တစ်နှစ်ပြည့်ပြီးနောက် အိမ်ပြန်နိုင်မယ့်ရက်ကို ရိုက်တာသတင်းထောက်များ မျှော်လင့်နေ

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး အကျဉ်းကျနေတာ တစ်နှစ်ပြည့်သွားပြီဖြစ်ပြီး အိမ်ပြန်နိုင်မယ့်ရက်ကို သူတို့နှစ်ဦးနဲ့ မိသားစုဝင်တွေက မျှော်လင့်စောင့်စားနေကြပါတယ်

ရဲမွန် ရေးသားသည်။

“မနှစ်က ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းမှာ နောက်နေ့ထမင်းချိုင့်ထည့်ဖို့ ဈေးအတူသွားခဲ့တဲ့အချိန်က အပြင်မှာ နောက်ဆုံးတွေ့ခဲ့ရတဲ့နေ့ပေါ့” လို့ အမျိုးသမီးတစ်ဦးက ထောင်ကျနေတဲ့ခင်ပွန်းဖြစ်သူကို တွေ့ဆုံဖို့ အင်းစိန်ထောင်ဝင်းထဲက လက်ဖက်ရည်ဆိုင်မှာ စောင့်ဆိုင်းနေစဉ် စိတ်ပျက်လက်ပျက်နဲ့ ပြောနေပါတယ်။

အဲဒီအမျိုးသမီးကတော့ မပန်းအိမွန်ပဲ ဖြစ်ပါတယ်။

မပန်းအိမွန်ဟာ အင်းစိန်ထောင်ကို တစ်ပတ်မှာ အနည်းဆုံးတစ်ရက် သွားရောက်ပြီး ခင်ပွန်းဖြစ်သူနဲ့ တွေ့ဆုံကာ မိသားစုအရေး တိုင်ပင်လေ့ရှိပါတယ်။ သူ့ရဲ့ခင်ပွန်းကတော့ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးပဲဖြစ်ပါတယ်။

ကိုဝလုံးဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အင်းဒင်ကျေးရွာက သတ်ဖြတ်မှုအကြောင်း ရေးသားဖို့ သတင်းအချက်အလက် စုဆောင်းရင်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းလောက်မှာ သတင်းဌာနတစ်ခုထဲက လုပ်ဖော်ကိုင်ဖက် သတင်းထောက် ကိုကျော်စိုးဦးနဲ့အတူ မင်္ဂလာဒုံမှာ အဖမ်းခံခဲ့ကြရတာပါ။

အဲဒီနောက် သူတို့နှစ်ဦးစလုံးရဲ့ လက်ထဲနဲ့ ဖုန်းတွေထဲမှာ နိုင်ငံတော်အဆင့် လျှို့ဝှက်စာရွက်စာတမ်းတွေကို တွေ့ရှိခဲ့တယ်လို့ ရဲတွေက စွပ်စွဲပြီး နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့အမှုဖွင့်ခဲ့ပါတယ်။ လပေါင်းများစွာ အမှုရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မြောက်ပိုင်းခရိုင်တရားရုံးက သူတို့နှစ်ဦးကို ထောင်ဒဏ် ခုနစ်နှစ်စီကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

“ဒီဇင်ဘာပိတ်ရက်မှာ သူက ဆွီဒင်မှာ ကျောင်းသွားတက်ဖို့ စာမေးပွဲအတွက် ပြင်ဆင်ဖို့ စီစဉ်ထားတယ်။ ပြီးရင် ခွင့်တွေ ကျန်သေးရင် ခွင့်ယူပြီး ဓာတ်ပုံလိုက်ရိုက်မယ်ဆိုပြီး သူက မှန်းထားတာ။ အခုလိုဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး” လို့ မပန်းအိမွန်က ဆိုပါတယ်။

ခင်ပွန်းသည်ဖြစ်သူ အကျဉ်းကျနေစဉ် သြဂုတ် ၁ဝ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အသက်လေးလအရွယ်ရှိ သမီးဖြစ်သူ သက်ထားအိန်ဂျယ်ကို တစ်ဦးတည်း ရုန်းကန် စောင့်ရှောက်နေရပါတယ်။ ဒါ့အပြင် ရိုက်တာသတင်းဌာန သတင်းထောက်ရဲ့ ဇနီးဖြစ်တာကြောင့် နေအိမ်ငှားရမ်းရာမှာ အခက်အခဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

“အခုဆိုရင် အိမ်ငှားဖို့တောင် အခက်အခဲတွေ ရှိနေပါတယ်။ အခုနေနေတဲ့အိမ်ဆိုရင် သုံးလပိုင်းဆိုပြည့်ပါပြီ။ တခြားအိမ် ထပ်ရှာရဦးမယ်”လို့ မပန်းအိမွန်က ပင်ပန်းနွမ်းနယ်စွာနဲ့ သူ့အခက်အခဲကို Frontier ကိုပြောပြခဲ့ပါတယ်။

ဒါပေမယ့် မပန်းအိမွန်ကတော့ သူ့အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေအပေါ် စိတ်ပျက်ဝမ်းနည်းတာမျိုး လုံးဝမရှိပါဘူး။ ခင်ပွန်းဖြစ်သူရှိတဲ့ အင်းစိန်ထောင်ကို အပတ်စဉ် မပျက်မကွက် သွားရောက်တွေ့ဆုံနေပြီး ခင်ပွန်းသည် ထောင်တွင်းမှာ လိုအပ်တာတွေကို အပြင်ကနေ ဖြည့်ဆည်းပေးနေပါတယ်။

ကိုဝလုံးက သူ့အမျိုးသမီးနဲ့တွေ့ဆုံတဲ့အခါ အမြဲတမ်းမှာတဲ့အရာကတော့ ထောင်ထဲမှာ ဖတ်ဖို့အတွက် စာအုပ်တွေဖြစ်ပြီး တစ်ခါတစ်လေတော့ အပင်ငယ်လေးတွေကို မှာလေ့ရှိပါတယ်။ ကိုဝလုံးက အကျဉ်းထောင်ထဲမှာ ငုဝါပင်နဲ့ နှင်းဆီပင်တွေကို စိုက်ပျိုးထားတယ်လို့လည်း သိရပါတယ်။

“အခုဆိုငုဝါပင်က လူတစ်ရပ်စာတောင်ရှိနေပြီ”လို့ ကိုဝလုံးက သူ့ဇနီးသည်ကို သံဇကာနှစ်ထပ်နောက်ကနေ ကြည့်ပြီး ပြောပြနေပါတယ်။

ဇနီးဖြစ်သူ မပန်းအိမွန်သွားတွေ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကတော့ သမီးဖြစ်သူ မသက်ထားအိန်ဂျယ် မပါလာပါဘူး။ ဒါပေမယ့် သမီးလေးနဲ့ ကိုဝလုံးတို့ဟာ အကျဉ်းထောင်က သံတမန်ဆောင်မှာ တစ်လကို တစ်ရက်၊ အချိန် နာရီဝက် တွေ့ခွင့်ရရှိနေပါတယ်။

အခုချိန်ထိတော့ ကိုဝလုံးနဲ့ သူ့သမီးလေးတို့ဟာ နှစ်ကြိမ်တွေ့ဆုံခွင့်ရရှိပြီးဖြစ်ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့နဲ့ နိုဝင်ဘာ ၂၄ ရက်နေ့တို့က ဖြစ်ပါတယ်။

ကိုဝလုံးကတော့ သူ့သမီးလေးနဲ့အတူတူ အနားမှာမနေရတဲ့အတွက် စိတ်ပျက်နေပြီး သမီးလေးကို ဖခင်တစ်ယောက်ပီပီ ရင်အုပ်မကွာ စောင့်ရှောက်ခွင့်မရတဲ့အပေါ် စိတ်ဒုက္ခ ရောက်နေရတယ်လို့ ပြောပါတယ်။

“တွေ့ရတဲ့အချိန်ဆို ကလေးကို သူ့အမေဆီ ပြန်မပေးချင်ဘူး။ ဒါပေမယ့် မဖြစ်နိုင်ဘူးလေနော်။ သူနဲ့တွေ့ရတဲ့အချိန်ဆို ခံစားမှုက မပြောပြတတ်လောက်အောင်ကို ပျော်ပါတယ်။ သူ့ကို အရမ်းလည်းချစ်တယ်။ အနားမှာ နေပေးရရင် ပိုကောင်းမှာ” လို့ ကိုဝလုံးက ပြောပါတယ်။

သက်ထားအိန်ဂျယ်နဲ့ တွေ့ဆုံခဲ့တုန်းက သူ့ရဲ့ အင်္ကျီပေါ်မှာ နို့တွေ အန်ချခဲ့တာကိုလည်း ကိုဝလုံးက ပျော်နေပါတယ်။ သူ့သမီးရဲ့အနံ့လေးက သမီးလေးကိုယ်တိုင် သူ့အနားမှာ အမြဲရှိနေသလိုခံစားမှုမျိုး သူရခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

“ကလေးက နို့အန်သွားတော့ အန့ံ့ကို မေ့မရဘူး။ အဲဒါကြောင့်အကျီကို တစ်ပတ်လောက်အထိ မလျှော်ဖြစ်ခဲ့ဘူး”လို့ ကိုဝလုံးက ပြောပါတယ်။

ဥပဒေချိုးဖောက်ထားခြင်းမရှိဘဲနဲ့ သူနဲ့အတူ ထောင်ချခံထားရတဲ့ လုပ်ဖော်ကိုင်ဖက် ကိုကျော်စိုးဦးကိုလည်း ကိုဝလုံးက အမြန်ဆုံးလွတ်မြောက်စေချင်နေပါတယ်။ သူတို့နှစ်ဦး ထောင်ထဲရောက်နေခဲ့တာ တစ်နှစ်ပြည့်နေပြီဖြစ်ပါတယ်။ ယနေ့အချိန်ထိ သူတို့နှစ်ယောက်ကို အားပေးထောက်ခံ ဝန်းရံပေးသူအားလုံးကိုလည်း အကျဉ်းထောင်ထဲကနေ ကျေးဇူးတင်နေပါတယ်။

“ပြည်တွင်းရော၊ နိုင်ငံတကာကပါ စိတ်မကောင်းဖြစ်ပြီး အားပေးစာနာကြတာကို ကြားရတာကြောင့် အခုချိန်ထိ ခွန်အားဖြစ်နေပါတာပါ။ အဲဒါတွေသာမရှိရင် ဘယ်လောက်ထိ ခံစားရမလဲမပြောပြတတ်ဘူး”လို့ ကိုဝလုံးက ဆိုပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အကျဉ်းထောင်ထဲမှာ စာဖတ်ခြင်းဖြင့် စိတ်ဓာတ်မကျအောင် ကုစားနေကြပါတယ်။ အားကစားပြုလုပ်ခြင်း၊ အပင်စိုက်ခြင်းနဲ့ အင်္ဂလိပ်စာသင်ခြင်းတွေနဲ့လည်း အချင်းချင်းဖေးမပြီး ထောင်တွင်းမှာ နေထိုင်နေကြပါတယ်။

“အခုဆို ကိုကျော်စိုးဦးကို အင်္ဂလိပ်စာ သင်ပေးနေပါတယ်။ ညဖက်ဆို စာဖတ်တယ်။ တစ်နှစ်ဆိုတဲ့အချိန်က တအား နှမြောဖို့ကောင်းပါတယ်။ ကိုယ့်အတွက်ရော၊ မိသားစုအတွက်ပါ အချိန်တွေ ဆုံးရှုံးနေတယ်”လို့ ကိုဝလုံးက ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးလုံးက လူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာ သူတို့နှစ်ဦးကို တိုင်းပြည်သစ္စာဖောက်လို့ စွပ်စွဲခေါ်ဝေါ်နေကြတာတွေကို ဂရုမစိုက်တော့ပါဘူး။ သူတို့နှစ်ဦး ဖမ်းဆီးထောင်ချခံရတာနဲ့ ပတ်သက်ပြီး အဘက်ဘက်က ဝေဖန်မှုတွေနဲ့ စွပ်စွဲမှုတွေရှိနေပေမယ့် အစိုးရတော့ သူတို့နှစ်ဦးဟာ ဥပဒေချိုးဖောက်ခဲ့တာကြောင့် တရားသူကြီးက ထောင်ဒဏ်ချမှတ်ခဲ့တာလို့ပဲ မှတ်ချက်ပြုခဲ့ပါတယ်။

ကိုကျော်စိုးဦးကတော့ သူ့အနေနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့သာ လိုလားပြီး သူတို့အပေါ် ဝေဖန်တိုက်ခိုက်နေတာတွေကို စိတ်ထဲမထည့်တော့ဘူးလို့ ပြောပါတယ်။ သူ့မိသားစုကိုလည်း အဲဒီဝေဖန်ချက်တွေအပေါ် မခံစားဖို့ ဇနီးသည်ဖြစ်သူ မချစ်စုကို မှာကြားနေတာကို တွေ့ရပါတယ်။

“တသက်လုံး မဟုတ်တာကို မလုပ်ခဲ့ဘူး။ ရာဇဝတ်မှုနဲ့ လွတ်အောင်ကို နေခဲ့တယ်။ အဓိကကတော့ သမီးဖြစ်သူက သူ့အဖေကို ရာဇဝတ်သားလိုမျိုး မြင်သွားမှာကို စိုးရိမ်နေပါတယ်။ သတင်းထောက်အလုပ်ကို သတင်းထောက်လုပ်ရင်း ထောင်ချခံရတာလို့ မမြင်ဘဲနဲ့ပေါ့”လို့ ကိုကျော်စိုးဦးက သူ့စိုးရိမ်မှုတွေကို ပြောပြနေပါတယ်။

ဇနီးဖြစ်သူ မချစ်စုကတော့ ကိုကျော်စိုးဦးဟာ အကျဉ်းထောင်မှာ မိသားစုအတွက် အလုပ်သွားလုပ်နေတာလို့ သူ့သမီး မိုးသင်းဝေဇံကို ပြောပြထားရပြီး သမီးဖြစ်သူ စိတ်ဒဏ်ရာရသွားမှာကို ဖခင်ရော၊ မိခင်ပါ စိုးရိမ်နေကြပါတယ်။

“သမီးလေး အမြဲပြောနေကြစကားက ဖေဖေက သမီးတို့ကိုမချစ်တော့ဘူးလားတဲ့။ အဲဒါကြားတိုင်း စိတ်မကောင်း ဖြစ်ရတယ်။ အဲဒါကြောင့် အလုပ်သွားလုပ်နေတာလို့ ပြောထားရတာ”လို့ မချစ်စုက ပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပြစ်ဒဏ်က လွတ်မြောက်နိုင်ရေးအတွက် သူတို့ရဲ့ရှေ့နေတွေက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံဝင်ထားပြီး ဒီဇင်ဘာ၂၄ ရက်နေ့မှာ အယူခံအတွက် ကြားနာသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုဝလုံးရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးဖြစ်သူ ဟင်္သာမီဒီယာရဲ့ အယ်ဒီတာချုပ် ကိုဉာဏ်လှိုင်လင်းက ရိုက်တာအမှုအပေါ် နိုင်ငံအကြီးအကဲတွေက တရားရေးရဲ့ အဆုံးအဖြတ်အတိုင်း သဘောထားရှိနေတာကို တွေ့ရတဲ့အတွက် စိတ်မကောင်းကြောင်းနဲ့ သတင်းထောက်နှစ်ယောက် ဘယ်လိုဖမ်းဆီးခံရတယ်ဆိုတာကို စဉ်းစားသုံးသပ်သင့်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အခုလိုဖမ်းဆီးခံရတဲ့အတွက် ကာယကံရှင် သတင်းထောက်နှစ်ယောက်နဲ့ သူတို့ရဲ့ မိသားစုတွေ နစ်နာမှုတွေအပေါ် အစိုးရအနေနဲ့ စာနာပေးသင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“NLD အစိုးရ အရင်ခံခဲ့ရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ညဖက်ဆို ဧည့်စာရင်းစစ်သလိုလိုနဲ့ နိုင်ငံရေးသမားတွေကို ဖမ်းသွားတာမျိုးတွေ ရှိခဲ့တယ်။ အခုက တပ်မတော်ရဲ့ သတ်ဖြတ်မှုတွေအပေါ် အစိုးရက ဖုံးကွယ်ပေးချင်လို့ အမှုအပေါ် သဘောထားက အခုလိုရှိနေတာကို တွေ့ရပါတယ်။ သူတို့ကိုဖမ်းထားလို့လည်း ဒီကိစ္စကမပြေလည်သွားဘူး”လို့ ကိုဉာဏ်လှိုင်လင်းက ဆိုပါတယ်။

သတင်းမီဒီယာလောကရဲ့ အမြင့်ဆုံးအဖွဲ့ဖြစ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီအနေနဲ့လည်း ရိုက်တာအမှုအပေါ် ပြီးခဲ့တဲ့ ကောင်စီသက်တမ်းကနေ လက်ရှိ သက်တမ်းအထိ သဘောထားနှစ်မျိုး ကွဲလွဲနေကြဆဲဖြစ်ပါတယ်။

တစ်ဖွဲ့တော့ ရိုက်တာသတင်းထောက်နှစ်ဦးအနေနဲ့ အဲဒီသတင်းကို မရေးသားသင့်ဘူးလို့လည်း သဘောထားရှိနေကြပါတယ်။

ကောင်စီရဲ့ ယခင်သက်တမ်းအပြင် ယခုသက်တမ်းမှာလည်း ပါဝင်တဲ့ ဦးမြင့်ကျော်က အရင်ကောင်စီနဲ့ လက်ရှိ ကောင်စီမှာ ရိုက်တာသတင်းထောက်နှစ်ဦးအပေါ် အမြင်လွဲနေတဲ့လူတွေ ပါဝင်နေပြီး အဲဒီအထဲမှာ လက်ရှိ ဥက္ကဋ္ဌဖြစ်သူလည်း ပါဝင်ကောင်း ပါဝင်နိုင်တယ်လို့ ပြောပါတယ်။

“နိုင်ငံချစ်စိတ်မရှိဘဲ သတင်းရေးခဲ့တယ်ဆိုတဲ့အမြင်က သူ့ (ဥက္ကဋ္ဌ)မှာလည်း ရှိကောင်းရှိနိုင်ပါတယ်”လို့ ကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးမြင့်ကျော်က ဆိုပါတယ်။

လက်ရှိမှာတော့ သတင်းမီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ ရိုက်တာသတင်းထောက် နှစ်ဦးလွတ်မြောက်ဖို့အတွက် တောင်းဆိုမှုတွေ ဆက်တိုက်လုပ်နေသလို အယူခံအပေါ် မျှော်လင့်ချက်တွေရှိနေပါတယ်။ သူတို့နှစ်ဦး လွတ်မြောက်ဖို့အတွက် နိုင်ငံတကာကလည်း မြန်မာအစိုးရကို တိုက်တွန်းနေကြပါတယ်။

မိသားစုဝင်တွေကတော့ မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေမှာ သမ္မတဦးဝင်းမြင့်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမလားဆိုတာကို အဲဒီရက်တွေရောက်တိုင်း စောင့်မျှော်နေကြပါတယ်။

“(၂၀၁၉ ခုနှစ်)လေးလပိုင်း (မြန်မာ့နှစ်သစ်ကူး)မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ဝလုံးတို့ အမြန်ဆုံးလွတ်လာပါစေလို့ ဆုတောင်းနေပါတယ်”လို့ ကိုဝလုံးရဲ့ ဇနီး မပန်းအိမွန်က မိသားစု ပြန်ဆုံရမယ့်ရက်ကို မျှော်လင့်နေရင်းနဲ့ ပြောကြားပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.