ဆလိုင်းတင်မောင်ဦး (ဝါ) အာဏာရှင်ကို ဒူးထောက်ဖို့ ငြင်းဆန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်

၁၉၇၆ ခုနှစ်က အင်းစိန်ထောင်ထဲမှာ ကြိုးပေးကွက်မျက်ခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦးဟာ အာဏာရှင်လက်အောက်မှာ ကြိုးပေးခံခဲ့ရတဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင်ဖြစ်ပါတယ်။ အာဏာရှင်တွေကို ဒူးမထောက်ခဲ့တဲ့ သူ့ရဲ့ ပြောစကားကလည်း ထင်ရှားလှပါတယ်။ ဒါကတော့ “You can kill my body. But you can never kill my belief and what I stood for” ဆိုတာပဲ ဖြစ်ပါတယ်။

ထွန်းခိုင် ရေးသားသည်။

ရန်ကုန်တက္ကသိုလ်က အသက် ၁၈ နှစ်အရွယ် ရူပဗေဒဒုတိယနှစ်ကျောင်းသား ဆလိုင်းမြတင်ဟာ အရင်နေ့တွေတုန်းကလိုပဲ သူ့မိသားစုနဲ့အတူ ရေဒီယို နားထောင်နေခဲ့ပါတယ်။

ဦးနေဝင်းခေါင်းဆောင်တဲ့ ဆိုရှယ်လစ်အစိုးရကို ထောက်ခံဖို့အတွက် ဝါဒဖြန့်ချိရေး ရေဒီယိုအစီအစဉ်တွေကိုသာ အချိန်အများစု ထုတ်လွှင့်နေပေမယ့် ပုဂ္ဂလိကသတင်းနဲ့ဖျော်ဖြေရေးလုပ်ငန်းတွေ အားလုံးကို ပိတ်ပင်ထားတဲ့ ဆိုရှယ်လစ်ခေတ်မှာ ရေဒီယိုကတစ်ခုတည်းသော ဖျော်ဖြေရေးပစ္စည်းဖြစ်ခဲ့ပါတယ်။

“၁၉၇၆ ခုနှစ်၊ မတ် ၂၂ ရက်ရဲ့ ည ၈ နာရီသတင်းများကို ထုတ်လွှင့်ပါတော့မယ်”ဆိုပြီး မြန်မာ့အသံက ကြေညာခဲ့တဲ့နောက်မှာ ဆလိုင်းမြတင်တို့ မိသားစုရဲ့ ဘဝတွေ ပျက်စီးဖို့ စတင်လာပါတော့တယ်။

အရင်နေ့တွေက ဆိုရှယ်လစ်ပါတီဝင်တွေနဲ့ စစ်ဗိုလ်ချုပ်တွေအကြောင်းသာထုတ်လွှင့်လို့ ပျင်းရိဖွယ်ကောင်းတဲ့ ရေဒီယိုသတင်းဟာ အဲဒီနေ့မှာတော့ သူတို့ မိသားစုအတွက် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ပါတယ်။

အစိုးရရဲ့ ရေဒီယိုသတင်းခေါင်းကြီးပိုင်းမှာ ဆလိုင်းမြတင်ရဲ့ အကိုဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးကို အစိုးရ ထောက်လှမ်းရေးတွေ ဖမ်းမိလိုက်ပြီဆိုပြီး ကြေညာသွားခဲ့ပါတယ်။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်းနောက်ပိုင်း သတင်းပျောက်နေခဲ့တဲ့ သူ့ရဲ့အကိုဖြစ်သူ ဆလိုင်းတင်မောင်ဦးရဲ့သတင်းကို နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆလိုင်းမြတင်ကြားခဲ့ရတာဖြစ်ပါတယ်။

သူ့အကို ဆလိုင်းတင်မောင်ဦးဟာ ဦးနေဝင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ၁၉၇၄ ဦးသန့်အရေးအခင်းလို့ လူသိများတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဈာပနအခမ်းအနားကို အကျဉ်းချုံးစီစဉ်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ သူတို့မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာတွေလေးစားကြတဲ့ စာဆိုတော် သခင်ကိုယ်တော်မှိုင်း အသက် ၁၀၀ ပြည့် မှိုင်းရာပြည့် လှုပ်ရှားမှုကို ၁၉၇၆ ခုနှစ်၊ မတ် ၂၃ ရက်နေ့မှာ ကျင်းပဖို့ ကြိုးစားနေတုန်း အဲဒီနေ့မတိုင်ခင်တစ်ရက်မှာပဲ ဆလိုင်းတင်မောင်ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အကိုဖြစ်တဲ့သူကို အစိုးရအရာရှိတွေ ဖမ်းမိသွားတဲ့သတင်းကို ကြားခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတယောက်ဟာ ရှည်လျှားလှတဲ့ညတာကို ဖြတ်သန်းပြီး နောက်တစ်နေ့ မိုးလင်းချိန်မှာတော့ သူတို့မိသားစု ဘဝဆိုး စတင်တော့မယ့်နေ့ရက်တွေကို စတင်ရင်ဆိုင်လိုက်ရပါတော့တယ်။

ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့အခမ်းအနားကို ရန်ကုန်ကုန်မြို့မှာ ဇွန် ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဓာတ်ပုံ- တေဇလှိုင်

ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့အခမ်းအနားကို ရန်ကုန်ကုန်မြို့မှာ ဇွန် ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဓာတ်ပုံ- တေဇလှိုင်

အကိုဖြစ်သူ ဆလိုင်းတင်မောင်ဦးထိန်းသိမ်းခံရပြီး နောက်တစ်ရက်မှာ သူတို့မိဘနှစ်ပါးကို အစိုးရအရာရှိတွေက ထပ်မံထိန်းသိမ်းလိုက်ပါတော့တယ်။ တပ်မတော်အရာရှိဟောင်းဖခင်နဲ့ သူနာပြုဆရာမ မိခင်တို့ကို ဘယ်ခေါ်သွားမှန်း ဆလိုင်းမြတင်တယောက် မသိခဲ့ပါဘူး။

အဲဒီနေ့မှာပဲ မှိုင်းရာပြည့်အရေးအခင်းကို ကျောင်းသားတွေ ဦးဆောင်ခဲ့ကြပြီး ဆလိုင်းတင်မောင်ဦးရဲ့ အခြားညီနဲ့ ညီမနှစ်ယောက်ကလည်း သူတို့အကို စီစဉ်ခဲ့တဲ့အတိုင်း ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆလိုင်းမြတင်က မိဘတွေအဖမ်းခံရတဲ့အကြောင်းကို ဆန္ဒပြပွဲက သူ့ညီနဲ့ ညီမကို ပြောကြားခဲ့ပြီးနောက် အိမ်မှာကျန်နေခဲ့တဲ့ အသက် ၁၀ နှစ်အောက် ညီအကို မောင်နှစ်မ သုံးယောက်ကိုစောင့်ရှောက်ဖို့ ရန်ကုန်တက္ကသိုလ်နား လှိုင်မြို့နယ်မှာရှိတဲ့ သူ့အိမ်ကိုပြန်လာခဲ့ပါတယ်။ အိပ်ပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့ကို အစိုးရအရာရှိတွေက လာခေါ်သွားပါတော့တယ်။

“ထောက်လှမ်းရေးတွေက သူတို့လက်ထဲ သုံးရက်လောက်ထားပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်”လို့ ဆလိုင်းမြတင်က ပြောပါတယ်။

သူ့ကို နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထိန်းသိမ်းခံရတဲ့ ကျောင်းသားတွေနဲ့အတူ အင်းစိန်ထောင်ထဲမှာ ထားခဲ့ပေမယ့်  သူ့မိဘတွေနဲ့ အကိုဖြစ်သူ ဆလိုင်းတင်မောင်ဦးကိုတော့ မတွေ့ခဲ့ရပါဘူး။

အင်းစိန်ထောင်ထဲမှာ သုံးလကြာ ထိန်းသိမ်းထားခဲ့ပြီးတဲ့နောက် ၁၉၇၆ ခုနှစ်၊ ဇွန် ၂၅ ရက်နေ့၊ နံနက်ပိုင်းမှာတော့ ဆလိုင်းမြတင်ကို ထောင်အာဏာပိုင်တွေက အကျဉ်းထောင်ထဲမှာ အသုံးပြုနေတဲ့ပစ္စည်းတွေ သိမ်းဆည်းဖို့ လာရောက် အကြောင်းကြားပါတော့တယ်။

“ကျွန်တော့်ကို ဘာအပြစ်မှမရှိလို့ ပြန်လွှတ်ပြီးလို့ ထင်ခဲ့တယ်”လို့ ဆလိုင်းမြတင်က ပြောပါတယ်။

ဒါပေမယ့် အင်းစိန်ထောင်ဘူးဝရှေ့ရောက်တော့ သုံးလကြာအဆက်အသွယ်ပြတ်နေတဲ့ သူ့အဖေနဲ့ သူ့ညီကို လက်နက်ကိုင်လုံခြုံရေးတွေနဲ့အတူ တွေ့လိုက်ရတော့ ထောင်အာဏာပိုင်တွေမှာ ဘာအစီအစဉ်ရှိမှန်းမသိရပေမယ့် ပြန်မလွှတ်သေးဘူးဆိုတာကိုတော့ သူသဘောပေါက်ခဲ့ပါတယ်။

သူတို့သားအဖသုံးယောက်ကို လက်နက်ကိုင်လုံခြုံရေးတွေက မော်တော်ယာဉ်တစ်စင်းပေါ်တက်ခိုင်းခဲ့ပြီး ဘယ်အရပ်မှန်းမသိတဲ့နေရာဆီကို မောင်းနှင် ခေါ်ဆောင်သွားခဲ့ပါတယ်။

“ထမင်းလဲမကြွေးဘူး။ စကားလဲ ပြောခွင့်မပေးဘူး။ အဖေနဲ့ ညီလေးကိုတွေ့ပေမယ့် အမေနဲ့ ကိုတင်မောင်ဦး (ဆလိုင်းတင်မောင်ဦး)အကြောင်းကိုတော့ မသိခဲ့ရဘူး”လို့ ဆလိုင်းမြတင်က ပြောပါတယ်။

နာရီအတော်ကြာ ခရီးနှင်ပြီးတဲ့နောက်မှာ တောင်ငူထောင်ကို ရောက်သွားခဲ့ပြီး အကျဉ်းထောင်ထဲက အခန်းကျဉ်းလေးထဲမှာ သူတို့သားအဖသုံးယောက်ကို သီးခြားစီ ချုပ်နှောင်ထားလိုက်ပါတော့တယ်။

နောက်မှ ပြန်သိရတဲ့အကြောင်းအရာတစ်ခုကတော့ အဲဒီနေ့မှာပဲ သူ့မိခင်နဲ့ ညီမတို့ကိုလည်း အင်းစိန်ထောင်ထဲကနေ အစောင့်အကျပ်တွေနဲ့ သာယာဝတီထောင်ကို သူတို့ပုံစံအတိုင်း အာဏာပိုင်တွေက ရွှေ့ပြောင်းခဲ့တယ်လို့ ဆလိုင်းမြတင်က ဆိုပါတယ်။

သူတို့မိသားစုထဲက အသက်ငယ်သေးတဲ့ ကလေးတွေကလွဲပြီး အားလုံးကို အစိုးရက ဖမ်းဆီးထားပေမယ့် အစိုးရက အဓိကအလိုရှိနေတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ သတင်းကတော့ ပျောက်ဆုံးနေခဲ့ပါတယ်။

အမှန်ကတော့ ဆလိုင်းတင်မောင်ဦးကို တိတ်တဆိတ် ကြိုးပေးကွပ်မျက်ဖို့အတွက် အာဏာပိုင်တွေက သူတို့မိသားစုတွေကို အင်းစိန်ထောင်ကနေ အဝေးတနေရာကို ရွှေ့ပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။

၁၉၈၈ အရေးအခင်းအစတင်မီ ၁၄ နှစ်ခန့်က ဆိုရှယ်လစ်အာဏာရှင်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားနဲ့ အလုပ်သမားလှုပ်ရှားမှုတွေကို ခေါင်းဆောင်သူတစ်ယောက်ဖြစ်ခဲ့တဲ့ ဆလိုင်းတင်မောင်ဦးကို အာဏာပိုင်တွေက ၁၉၇၆ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့မှာ ကြိုးပေးကွက်မျက်ခဲ့ပါတယ်။

ဆိုရှယ်လစ်အစိုးရကို ဆန့်ကျင်တာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်ကို စွန့်လွှတ်ကြောင်း အသနားခံစာရေးရင် အသက်ရှင်ခွင့်ပေးမယ်လို့ အာဏာပိုင်တွေဘက်က အကြိမ်ကြိမ်ကမ်းလှမ်းမှုကို ငြင်းပယ်ပြီးတဲ့နောက်မှာ ဆလိုင်းတင်မောင်ဦးတစ်ယောက် ကြိုးပေးအသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“အင်္ဂလိပ်ခေတ်ကလည်း ကျောင်းသားတွေ နိုင်ငံရေးလုပ်ခဲ့ကြတာပဲ။ နိုင်ငံရေးလုပ်လို့ ကျောင်းသားတယောက်ကို သေဒဏ်ပေးတယ်ဆိုတာ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဘူး”လို့ ဆလိုင်းမြတင်က ပြောပါတယ်။

တရားရုံးမှာ လွတ်လပ်မျှတတဲ့ ကြားနာစစ်ဆေးမှုကို မပေးရုံသာမက ဆလိုင်းတင်မောင်ဦးကို ကြိုးပေးသတ်ခဲ့တဲ့သတင်းကိုလည်း အာဏာပိုင်တွေက တိတ်တဆိတ်ဘဲ ကွယ်ဝှက်ထားခဲ့ပါတယ်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းက အမှန်အတိုင်းပြောရရင် တအားကြောက်သွားတယ်။ မတရားတဲ့စနစ်ကြီးကို ပြန်ပြီးတော့ တွန်းလှန်ရင် အဲဒီလို ကြိုးပေးပြီး အသတ်ခံရမှာပါလားဆိုတာ ကျွန်တော်သိလိုက်ရတဲ့အချိန်မှာ တော်တော်ကို ကြောက်သွားတယ်” လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့မှာ ပြုလုပ်တဲ့ ဆလိုင်းတင်မောင်ဦးအောက်မေ့ဖွယ်နေ့မှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် သူ့အကြောင်းဟာ နိုင်ငံရေးစိတ်ဝင်စားတဲ့လူငယ်တွေကြားမှာတော့ အာဏာရှင်ကို ဒူးထောက်ဖို့ ငြင်းဆန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးလို့ လူသိများပြီး သူရဲကောင်းပုံပြင်လို လူငယ်တွေကြား ပြန့်နှံ့သွားခဲ့တယ်လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။

ဆလိုင်းတင်မောင်ဦးကို သတ်ဖြတ်ပြီးတဲ့နောက် လအတော်ကြာတဲ့အထိ သူတို့မိသားစုဟာ သူ့ကံကြမ္မာကို မသိခဲ့ရပါဘူး။

ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့အခမ်းအနားကို ရန်ကုန်ကုန်မြို့မှာ ဇွန် ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဓာတ်ပုံ- တေဇလှိုင်

ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့အခမ်းအနားကို ရန်ကုန်ကုန်မြို့မှာ ဇွန် ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဓာတ်ပုံ- တေဇလှိုင်

တက္ကသိုလ်ကျောင်းသားဆလိုင်းမြတင်ဟာလည်း ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မခံယူခဲ့ရတဲ့အတွက် သူ့ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ရပါတယ်။

“ကျွန်တော့်ကို ခုနစ်လလုံးလုံး အိပ်ဖို့အခင်းလည်း မပေးဘူး။ တစ်မိသားစုလုံးကို ကျုပင်ခုတ်ကျူငုတ်မကျန်ဆိုပြီး ရှင်းပစ်တာ။ တော်တော်ရက်စက်ခဲ့ကြတယ်”လို့ ဆလိုင်းမြတင်ကပြောပါတယ်။

ခုနစ်လကြာ ထိန်းသိမ်းထားခဲ့ပြီးတဲ့နောက်မှာ အာဏာပိုင်တွေက ဆလိုင်းမြတင်ကို တောင်ငူထောင်ကနေ အင်းစိန် ထောင်ကို ပြန်ပို့ခဲ့ပါတယ်။

အကျဉ်းချုံးတရားစီရင်မှုအတွင်းမှာ သူ့မိဘနှစ်ယောက်ကို ထောင်ငါးနှစ်စီချခဲ့ပြီး သူ့ညီမမလှမြိုင်ကိုတော့ ထောင်ကိုးနှစ်နဲ့ သူ့ညီ ကိုလှရွှေကိုတော့ ထောင် ခုနစ်နှစ်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဆလိုင်းမြတင်ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဆိုရှယ်လစ်နဲ့ စစ်အစိုးရအဆက်ဆက်ဟာ နိုင်ငံရေးသမားတွေကို ဖိနှိပ်ခဲ့ပေမယ့် သေဒဏ်ပေးတာမရှိဘဲ သူ့အကို ဆလိုင်းတင်မောင်ဦးကိုမှ သေဒဏ်ပေးတာကတော့ သူတို့မိသားစုဟာ ချင်းလူမျိုးဖြစ်နေတာကြောင့်ဖြစ်နိုင်တယ်လို့ ဆလိုင်းမြတင်က ပြောပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသဖြစ်တဲ့ ချင်းပြည်နယ်က လူငယ်တွေဟာ ဆိုရှယ်လစ်အစိုးရလက်ထက်မှာ အလုပ်အကိုင်ရှားပါးမှုကြောင့် လက်နက်ကိုင်ဝန်ထမ်းတွေအဖြစ် အသက်မွေးဖို့ ရွေးချယ်ကြလေ့ရှိပါတယ်။

သစ္စာရှိတဲ့တပ်သားတွေလို့ သတ်မှတ်ခံထားရတဲ့ချင်းလူမျိုး တပ်မတော်အရာရှိဟောင်းတယောက်ရဲ့ သားတစ်ဦးက သူ့ကိုဖြုတ်ချဖို့ ကြိုးစားတာကို ဦးနေဝင်းက အတော်လေးဒေါသဖြစ်ခဲ့ပုံရတယ်လို့ ဆလိုင်းမြတင်က ပြောပါတယ်။

“အခုဆိုလူငယ်တွေက နိုင်ငံခြားပဲ သွားတော့တယ်။ ဆလိုင်းတင်မောင်ဦးကိုကြိုးပေးတာ ချင်းလူမျိုးတိုင်း သိကြတယ်”လို့ ဆလိုင်းမြတင်က ပြောပါတယ်။

အကျဉ်းထောင်ထဲက သူ့မိဘတွေပြန်ထွက်လာချိန်မှာတော့ အစိုးရဝန်ထမ်းအလုပ်တွေကို စွန့်လွှတ်ခဲ့ရပါတယ်။ သူတို့ မိသားစုတွေလည်း ခက်ခဲစွာရုန်းကန်ခဲ့ရပြီး ဘဝကိုဖြတ်သန်းခဲ့ရပါတယ်။

“အာဏာရှင်စနစ်ကိုဆန့်ကျင်ရင်း ကျွန်တော်တို့ မိသားစုတွေလိုမျိုး ဘဝပျက်ခဲ့ရတာ အများကြီးပဲ။ အခုအစိုးရအနေနဲ့လည်း လုပ်နေရတဲ့အလုပ်တွေအများကြီးပဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် တရားမျှတတဲ့ ကုစားမှုပေးဖို့ မျှော်လင့်နေတုန်းပဲ”လို့ ဆလိုင်းမြတင်ကဆိုပါတယ်။

ခေါင်းစီးဓာတ်ပုံ- အကိုဖြစ်သူ ဆလိုင်းတင်မောင်ဦး၏ ဓာတ်ပုံကို ဆလိုင်းမြတင်က ပြသနေစဉ်။ ဓာတ်ပုံ- တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.