ဆင်းရဲဒုက္ခတွေကြားမှ ဆိုရှယ်လစ်ခေတ် ခရီးသွားလုပ်ငန်း

ဒဂုံမြို့နယ်ရှိ ပဒုမ္မာ မြန်မာ့ရိုးရာ စားသောက်ဆိုင်ပိုင်ရှင် ဦးဆန်နီအောင်ခင်က ဆိုရှယ်လစ်ခေတ် မြန်မာနိုင်ငံကို လည်ပတ်ကြည့်ရှုလိုသော နိုင်ငံခြားသား ခရီးသွားများကို ၁၆ နှစ်ကြာအောင် ဘန်ကောက်မှ ပို့လာခဲ့ရသော အတွေ့အကြုံ အပါအဝင် မြန်မာ့ခရီးသွားလုပ်ငန်း၌ နှစ် ၅၀ ကြာ သူ့အတွေ့အကြုံများကို Frontier အပတ်စဉ် မဂ္ဂဇင်းနှင့် ဆွေးနွေးတင်ပြထားပါသည်။

သောမတ်စ် ကင်း(န်) မေးမြန်းသည်။

၁၉၆၀ ပြည့်လွန်အစောပိုင်း နှစ်တွေကစပြီး ခရီးသွားလုပ်ငန်းထဲမှာ ခင်ဗျား နှစ် ၅၀ ကြာ လုပ်ကိုင်ခဲ့တယ်လို့ သိရတယ်။ ဘယ်လိုဘယ်ပုံ စလုပ်ဖြစ်ခဲ့တာလဲ၊ အဲဒီခေတ်ကာလက ရန်ကုန်မှာ လုပ်ကိုင်ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေ သိပါရစေ။

ကျွန်တော်က ၁၉၆၀ မှာ BOAC လေကြောင်းလိုင်း၊ ခုတော့ British Airways မှာ ကိုယ်စားလှယ် လုပ်ရာက ကျွန်တော်ရဲ့ ခရီးသွားလုပ်ငန်း ဘဝကို စတင်ခဲ့တယ်။ အဲဒီနောက် Air France မှာ အရောင်းကိုယ်စားလှယ်အဖြစ် ၁၉၇၁ – ၁၉၇၇ အထိ လုပ်ကိုင်ခဲ့တယ်။ အဲဒီခေတ်က လေကြောင်းလိုင်း လက်မှတ် အရောင်းကိုယ်စားလှယ်တွေက အစိုးရဌာနတွေနဲ့ သံရုံးတွေကို ခြေတိုအောင် လျှောက်သွားပြီး ကိုယ့်လေကြောင်းလိုင်းမှာ စီးကြရအောင် ကြိုးစားရတယ်။ အဲဒီခေတ်က ဈေးလျှော့ထားတဲ့ လေယာဉ်လိုင်းတွေ မရှိသေးဘူး။

ကျွန်တော့် တာဝန်က မနက်တိုင်း ဗီအိုင်ပီ ဖောက်သည်တွေကို မင်္ဂလာဒုံလေဆိပ် အရောက်လိုက်ပို့ပေးရတာပဲ။ အဲဒီတုန်းက taxi တွေ လေဆိပ်ကိုသွားတဲ့ ဘတ်စ်ကားတွေ မရှိသေးဘူး။ ဒီတော့ ကျွန်တော့် ဘောက်စ်ဝက်ဂွန် ဘီးတဲလ် ကားလေးကိုပဲ အားကိုးရတယ်။ ကားလေးက တစ်ခုခု ဖောက်လာပြီဆိုရင် ကျွန်တော်ရဲ့ မက်ကင်းနစ် ရာဂျန်က မနက်မှာ သွားနိုင်အောင် တခါတလေ တစ်ညလုံး ပြင်ပေးရတယ်။

မနက်မှာ ကျွန်တော့်ကို ဝင်ခေါ်ပြီး လေဆိပ်ကို အရောက်မောင်းပို့ပေးတယ်။ တစ်ညလုံး ကားပြင်နေရတော့ စက်ဆီတွေ ပေကျံနေတဲ့ စက်ပြင်ဆရာဝတ်စုံကိုတောင် မလဲအားဘူး။ မြန်မာတွေက လေးဘီးလို့ခေါ်ကြတဲ့ မာဇဒါ ဘီ- ၆၀၀ တက္ကစီကားလေးတွေက နောက်နှစ်အတန်ကြာမှ ပေါ်လာတာ။

ခင်ဗျားက ၁၉၇၈ မှာ ရန်ကုန်ကနေ ဘန်ကောက်ကို ထွက်သွားပြီး မြန်မာပြည်က ခရီးသွားလုပ်ငန်းမှာလည်း ဆက်ပါဝင် လုပ်ကိုင်နေတယ် ပြောတယ်။ ဘယ်နည်းဘယ်ပုံ လုပ်ကိုင်ခဲ့တာလဲ။

ခရီးသွား အေဂျင်စီ တစ်ခုမှာ အလုပ်လုပ်ဖို့ ကျွန်တော် ဘန်ကောက်ကို ထွက်လာခဲ့တာ။ ခရီးစဉ်သစ် တစ်ခုကို မိတ်ဆက်ဖို့ပေါ့။ ဒါပေမဲ့ မြန်မာပြည်ထဲသွားမယ့် ခရီးသွားလုပ်ငန်းကို Diethelm Travel ဆိုတဲ့ ကုမ္ပဏီတစ်ခုက လက်ဝါးကြီးအုပ် လုပ်ကိုင်တာ တွေ့ရတယ်။ အကြောင်းကဒီလို။ အရင်က မြန်မာပြည်ကို ပြည်ပဧည့်သည်တွေ ပို့ပေးနေတဲ့ ထိပ်တန်း ထိုင်းခရီးသွား အေဂျင်စီတွေဟာ ဆက်သွယ်ရေးက မကောင်းတဲ့အပြင် ဝန်ဆောင်မှုလည်း ညံ့ဖျင်းလွန်းတဲ့ Tourist Burma ကြောင့် မြန်မာပြည်ကို ဧည့်သည်ပို့တဲ့အလုပ် မလုပ်ကြတော့ဘူး။ အဲဒီတုန်းက တိုးရစ်ဘားမားက ကုန်သွယ်ရေးဝန်ကြီး လက်အောက်မှာ ရှိတယ်။

ထိုင်းအေဂျင်စီဘက်က တိုးရစ်ဘားမားထံကို သတင်းအချက်အလက်တွေ၊ အစီအစဉ်တွေ၊ ဈေးနှုန်းတွေ ပို့ပေးဖို့ စာရေးအကြောင်းကြားလိုက်ရင် မြန်မာဘက်က လပေါင်းများစွာ ကြာတဲ့တိုင် အကြောင်း ပြန်ကြားစာ မရဘူး။ ကြာတော့ စိတ်ကုန်ပြီး မြန်မာပြည်ကို ဧည့်သည်ပို့တဲ့အလုပ် ရပ်ပစ်လိုက်ကြတယ်။

တိုးရစ်ဘားမားကို လှမ်းမမေးဘဲ Diethelm Travel က တဆင့်မေးရင် မြန်မြန်သိရမယ် ဆိုတာတော့ ထိုင်းတွေက သိတယ်။ ဒါပေမဲ့ နိုင်ငံခြား ခရီးသည် ထိုင်းနိုင်ငံထဲ ဝင်လာရေးမှာ Diethelm က သူတို့နဲ့ ပြိုင်ဖက်တွေ ဖြစ်နေတော့ ထိုင်းအေဂျင်စီတွေက Diethelm ကတဆင့် မလုပ်ချင်ဘူးလေ။

ဦးဆန်နီအောင်ခင်အား သူ့ရုံးခန်းအတွင်း အနှစ် ၅၀ ကြာ ခရီးသွားလုပ်ငန်း လုပ်ကိုင်စဉ်က စုဆောင်းထားသည့် ဓာတ်ပုံများ၊ အမှတ်တရပစ္စည်းများနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဦးဆန်နီအောင်ခင်အား သူ့ရုံးခန်းအတွင်း အနှစ် ၅၀ ကြာ ခရီးသွားလုပ်ငန်း လုပ်ကိုင်စဉ်က စုဆောင်းထားသည့် ဓာတ်ပုံများ၊ အမှတ်တရပစ္စည်းများနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

လေကြောင်းလိုင်းတွေနဲ့ ရန်ကုန်မှာ ၁၆ နှစ်ကြာ အလုပ်လုပ်ခဲ့တော့ ကျွန်တော့်မှာ ခရီးသွားလုပ်ငန်းက လူတွေ အများကြီးနဲ့ ရင်းနှီးတဲ့ အဆက်အသွယ်တွေ ရှိခဲ့တယ်။ ဒါကြောင့် ထိုင်းအေဂျင်စီတွေကို မြန်မာပြည်ကို ခရီးသည်တွေပို့ဖို့ လိုအပ်တာတွေ အမြန်ဆုံးရအောင် ကျွန်တော် လုပ်ပေးနိုင်ကြောင်း ပြောတော့ သူတို့က ဒီလုပ်ငန်း ပြန်လုပ်ကြည့်ဖို့ သဘောတူခဲ့တယ်။

ဒီအချိန်မှာ မြန်မာပြည် သွားကြည့်ချင်တဲ့ နိုင်ငံခြား ခရီးသည်တွေက ရှိနေပြီး ဘယ်လို ဆက်သွယ်ရမှန်းမသိ ဖြစ်နေကြတယ်။ ဒီလိုနဲ့ မြန်မာ့ယဉ်ကျေးမှု ခရီးသွား Burma Cultural Tour အမည်နဲ့ ခရီးသွား အေဂျင်စီ တစ်ခု ထောင်လိုက်တယ်။

ခင်ဗျား Tourist Burma နဲ့ ဆက်သွယ်ရေး ပြဿနာတွေကို ဘယ်လိုဖြေရှင်းလဲ။

၁၉၈၀ ပြည့်နှစ်မှာ ရန်ကုန်နဲ့ ဆက်သွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံရပ်ခြား တယ်လီဖုန်း ခေါ်ဆိုမှု၊ တဲလက်စ်နဲ့ ကြေးနန်း၊ ဒါတွေပဲ ရှိတယ်။ အမြန်ဆုံးနည်းက တဲလက်စ်လိုင်းပေါ်က ဆက်သွယ်ရေးပဲ။ ပြည်ပက ရန်ကုန်၊ ရန်ကုန်ကနေ ပြည်ပ ဖုန်းပြောဖို့ ဘွတ်ကင်တင် ကြိုတင်စာရင်းပေးပြီး နာရီပေါင်းများစွာ ထိုင်စောင့်ရတာ။ ရပြန်တော့လည်း လိုင်းတွေက ညံ့ဖျင်းလွန်းလို့ ကောင်းကောင်းမကြားရဘူး။

ဒီတော့ ကျွန်တော်က တိုးရစ်ဘားမားက တဲလက်စ်သမားနဲ့ အပေးအယူ လုပ်ထားရတယ်။ ညနေ ၆ နာရီတိုင်း ကျွန်တော် ဆက်သွယ်မယ်လို့ သဘောတူညီမှု လုပ်ထားတယ်။ မနက်ဆို ကျွန်တော်က ဆက်သွယ်မေးမြန်းစရာတွေကို တဲလက်စ်နဲ့ ပို့ထားတယ်။ ညနေ ၆ နာရီမှာ ဘန်ကောက်က မန်နေဂျာနဲ့ ဆက်သွယ်ပြောဆိုတယ်။ ဈေးတော့ကြီးတယ်။ ဒါပေမဲ့ လိုချင်တဲ့ သတင်းအချက်အလက်တွေ အကုန် အချိန်မီရတော့ ထိုင်းတွေကလည်း သဘောကျတယ်။ ကျေနပ်တယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ခရီးသွား ဈေးကွက်ထဲ ပြန်ရောက်လာတယ်။ ထိုင်းခရီးသွား အေဂျင်စီတွေက သူတို့ ခရီးစဉ်တွေထဲမှာ မြန်မာပြည်ကိုပါ ထည့်သွင်းလိုက်ကြတယ်။

ကျွန်တော် စဉ်းစားကြည့်တယ်။ ခင်ဗျား တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေက ဆက်သွယ်ရေး တစ်ခုတည်း ကမယ် မထင်ဘူး။ တခြား ဘာတွေ ရှိဦးမလဲ။

ကျွန်တော်တို့က ခရီးသွားလုပ်ငန်း ဝန်ဆောင်ခ Tour Service အတွက် တိုးရစ်ဘာမားကို ငွေကြိုပေးရတယ်။ ထိုင်းဘက်ကလည်း နိုင်ငံခြားငွေ စာရင်းလွှဲပြောင်းမှုအတွက် တင်းကြပ်တဲ့ ဥပဒေတွေ ရှိတယ်။ နိုင်ငံခြားငွေ ထိန်းချုပ်မှုကြောင့် ထိုင်းဘဏ်တွေကနေ ဘဏ်ငွေလွှဲစာ bank draft ဝယ်လို့ မရဘူး။ ဒါကြောင့် နိုင်ငံခြားငွေ လဲလှယ်သူတွေထံက အမြင့်ဈေးပေးပြီး ဘဏ်ငွေလွှဲစာတွေကို အော်ဒါ မှာယူကြရတယ်။ နိုင်ငံခြားငွေ လဲလှယ်သူတွေဟာ ဘဏ်ငွေလွှဲစာကို ဟောင်ကောင်ကနေပြီး ၄၈ နာရီအတွင်း အရောက်ယူလာတယ်။ ဒီတော့မှ အဲဒါကိုယူပြီး ဒွန်မောင်းလေဆိပ်ကို အမီပြေးပြီး ယူဘီအေ Union of Burma Airways က လေယာဉ်မယ်ကိုပေး၊ သူက ယူသွားပြီ မင်္ဂလာဒုံလေဆိပ်မှာ အသင့်စောင့်နေတဲ့ တိုးရစ်ဘားမား ကိုယ်စားလှယ်ကို ပေးတယ်။ ဒီအတွက် လေယာဉ်မယ်ကို ဘဏ်ငွေလွှဲစာပါတဲ့ စာတစ်စောင်အတွက် ထိုင်းဘတ် ၂၀၀ ပေးရတယ်။ ဘဏ်ငွေလွှဲစာ အချိန်မီ မရရင်တော့ ကျွန်တော့်တို့ ဖောက်သည် ပြည်ပခရီးသည်ကို တိုးရစ်ဘားမားက လက်မခံတော့ဘူး။

၁၉၈၀ ပြည့်နှစ် ဧပြီလက မြန်မာ့နှစ်သစ်ကူး သြင်္ကန်ပွဲတော်၌ အကမယ်ကလေးများကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၁၉၈၀ ပြည့်နှစ် ဧပြီလက မြန်မာ့နှစ်သစ်ကူး သြင်္ကန်ပွဲတော်၌ အကမယ်ကလေးများကို တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

ကုန်ကျစရိတ် ပြဿနာတွေက ရှိသေးတယ်။ တစ်နှစ်အတွင်း အသားတင် ခရီးစဉ် ကုန်ကျစရိတ် ခန့်မှန်းခြေကို နှစ်စဉ် တိုးရစ်ဘားမားကို ပေးရတယ်။ ကျွန်တော်တို့ ရောင်းချတဲ့ ဈေးနှုန်းဟာ တိုးရစ်ဘားမားရဲ့ အသားတင် ကုန်ကျစရိတ်နှုန်းပေါ်မှာ အခြေခံထားတာဖြစ်တယ်။ တိုးရစ်ဘားမားက အဲဒီနှုန်းထားတွေကို နှစ်စဉ် စက်တင်ဘာလမှာ ထုတ်ပြန်တယ်။ ဒီတော့ အချိန်က မကိုက်ဘူး။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အသားတင် ကန်ထရိုက်နှုန်းထားကို ထိုင်းခရီးသွား အေဂျင်စီတွေထံ နှစ်စဉ် ဇွန်လမှာ ပေးရလို့ပဲ။ သူတို့က အဲဒီနှုန်းထားတွေကို သူတို့ရဲ့ လက်ကမ်းစာစောင် brochure ထဲမှာ ပုံနှိပ်ဖော်ပြပြီး ခရီးသွား ကုန်သွယ်မှုပြပွဲကျရင် အချိန်မီ သူတို့ရဲ့ ကိုယ်စားလှယ်တွေထံ ဖြန့်ဝေနိုင်ဖို့ ဖြစ်တယ်။ ကံအားလျော်စွာပဲ ကျွန်တော်တို့ မြတ်တာများပါတယ်။

ယူကေ က စရိတ်သက်သာတဲ့ budget tour တစ်ခုကတော့ ခြွင်းချက်ပဲ။ အဲဒီအဖွဲ့အတွက်တော့ လူတစ်ယောက်ကို ဒေါ်လာ ၁၀၀ အရှုံးပေါ်တယ်။ အကြောင်းကတော့ ခရီးသည် အဝင်နည်းတဲ့ ရာသီ ဇွန်လမှာ ဈေးနှုန်းနည်းနည်းပဲ တောင်းထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စက်တင်ဘာလမှာ တိုးရစ်ဘားမားက အခွန်တွေ မတန်တဆ တိုးကောက်မှာကို ထည့်မတွက်မိခဲ့ဘူး။ ဒီတော့ ဗြိတိန်က ခရီးသည်တွေ လာဖို့ ကြိုတင် ဘွတ်ကင်မလုပ်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့တယ်။ ဒါပေမဲ့ နှစ်စဉ် အုပ်စုလိုက်ခရီးစဉ် packages ၈ – ၁၀ ခုတော့ လာနေတာပဲဗျာ။

အဲဒီခေတ်တုန်းက မြန်မာနိုင်ငံမှာ ဝန်ဆောင်မှု လုပ်ငန်းကတော့ အတော် ညံ့ဖျင်းခဲ့မှာပါ။ ခင်ဗျား ဖောက်သည်တွေဆီက တခြားဘာများ မကျေမနပ် တိုင်တန်းခဲ့တာတွေ ရှိခဲ့လဲ။

ဟိုတယ်တွေမှာ ဝန်ဆောင်မှုကညံ့၊ အစားအသောက်က စုတ်ပြတ်၊ ကြွက်တွေ၊ ပိုးဟတ်တွေက နေရာအနှံ့ အိပ်ရာထဲမှာက ကြမ်းပိုးတွေ၊ ခြတွေနဲ့ အပြည့်ပဲ။ ဒီကြားထဲ တစ်နှစ်တစ်ခါ အင်းလျားလိပ် ဟိုတယ်မှာ လုပ်တဲ့ ကျောက်မျက်အရောင်းပြပွဲနဲ့ ကြုံနေရင် နိုင်ငံခြား ခရီးသွားတွေအားလုံးကို ဘာမပြော ညာမပြော ရန်ကုန်ကနေ ပုဂံနဲ့ မန္တလေးကို မောင်းထုတ်တော့တာပဲ။ ကျွန်တော်တို့ ခရီးစဉ် package ဝယ်တဲ့သူတွေကို ဘန်ကောက်မြို့ Sukhumvit Soi 13 လမ်းပေါ်မှာရှိတဲ့ Mandalay Restaurant မှာ မေတ္တာလက်ဆောင် ညစာတစ်နပ် အခမဲ့ ကျွေးတယ်။ နိုင်ငံခြား ဧည့်သည်တွေ မြန်မာပြည် မသွားခင် မြန်မာထမင်းဟင်း အရသာ ပထမဆုံး အစမ်းမြည်းရအောင်ပေါ့။

သူတို့ခရီးစဉ် တစ်လျှောက်လုံး အဲဒီညစာ တစ်နပ်ပဲ အကောင်းဆုံးလို့ ပြောကြတယ်။ မြန်မာပြည်က ပြန်လာတဲ့ ဧည့်သည်တွေက မြန်မာပြည်မှာ စားခဲ့ရတဲ့ အစားအစာတွေ ညံ့ဖျင်းပုံကို ညည်းပြကြတယ်။ ဟိုတယ်တွေ အားလုံးကလည်း အစိုးရပိုင် ဟိုတယ်တွေပဲ ရှိတယ်လေ။ သူတို့ ခရီးစဉ် တစ်လျှောက်လုံး စားရတာတွေက အရည်ကျဲကျဲ အသီးအရွက် ဟင်းချိုတစ်ခွက်၊ ဂေါ်ဖီကြော်၊ ငါးဟင်း ဒါမှမဟုတ် ကြက်သားဟင်း ဒီပုံစံချည်းပဲ စားခဲ့ရတယ်လို့ ပြောကြတယ်။

 နိုင်ငံထဲမှာ ပို့ဆောင်ရေးကရော။

ဥရောပက ထိပ်တန်း ခရီးသွားလုပ်ငန်း အေဂျင်စီတွေ အဖို့တော့ မြန်မာပြည်တွင်း လေကြောင်းလိုင်းကို အားကိုးရတာဟာ အမြဲ စိတ်ဒုက္ခ ရောက်စရာ ကြုံရတာပါပဲ။ မြန်မာ့ လေကြောင်းလိုင်း UBA က ဖော့ကာ အက်ဖ် ၂၇ လေယာဉ်ကို သုံးတယ်။ ထိုင်ခုံ ၄၀ မှာ ထိုင်ခုံ ၂ ခုက လုံခြုံရေး ဝန်ထမ်း ၂ ဦးအတွက် သီးသန့်ထားတယ်။ ကျန်တဲ့ ၃၈ ခုကို ဦးစားပေး အစီအစဉ်အလိုက် အစိုးရ ဗီအိုင်ပီ၊ တိုးရစ်၊ ဒေသခံ မြန်မာတွေဆိုပြီး ရောင်းချပေးတယ်။

အုပ်စုလိုက် လေယာဉ် ဘွတ်ကင်တွေကို လေယာဉ်တစ်စင်း အများဆုံးလူ ၃၀ အထိပဲ လက်ခံတယ်။ ခရီးသွား အေဂျင်စီကြီးတွေက package tour တွေအတွက် တစ်နှစ်ကြိုတင် စာရင်းပေးထားရတယ်။ ဒီဘွတ်ကင်တွေကို တိုးရစ်ဘားမားကပဲ အမြဲတန်း အတည်ပြုပေးတယ်။ ဒါပေမဲ့ လေယာဉ်ပေါ် တက်ချိန်ရောက်တော့မှ အစိုးရ ဗီအိုင်ပီတွေ ရောက်လာလို့ ခရီးသည်တွေ ချန်ထားခံခဲ့ကြရတယ်။ အထူးသဖြင့် ရန်ကုန်- ပုဂံ ခရီးစဉ်တွေမှာ ဒီလို ဖြစ်လေ့ရှိတယ်။

လေယာဉ်နဲ့ မလိုက်ရဘဲ ချန်ထားခံရတဲ့သူတွေအဖို့ ရန်ကုန်- သာစည် ခရီးကို ရထားနဲ့ သွားကြရတယ်။ ရိုးရိုးတန်းကပဲ သစ်သားထိုင်ခုံ မာမာတွေပေါ် လိုက်ကြရတယ်။ သာစည်ရောက်တော့ သာစည်- ပုဂံ ခရီးကို တိုးရစ်ဘားမားက မီနီဘတ်စ်တွေနဲ့ လိုက်ပို့တယ်။ သစ်သားထိုင်ခုံတွေပဲ။ အဲကွန်းလည်း မပါဘူး။

ဒုတိယကမ္ဘာစစ်ကျန်ကားများကို ဘတ်စ်ကားအဖြစ် ရန်ကုန်မြို့ပြည်သူများ စီနင်းခဲ့ရပုံကို ၁၉၈၃ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဒုတိယကမ္ဘာစစ်ကျန်ကားများကို ဘတ်စ်ကားအဖြစ် ရန်ကုန်မြို့ပြည်သူများ စီနင်းခဲ့ရပုံကို ၁၉၈၃ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

ဗီအိုင်ပီ ခရီးသည်တွေနဲ့ ခရီးစီစဉ်သူ ကိုယ်စားလှယ်တွေက ဒီလို အဆင်မပြေမှုတွေကို နှစ်စဉ် တိုင်ကြားကြတယ်။ ဒါပေမဲ့လည်း နှစ်တိုင်း ဧည့်သည်တွေက ထပ်လာနေကြတာပဲ။ မြန်မာပြည်မှာ ကြည့်စရာ အလှအပတွေ ပြည့်နေတာကိုး။

ကိုယ်စားလှယ်တွေက သူတို့ဧည့်သည်တွေ လေယာဉ်အစား ရထားတွေ၊ ဘတ်စ်ကားတွေနဲ့ လိုက်ရလို့ ငွေပြန်အမ်းဖို့ တောင်းကြတယ်။ တိုးရစ်ဘားမားက ဘယ်လို ပြန်ပြောတယ် မှတ်လဲ။ လေယာဉ်ဆီဈေးတွေ တက်နေလို့ ငွေထပ်တိုး အတောင်းမခံရတာဘဲ ခင်ဗျားတို့ ကံကောင်းတယ်တဲ့။ အဲဒါကို ကျွန်တော်တို့က ကိုယ်စားလှယ်တွေကို ဘယ်လိုပြန်ပြောရမလဲ။ ဒီတော့လည်း စကားနည်း ရန်စဲနဲ့ အခင်အမင် မပျက်အောင် ခရီးသည် တစ်ယောက်ကို  ၁၀ ဒေါ်လာစီနဲ့ ကျွန်တော်တို့ အိတ်ထဲကပဲ စိုက်ပြီး ကျေနပ်အောင် ပြန်အမ်းပေးလိုက်ရတယ်။

အဲဒီအချိန်က အားလုံးဟာ အဖွဲ့လိုက်ပဲ လာကြတာလား။ တစ်ဦးချင်းလာတဲ့ ခရီးသည်တွေရော မရှိဘူးလား

အဲဒီတုန်းက လွတ်လွတ်လပ်လပ်သွားတဲ့ တကိုယ်တော် ခရီးသည်တွေ FITS Free Independent Travellers တွေ အများကြီး ရှိတယ်။ သူတို့က ရန်ကုန်က သာစည်ကို ရထားနဲ့ ရိုးရိုးတန်းက သွားတယ်။ သာစည်-ကျောက်ပန်းတောင်ကို အများသုံး ဘတ်စ်ကားနဲ့ သွားတယ်။ တခါတလေ ကားအမိုးပေါ်က လိုက်ကြရတယ်။ ကျောက်ပန်းတောင်း-ပုဂံ ခရီးကို နောက် ဘတ်စ်ကား တစ်စီးနဲ့ ပြောင်းစီးရတယ်။ ပုဂံကားဂိတ်ရောက်တော့ တည်းခိုမယ့် ဟိုတယ်ကို ဆိုက်ကားနဲ့ သွားကြတယ်။

အဲဒီခရီးကတော့ တကယ့်ခရီးပါပဲ။ ဒါပေမဲ့ တခြားရွေးစရာလည်း မရှိဘူးလေ။ ကျွန်တော်တို့က စပယ်ရှယ် FIT အစီအစဉ်ကို မိတ်ဆက်စီစဉ်ပေးတယ်။ ရန်ကုန်-သာစည် ရထားခရီး၊ သာစည်-ပုဂံ ခရီးကို စင်းလုံးငှား တိုယိုတာ ဟိုင်းလပ်စ် ပစ်ကပ်နဲ့သွားတဲ့ ခရီးကို အတော်လူကြိုက်များခဲ့တယ်။ ဒါပေမဲ့ ပုဂံက ဆိုက်ကားသမားတွေက အပြင်းအထန် ဝိုင်းကန့်ကွက်ကြတယ်။ ကျွန်တော်တို့ရဲ့ FIT အစီအစဉ်ကြောင့် ဘယ်သူမှ ဘတ်စ်ကားဂိတ်ကနေ ဟိုတယ်ကို ဆိုက်ကားငှားစီးရတဲ့သူ မရှိတော့ဘူး။

ခင်ဗျား အမှတ်တရ အရှိဆုံး အဖြစ်အပျက်လေး တစ်ခုရှိရင် ပြောပြပါလား။

ကျွန်တော်တို့ စိုးရိမ်သောက အဖြစ်ခဲ့ရဆုံး အဖြစ်အပျက် တစ်ခု ၁၉၈၃ ခုနှစ်က ဖြစ်ပျက်ခဲ့တယ်။ ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ မြောက်ကိုရီးယားက ဗုံးခွဲလိုက်တုန်းကပေါ့။ Siam Society Bangkok က အဖွဲ့ဝင် ၃၅ ဦးဟာ အဲဒီနေ့မှာ ရန်ကုန်သွားမယ့် ယူဘီအေခရီးအတွက် ဧည့်ခန်းထဲမှာ အသင့်စောင့်နေကြပြီ။ ဒီအချိန်မှာပဲ ရန်ကုန်မှာ ဗုံးကွဲတဲ့သတင်း ရေဒီယိုက ကြေညာတယ်။ သူတို့ဟာ ရန်ကုန်ကို သွားသင့်၊ မသွားသင့် ချီတုံချတုံ ဖြစ်နေကြတယ်။ နောက်ဆုံးမှာတော့ ကံအားလျော်စွာပဲ အားလုံးက ရန်ကုန်ကို သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့မသွားတော့ဘူးဆိုရင် အားလုံးကို ငွေပြန်အမ်း ပေးရမှာလေ။ ဒီလိုဆိုရင် ကျွန်တော်တို့ ဒေဝါလီ ခံရပြီပေါ့။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်မှာလည်း ခင်ဗျားဟာ အုပ်စုလိုက် ခရီးသွားတွေကို မြန်မာပြည်ထဲ ဆက်ပို့နေခဲ့တယ်။ စစ်အစိုးရသစ် လက်ထက်မှာ ခင်ဗျား လုပ်ငန်း ဘာတွေ အပြောင်းအလဲ ရှိခဲ့လဲ။

ပြောင်းလဲမှုကြီး တစ်ခု ၁၉၈၉ မှာ ဖြစ်ခဲ့တယ်။ စစ်အစိုးရက တိုင်းပြည်ရဲ့ နာမည်ကို ဗမာကနေ မြန်မာကို ပြောင်းလိုက်တယ်။ ကျွန်တော် မတ်လထဲမှာ ဘာလင်မြို့မှာရှိတဲ့ ITB ကိုသွားပြီး ဘာကြောင့် နာမည်ပြောင်းရတယ် ဆိုတာကို ငါးရက်လုံးလုံး ရှင်းပြခဲ့ရတယ်။ နှစ်အတန်ကြာ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီးတော့ ခရီးသွား ကုမ္ပဏီတွေဟာ သူတို့ရဲ့ ကြော်ငြာလက်ကမ်းစာစောင်တွေပေါ်မှာ Myanmar (Burma) လို့ ကွင်းခတ်ပြီး ပုံနှိပ်ဖော်ပြခဲ့ရတယ်။ ကမ္ဘာတစ်ဝန်းမှာ Myanmar ဆိုတဲ့ အမည်ကို ဘယ်သူမှ မကြားဖူးကြလို့ပဲ။ Tourist Burma ကလည်း မြန်မာ့ခရီးသွားလုပ်ငန်း Myanmar Travel Tour ဖြစ်သွားတော့တယ်။

တိုးရစ်ဗီဇာ လျှောက်လွှာမှာလည်း ပြဿနာတွေ ကြုံရတယ်။ မြန်မာပြည်လာခဲ့ကြတဲ့ သတင်းသမားတွေရော၊ သာမန် ခရီးသွားတွေပါ စစ်အစိုးရအကြောင်း မကောင်းရေးတဲ့ သတင်းဆောင်းပါးတွေ နိုင်ငံတကာ မီဒီယာမှာ ရေးလာကြတော့ စစ်အစိုးရက စိတ်ဆိုးလာတယ်။ ဒီတော့ အမိန့်ထုတ်တယ်။ တိုးရစ်ဗီဇာ လျှောက်ထားမှု အားလုံးကို ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေ၊ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်တွေက တဆင့်သာ လျှောက်ထားရမယ်။ ဗီဇာလျှောက်တဲ့ သူတွေထဲမှာ သတင်းထောက်တွေ ပါမလာဖို့ကို ခရီးသွားအေဂျင်စီတွေက တာဝန်ယူရမယ်တဲ့။

နိုင်ငံကူးလက်မှတ်တွေမှာ အလုပ်အကိုင်ကို ဘယ်တော့မှ ဖော်ပြတာ မဟုတ်ဘူး။ ဒီတော့ သူတို့ သွားရောက်လည်ပတ်ခဲ့ဖူးတဲ့ နိုင်ငံတွေကိုပဲ စစ်ဆေးကြည့်ရတယ်။ ပါကစ္စတန်ကို သွားခဲ့ဖူးရင် ဗီဇာလျှောက်သူဟာ သတင်းစာဆရာ ဆိုတာကို ဗီဇာမှာ ဖေါ်ပြထားတယ်။ ဒီလို ပါလာရင် အဲဒီလူကို ဗီဇာလျှောက်မပေးတော့ဘူး။ ဒီလိုမှ မဟုတ်ရင် တခြားနည်းလမ်းလည်း မရှိဘူး။

ဒီတော့ ခရီးသည်တွေထဲမှာ သတင်းထောက်တွေ ပါမလာပါစေနဲ့။ တိုးရစ်ကနေ အိမ်ပြန်ရောက်ရင် သတင်းထောက်ဘဝ ပြောင်းသွားပြီး စစ်အစိုးရအကြောင်း မကောင်းမရေးကြပါစေနဲ့လို့သာ ဆုတောင်းနေရတာပဲ။ ဒီကြားထဲကပဲ သတင်းထောက်တွေ ပါလာပြီး ရေးကြတာပဲ။ ဒီလို ပါလာရင် ကျွန်တော်တို့ ဘယ်လိုမှ မသိနိုင်တဲ့အကြောင်း ရှင်းလင်းကြရတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ ဘန်ကောက်မြန်မာသံရုံးက ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန် သတိပေးချက် ထုတ်တယ်။

၁၉၉၂ ခုနှစ်တုန်းက မမေ့နိုင်စရာလေး တစ်ခုကို ပြောပြချင်သေးတယ်။ အဲဒီနှစ်ထဲမှာ MS Ocean Pearl  အပျော်စီး သင်္ဘောကြီး တစ်စင်းနဲ့ ခရီးသည် ၃၀၀ ကျော် လိုက်ပါလာတယ်။ ဆူးလေ အမှတ် ၄ ဆိပ်ခံတံတား အထိဝင်ပြီး ဆိုက်ကပ်ခွင့်ရတယ်။ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှာ ရေတပ်က အဆင့်မြင့် အရာရှိတွေနဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းပြီးမှ ရရှိခဲ့တဲ့ အခွင့်အရေးကြီးပါ။

မြန်မာ့ခရီးသွားလုပ်ငန်းက တိုးရစ်ဗီဇာကို ဆိုက်ရောက်ဗီဇာအဖြစ် သင်္ဘောပေါ်မှာ လုပ်ပေးတယ်။ ၂ ရက်ကြာတဲ့အထိ လုပ်လို့ မပြီးကြသေးဘူး။ သင်္ဘောပြန်ထွက်ခါနီးကျမှပဲပြီးတယ်။ ဆူးလေဆိပ်ကမ်းက အဲဒီမြင်ကွင်းကို မျက်စေ့ထဲက ခုထိမထွက်ဘူး။ အပျော်စီး ဇိမ်ခံသင်္ဘောကြီး တစ်စင်း၊ ကုန်းဘောင်ပေါ်မှာ တိုးရစ်တွေ လမ်းလျှောက်ပြီး ဆင်းလာကြပုံဟာ အားလုံးအတွက် စိတ်လှုပ်ရှားစရာပဲ။ လူတွေ မျက်စေ့အကျဆုံးက အသစ်စက်စက် အဲကွန်း ဟီးနိုးဘတ်စ်ကားကြီး လေး စီး၊ တိုးရစ်တွေအတွက် စပယ်ရှယ် ရောက်လာတာ။ အဲဒါဟာ ရန်ကုန်မှာ ပထမဆုံး တွေ့ခဲ့ရတဲ့ အဲကွန်း ဘတ်စ်ကားတွေပဲ။

ခင်ဗျား ၁၉၉၄ မှာ ရန်ကုန် ပြန်လာခဲ့ပြီး ခရီးသွားလုပ်ငန်းနဲ့ ဧည့်ဝတ်ပြု လုပ်ငန်းတွေမှာ ဆက်လက်လုပ်ကိုင်နေတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်လုံးလုံး ပဒုမ္မာ စားသောက်ဆိုင် ဖွင့်ထားတယ်။ နောက်ပိုင်း တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့အမြင်တွေ သိပါရစေ။ နောက်လာမယ့် ၅ နှစ် ၁၀ နှစ် အတွင်း တိုင်းပြည် ဘယ်လိုဖြစ်လာမယ် ထင်သလဲ။

ဖက်စ်တွေ၊ ဒီနောက် ကွန်ပျူတာ အင်တာနက်တွေ ပေါ်လာလို့ အကြီးအကျယ် ပြောင်းလဲလာတယ်။ ခရီးသွားလုပ်ငန်းမှာ သိပ်လွယ်ကူ ချောမွေ့သွားတယ်။ မြန်မာစားသောက်ဆိုင်လုပ်ငန်းနဲ့ ကြိမ်ပရိဘောဂ ပြည်ပတင်ပို့မှုလုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ခဲ့တယ်။ ဒါ့ကြောင့် ခရီးသွားလုပ်ငန်းကို ငယ်ရွယ်သူတွေနဲ့ပဲ လွှဲထားခဲ့တယ်။ ဒီနေ့မှာတော့ ကျွန်တော်ဟာ တိုးရစ်တွေနဲ့ တခြားဧည့်သည်တွေကို ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ အချိုမှုန့် လုံးဝကင်းတဲ့ မြန်မာ အစားအစာ စစ်စစ်တွေ ကျွေးမွေးရောင်းချတဲ့ အလုပ်ကိုပဲ လုပ်ကိုင်နေပါတယ်။

ဒီနေ့ မြန်မာပြည်မှာ ဟိုတယ်ခတွေ မတန်တဆ ကြီးမြင့်မှုနဲ့ ပြည်တွင်း လေယာဉ်ခ ကြီးမြင့်မှုကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ ဖြစ်နေတယ်။ ဒါပေမဲ့ ထူးခြားတဲ့ သမိုင်းနောက်ခံနဲ့ လှပတဲ့တိုင်းပြည် ဖြစ်နေတာကြောင့် ဧည့်သည်တွေတော့ မပြတ်ဆက်လက် ရှင်သန်နေပါတယ်။

နောက် ၅ နှစ် ၁၀ နှစ်အတွင်း ခရီးသွားလုပ်ငန်း ဆက်လက်ဖွံ့ဖြိုးနေပါလိမ့်မယ်။ မြန်မာတွေရဲ့ စိတ်နေစိတ်ထားနဲ့ အလေ့အထတွေကိုတော့ ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ လိုလိမ့်မယ်။ ခုတော့ မြန်မာတွေလည်း ပြည်ပကို သွားနေကြပြီဆိုတော့ မျက်စေ့ပွင့်လာကြပါပြီ။ တခြားနိုင်ငံက ကောင်းတဲ့ အလေ့အထတွေကို အတုယူသင့်ပါတယ်။ လမ်းပေါ်မှာ အမှှိုက်ပစ်မချကြဖို့၊ ကွမ်းတံတွေး မထွေးကြဖို့ ဆိုတာမျိုးပေါ့။

နောက်ဆုံး ဘာများ ပြောချင်ပါသလဲ။

ကမ္ဘာ့ခရီးသွားလုပ်ငန်း ဈေးကွက်ကြီးထဲမှာ မြန်မာကို ကမ္ဘာကသိအောင် ကူညီလုပ်ဆောင်ခဲ့ကြသူ အားလုံးကို ကျေးဇူးတင်စကား ပြောလိုပါတယ်။ ကျေးဇူးတင်ရမယ့် လူတွေကလည်း အများသား။

ကျွန်တော် ကျေးဇူးတင်ကြောင်း ပြောကြားလိုတဲ့ ကျွန်တော့် ကျေးဇူးရှင်ကတော့ ကျွန်တော့် မွေးစားဖခင် ကုန်သွယ်ရေကြောင်း သင်္ဘော ကပ္ပတိန် KT ကျော်သိန်းလွင် ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ရန်ကုန်က Air France အလုပ်ကနေ ဆွဲထုတ်ပြီး သူ့သင်္ဘောနဲ့ မော်လမြိုင်ကနေ စင်ကာပူကို ခေါ်သွားတယ်။ အဲဒီနောက် ဘန်ကောက်မှာ အခြေချနေထိုင်နိုင်အောင် ကူညီခဲ့သူ ဖြစ်တယ်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ဤဆောင်းပါးကို Frontier ၏ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအကြောင်း ဖော်ပြသော Discover Myanmar အထူးကဏ္ဍ အချပ်ပို၌ ကနဦးဖော်ပြခဲ့သည်။

ခေါင်းစီးဓာတ်ပုံ- ၁၉၉၀ က အမ်စတာဒမ်မြို့ ခရီးသွားလုပ်ငန်းပြပွဲ၊ မြန်မာပြခန်းတွင် ဦးဆန်နီအောင်ခင် (ယာမှ ဒုတိယ)ကို နိုင်ငံပိုင် မြန်မာ့ခရီးသွားလုပ်ငန်း အထွေထွေမန်နေဂျာ ဦးမျိုးလွင်၊ ဦးကျော်ကျော်နှင့် ပဲရစ်အခြေစိုက် Burma Cultural Tours အရောင်းတာဝန်ခံ Marie Wynn တို့နှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ – ပံ့ပိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.