တကယ်လက်တွေ့ ဖြစ်မလာရင်တော့ အမှန်တွေ ပြောနေလို့လဲ သိပ်ပြောင်းလဲလာမှာ မဟုတ်ဘူး

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုများကို ၂၀၁၂ ခုနှစ်မှစ၍ ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်လာခဲ့ရာ ၂၀၁၇ ခုနှစ်တွင်မူ ဆွီဒင်နိုင်ငံမှ အကူအညီ အထောက်အပံ့များ ရရှိလာသဖြင့် လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လာသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို မြန်မာနိုင်ငံမှ အတိအကျ လိုက်နာဆောင်ရွက်ရေးကို အဓိကအာရုံထား၍ လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရအနေဖြင့် အပြောများကို အလုပ်ဖြစ်လာအောင် လုပ်ပြရန်လိုအပ်ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr. Troels Vesters က Frontier က သောမတ်စ်ကင်န်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသဘောတူညီချက် (UNCAC) ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်မှာပါဝင်တဲ့ အချက်တွေကို မြန်မာနိုင်ငံက လိုက်နာနိုင်အောင် မြန်မာအစိုးရနဲ့ ဘယ်လိုပူးပေါင်းလုပ်ကိုင်နေပါသလဲ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး သဘောတူညီချက် အဖွဲ့ဝင် အခြားနိုင်ငံနှစ်ခုရဲ့ သုံးသပ်ချက်လို့ ခေါ်တွင်တဲ့ သုံးသပ်ချက်တစ်ခုကို မြန်မာအစိုးရထံ ယခင်နှစ်က ပေးပို့ခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံတကာ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အချက်တွေကို ထောက်ပြပြီး အကြံပြုချက်တွေ ပေးပို့ခဲ့ပါတယ်။ အဲဒီအထဲကတချို့ကို တဆင့်ပြီးတဆင့် ဥပဒေပြဋ္ဌာန်း အကောင်အထည် ဖော်နေပါတယ်။ ဥပမာ အကြံပြုချက်ထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ရာဇဝတ်သား လွှဲပြောင်းပေးအပ်ရေး ဥပဒေကို ဇူလိုင်လထဲမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ မြန်မာအစိုးရဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကိုလည်း အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စတစ်ခုတည်းကိုသာမက သြဇာအာဏာ အရှိန်အဝါကို အလွဲသုံးစားလုပ်ခြင်းနဲ့ ဖိအားပေးငွေညှစ်ခြင်းတွေကိုပါ ဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။ ဒါဟာ အလွန်အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

လောလောဆယ်မှာ မြန်မာအစိုးရဟာ မိမိကိုယ်ကို အကဲဖြတ်သုံးသပ်မှုတွေကို ကျွန်တော်တို့နဲ့ အတူတကွ လုပ်ဆောင်နေပါတယ်။ အမှန်ပြောရရင် အစိုးရကဏ္ဍအားလုံး၊ အထူးသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သာမက နိုင်ငံခြားရေးဝန်ကြီးဌာနနနဲ့ အခြားဌာနတွေက ဒီသုံးသပ်ချက်တွေကို အလေးအနက် လုပ်ဆောင်နေကြပါတယ်။ ဘယ်နေရာမှာမှ ပိတ်ဆို့ထားတာ မရှိပါဘူး။ ခြုံကြည့်ရင် တဆင့်ချင်း ချည်းကပ်တဲ့နည်းနဲ့ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေပါတယ်။

၂၀၁၄ ခုနှစ်ကစပြီး အဂတိလိုက်စားမှုဆိုင်ရာ ဥပဒေကို ပြင်ဆင်လာတာ သုံးကြိမ်ရှိပြီ။ ဒီအပြောင်းအလဲတွေရဲ့ အနှစ်သာရက ဘာလဲ။

အရေးအကြီးဆုံး အပြောင်းအလဲကတော့ အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျယ်ပြန့်အောင် တိုးချဲ့လိုက်ခြင်းပါပဲ။ တခြားအရာတွေကတော့ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ အသက်ကန့်သတ်ချက်နဲ့ ကော်မရှင်မှာ အဖွဲ့ဝင် ဘယ်နှစ်ဦးအထိ ပါဝင်သင့်တယ် ဆိုတာတွေပါ။ ဒါတွေက ကမ္ဘာပေါ်က နိုင်ငံအသီးသီး သူတို့ကိုယ်တိုင် ဆုံးဖြတ်ကြရမယ့်ဟာတွေပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သဘောတူညီချက်မှာ အစိုးရတွေအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းထားရှိဖို့ ပါရှိပါတယ်။ ဒါပေမဲ့ အဲဒီကော်မရှင်ရဲ့ ပုံသဏ္ဍာန်နဲ့ အခန်းကဏ္ဍကတော့ အစိုးရအသီးသီးရဲ့ သူတို့သဘောထားပေါ်မှာသာ မူတည်ပါတယ်။

တချို့အစိုးရတွေ ဖွဲ့စည်းတဲ့ ကော်မရှင်တွေဟာ အဂတိလိုက်စားမှု ကာကွယ်ရေးအလုပ်ကိုသာ လုပ်ကြရပြီး စုံစမ်းစစ်ဆေးဖို့ အခွင့်အာဏာ လုပ်ပိုင်ခွင့်တွေ မရှိကြပါဘူး။ မြန်မာနိုင်ငံက ဒါမျိုးမဟုတ်ပါဘူး။ ကော်မရှင်ကို စုံစမ်းစစ်ဆေးဖို့ လုပ်ပိုင်ခွင့် အာဏာတွေ အမှန်တကယ် ပေးထားပါတယ်။ ဒါပေမယ့် လောလောဆယ်အချိန်မှာ တကယ် လုပ်ဆောင်နိုင်စွမ်း မရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခုလုပ်နေတာက စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိသူတွေနဲ့ ဝန်ထမ်းတွေကို သင်တန်းပို့ချပေးဖို့ လိုအပ်တာတွေကို အကဲဖြတ်သုံးသပ်နေပါတယ်။ ဒါတွေ လုပ်ပြီးရင်တော့ စုံစမ်းစစ်ဆေးရေး သင်တန်းတွေ ပို့ချပေးပါတော့မယ်။

မနှစ်က ပြန်လည်သုံးသပ်ချက်အရ အဂတိတိုက်ဖျက်ရေးဥပဒေကို နောက်ထပ် ပြင်ဆင်မှုတွေလုပ်ဖို့ အကြံပေးထားတယ်လို့ သိရတယ်။ ဒီအကြံပြုချက်အတိုင်း ဆောင်ရွက်တာ မတွေ့ရသေးပါဘူး။ ဥပဒေမူကြမ်း ရေးဆွဲနေတယ်လို့ ခင်ဗျားကြားမိလား။

ဟုတ်ပါတယ်။ ပြန်ဆွဲနေကြပါတယ်။ ကော်မရှင်ထဲမှာရော၊ အစိုးရအဖွဲ့ရဲ့ အခြားအပိုင်းတွေမှာရော ထောက်ခံ အကြံပြုချက်တွေကို ပြန်လည် သုံးသပ်နေကြပါတယ်။ ဥပဒေမူကြမ်းဟာ လွှတ်တော်ကို တင်တော့မှာပါ။ အဲဒီ ဥပဒေ မူကြမ်းကိုတော့ UNODC က မကြည့်ရသေးပါဘူး၊ တခြားဘယ်သူမှလဲ မကြည့်ရသေးဘူး။ လောလောဆယ် အချိန်မှာ ပြောတာပါ။ ကြည့်ဖို့လဲ လိုတော့မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ထောက်ခံအကြံပြုချက်တွေ လုပ်ခဲ့တာက ကျွန်တော်တို့ဘဲလေ။

ဒီကော်မရှင်ဟာ ကုလသမဂ္ဂ သဘောတူညီချက်နှင့်အညီ ဆောင်ရွက်ချင်တယ်ဆိုတာကို ကျွန်တော်တို့ လုံးဝယုံကြည်တယ်။ ဥပဒေမူကြမ်းကလည်း ထွက်လာတော့မှာပါ။ ဒါပေမဲ့ ဥပဒေရေးဆွဲတာက တစ်ကဏ္ဍ၊ နောက် ဆက်လုပ်ရမှာက ဒီဥပဒေကို အကောင်အထည် ဖော်ဖို့ဘဲ။ ဒါကြောင့် ထွက်လာမယ့်ဥပဒေပုံစံကို ကြည့်ပြီး လေ့ကျင့်သင်တန်းတွေ ပေးရမှာဘဲ။

ကော်မရှင်က ဝန်ထမ်းတွေနောက်ထပ် တိုးခန့်ထားပေးဖို့ မေတ္တာရပ်ခံထားတယ်။ ဒီလိုစုံစမ်းစစ်ဆေးမှုမျိုးဆိုတာ သဘာဝအရကို အလွန်ကျယ်ပြန့်တယ်။ ဝန်ထမ်းအရေအတွက်က သိပ်နည်းလွန်းနေတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယုံကြည်စိတ်ချရပါ့မလား။

ဒီမေးခွန်း ဖြေရမယ့်လူက ကျွန်တော်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆို လောလောဆယ်မှာ လမ်းကြောင်းမှန်အတိုင်း လုပ်ကိုင် ဆောင်ရွက်နေကြတာကို တကယ်မြင်တွေ့နေရလို့ပါဘဲ။ လုပ်စရာတွေကတော့ အများကြီးရှိတာပေါ့။ ဒါပေမယ့် ကော်မရှင်ဟာ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ဘာမှမလုပ်သေးဘူးလို့ ပြောရင်တော့ တရားမျှတလိမ့်မယ်မဟုတ်ဘူ။

ကော်မရှင်က မကြာခင်က အမှုဖွင့်လိုက်တဲ့ အမှုတွေကိုကြည့်ရင် တရားသူကြီးတွေနဲ့ အထက်တန်းရဲအရာရှိတွေ ပါဝင်နေတော တွေ့ရမယ်။ ဒီတော့ အာဏာပါဝါရှိသူတွေကို မထိမတို့သေးပါဘူးလို့ပြောရင် တရားမျှတလိမ့်မယ် မဟုတ်ဘူး။ သူတို့ လုပ်နေကြပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကိုသာ စောင့်ကြည့်ကြရုံပဲရှိတယ်။ မြန်မာလူထုနဲ့ မြန်မာ့ဌာနဆိုင်ရာ အဖွဲ့အစည်းတွေဟာ ဒီပြဿနာကို လေးလေးနက်နက် ကိုင်တွယ်လာကြပြီလို့ ကျွန်တော် ယူဆပါတယ်။

ကျွန်တော်ပြောတဲ့ ယုံကြည်မှုဆိုတာက လူထုအမြင်ကို ပြောတာပါ။ အကယ်၍ လူထုက ကော်မရှင်ဟာ မထိရောက်ဘူးလို့ ထင်နေရင် သူတို့အထင်မှားနေရင်သော်မှ ကော်မရှင်ရဲ့ အလုပ်ကို မထိခိုက်ဘူးလား။ အဲဒီလိုဆိုရင် ခင်ဗျားဘယ်လိုလုပ် ထောက်ခံတော့မှာလဲ။ အကောင်ကြီးကြီးတစ်ယောက် ရုံးတင်ခံရတာမျိုး လိုအပ်မယ်မဟုတ်ဘူးလား။

အဲဒီအမြင်လဲ မဆိုးပါဘူး။ အဓိက အမှုကြီးကြီး စုံစမ်းစစ်ဆေးမှုကြီးတွေ ဖြစ်ပေါ်လာရင် လူထုယုံကြည်မှု ပြန်ရလာမယ်။ ဒါမျိုး အင်ဒိုနီးရှားမှာ ဖြစ်ခဲ့တယ်။ အမှုကြီးကြီးတွေ သူတို့ဖော်ထုတ် စစ်ဆေးနေကြတယ်။

ဒါပေမဲ့ တစ်ခုတော့ သတိပြုစေချင်တယ်။ မြန်မာပြည်က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အဓိကခြားနားမှုတွေရှိတယ်။ ကျွန်တော်က အင်ဒိုနီးရှားနဲ့ နှိုင်းယှဉ်ပြောရတာက အဲဒီက လုပ်ပုံလုပ်နည်းတွေက အကောင်းဆုံးဘဲ။ အင်ဒိုနီးရှားက အရပ်ဖက်အဖွဲ့အစည်းတွေဟာ အဂတိလိုက်စားမှုအပေါ် အလွန်ပြတ်သားကြတယ်။ ဘယ်ဟာက အဂတိ၊ ဘယ်ဟာက အဂတိ မဟုတ်ဘူးဆိုတာကို ကောင်းကောင်းသိကြတယ်။ သူတို့ဟာ မျက်ခြေမပြတ် စောင့်ကြည့်နေကြသူတွေ ဖြစ်တယ်။ မြန်မာ့အရပ်ဖက် အဖွဲ့အစည်းတွေ ဒီလိုလုပ်နိုင်စွမ်း မရှိကြဘူး။ မှန်ပါတယ်။ မြန်မာ့အရပ်ဖက် အဖွဲ့အစည်းတွေဟာ အဂတိလိုက်စားမှုကို အလေးထားပြီး စိုးရိမ်စိတ်ရှိကြပါတယ်။ ဒါပေမဲ့ အဂတိလိုက်စားမှုဆိုတာ ဘာဆိုတာကို ပြည့်ပြည့်ဝဝ နားမလည်ကြသေးဘူး။ သူတို့ရဲ့ လုပ်ဆောင်မှုယန္တရားနဲ့ သူတို့ရဲ့ အခန်းကဏ္ဍကိုလည်း နားမလည်ကြသေးဘူး။

UNCAC ကို ပြန်လည်သုံးချက်တာအပြင် ခင်ဗျားတို့ အခြားစီစဉ်ထားတဲ့ လုပ်ငန်းတွေရှိသေးလား။

အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ မဟာဗျူဟာတစ်ခု ရေးဆွဲချမှတ်ဖို့ ကော်မရှင်ထံ တရားဝင် အဆိုပြု တင်ပြထားပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရတဖွဲ့လုံးပါဝင်တဲ့ နည်းလမ်းတစ်ခု လိုအပ်လို့ပါပဲ။ အစိုးရက ချည့်နဲ့နေပြီး ကော်မရှင်ကချည်းဘဲ အားကောင်းမောင်းသန် ဖြစ်နေလို့ အလုပ်မဖြစ်သေးဘူး။ ဘယ်လိုလုပ်မယ်ဆိုတာကို သူတို့ထံ တင်ပြမယ်။ သူတို့ လက်ခံလိမ့်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲမှာ အစိုးရအပြည့်အဝ ပါဝင်ပတ်သက်ဖို့ လိုတယ်။ ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေး၊ သစ်တော၊ ပတ်ဝန်းကျင် အားလုံးပါဝင်လာဖို့လိုတယ်။

ကျွန်တော်တို့ မကြာခဏပြောနေကြတဲ့ အကြီးစား အဂတိလိုက်စားမှုကြီးတွေနဲ့ လူတွေအများကြီး လုပ်နေကြပြီး အဂတိလိုက်စားမှုလို့တောင် မထင်တဲ့ အသေးအဖွဲ အဂတိလိုက်စားမှုတွေကို ခင်ဗျားဘယ်လို ခွဲခြားပြီးဦးစားပေးမလဲ။

ဒီနှစ်ခုကြား စည်းခြားထားပြီး ဒီနှစ်ခုကိုကိုင်တွယ်ပုံကလည်း လုံးဝခြားနားလိမ့်မယ်။ အပ်ကြောင်းထပ်နေတဲ့ အချက်ကိုပဲ ခုတခါ ထပ်ပြောရဦးမယ်။ မြန်မာနိုင်ငံမှာ အစိုးရရဲ့ ဝန်ထမ်းလစာတွေက သိပ်နည်းလွန်းတယ်။ ကလေး နှစ်ယောက်ရှိတဲ့ မိသားစုမှာ မိခင်လုပ်သူက မကျန်းမမာဖြစ်နေရင် ခင်ဗျားစဉ်းစားကြည့်၊ ဘယ်လိုလုပ် အသက်ရှင် ရပ်တည်ကြတော့မှာလဲ။

နောက်တစ်ခုကတော့ အကြီးစားအဂတိလိုက်စားမှု၊ ဒါကတော့ အိမ်က ကလေးငိုနေလို့ လုပ်ရတာမဟုတ်ဘူး။ လောဘကြီးလို့ လုပ်နိုင်တဲ့၊ လက်လှမ်းမှီနေပြီး လုပ်နိုင်တဲ့ သြဇာအာဏာလဲရှိလို့ လုပ်ကြတာ။ မြန်မာပြည်မှာ ဒီနှစ်မျိုးလုံး ဖြစ်နေတယ်။ ဒါတွေကို ကိုင်တွယ်ဖို့ မှန်ကန်တဲ့ဥပဒေ ပြဋ္ဌာန်းပြီး ရှိရမယ်။ စုံစမ်းစစ်ဆေးမည့်သူတွေ၊ တရားစွဲဆိုမယ့်သူတွေ လုံလုံလောက်လောက် ရှိရမယ်။ ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်းစဉ်လည်း ရှိဖို့လိုတာပေါ့။ မျှတတဲ့ စစ်ဆေးမှုတော့ ဖြစ်ရပါမယ်။ ပြစ်မှုဆိုင်ရာ တရားစီရင်မှုတစ်ခုလုံး အကြုံးဝင်ပါတယ်။ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုအပိုင်း တစ်ခုတင် ပြင်ဆင်လို့မရပါဘူး။ မလုံလောက်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ တစုံတရာ လုပ်ဆောင်ဖို့ အမှန်တကယ် ဆန္ဒရှိရပါမယ်။ ဒီလိုမှမဟုတ်ရင် တခြားနေရာတွေမှာ ပြိုကျပျက်စီးနေလိမ့်မယ်။

လောလောဆယ်မှာ ပြဿနာတစ်ခုက ကျွန်တော်နားလည်သလောက်တော့ ဥပဒေက လာဘ်ပေးတာကို ရာဇဝတ်မှုမြောက်တယ်လို့ ဆိုမထားဘူး။

မှန်ပါတယ်။ ဥပဒေတွေ အတော်များများက တစ်လမ်းသွားဘဲ ဖြစ်နေတယ်။ အဂတိလိုက်စားတဲ့ အစိုးရအရာထမ်းကိုဘဲ ဦးတည်ထားတယ်။ အကူအညီပေးဖို့ လာဘ်ထိုးတဲ့ကုမ္ပဏီ၊ အပိုလိုင်စင်ချပေးဖို့ လာဘ်ထိုးတဲ့ကုမ္ပဏီကိုတော့ ပစ်မှတ်ထားတာ မတွေ့ရဘူး။ ဒါတွေ ပြဋ္ဌာန်းပေးဖို့လိုတယ်။

မကြာမီက အင်တာဗျူးတစ်ခုမှာ အဂတိတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသင်းမောင်က ပြောတယ်။ လာဘ်ပေးသူကို ပြစ်မှုမြောက်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် တိုင်ကြားစာတွေ တစ်ခုမှရမှာ မဟုတ်တော့ဘူးတဲ့။ ခင်ဗျားအဲဒါကို သဘောတူလား။

တိုင်ကြားပုံတမျိုးမျုးိအတွက်တော့ သူပြောတာဟာ အတိုင်းအတာတစ်ခုအထိ မှန်ပါတယ်။ ဒါပေမဲ့ ကျှွန်တော်ထင်ပါတယ်။ ဥပဒေကိုသာ ပြင်လိုက်ရင် တိုင်စာတွေဟာ အခြားရင်းမြစ်အမျိုးမျိုးက ရောက်လာပါလိမ့်မယ်။ ဒီဥပဒေနောက်က သက်သေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပါလာရမယ်။ ခိုင်မာအားကောင်းတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ရှိရမယ်။ အလွန်ဖြောင့်မတ်မှန်ကန်တဲ့ အစိုးရအရာထမ်းတွေ ရှိရမယ်။ အစိုးရအရာရှိတွေ ကိုယ်တိုင်ကလည်း တိုင်ကြားနိုင်လို့ပဲ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) ကုမ္ပဏီတစ်ခုဟာ လာဘ်ထိုးဖို့ ကြိုးစားနေရင် (သို့မဟုတ်) ကြံရွယ်နေရင် နောက်ပြီး သက်ဆိုင်ရာအစိုးရ အရာရှိက လာဘ်ယူဖို့ ငြင်းဆန်ခဲ့ရင် ဒီအမှုကို ကော်မရှင်တိုင်နိုင်တာဘဲ။ ကျွန်တော်ထင်တယ်။ ဥပဒေကို ပြင်လိုက်ရင် တုန့်ပြန်မှုအသစ်တွေ အများကြီး ပေါ်ထွက်လာမယ်ထင်ပါတယ်။

ခုချိန်မှာတော့ တိုင်တဲ့လူရှိမှ စုံစမ်းစစ်ဆေးတဲ့ အခြေအနေဖြစ်နေပုံရတယ်။ ကော်မရှင်ကိုယ်တိုင်က ဦးစီးဦးဆောင်လုပ်ပြီး စုံစမ်းတာ၊ ထောက်လှမ်းတာတွေ လုပ်ပုံမရသေးဘူး။

အဲဒီအတိုင်းဘဲ ဖြစ်နေတယ်။ အဲဒါကြောင့် ခက်နေတာပေါ့။ လောလောဆယ်မှာ တစ်ယောက်ယောက်က တိုင်ဖို့ လိုနေတယ်။ ကျွန်တော်တို့လဲ သူတို့နဲ့ ပူးပေါင်းလုပ်နေပါတယ်။ ကော်မရှင်ကိုယ်တိုင် အမှုဖွင့်နိုင်အောင် အကြံပြုထားတယ်။ အထူးသဖြင့် အခြားအစိုးရအရာရှိတစ်ယောက်က အကြောင်းကြားလာရင်ပေါ့။ ခုချိန်မှာတော့ တစုံတယောက်ဆီက အမှန်တကယ် တိုင်ကြားစာရမှ ဆောင်ရွက်တဲ့သဘော ဖြစ်နေတာပေါ့။ လောလောဆယ်မှာ ကော်မရှင်ဟာ တိုင်စာအမှုတွေနဲ့ ပိနေတယ်။ တိုင်စာအမှုတွေကို အလျင်အမြန် သုံးသပ်စစ်ဆေးနိုင်ဖို့ လိုနေတယ်။ ဘယ်ဟာတွေက အရေးကြီးသလဲ၊ ဘယ်ဟာတွေက အရေးမပါသလဲ၊ ဘယ်သူ့ကို လွှဲအပ်တာဝန်ပေးမလဲ။

အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို ဖျက်ဆီးဖို့ အကောင်းဆုံးနည်းလမ်းဟာ သူငယ်ချင်းအပေါင်းအသင်းတွေ ထောင်နဲ့ချီရှာပြီး၊ ကော်မရှင်ထံ တိုင်စာတွေ ထောင်နဲ့ချီပို့ပေးပြီး ကော်မရှင်ကို တိုင်စာတွေနဲ့ နှစ်မြှုပ်ဖို့ သတ်တဲ့နည်းဘဲ။ ကမ္ဘာပေါ်မှာ ဒီနည်းနဲ့ ကော်မရှင်ကိုသတ်နေတဲ့ နေရာတွေရှိနေတယ်။ ဒီလိုလုပ်လို့ရတယ်၊ ဘာလို့လဲဆိုတော့ ကန့်သတ်ချက် မထားလို့ဘဲ အရေးမပါတဲ့ အသေးအမွှားကိစ္စတွေလဲ တိုင်စာပို့နိုင်နေတယ်။

အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး NLD အစိုးရဟာ ဘယ်နေရာမှာ တိုးတက်မှုတွေရခဲ့ပြီလဲ။ ဘယ်နေရာတွေမှာ ရှေ့မတိုးဘဲ ဖြစ်နေသလဲ။ နောက်ပြန်ဆုတ်သွားနေတာရှိလား။

နောက်ပြန်သွားနေတယ်လို့ မထင်ပါဘူး။ အစိုးရအဖွဲ့ဝင်တွေ များစွာက ဖြစ်သင့်တာတွေ ပြောနေကြတာဘဲ၊ သူတို့မှာ ပြင်းပြတဲ့ဆန္ဒတွေ ရှိကြပါတယ်။ ဒါပေမဲ့ တကယ်အောင်မြင်မှုရအောင်ဆိုရင် တိုးချဲ့လုပ်ဆောင်ကြဖို့လိုတယ်။ လုပ်သင့်တာတွေ ပြောနေရုံနဲ့ လက်တွေ့မှာ ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး။ လုပ်နည်းကိုင်နည်း၊ အမှုတွေ စစ်ဆေးဖို့ တရားစွဲဖို့ ကော်မရှင်ကလိုအပ်တဲ့ ဘတ်ဂျက်ချပေးဖို့ ဒါတွေလိုသေးတယ်။

ကော်မရှင်မှာ ဝန်ထမ်းအင်အားက မလုံလောက်၊ ရင်းမြစ်တွေက လုံလုံလောက်လောက်မရှိ၊ ကားမောင်းဖို့ ဓာတ်ဆီတောင် လုံလုံလောက်လောက် မရှိနဲ့ ထော့ကျိုးလျှောက်နေရတဲ့ ကော်မရှင်၊ ဓာတ်ဆီအတွက်တောင် ဘတ်ဂျက်မရှိဆိုရင် စုံစမ်းစစ်ဆေးမဲ့ အရာရှိတွေ ဘယ်လိုလှုပ်ရှား လုပ်ကိုင်ကြရမလဲ။ ဒါကြောင့် ကော်မရှင်မှာ ဝန်ထမ်းအလုံအလောက် သုံးစွဲဖို့ ဘတ်ဂျက်အလုံအလောက်ကို နိုင်ငံတော်ဘတ်ဂျက်က ချထားပေးရပါမယ်။

ဒါဟာ တကယ့်ဖြစ်ရပ် ဥပမာဘဲလား။ အဂတိတိုက်ဖျက်ရေး ကော်မရှင်မှာ သူတို့ကားတွေအတွက်တောင် ဓာတ်ဆီမရှိကြဘူးလား။

ဒါက ဒီကော်မရှင်အတွက်သာ ဥပမာမဟုတ်ဘူး၊ အရှေ့တောင်အာရှက နိုင်ငံအတော်များများမှာ မူးယစ်ဆေးအမှု၊ အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှုတွေ စုံစမ်းရေးမှာ ဒီအတိုင်း ဖြစ်နေကြတာဘဲ။ မြန်မာနိုင်ငံတခုတည်း မဟုတ်ဘူး။ လာအိုမှာလဲ ဒီအတိုင်းဘဲ။ နိုင်ငံတော်ဘတ်ဂျက်ကို အားဖြည့်ပေးမယ့် နိုင်ငံခြားအလှူရှင်တွေ ပေါ်မလာဘူးဆိုရင်၊ ဒါမှမဟုတ် ဥပဒေအတိုင်း လိုက်နာအောင် လုပ်ဆောင်ပေးမယ့် အဖွဲ့အစည်းတွေ မရှိဘူးဆိုရင် လုပ်ငန်းလည်ပတ်မှု ရံပုံငွေကို ဖြည့်တင်းထောက်ပံ့ပေးမှုမရှိရင် စုံစမ်းစစ်ဆေးမှုတွေ စောစောစီးစီး ရပ်တန့်သွားမှာဘဲ။ နိုင်ငံတော်ဘတ်ဂျက်ကမှ မရှိဘဲကိုး။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ-တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.