တနင်္သာရီရှိ လျှပ်စစ်စီမံကိန်းအား ပမာဏလျှော့ချရန် Total နှင့် Siemens တို့ အဆိုပြု

သောမတ်စ်ကင်းန်နှင့် ကျော်ရဲလင်း

တနင်္သာရီတိုင်းဒေသကြီးရှိ ၁,၂၃၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစီမံကိန်းအား ပမာဏလျှော့ချရန် ကျောထောက်နောက်ခံပြုထားသည့် ဥရောပကုမ္ပဏီလုပ်ငန်းစုက အဆိုပြုလိုက်သည်။

အစိုးရနှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ရပ်ဆိုင်းထားစဉ် ၎င်းတို့က ထိုသို့ အဆိုပြုလိုက်သည်။

သို့သော်လည်း ပြန်လည်သုံးသပ်ဖော်ပြသည့် အဆိုပြုချက်မှာ လက်ခံရန်မဖြစ်နိုင်ဘဲ စီမံကိန်းမှာ ရပ်ဆိုင်းခြင်း၊ သို့မဟုတ် ဖျက်သိမ်းခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း အစိုးရအကြီးတန်းအရာရှိတစ်ဦးက Frontier ကို ပြောကြားသည်။

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Total နှင့် ဂျာမနီမှ Siemens တို့သည် ကန်ဘောက်စီမံကိန်းအတွက် စတင်လုပ်ဆောင်နိုင်သည့် နေ့ရက်ပါအကြောင်းကြားစာကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် လက်ခံရရှိခဲ့သည်။ ၎င်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ ရင်းနှီးမြုပ်နှံရန် လိုအပ်မည်ဟု ဆိုသည်။

ကနဦးအဆိုပြုချက်တွင် ရေပေါ်သဘာဝဓါတ်ငွေ့ရည်သိုလှောင်ခန်း၊ ဓါတ်ငွေ့ရည်မှ သဘာဝဓါတ်ငွေ့သို့ ပြန်လည်ပြောင်းလဲသည့်ယူနစ်၊ ဓါတ်အားပေးစက်ရုံနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကန်ဘောက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးတို့အား ဆက်သွယ်ပေးထားသည့် ၄၅၀ ကီလိုမီတာအရှည်ရှိ ၅၀၀ ကေဗွီ ဓာတ်အားပို့လွှတ်လိုင်းတို့ ပါဝင်သည်။

သို့သော်လည်း ကုမ္ပဏီလုပ်ငန်းစုက ဓါတ်အားပေးစက်ရုံ၏ ပထမအဆင့်ကို ၆၁၅ မဂ္ဂါဝပ်မှ ၄၀၀ မဂ္ဂါဝပ်သို့ လျှော့ချခြင်းနှင့် တဆင့်ပို့လွှတ်သည့် ဓါတ်အားလိုင်းကိုအား စီမံကိန်းမှ ဖယ်ရှားပေးရန် အဆိုပြုခဲ့သည်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

အစီအမံသစ်အရ ထွက်ရှိလာမည့် လျှပ်စစ်ဓါတ်အားကို အာရှဖွံ့ဖြိုးရေးဘဏ်၏ အတိုးနှုန်းသက်သာသည့် ချေးငွေဖြင့် တည်ဆောက်မည့် ၂၃၀ ကေဗွီလိုင်းမှတဆင့် ရန်ကုန်သို့ ဖြန့်ဖြူးမည့်ဖြစ်သည်။ ၎င်းမှာ ဒေါ်လာသန်းရာပေါင်းများစွာ ရင်းနှီးမြုပ်နှံရန် လိုအပ်မှုကို လျှော့ချနိုင်ဖွယ်ရှိသည့် ရွေးချယ်စရာတစ်ခုဖြစ်သည်။

ပြန်လည်ပြင်ဆင်ထားသည့် စီမံကိန်းကို အစိုးရနှင့် ဆွေးနွေးထားသည်ဟု Siemens ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Frontier ကို အတည်ပြုပြောကြားသည်။

“လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက စီစဉ်တဲ့ အနာဂါတ် ၂၃၀ ကေဗွီလိုင်းကို ချေးငွေအသုံးပြု တည်ဆောက်နိုင်ဖို့ အဆင့်အချို့မှာ ခြားနားတဲ့ အစီအစဉ်၊ ပမာဏနဲ့ ဆောင်ရွက်မယ့် စီမံကိန်းကို စဉ်းစားနေပါတယ်” ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သို့သော် အဆိုပါ အယူအဆကို ဝန်ကြီးဌာနက ဆန့်ကျင်ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောသည်။ “ဒီစီမံကိန်းအတွက် အဓိကကတော့ တနင်္သာရီတိုင်းဒေသကြီးကို အမျိုးသားဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ဖို့ ကျွန်တော်တို့မှာ တောင်ပိုင်း ဓါတ်အားလိုင်းတစ်ခု မရှိဘူး။ တကယ်လို့ သူတို့ကသာ အရင်သဘောတူထားတဲ့အတိုင်း တည်ဆောက်ပေးဖို့ ဆန္ဒမရှိဘူးဆိုရင် စီမံကိန်းကို ဖျက်သိမ်းပစ်နိုင်ပါတယ်” ဟုအဆိုပါအရာရှိက ပြောသည်။

၎င်း၏ ပြောကြားချက်အရ လွန်ခဲ့သည့် လေးငါးလက ပထမဆုံးတင်သွင်းခဲ့သော ပြင်ဆင်ထားသည့် အဆိုပြုချက်မှာ ဘဏ္ဍာရေးစည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ ညိနှိုင်းမှုများတွင် ရှေ့မတိုးနောက်မဆုတ်အခြေအနေကို ကျော်လွှားရန် ရည်ရွယ်သည်ဟု ဆိုသည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော လုပ်ငန်းစတင်နိုင်သည့်နေ့စွဲပါ အကြောင်းကြားစာအရ ပထမအဆင့် ၆၁၅ မဂ္ဂါဝပ်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီတွင် ချိတ်ဆက်ပေးရန်နှင့် အပြည့်အဝလုပ်ငန်းလည်ပတ်ခြင်းကို နောက်တစ်နှစ်တွင် စတင်ရန်ဖြစ်သည်။ သို့သော်လည်း  ဓါတ်အားဝယ်ယူရေး သဘောတူချက်တစ်ခုကိုပင် လုပ်ငန်းစုက လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

ကန်ဘောက်စီမံကိန်းကို ပမာဏလျှော့ချသည့် အဆိုပြုချက်နှင့် ပတ်သက်သည့် မေးခွန်းများဖြေဆိုရန် Total E&P Myanmar ၏အထွေထွေမန်နေဂျာ မစ္စတာ ရိုမာရစ်ရိုအစ်ဂ်နန်က ငြင်းဆိုခဲ့သည်။ သို့သော်လည်း Total စီမံကိန်းကို အပြည့်အ၀ ကတိပြုထားပြီးဖြစ်သည်ဟု ၎င်းက အခိုင်အမာဆိုသည်။

ကုမ္ပဏီလုပ်ငန်းစု၏ မိတ်ဖက်များက အလွန်ကြီးမားသည့် အလုပ်ပမာဏတစ်ခုကို လုပ်ခဲ့ပြီးပြီဖြစ်ကာ ထိုအထဲတွင် ရေပေါ်ဓါတ်ငွေ့ရည်သိုလှောင်ခန်းမှ ဓါတ်ငွေ့ပြန်ပြောင်းလဲသည့်ယူနစ်အတွက် တင်ဒါလုပ်ငန်းစဉ်စတင်ခြင်းနှင့် အင်ဂျင်နီယာလုပ်ငန်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ဆောက်လုပ်ရေးကန်ထရိုက်တာများထံမှ ကနဦးဈေးပြိုင်တင်သွင်းမှုများကို လက်ခံခြင်းတို့ ပါဝင်ကြောင်း ၎င်းကပြောသည်။

ဓါတ်ငွေ့ဆိုင်ရာအဆောက်အအုံပစ္စည်းများ၊ ဓါတ်အားပေးစက်ရုံနှင့် ဓါတ်အားဖြန့်ဖြူးရေးလိုင်းများဖြစ်သည့် အပိုင်း သုံးပိုင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့အပေါ် ထိခိုက်ဆိုင်ရာအကဲဖြတ်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကနဦးစစ်ဆေးမှုများကို လုပ်ဆောင်ပြီးဖြစ်ကြောင်းလည်း ၎င်းကထပ်မံပြောကြားသည်။

ကြီးမားသည့်တိုးတက်မှုများ ရှိနေပြီဟု ရိုအစ်ဂ်နန်က ပြောသော်လည်း ဓါတ်ငွေ့ဝယ်ယူရေး သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးမှုများမှာ အဓိကကိစ္စများတွင် ပြေလည်မှုမရသဖြင့် ရပ်နားထားရသည်ဟု Frontier က နားလည်ထားသည်။

ထိုအရေးကြီးကိစ္စရပ်များတွင် စီမံကိန်းအတွက် အာမခံပစ္စည်းများနှင့် သဘာဝဓါတ်ငွေ့ရည်အတွက် အစိုးရက ပေးမည့် ဈေးနှုန်းလည်းပါဝင်သည် Siemens ပြောခွင့်ပုဂ္ဂိုလ်က ဆိုသည်။ ကုမ္ပဏီလုပ်ငန်းစုအနေဖြင့်မူ ရည်ရွယ်ချက်မှာ စီမံကိန်းသဘောတူချက်များသည် အနာဂါတ်ရင်းနှီးမြုပ်နှံသူများနှင့် ငွေကြေးပံ့ပိုးသူများကို ဆွဲဆောင်နိုင်စေရန်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ကန်ဘောက်စီမံကိန်းနှင့် ပတ်သက်၍ ၎င်းက တိုက်ရိုက်သုံးသပ်ချက်မပေးခဲ့သော်လည်း သဘာဝဓါတ်ငွေ့ရည်စီမံကိန်းများကို ကမကထပြုသူများနှင့် ညိနှိုင်းမှုများမှာ တစ်ဆို့ကြန့်ကြာနေသည့် အဆင့်သို့ ရောက်ရှိနေသည်ဟု လျှပ်စစ်စွမ်းအား စီမံရေး ဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဇော်က အတည်ပြုပြောကြားသည်။

“ရင်းနှီးမြုပ်နှံသူတွေက သဘာဝဓါတ်ငွေ့ရည်ကို ဈေးကွက်ပြောင်းလဲမှုအတိုင်းနှုန်းရှင်မျှောချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဓါတ်အားဝယ်ယူရေးသဘောတူညီချက်မှာ တရားသေသတ်မှတ်နှုန်းကို ပိုပြီးကြိုက်တယ်။ နောက်ပြီး ရင်းနှီးမြုပ်နှံသူတွေက ဒေါ်လာနဲ့ပေးချေဖို့လည်း တောင်းဆိုနေတယ်။ ဒါပေမယ့် အစိုးရကလည်း ကျပ်ငွေနဲ့ပေးချေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အခိုင်အမာရပ်တည်နေတယ်” ဟု ၎င်းကပြောသည်။ “အဲဒီကိစ္စကြီးနှစ်ရပ်ကပဲ ညိနှိုင်းရေးအတွက် တစ်ဆို့နေတာ” ဟု ၎င်းက ဆိုသည်။

စီမံကိန်းစတင်နိုင်ကြောင်း အကြောင်းကြားစာကို လက်မှတ်ရေးထိုးခဲ့စဉ်ကတည်းက Siemens သည် စီမံကိန်းတွင် ၎င်း၏ ပါဝင်မှုကို လျှော့ချထားဟန်လည်းရှိသည်။ ယခုအခါ ကုမ္ပဏီက ည်းပညာနှင့် ကျွမ်းကျင်မှုပေးရန်သာ စီစဉ်လျက်ရှိသည်။

စီမံကိန်းကို ပမာဏ လျှော့ချမည့် အဆိုပြုချက် မရခင်အထိ Total နှင့် Siemens တို့သည် ကန်ဘောက်စီမံကိန်းတွင် ရင်းနှီးမြုပ်နှံကြလိမ့်မည်ဟု အစိုးရက မျှော်လင့်ထားခဲ့ကြောင်း ဦးဟန်ဇော်က ပြောသည်။ “Siemens က စီမံကိန်းမှာ ရင်းနှီးမြုပ်နှံမှုလုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် နည်းပညာပိုင်းအတွက် လုပ်ငန်းစုမှာ ပါနေသေးတယ်လို့ အခု ကျွန်တော်တို့ သိထားပါတယ်” ဟု ဦးဟန်ဇော်က ပြောသည်။

မေ ၇ ရက်နေ့ ထုတ်ပြန်ခဲ့သည့် Siemens ၏ ကြေညာချက်အရ ကုမ္ပဏီက ၎င်း၏ ဓါတ်အားဆိုင်ရာ ပိုင်ဆိုင်မှုများအား ကုမ္ပဏီသစ်တစ်ခုအဖြစ် ခွဲထွက်မည်ဖြစ်ကာ ပိုင်ဆိုင်မှုအများစုကို ရုပ်သိမ်းမည်ဟု ဆိုသည်။ ထိုထုတ်ပြန်ချက်ကြောင့် ရှုပ်ထွေးမှုများကို ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေသည်။

ကုမ္ပဏီအနေဖြင့် စီမံကိန်း၏ ဓါတ်အားထုတ်လုပ်ရေး၊ ဓါတ်အားဖြန့်ဖြူးရေးနှင့် ဓါတ်အားလိုင်း တည်ငြိမ်မှုကဏ္ဍတို့နှင့်ပတ်သက်၍ ဖြစ်နိုင်ခြေလေ့လာမှုကို ဦးဆောင်နေသည်ဟု Siemens ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ “ဓါတ်ငွေ့စီးပွားဆိုင်ရာအကြောင်းရာများကို ဆွေးနွေးဖို့ အကောင်းဆုံးနေရာရှိနေတဲ့ ကျွန်တော်တို့ရဲ့မိတ်ဖက်အတွက် စီမံကိန်း အကောင်အထည်ဖော်ဆောင်တဲ့ ဦးဆောင်နေရာကို ချန်ထားလိုက်ပါပြီ” ဟု ၎င်းကပြောသည်။

Siemens က စီမံကိန်း၏ လျှပ်စစ်ကဏ္ဍဆိုင်ရာအပိုင်းတွင် နည်းပညာပံ့ပိုးသူအဖြစ် ဆက်လက်ရှိနေစဉ် Total အနေဖြင့် မကြာသေးမီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် စီးပွားရေးဆိုင်ရာဆွေးနွေးမှု၌ ဦးဆောင်နေသည်ဟု ၎င်းကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.