တရားစီရင်ရေးစနစ်အား ပြုပြင်ခြင်း

ငွေကြေးအမြောက်အများသုံးစွဲရန် မလိုအပ်သလို ဥပဒေများကို အသစ်ပြန်လည် ရေးဆွဲရန် မလိုအပ်ဘဲ ပြစ်မှုဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်များ တိုးတက်လာအောင် ဘယ်လို လုပ်ဆောင်ကြမလဲ။

Stephen Mcnamara ရေးသားသည်။ 

ယခုနှစ်အတွင်း သင်ဖတ်ရှုရသည့် ဆောင်းပါးများအနက် ယခုဆောင်းပါးသည် တရားဥပဒေစိုးမိုးမှုအား မည်သို့လုပ်ဆောင်ရမည်ဆိုသည်ကို တရားဥပဒေမူများ၊ နိုင်ငံတကာ သဘောတူညီမှုများအား ဖော်ပြခြင်းမပြုဘဲ ရေးသားထားသည့် တစ်ခုတည်းသော ဆောင်းပါးဖြစ်ဖွယ်ရှိသည်။ တရားဥပဒေစိုးမိုးရေးနှင့် တရားရေးကဏ္ဍများကို ဆွေးနွေးခြင်းက ခက်ခဲလှသည်။ ဤဆောင်းပါးသည် ပြဿနာများကို ရှာဖွေပြီး ငွေအများကြီး မသုံးရဘဲ၊ စနစ်တစ်ခုလုံးအား အစအဆုံး မပြင်ဆင်ရဘဲ လက်ရှိအခြေအနေဖြင့် ဖြေရှင်းနိုင်ရန် နည်းလမ်းများကို ဖော်ပြထားသည်။ 

မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားမျှတမှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုဆိုင်ရာ မူများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် အထပ်ထပ် ပြဌာန်းထားသည်။ အဆိုပါ ရည်မှန်းချက်များကို ဝါရင့်နိုင်ငံရေးသမားဖြစ်ကာ ယခင်က ရှေ့နေတစ်ဦးဖြစ်သည့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးသမားများက ပံ့ပိုးပေးနေကြသည်။ ထို့ပြင် ယခုနှစ် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ဝေခဲ့သည့် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများစာအုပ်ကလည်း ပံ့ပိုးပေးနေသည်။ ယင်းစာအုပ်သည် ကိုလိုနီခေတ် တရားစီရင်ရေး ဥပဒေများကို ပြန်လည်ကြည့်ရှုရသင့်သည့် မှန်ပြောင်းတစ်ခုလည်း ဖြစ်သည်။ 

၁၈၉၈ ခုနှစ်တွင် ရေးသားပြဌာန်းခဲ့သော ရာဇဝတ်ကျင့်ထုံးဥပဒေ(Code of Criminal Procedure) သည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးတွင် အဓိက အသုံးပြုသော ဥပဒေများဖြစ်နေသေးပြီး ရဲများ၊ တရားရုံးဥပဒေ အရာရှိများကို  အာဏာ အဓိကပေးအပ်ထားသည်။ ယင်းအာဏာများတွင် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ အာမခံပေးခြင်း၊ ရုံးတော်မှ လွှတ်ပေးခြင်း၊ သက်သေများကို ရယူခြင်းနှင့် အမှုပိတ်သိမ်းခြင်းတို့ဖြစ်ကြသည်။ 

ထိုအာဏာများကို အသုံးချရာတွင် ရှင်းလင်းမှု၊ တရားမျှတမှုနှင့် တသမတ်တည်း ရှိစေရန် လမ်းညွှန်မှု လိုအပ်သည်။ ထိုလမ်းညွှန်မှုသည် မြန်မာနိုင်ငံ၏ ဥပဒေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မျှတသော တရားစီရင်ရေးစံနှုန်းတို့က ပြဌာန်းထားသော မရှင်းလင်းသည့် အချက်များကို အသေးစိတ် ရှင်းထားရန် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဥပဒေအသစ်များ ပြဌာန်းရန် မလိုအပ်ဘဲ တရားစီရင်ရေးကို တိုးတက်အောင် လုပ်ဆောင်နိုင်သည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးတွင် မှားယွင်းသွားနိုင်သော အချက်များနှင့် လွယ်ကူစွာ ပြင်ဆင်နိုင်ပုံကို အောက်တွင် ဥပမာများဖြင့် ပြသထားသည်။ 

ဆိုင်ရှင်တစ်ဦးနှင့် အခိုးခံလိုက်ရသော ကားတစ်စီး

ဦးရဲမောင်သည် ချမ်းသာသော ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်သည်။ ဦးဇာနည်သည် ကလေး ၃ ယောက် ဖခင်ဖြစ်သည်။ သူနှင့် သူ၏ ဇနီးတို့က မြို့လယ်တွင် ဆိုင် ၃ ဆိုင် ပိုင်ဆိုင်ကြသည်။ သူက ဦးရဲမောင်နှင့် ကျောင်းနေဖက်လည်း ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းကပင် ဦးရဲမောင်က ဦးဇာနည်အပေါ် အငြိုးအတေးများရှိခဲ့သည်။ ဦးရဲမောင်က ၃၆ လမ်းရှိ သူ၏ မယားငယ်အိမ်သို့ တနင်္လာနေ့ ညနေ ၃ နာရီမှ ၅ နာရီအထိ လာလေ့ရှိသည်။ ၂၀၁၇ ခုနှစ်၊ မေ ၁၅ ရက်၊ တနင်္လာနေ့တွင် ထိုတိုက်ခန်းမှ သူပြန်လည်ထွက်ခွာချိန်၌ သူ၏ အပြာရောင် Nissan X-Trail ကား အခိုးခံရသည်ကို တွေ့ရှိခဲ့သည်။

ဦးရဲမောင်က ရဲစခန်းသို့ သွားရောက်ပြီး ကားပျောက်မှုကို တိုင်တန်းခဲ့သည်။ သူက ကားကို ဦးဇာနည် ခိုးသွားကြောင်းနှင့် ဦးဇာနည်ကို “ပညာပေးရန်အတွက် ”ဖမ်းပေးရန် ရဲများကို တောင်းဆိုပြောကြားခဲ့သည်။ ဦးရဲမောင်က သူ့ထံတွင် သက်သေများရှိကြောင်းနှင့် နောက်နေ့၌ သက်သေများ ယူလာပေးမည်ဟု ပြောကြားခဲ့သည်။ တာဝန်ကျနေသော ရဲအရာရှိက ဦးရဲမောင်၏ စကားတစ်ခွန်းတည်းကို နားထောင်ပြီးနောက် ဦးဇာနည်ကို ဖမ်းရန် ဆုံးဖြတ်ကာ ရဲနှစ်ဦးကို စုံစမ်းစစ်ဆေးရန် စေလွှတ်လိုက်သည်။ 

ဖမ်းဆီးခြင်း အခွင့်အာဏာ 

ရဲများက နံနက် ၄ နာရီ ၄၅ မိနစ်တွင် ဦးဇာနည်ကို သွားရောက်ဖမ်းဆီးခဲ့သည်။ ဦးဇာနည်က မည်သည့်အတွက် ဖမ်းဆီးသလဲဟု မေးမြန်းသော်လည်း သူတို့က ဖြေကြားခြင်း မရှိပေ။ 

ထိုကိစ္စရပ်တွင် ဖမ်းဆီးမှုကို လိုအပ်မှသာ လုပ်ဆောင်သင့်ကြောင်း လမ်းညွှန်ပြသထားပေးသင့်သည်။ ဦးဇာနည်ကို နံနက်အစောကြီးတွင် ဖမ်းဆီးရန် မလိုအပ်သေးပေ။ သူအား ရဲစခန်းသို့ လာရောက်ရန် ဦးစွာ အကြောင်းကြားထားသင့်သည်။ ထို့ပြင် ဖမ်းဆီးသော အချိန်တွင်လည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို ရှင်းပြထားရမည်ဖြစ်သည်။

ထိန်းသိမ်းထားရန် အခွင့်အာဏာ 

ဦးဇာနည်တစ်ယောက် ရဲစခန်းသို့ ရောက်ရှိလာသည်။ ရဲများက ဖမ်းဆီးမှုကို ပြန်လည် မသုံးသပ်သည့်အပြင် ရှေ့နေခေါ်ပြီး ကာကွယ်နိုင်ကြောင်းလည်း ဦးဇာနည်အား အသိပေးမထားပေ။ ဦးဇာနည်က သက်သတ်လွတ် စားသူဖြစ်သော်လည်း သူ့ကို အသားဟင်းများသာ ကျွေးမွေးကြသည်။ သူသောက်နေကျ ဆေးများလည်း သောက်သုံးခွင့် မရပေ။ သူ့ကို မည်မျှကြာအောင် ထိန်းသိမ်းထားမည်ကိုလည်း မပြောကြပေ။ သူ့ကို မည်သည့်အတွက်ကြောင့် ဖမ်းခဲ့သည်ကိုပင် မပြောသေးပေ။ ဦးဇာနည်ကို အမှုမစစ်သေးဘဲ ရမန်ယူ ထိန်းသိမ်းထားကြသည်။ 

typeof=

တာဝန်ခံ စခန်းမှူးတစ်ဦး၏ လုပ်ငန်းတာဝန်များကို သေချာစွာ ဖော်ပြထားသော လမ်းညွှန်ချက်များကို ပြင်ဆင်ထားရှိရမည်ဖြစ်သည်။ ၎င်းတို့မှာ ဖမ်းဆီးမှုကို ပြန်လည်သုံးသပ်ခြင်း၊ လိုအပ်သောအခါမှ ထိန်းသိမ်းထားခြင်း၊ ထိန်းသိမ်းခံထားရသူအား ရှေ့နေငှားနိုင်ကြောင်း အသိပေးထားခြင်း၊ ထိန်းသိမ်းခံထားရသူ၏ လိုအပ်ချက်များကို ဖြည့်စည်းပေးထားခြင်းတို့ ပါဝင်သည်။ ထိန်းသိမ်းခံထားရသူများ၏ အခွင့်အရေးကို သေချာစွာ သိရှိစေရန် ရဲစခန်းတွင် ဆိုင်းဘုတ်များ ကပ်ထားခြင်းနှင့် လက်ကမ်းစာစောင်များ ပေးထားခြင်းတို့ကို လုပ်ဆောင်ရမည်။ 

အာမခံပေးခြင်း အခွင့်အာဏာ 

ရဲများက ဦးဇာနည်ကို အာမခံ မပေးသလို တရားသူကြီးကလည်း အာမခံပယ်ချခဲ့။ ထို့နောက် အမှုအား စစ်ဆေးနေစဉ် ဦးဇာနည်ကို ထိန်းသိမ်းထားခဲ့ကြသည်။ ဦးဇာနည်သည် ယခင်က ပြစ်မှုရာဇဝင် မရှိသော်လည်း ထိုသို့ ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။ ဦးဇာနည်အနေဖြင့် သက်သေများကို သိမ်းသွင်းခြင်းနှင့် တရားရုံးသို့ မလာရောက်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင်မည့်သူတစ်ဦး ဖြစ်ဖွယ်မရှိပေ။ 

ထိုကိစ္စတွင် အာမခံပေးရေးအတွက် ဦးစားပေး စဉ်းစားသင့်ကြောင်း လမ်းညွှန်များ ရှိရမည်ဖြစ်ရမည်။ အာမခံ မပေးသော အခြေအနေသည် ဖမ်းဆီးခံထားရသူက တရားရုံးသို့ မလာရောက်ခြင်း၊ သက်သေများကို သိမ်းသွင်းခြင်းနှင့် ရာဇဝတ်မှု ထပ်မံကျူးလွန်မည့် အခြေအနေ ရှိသောအခါမှသာ ဖြစ်သင့်သည်။ 

ရုံးတော်သို့ မသက်ဆိုင်သူများ မလာရဟု ဆိုနိုင်သော အခွင့်အာဏာ 

လူငယ်တစ်ဦးဖြစ်သည့် ကိုသီဟကျော်သည် ထိုအမှုနှင့် မည်သို့မျှ မပတ်သက်ပေ။ သို့သော် သူက ရှေ့နေတစ်ယောက် ဖြစ်လိုသူ ဖြစ်သည်။ ထို့ကြောင့် တရားရုံး ကြားနာမှုကို လေ့လာရန် ဦးဇာနည်၏ အမှု စစ်ဆေးမှုကို သွားရောက်ကြည့်ရှုခဲ့သည်။ သို့သော် ကိုသီဟကျော်ကို တွေ့သောအခါ တရားသူကြီးက “ရုံးတော်ကြားနာမှုမှာ မသက်ဆိုင်သူတွေ ပါဝင်နေတာ တရားမျှတမှု မရှိဘူး။ ငါတို့က မင်းရဲ့ ပညာရေးကို ထောက်ပံ့ဖို့ အလုပ်လုပ်နေတာ မဟုတ်ဘူး။ ထွက်သွားပါ” ဟု ပြောသာကြောင့် ကိုသီဟကျော်က ထွက်သွားရသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေတွင်မူ တရားရုံးများသည် ပွင့်လင်းမြင်သာမှု ရှိရမည်ဟု ပါရှိသည်။ ရုံးတော်များသို့ လူတိုင်းလာရောက် ကြည့်ရှုနိုင်သည်ဟု ပိုစတာများ ကပ်ထားပါက ပိုမိုသင့်တော်သည်။ သို့သော် “သင်က ကြားနာမှုကို နှောက်ယှက်ခြင်း၊ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးခြင်းတို့ လုပ်ဆောင်ပါက သင့်ကို ထွက်သွားခိုင်းမည် ဖြစ်သည်။”

ထိုအချက်များကို ပြုပြင်လိုက်ပါက ကြားနာမှုကို ကိုသီဟကျော်ကြည့်ရှုခွင့် ရရှိမည်ဖြစ်သည်။ ကောင်းမွန်သော လမ်းညွှန်မှုများထားရှိခြင်းအားဖြင့် လာရောက်ကြည့်ရှုသူက အနှောင့်အယှက် ပေးနေသောအခါ၊ သို့မဟုတ် တရားမဝင် မှတ်တမ်းတင်နေသည့်အခါ တရားသူကြီးက ၎င်းတို့ကို ထွက်သွားခိုင်းရမည် ဖြစ်သည်။ 

သက်သေအထောက်အထားကို ပွင့်လင်းမြင်သာစွာ ကြည့်ရှုနိုင်ခွင့်

ရဲများထံသို့ ပေးထားသော သက်သေအထောက်အထားများအား ကြည့်ရှုခွင့်ပေးရန် ဦးဇာနည်၏ ရှေ့နေဖြစ်သူ ဒေါ်အေးမြင့်က ရုံးတော်တွင် တောင်းခံခဲ့သည်။ တရားသူကြီးက တောင်းခံမှုကို ခွင့်မပြုသည့်အပြင် ဒေါ်အေးမြင့်က သက်သေများကို တောင်းခံသောကြောင့် အံ့သြရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ထိုသို့ လုပ်ဆောင်လေ့မရှိဟု ဆိုသည်။ ထို့ကြောင့် ဒေါ်အေးမြင့်မှာ ရုံးတော်တွင် ခုခံပြောဆိုရာတွင် အခက်တွေ့ရသည်။ ဦးဇာနည်အတွက် တင်ပြထားသော သက်သေအထောက်အထားများကို မသိရှိရသောကြောင့် ဖြစ်သည်။ 

တရားခံက သက်သေအထောက်အထား မိတ္တူများကို ရရှိနိုင်သည်ဟု ရာဇဝတ်မှုကျင့်ထုံးတွင် ပြဌာန်းထားသော်လည်း ကြည့်ရှုရန် တောင်းခံသူ နည်းပါးသည်။ တောင်းခံပါကလည်း ခွင့်မပြုသည်က များသည်။ တရားခံရှေ့နေသည် တရားစီရင်မှု စတင်သည်နှင့် သက်သေများကို ရရှိထားရမည်ဟု လမ်းညွှန်ထားမှုများ ရှိသင့်သည်။

အရေးပါသော သက်သေများကို ပွင့်လင်းမြင်သာစွာ ကြည့်ရှုနိုင်ခွင့်

ရဲများက ဦးဇာနည်၏ အမှုအတွက် သက်သေအထောက်အထား ငါးခု ရရှိထားသည်။ ထိုသက်သေအထောက်အထားများတွင် တခြားသော သက်သေနှစ်ဦး၏ အိမ်နီးချင်းက ပြောကြားထားသော သက်သေလည်း ပါဝင်သည်။ ဦးဇာနည်ကို မုန်းတီးကြောင်းနှင့် ထောင်ကျစေရန် ဘာမဆိုလုပ်ရမည်ဟု ထိုသက်သေများက ပြောကြားနေသည်ကို ကြားခဲ့ရကြောင်း အိမ်နီးချင်းဖြစ်သူက ထွက်ဆိုထားခြင်းဖြစ်သည်။ အခြားသက်သေတစ်ဦးမှာလည်း ရုံးတော်တွင် မဟုတ်မမှန် ထွက်ဆိုခဲ့သောကြောင့် ထောင်နှစ်ခါ ကျခံဖူးသူ ဖြစ်နေသည်ကို တွေ့ရသည်။ ထိုသို့ ရရှိထားသော သက်သေများကို ရဲများက တရားခံရှေ့နေအား ပေးမသိထားပေ။ 

ရဲများ ရရှိထားသော သက်သေအထောက်အထားများကို စောလျင်စွာ သိရှိနိုင်ခြင်းသည် တရားမျှတမှုအတွက် လွန်စွာအရေးပါသည်။ ယခုအခါတွင် အမှုများကို စောလျင်စွာ ပြီးစီးနိုင်ရန် အစိုးရက ကြိုးပမ်းသည့်အနေဖြင့် အမှုများကို ကိုင်တွယ်ရာတွင် အချိန်ဇယားများ သတ်မှတ်ပေးထားသည်။ ထိုသို့ စောလျင်စွာ ပြီးစီးနိုင်ရန် ရည်ရွယ်ခြင်းဖြင့် တရားမျှတမှုကို မထိခိုက်စေသင့်ပေ။ 

တရားခံက အပြစ်မရှိကြောင်း တင်ပြနိုင်မည့် သက်သေအထောက်များအားလုံးကို ရဲက တရားခံအား ပေးထားရမည်ဟု လမ်းညွှန်မှုလိုအပ်သည်။ ထိုသက်သေများကို မရရှိပါက ဒေါ်အေးမြင့်အနေဖြင့် အမှုတွင် ခုခံရန်အတွက် ကောင်းစွာပြင်ဆင်နိုင်မည် မဟုတ်ပေ။ 

ဥပဒေ အရာရှိက အမှုကို ရုတ်သိမ်းနိုင်သည့် အခွင့်အာဏာ 

ဒေါ်အေးမြင့်သည် လိုအပ်သော သက်သေများကို တစ်နည်းနည်းဖြင့် ရရှိခဲ့သည်။ ထို့ကြောင့် အမှုအား ရုတ်သိမ်းနိုင်သော ဥပဒေအရာရှိထံသို့ သူက သွားရောက်ခဲ့သည်။ ရရှိသော သက်သေများအရ ဦးဇာနည်ကို ပြစ်ဒဏ်ချနိုင်ဖွယ်ရာ မရှိကြောင်း ဒေါ်အေးမြင့်က ပြောကြားသည်။ သို့သော် ဥပဒေ ရာရှိက အမှုကို ရုတ်သိမ်းမပေးသေးပေ။ သို့သော် လုံလောက်သော သက်သေများ မရှိကြောင်းနှင့် ဦးဇာနည်ကို ပြစ်ဒဏ်မချနိုင်ကြောင်း သူက ဝန်ခံသည်။ သို့သော် ရဲများက အမှုကို ဆက်လက်စစ်ဆေးစေလိုကြောင်း၊ ထို့ကြောင့် တရားသူကြီး၏ အဆုံးအဖြတ်ကို ခံယူရန်သာ ပြောကြားသည်။ 

ဥပဒေအရာရှိအတွက် တာဝန်များ ရှင်းလင်းစွာ ချထားပေးသည့် လမ်းညွှန်ချက်များ ရှိသင့်သည်။ ၎င်းတွင် စမ်းဆေးချက်နှစ်ခု ပါဝင်ရမည်။ တရားစွဲဆိုမှုက အောင်မြင်နိုင်သည့် အလားအလာရှိသလားဟူသည့် စစ်ဆေးချက်နှင့် ဤအမှုကို လူအများက ဆက်လက်စစ်ဆေးစေလိုသလားဟူသည့် စစ်ဆေးချက်တို့ ဖြစ်သည်။ 

ဦးဇာနည်၏ အမှုတွင် နှစ်ခုလုံး မအောင်မြင်နိုင်ပေ။ ထို့ကြောင့် ဥပဒေ အရာရှိက အမှုကို ရုတ်သိမ်းပေးရမည်။ 

အမှု ပြီးဆုံးခြင်း 

တရားသူကြီးသည် သက်သေများ၏ ထွက်ဆိုချက်ကို နားထောင်ပြီး အမှုမမြောက်ကြောင်း ကြေညာလိုက်သည်။ ဦးဇာနည်ကို လွှတ်ပေးခဲ့သည်။ သို့သော် တရားစီရင်မှုကို မကြာခဏ ရပ်နား လုပ်ဆောင်ခဲ့သောကြောင့် အမှုက  ၂၀၁၈ ခုနှစ်၊ မေ ၂၅ ရက်နေ့တွင်မှ ပြီးဆုံးခဲ့သည်။ ဦးဇာနည်သည် အမှုစစ်နေစဉ်ကာလ တစ်နှစ်အတွင်း ထောင်ထဲတွင် အဓိပ္ပါယ်မဲ့စွာ အချိန်များ ကုန်ဆုံးခဲ့ရသည်။

ဤအမှုသည် လုပ်ကြံဖန်တီးထားသော အမှုဖြစ်သော်လည်း ထိုသို့သော အမှုများ မြန်မာနိုင်ငံတွင် အများအပြား ရှိနေသည်။ စာရေးသူသည် အမှုစစ်နေသော ရှည်ကြာလှသည့် ကာလပတ်တစ်ခုလုံး၌ ထောင်ချခံထားရသော အမှုတစ်ခုကို လေ့လာဖူးသည်။ နောက်ဆုံးတွင် အပြစ်မရှိဘဲ လွှတ်ပေးလိုက်ကြသည်။ ထိုအမှုတွင် အပြစ်မရှိသော တရားခံသည် ထောင်ထဲတွင် ၄၄၄ ရက် နေခဲ့ရသည်။ ထို့နောက်တွင် အမှုက မပြီးဆုံးသဖြင့် အပြစ်ရှိကြောင်း ဝန်ခံလျှင် ထောင် တစ်နှစ်ထောင်ချမည်ဖြစ်ကြောင်း၊ ထောင်ထဲတွင် တစ်နှစ်နေခဲ့ပြီးဖြစ်ရာ ဝန်ခံပြီးလျှင် ချက်ချင်းလွတ်နိုင်သည်ဟု အပြစ်မရှိသောတရားခံကို ပြောကြားခဲ့သည်။ အပြစ်မရှိသောတရားခံသည် ထောင်မှ မြန်မြန်ပြန်လွတ်ချင်သဖြင့် အပြစ်ရှိကြောင်း ဝန်ခံပြီး ပြန်လွတ်လာခဲ့ရသည်။ 

ရဲများနှင့် ဥပဒေ အရာရှိများကို လမ်းညွှန်မှုများ ပေးထားပါက ထိုအမှုသည် မစတင်မီမှာပင် ပြီးဆုံးသွားမည် ဖြစ်သည်။ အပြစ်မရှိဘဲနှင့် ထောင်ထဲတွင် ၄၄၄ ရက် နေခဲ့ရမည် မဟုတ်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တရားရေးစနစ်ကို အများပြည်သူက မယုံကြည်ကြခြင်း ဖြစ်သည်။ 

ထိုသို့သော လမ်းညွှန်မှုများဖြင့် ဥပဒေများကို ပြောင်းလဲရန်၊ အသစ်ရေးဆွဲရန် မလိုအပ်ဘဲ တရားရေးစနစ်ကို လွယ်ကူစွာ ပြုပြင်ပြောင်းလဲနိုင်သည်။ ထိုလမ်းညွှန် အကြံပြုချက်များသည် လက်ရှိဥပဒေများတွင် ပါဝင်ပြီး ဖြစ်သည်။ အခြားသော ကိုလိုနီခေတ်နှောင်းပိုင်း ဥပဒေများတွင်လည်း မြန်မာနိုင်ငံနှင့် ကိုက်ညီအောင် ပြောင်းလဲနိုင်သည့် အကြောင်းအရာများ ပါဝင်ပြီးဖြစ်သည်။

ထိုသို့လုပ်ဆောင်ပေးပါက တရားစီရင်ရေး လုပ်ငန်းစဉ်တွင် ချက်ချင်း တိုးတက်မှုများ ရှိလာမည်ဖြစ်ပြီး အများပြည်သူကလည်း တရားရေးစနစ်ကို ယုံကြည်လာမည် ဖြစ်သည်။ 

Stephen McNamara ယူကေနိုင်ငံတွင် ရှေ့နေအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် Yangon Justice Centre ၌ လုပ်ကိုင်ခဲ့သည်။ ဤသုံးသပ်ချက် ဆောင်းပါးကို မြန်မာ NGO တစ်ခုဖြစ်သည့် သာသည့်မြေ ဖောင်ဒေးရှင်းက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင်  ထုတ်ဝေခဲ့သည်။ ထိုဖောင်ဒေးရှင်းသည် မြေယာကဏ္ဍ၊ ဥပဒေရေးရာ၊ လိင်တန်းတူ ညီမျှရေးတို့ကို အကူအညီပေးနေသော အဖွဲ့အစည်း ဖြစ်သည်။ အသေးစိတ် လေ့လာချက်များကို stephenmcnamara55@gmail.com မှ တောင်းခံနိုင်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.