင်ခဲ့သော သုတေသနအရ တနင်္သာရီတိုင်းမှ တရားဝင်တင်ပို့သော ပင်လယ်ပစ္စည်းပမာဏသည် ရနောင်းဆိပ်ကမ်းတွင် ဆိုက်ကပ်လာသော မြန်မာစက်လှေများမှ ရရှိသည့်ငါး၊ ပုစွန်ပမာဏ၏ အစိတ်အပိုင်းမျှပင် မရှိကြောင်းသိရှိခဲ့ရသည်။ ရနောင်းသည် မြန်မာ့တောင်ဘက်စွန်း ကော့သောင်းမြို့မှ ကရာဘူရီမြစ်ဝကိုဖြတ်၍ ယိုးဒယားဘက်ကမ်းမြို့ဖြစ်သဖြင့် ငါး၊ ပုစွန်မှောင်ခိုလုပ်ငန်း မည်မျှကြီးထွားနေသည်ကို သိရှိနိုင်သည်။

“မြန်မာအစိုးရ စာရင်းအင်းတွေအရ တနင်္သာရီဘက်ကနေ တရားဝင်တင်ပို့နေတဲ့ ရေထွက်ပစ္စည်းပမာဏဟာ ရနောင်းဆိပ်ကမ်းကနေ တရားမဝင်တင်သွင်းနေတဲ့ ရေထွက်ပစ္စည်းပမာဏရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရှိတာတွေ့ရပါတယ်” ဟု ဦးတင်ကိုကိုဦးက ပြောပြသည်။ လေ့လာတွေ့ရှိချက်များအရ ရနောင်းဆိပ်ကမ်းမှာ ချလာသော ရေထွက်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းမှာ တနင်္သာရီဘက်မှလာခြင်းဖြစ်ကြောင်းသိရှိခဲ့ရသည်။

အမျိုးသားလွှတ်တော်၊ တနင်္သာရီ အမှတ် ၇ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း (အင်န်အယ်လ်ဒီ) သည် တိုင်းဒေသကြီးအတွင်းမှ ရေလုပ်သားများ၏ စိုးရိမ်သောကကို ၂၀၁၈ ကတည်းကပင် လွှတ်တော်အတွင်း၌ ထုတ်ဖော်တင်ပြနေခဲ့သူဖြစ်သည်။ အထူးသဖြင့် ကမ်းနီးပင်လယ်ပြင် လှေငယ်လေးများကိုသာ ခွင့်ပြုထားသောနေရာနှင့် ကပ်လျက်နေရာတွင် တရားမဝင်ငါးဖမ်းစက်လှေကြီးများ ငါးဖမ်းနေကြခြင်းကို ထုတ်ဖော်ကန့်ကွက်နေခဲ့သူဖြစ်သည်။ 
လွန်ခဲ့သော နိုဝင်ဘာလအတွင်း မြိတ်မြို့မြောက်ဘက် ကီလိုမီတာ ၁၄၀ အကွာ ကမ်းလွန်ရှိ ဒိုမေနှင့် မာလီကျွန်းများအနီးရေပြင်သို့ သူကွင်းဆင်းခရီးထွက်ခဲ့စဉ်က တရားမဝင်ငါးဖမ်းစက်လှေ ၁၀ စီးကို တွေ့မြင်ခဲ့ရသည်။ စက်လှေများတွင် နာမည်နှင့် နံပါတ်များအားလုံးကို ဖုံးကွယ်ထားသည်။ ထိုအကြောင်းကို ငါးလုပ်ငန်းဦးစီးဌာနသို့ သတင်းပေးအကြောင်းကြားခဲ့သည်။

ဌာနက လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအရာထမ်းများနှင့် ဒေသခံ စီးပွားရေးသမားများပါဝင်သော ကော်မတီဖွဲ့စည်း၍ ဦးဇော်ဟိန်း၏ တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးခဲ့သည်။ တနင်္သာရီကမ်းရိုးတန်းတွင် တရားမဝင်ငါးဖမ်းနေကြသော စက်လှေများပြဿနာကိုလည်း စုံစမ်းစေသည်။ သြဂုတ်လနှောင်းပိုင်းက နေပြည်တော်မှနေ၍ Frontier ကို ဦးဇော်ဟိန်းက ဖုန်းဖြင့်လှမ်းပြောရာတွင် ကော်မတီသည် သူမြင်တွေ့ခဲ့ရသော ငါးဖမ်းစက်လှေများကိုလည်း ဖော်ထုတ်ဖမ်းဆီးခြင်း မပြုနိုင်ခဲ့ကြောင်းဆိုသည်။

၁၉၈၉ ခုနှစ် နိုင်ငံခြားငါးဖမ်းရေယာဉ်များ၏ ငါးဖမ်းခွင့်ဥပဒေနှင့် ၁၉၉၀ မြန်မာ့ပင်လယ်ငါးဖမ်းဥပဒေ 1989 Law on the Fishing Rights of Foreign Fishing Vessels and the 1990 Myanmar Marine Fisheries Law တို့ကို ပေါင်းစည်းပြီး အစားထိုးမည့်ဥပဒေကြမ်းတစ်ခုကို မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေးဆွဲလျက်ရှိကြောင်း၊ ထိုဥပဒေထွက်လာပါက တရားမဝင်ငါးဖမ်းမှုများကို ပို၍ထိရောက်စွာ အရေးယူနိုင်မည်ဟု ယူဆရကြောင်း၊ အလျင်အမြန်ရေးဆွဲသင့်ကြောင်း၊ သို့သော် ထိုဥပဒေကြမ်းကို လွန်ခဲ့သော ငါးနှစ်ကတည်းက စတင်ရေးဆွဲနေခဲ့ခြင်းဖြစ်ကြောင်း၊ ခုထိလွှတ်တော်ကို မပို့ရသေးကြောင်းဦးဇော်ဟိန်းကပြောသည်။
လက်ရှိဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ပရိယာယ်များလွန်းလှကြောင်း၊ ငါးလုပ်ငန်းဌာနမှ ခရိုင်အဆင့်အရာထမ်းများ အဂတိလိုက်စားမှုများရှိနိုင်ကြောင်းဆိုသည်။

“မိရိုးဖလာတံငါလေးတွေမှာ သူတို့အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းရင် ချက်ချင်းဖမ်းပြီး ထောင်ချခံကြရတယ်၊ ဥပဒေဖောက်ဖျက်ပြီး လုပ်နေကြတဲ့ ငါးဖမ်းစက်လှေကြီးတွေကိုတော့ ဒဏ်ငွေတွေ မဖြစ်စလောက်ပဲ ရိုက်နေကြတယ်” ဟု သူကညည်းညူပြောဆိုသည်။

လက်ရှိစည်းမျဉ်းများအရ ပင်လယ်မှာ ကမ်းနီးကမ်းဝေးကြား နေရာသတ်မှတ်မှုသည် အလွန်မတိကျသည့်ပြင် ဒီရေအတက်အကျ၊ သို့မဟုတ် ကျွန်းများတည်ရှိမှုတို့ကို ထည့်တွက်ခြင်းလည်းမရှိကြောင်း၊ ကျွန်းအများအပြားမှာ ပင်လယ်နေသတ္တဝါတို့အတွက် အရေးကြီးသည့် ပေါက်ပွားရာနေရာဖြစ်ကြောင်း ဦးတင်ကိုကိုဦးက ပြောသည်။ ယင်းအပြင် တရားမဝင်ငါးဖမ်းသူများအား ပိုမိုကြီးလေးသောပြစ်ဒဏ်များ ချမှတ်သင့်ကြောင်းလည်း သူက ပြောသည်။

လွှတ်တော်သို့ ဥပဒေကြမ်းတင်သွင်းရေး ကြန့်ကြာနေရခြင်းမှာ ငါးဖမ်းလုပ်ငန်းမှ စီးပွားရေးသမားများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန အရာရှိတို့အကြား ပူးပေါင်းကြံစည်မှုကြောင့်လားဆိုသည်ကို သင်္ကာမကင်းဖြစ်မိကြောင်း ဦးဇော်ဟိန်းကပြောသည်။

မြိတ်မြို့မှာ မြန်မာနိုင်ငံ၏ အဓိကငါးဖမ်းဆိပ်ကမ်းများအနက်မှ တစ်ခုဖြစ်သည်။ ဓာတ်ပုံ - ကျော်လင်းထွန်း

မြိတ်မြို့မှာ မြန်မာနိုင်ငံ၏ အဓိကငါးဖမ်းဆိပ်ကမ်းများအနက်မှ တစ်ခုဖြစ်သည်။ ဓာတ်ပုံ – ကျော်လင်းထွန်း

ကြန့်ကြာနေရခြင်း၏ အကြောင်းရင်းများကို တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၈ မှ အင်န်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော်အမတ် ဦးဥက္ကာမင်းက သြဂုတ်လ ၃၀ ရက်က အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့သည်။ သူက ကမ်းနီးရေပြင်၌ တရားမဝင်ငါးဖမ်းနေသော ဆွဲပိုက်ချသင်္ဘောကြီးများက ရိုးရာနည်းလမ်းများဖြင့် အသက်မွေးဖို့ ရုန်းကန်နေကြရသည့် လှေငယ်လေးများဖြင့် ငါးဖမ်းနေရသူတို့အပေါ် သက်ရောက်မှုရှိပုံကို ဆွေးနွေးခြင်းနှင့် စတင်ခဲ့သည်။ သာဓကအားဖြင့် အသုံးပြုနိုင်သော ငါးဖမ်းပိုက်အရွယ်အစား၊ ပုံစံတို့နှင့်ပတ်သက်သည့် ငါးဖမ်းစည်းမျဉ်းများမှာ ခေတ်မီဖို့လိုအပ်ကြောင်း သူကဆိုသည်။

ရေလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် ရေတပ်မှသူများ ပါဝင်နိုင်သည့် ကင်းလှည့်အဖွဲ့များကို မြိတ်အခြေစိုက်ငါးဖမ်းသူတို့က ဘန်းစကားတစ်ခုအဖြစ် ရေငန်ပိုင်ဦးရှင်ကြီးဟု ခေါ်ဝေါ်နေသည့်အကြောင်း ပြောကြားရင်း သူ့စကားကို အဆုံးသတ်ခဲ့သည်။

“အခုဆိုရင် တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ ပင်လယ်ရဲ့အသီးအပွင့်တွေကို ဒေသခံငါးဖမ်းသမားတွေ မခံစားရပါဘူး။ ပင်လယ်ပြင်ကို ရေလုပ်သားများမပိုင်ဘဲ ရေငန်ပိုင် ဦးရှင်ကြီးက ပိုင်သွားပါတယ်” လို့ သူကဆိုသည်။  ယင်းသုံးသပ်ချက်က ကင်းလှည့်အဖွဲ့များ ခြစားမှုကျူးလွန်နေသလိုမျိုး စောင်းပါးရိပ်ခြည် ပြောလိုက်ဟန်ရှိသည်။ ထိုသို့ပြောလိုက်သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက မဖွယ်မရာသောအသုံးအနှုန်းဖြင့် နောက်နောင်မပြောဆိုရန် သတိပေးခဲ့သည်။ 
ဥပဒေကြမ်းမှာ အစိုးရ၏လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းကော်မတီထံ ရောက်ရှိနေသည်ဟု ဦးမြင့်ဇော်ထူးက Frontier ကို သြဂုတ်လကုန်က ပြောကြားခဲ့သည်။ 

“အဲဒီကော်မတီကနေ ဥပဒေကြမ်းပြန်ကျလာရင် ဒါကို ကျွန်တော်တို့ ကက်ဘိနက်ကို တင်မှာပါ။ အတည်ပြုချက်ရရင် ဝန်ကြီးဌာနက ဒါကို လွှတ်တော်ကို တင်နိုင်ပါတယ်” ဟုသူကပြောသည်။
ရေလုပ်ငန်းဦးစီးဌာနနှင့် ရေတပ်တို့က တရားမဝင်ငါးဖမ်းမှုကို အရေးယူဖို့ ကြိုးပမ်းမှုများရှိသော်လည်း တရားမဝင်ငါးဖမ်းသော သင်္ဘောအရေအတွက်မှာ များ များလာသည်ဟု ဦးမြင့်ဇော်ထူးက ပြောသည်။
တရားမဝင်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခံရသည့် သင်္ဘောအရေအတွက်မှာ ၂၀၁၇-၁၈ တွင် ၂၁ စီးရှိရာမှ အောက်တိုဘာ ၃၁ ၌ကုန်ဆုံးမည့် ယခုဘဏ္ဍာနှစ်၏ ပထမကိုးနှစ်အတွင်း ၆၇ စီးအထိမြင့်တက်လာခဲ့ပြီး ထိုအထဲတွင် နိုင်ငံခြားသင်္ဘောသုံးစီးလည်း ပါဝင်သည်။ ယင်းတို့မှာ ဦးမြင့်ဇော်ထူး ကိုးကားခဲ့သည့် ဌာနဆိုင်ရာ စာရင်းဇယားများဖြစ်ကြသည်။

ပိုမိုကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ဖြစ်လာစေရန် ဌာနကမျှော်လင့်ထား လုပ်ဆောင်သောအားဖြင့် လှေသင်္ဘောများမှာကပ်သည့် ဂျီပီအက်စ်ကိရိယာများနှင့် ဗဟိုထိန်းချုပ်ရေးစင်တာမှတဆင့် ကမ်းနီးဧရိယာနှင့် ကမ်းဝေးဧရိယာကြား လှေသင်္ဘောများ၏ လှုပ်ရှားသွားလာမှုကို တိတိကျကျစောင့်ကြည့်နိုင်မည့် သင်္ဘောစောင့်ကြည့်ရေးစနစ် Vessel Monitoring System (VMS) တစ်ခုတပ်ဆင်ပေးမည့် ကုမ္ပဏီများအတွက် ဇွန်လက တင်ဒါခေါ်ယူခဲ့ကြောင်း ဦးမြင့်ဇော်ထူးကပြောသည်။
“တင်ဒါအောင်တဲ့ ကုမ္ပဏီ ရှစ်ခုထဲကမှ ခြောက်ခုနဲ့ ကန်ထရိုက်စာချုပ်တွေ ကျနော်တို့ လက်မှတ်ထိုးပြီးပါပြီ။ ဒါ့အပြင် ကန်ထရိုက်အားလုံး လက်မှတ်ထိုးပြီးတာနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လှေသင်္ဘောတွေမှာ ခြေရာခံတဲ့ ဂျီပီအက်စ်တွေတပ်ဆင်ဖို့ ကုမ္ပဏီတွေနဲ့ လှေသင်္ဘောပိုင်ရှင်တွေမှာ အချိန်သုံးလရမှာဖြစ်တယ်” ဟုလည်း သူကဖြည့်စွက်ပြောပြသည်။

ဂျီပီအက်စ်မပါသည့် ငါးဖမ်းသင်္ဘောများကို နောက်ဆုံးသတ်မှတ်ရက်ကျော်ပါက ပင်လယ်ထွက်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်းလည်း သူကသတိပေးသည်။ သို့ရာတွင် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ဖို့ လိုအပ်နေသေးသဖြင့် သင်္ဘောစောင့်ကြည့်ရေးစနစ် VMS က ထိုအချိန်၌ အသုံးပြုနိုင်ပါ့မလားဆိုသည်ကို သံသယအချို့ရှိနေကြောင်းဆိုသည်။ 

မြိတ်ခရိုင်ရေလုပ်ငန်းအဖွဲ့ချုပ်ကမူ VMS အစီအစဉ်ကို သဘောတူကြောင်း၊ အကြောင်းမှာ အီးယူကဲ့သို့ ဝင်ငွေများများရနိုင်သော ဈေးကွက်များသို့ ရေထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် လိုအပ်သော ပိုမိုတင်းကျပ်သည့် စံနှုန်းများပြည့်မီရေးလုပ်ငန်းကို အထောက်အကူဖြစ်စေနိုင်၍ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဦးသက်စိုးကပြောသည်။
ငါးဖမ်းသင်္ဘောပိုင်ရှင်များက စနစ်သစ်အရ သူတို့ဝန်ထမ်းများအား လေ့ကျင့်ပေးရန်နှင့် ဂျီပီအက်စ်ကိရိယာများကို တပ်ဆင်ရန် ကုန်ကျစရိတ်ပေးဖို့ လိုအပ်မည်ဖြစ်ကြောင်းသူကပြောသည်။ သို့သော် ယင်းကိစ္စမှာ လုပ်သင့်သည်ဟု ယူဆကြောင်းသူကဆိုသည်။ 
“ကျွန်တော်တို့နိုင်ငံမှာ VMS စနစ်တစ်ခုရှိတယ်ဆိုရင် တရားမဝင်ငါးဖမ်းမှုက သိသိသာသာလျော့သွားမှာပဲ” ဟု သူကပြောသည်။မြိတ်ခရိုင် ရေလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးသက်စိုး။ ဓာတ်ပုံ - ကျော်လင်းထွန်း

မြိတ်ခရိုင် ရေလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးသက်စိုး။ ဓာတ်ပုံ – ကျော်လင်းထွန်း

တရားမဝင်ငါးဖမ်းမှုကို တိုက်ဖျက်ဖို့ ငါးလုပ်ငန်း၊ ငါးပမာဏများကို နောက်ထပ်ပို၍အသေးစိတ်သည့် သုတေသနအပါအဝင် ရေလုပ်ငန်းဌာနက နောက်ထပ်အများကြီးလုပ်နိုင်သေးကြောင်း Our Future Initiative မှ ဦးတင်ကိုကိုဦးကပြောသည်။ တဖန် ငါးပေါက်ပွားရာသီအတွင်း ငါးမဖမ်းအောင် ပစ်မှတ်ထားပိတ်ပင်ခြင်းက  ယခုနှစ်၌ အလုံးစုံပိတ်ပင်ခြင်းထက် ပိုမိုထိရောက်နိုင်မည်ဟုလည်း သူကဆိုသည်။
“ဘယ်အချိန် ဘယ်အကွက်မှာ ဘာမျိုးစိတ်တွေပေါက်ပွားတယ်ဆိုတာ ကျွန်တော်တို့ တိတိကျကျသိဖို့ လိုပါတယ်။ ဒီလိုအခြေခံအချက်အလက်တွေကို ကျွန်တော်တို့သိပြီဆိုရင် နေရာတိတိကျကျသတ်မှတ်ပြီး ငါးဖမ်းတာကို ပိတ်ပင်နိုင်ပါတယ်” ဟု ဦးတင်ကိုကိုဦးကပြောသည်။

သို့ရာတွင် မြိတ်၊ ကော့သောင်း၊ ထားဝယ်တို့မှ ဦးသက်စိုးနှင့် အခြားသူများကဲ့သို့ ရေလုပ်ငန်း၌ အရေးပါသူတို့က ငါးပမာဏလျော့ကျလာခြင်းကြောင့် ငါးဖမ်းရာမှ ငါးမွေးမြူရေးဘက် ပြောင်းရမည်ဆိုသည်ကို သိရှိထားကြသည်။
မြိတ်မြို့မှ အနီးရှိ ပထော်ပထက်ကျွန်းသို့ Frontier သွားရောက်ခဲ့ပါသည်။ ထိုကျွန်း၌ မြိတ်ခရိုင် ရေလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းလုပ်ဆောင်နေသော ကဏန်းမွေးမြူရေးလုပ်ငန်းရှိနေသည်။ သူက ရေလုပ်ငန်းရှင် သူဌေးကြီးများအနက်မှ တစ်ဦးဖြစ်သည်။ 

‘မြိတ်မှာ ဒုက္ခရောက်ဖို့ ငါးဖမ်းခြင်း’ ဆိုသော သတင်းဆောင်းပါး တစ်ပုဒ်အတွက် ၂၀၁၅ ခုနှစ်က သူ့ကို အင်တာဗျူးဖို့ Frontier က ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဦးလှသန်းက ပြည့်ဖြိုးထွန်း ဆိုသည့် မြိတ်အခြေစိုက် ကဏန်းပျော့ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် သူသည် ငါးဖမ်းသင်္ဘောအုပ် တစ်ခု၊ အအေးခန်းအဆောက်အအုံများနှင့် ပုစွန်ပြုပြင်ထုတ်လုပ်ရေးစက်ရုံ တစ်ရုံလည်း ပိုင်ဆိုင်ပါသေးသည်။
ငါးအရင်းအမြစ်ကျဆင်းမှုကြောင့် မွေးမြူရေးဘက်သို့ကူးပြောင်းခြင်းက ဦးလှသန်းတို့လို ချမ်းသာသော လုပ်ငန်းရှင်ကြီးများအတွက် ပြဿနာမရှိသော်လည်း အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်တို့အတွက်မူ စိန်ခေါ်မှုတစ်ခုဖြစ်နေသည်ဟု ဦးသက်စိုးက ပြောသည်။

“အစိုးရက မွေးမြူရေးကဏ္ဍကို ပိုပြီးကူညီသင့်တယ်။ မြေအသုံးခွင့်တွေကနေ လုပ်ငန်းလိုင်စင်တွေအထိ စာရွက်စာတမ်းဆိုင်ရာရုံးလုပ်ငန်းအတွက် တနေရာတည်းမှာ ဆောင်ရွက်ပေးတဲ့ ဌာနေလုပ်ငန်းဌာနတွေလည်း ဖွင့်ပေးသင့်ပါတယ်။ နောက်ပြီး လိုအပ်တဲ့အခြေခံအဆောက်အအုံ ဖွံ့ဖြိုးအောင်လည်း ကူညီပေးသင့်တယ်” ဟု သူကပြောသည်။
“လူသိန်းပေါင်းများစွာဟာ ဒီငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားတွေအဖြစ်နဲ့ ဝင်လုပ်နေကြပါတယ်။ လာမယ့်နှစ်တွေမှာ သူတို့ ဘယ်လိုများ အသက်မွေးကြမလဲဆိုပြီး စိုးရိမ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်လယ်ထဲမှာ ငါးတွေအများကြီး မကျန်တော့ဘူးလေ” ဟု ငါးဖမ်းသင်္ဘောများတွင် ပဲ့ထိန်းအဖြစ် နှစ် ၃၀ ကျော်လုပ်ကိုင်ခဲ့သူ အသက် ၅၂ နှစ်အရွယ် ဦးမြင့်မောင်က မြိတ်မြို့ရှိ သူ့အိမ်၌ Frontier ကို ပြောပြသည်။
ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မြိတ်မြို့အနီးကျောက်ချထားသည့် ငါးဖမ်းစက်လှေများ။ ငါး၊ ပုစွန်သားပေါက်ရာသီ တားမြစ်ကာလမှာ စက်တင်ဘာ ၁ ရက်တွင်ကုန်ဆုံးသည်။ ဓာတ်ပုံ – ကျော်လင်းထွန်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.