ဆက်လက် စောင့်ဆိုင်းကြရဦးမယ့် ထိုင်းရောက် မြန်မာဒုက္ခသည်တွေ

နိုင်ငံရေး အသွင်ကူးပြောင်းမှုက မြန်မာနိုင်ငံအတွက် သိသာထိရောက်သော အပြောင်းအလဲများကို ဆောင်ကြဉ်းပေးခဲ့ပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများမှ ထောင်နှင့်ချီသော ဒုက္ခသည်များ၏ ဘဝမှာ မသေချာမရေရာသော အနေအထားတွင်သာ ရှိနေသေးသည်

ဂျာရတ်ဒေါင်းနင်း ရေးသားသည်။

ထိုင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းကိုးခုမှ ထွက်ခွာသွားကြသော ဒုက္ခသည်များအား ထိုင်းနိုင်ငံနှင့် ကုလသမဂ္ဂတို့က ရေတွက်ကြည့်ရာ အနည်းဆုံး ၁၀,၀၀၀ ဦးခန့် ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့မှာ တတိယနိုင်ငံ တစ်နိုင်ငံသို့ ပြောင်းရွှေ့အခြေချနေထိုင်နေကြသူများ မဟုတ်ကြပေ။ ထို့အတူ ရိက္ခာထုတ်ယူသောကဒ်များကို ပြန်လည်ပေးအပ်ခဲ့ခြင်းလည်း မရှိသကဲ့သို့ တရားဝင် ပြန်လည် ပြောင်းရွှေ့ ခြင်းမျိုးလည်း မရှိကြသေးပေ။

၎င်းတို့မှာ မပြောမဆို ထွက်ခွာသွားကြသူများ ဖြစ်ကြသည်။ ဒုက္ခသည်စခန်း ခြံစည်းရိုးအောက်ရှိ အပေါက်တစ်ပေါက်မှ ထွက်သွားကြပြီး လှေတစ်စီးဖြင့် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ကရင်ပြည်နယ်အတွင်းရှိ တောတောင်များအတွင်းသို့ ဝင်ရောက် ပျေက်ကွယ်သွားကြသူများသာ ဖြစ်ကြသည်။

ဒုက္ခသည်မှတ်ပုံတင်နှင့် ရိက္ခာထုတ်ယူသောကဒ်များကို ၎င်းတို့ ဆက်လက်သိမ်းဆည်းထားခြင်းမှာလည်း ၁၉၅၁ ခုနှစ်၊ ကုလသမဂ္ဂ ဒုက္ခသည်သဘောတူညီချက်ကို မည်သည့်အခါကမျှ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသော ထိုင်းနိုင်ငံက ခေါ်ဝေါ်သုံးစွဲသည့် “ယာယီအဆောက်အဦးများ” ရှိ “နေရပ်စွန့်ခွာထွက်ပြေးလာသူ” ၁၁၀,၀၀၀ ကျော်နှင့် ပြန်လည်ပူးပေါင်းလိုက ပြန်လာနေနိုင်ရန်အတွက် ဖြစ်သည်။ 

ဤယာယီအဆောက်အအုံများမှာ ၁၉၈၀ ခုနှစ်များကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး ပထမဆုံးသော မျိုးဆက်များအတွက် ဒုက္ခသည်စခန်းအတွင်း၌ပင် ကလေးများနှင့် သားမြေးများရရှိရန် လုံလောက်သော အချိန်ကာလတစ်ခုဖြစ်သည်။ ထို့အတူ မရေတွက်နိုင်အောင်များပြားလှသည့် မဂ္ဂဇင်း ဆောင်းပါးများ၊ မှတ်တမ်းမှတ်ရာများ ရေးသားနိုင်ရန်အတွက်လည်း လုံလောက်သော အချိန်ဖြစ်သည်။ အလားတူ ဤနေရာသို့ ၎င်းတို့ကို ရောက်ရှိစေခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ပဋိပက္ခများကို သက်ဆိုးရှည်စေရန် လုံလောက်သော အချိန်တစ်ခုလည်း ဖြစ်နိုင်ဖွယ်ရှိသည်။

“ဒုက္ခသည်စခန်းက ခေါင်းဆောင်ပိုင်းက အိမ်ပြန်ဖို့ အချိန်ကျပြီလို့ ပြောနေပေမယ့်လည်း ပြန်ကြစို့ကွာဆိုပြီး တရားဝင် ပြောကြားတာမျိုးလည်း မရှိသေးပါဘူး” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အကြီးတန်းနယ်မြေတာဝန်ခံ အီရန်ဟောက ပြောကြားသည်။

ထိုင်းအာဏာပိုင်များက ဒုက္ခသည်စခန်းများကို အချိန်အခါမရွေး ပိတ်ပစ်ပြီး မြေမြုပ်မိုင်းများ ပြည့်နှက်နေသည့် ခက်ထန်ကြမ်းတမ်းသော တောတောင်များထဲသို့ အဆင်သင့်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ပြန်လွှတ်ရန် တစ်နှစ်အတွင်း သို့မဟုတ်၊ တစ်လအတွင်း ရုတ်တရက် ဆုံးဖြတ်လာနိုင်သည့်အတွက် အချိန်လုနေရပြီ ဖြစ်သည်။ ယင်းမှာ ဆယ်စုနှစ်များစွာ ထင်ကြေးပေး ပြောဆိုမှုများက ပုံဖော်ခြယ်မှုန်းပေးနေသည့် ပုံရိပ်ပင် ဖြစ်သည်။

“[ကောလဟာလ]တွေကို ရံဖန်ရံခါမှာ ဒီအကြောင်းကြားသိခဲ့ရတဲ့ အင်န်ဂျီအိုတွေ၊ ဒါမှမဟုတ် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကနေတစ်ဆင့် ပျံ့နှံ့ကြားသိရခြင်း ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေက လူတွေကို စစ်တပ်က စစ်ဆေးရေတွက်မှုတွေ ပြုလုပ်တော့မှာဖြစ်တဲ့အတွက် စခန်းတွေကို ပိတ်ပစ်တော့မယ်လို့ ဒုက္ခသည်တွေကို ပြောလိုက်စမ်းပါဆိုပြီး ပြောဆိုမှုတွေက တာဝန်မဲ့လွန်းပါတယ်” ဟု မစ္စတာဟောက ပြောကြားသည်။

ထိုင်းနိုင်ငံက ကုလသဘောတူညီချက်အား လက်မှတ်ထိုးထားခြင်း ရှိ၊ မရှိဆိုသည်ထက် နေရပ်စွန့်ခွာလာရသူများ မိမိတို့ သဘောဆန္ဒအလျောက် သိက္ခာရှိရှိ ဘေးကင်းကင်း နေရပ်ပြန်နိုင်ခွင့်ကို လေးစားလိုက်နာသည့်အတွက် ထိုသို့သော ပြောကြားမှုမှာ မှားယွင်းနေသည်ဟု မစ္စတာဟောက ပြောကြားသည်။ ယခုကဲ့သို့သော ကောလဟလများမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)နှင့် မြန်မာအစိုးရတို့ ၂၀၁၂ ခုနှစ်တွင် အပစ်ရပ် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။  ဒုက္ခသည်စခန်းတွင် နေထိုင်သူများကို ထိုင်းစစ်တပ်က ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် တိတိပပ စစ်ဆေးရေးတွက်မှု ပြုလုပ်ခဲ့ပြီးနောက် ပိုမိုပျံ့နှံ့လာခြင်းဖြစ်သည်ဟုလည်း မစ္စတာဟောက ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့က ထိခိုက်ခြင်းတွေ မဖြစ်အောင် ထိန်းချုပ်ခြင်းကို အချိန်အများကြီးပေးပြီး ဆောင်ရွက်ခဲ့ကြရတယ်” ဟု၎င်းက ပြောကြားသည်။

တကယ်တမ်းတွင်လည်း ဆုံးဖြတ်ချက်ချမှတ်ရမည့်သူများမှာ ဒုက္ခသည်များကိုယ်တိုင်ပင် ဖြစ်လိမ့်မည်ဖြစ်ကာ ၎င်းတို့ခေါင်းဆောင်များပေါ်များတွင်လည်း အထူး မူတည်ကြောင်း ၎င်းကပြောသည်။ ဒုက္ခသည်စခန်းတစ်ခုစီတွင် သီခြားခေါင်းဆောင်သည့် ကော်မတီများရှိကြပြီး ထိုကော်မတီများအား ကေအင်န်ယူနှင့် ဆက်စပ်မှုရှိသော တစ်ပိုင်းတစ်စ နိုင်ငံရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်ဒုက္ခသည်များ ကော်မတီ (KRC)က ကြီးကြပ်ကွပ်ကဲခြင်းဖြစ်သည်။

နေရပ်ပြန်ရေးအမိန့်ပေးရန် KRC တွင် အခွင့်အာဏာမရှိသော်လည်း အစဉ်အလာအားဖြင့် ယင်း၏ ခေါင်းဆောင်မှုအပေါ် လေးလေးစားစားရှိကြပြီး ထိပ်ပိုင်းမှ စကားတစ်ခွန်းအပေါ် အမြဲ တိတိကျကျ လိုက်နာဆောင်ရွက်ကြလေ့ရှိမည်။

ထို့ကြောင့် မည်သည့်အတွက် ၎င်းတို့စောင့်ဆိုင်းနေကြသနည်းဆိုသည်ကိုသာ မေးခွန်းထုတ်ရန်ရှိသည်။

မယ်လဒုက္ခသည်စခန်းရှိ လမ်းတစ်လမ်းပေါ်တွင် ဖြတ်လျှောက်နေကြသော မိန်းကလေးနှစ်ဦး။ ဓာတ်ပုံ - Vincenzo Floramo

မယ်လဒုက္ခသည်စခန်းရှိ လမ်းတစ်လမ်းပေါ်တွင် ဖြတ်လျှောက်နေကြသော မိန်းကလေးနှစ်ဦး။ ဓာတ်ပုံ – Vincenzo Floramo

အာမခံချက်ရှိသော မြေ

“ကျွန်တော်တို့ပြန်ပြီဆိုရင် ကျွန်တော်တို့မှာ မြေယာမရှိပါဘူး” ဟု KRC ဥက္ကဋ္ဌဖြစ်သူ သင်းအုပ်ဆရာတော် ရောဘတ်ထွေးက ပြောကြားသည်။ ၎င်းသည် နေရပ်စွန့်ခွာခဲ့ရသည့် ခရစ်ယာန်ကရင်များကို ကြီးကြပ်ရန်အတွက် ၁၉၇၅ ခုနှစ်တွင် နယ်စပ်ဖြတ်ကျော်လာခဲ့သော သင်းအုပ်ဆရာတော်ဖြစ်သည်။

မြေယာမှာ ပြဿနာတစ်ရပ်ဖြစ်ပြီး နေရာတော်တော်များများမှာလည်း မြေမြုပ်မိုင်းများဖြင့် ပြည့်နှက်နေသည်။ အဖွဲ့ပေါင်းစုံက လတ်တလောကာလအတွင်း အပစ်ရပ်သဘောတူညီမှု ရယူခဲ့ကြသော်လည်း ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များရှိ နေရာတော်တော်များများတွင် ကေအန်(န်)ယူ၊ ဒီကေဘီအေနှင့် တပ်မတော်တို့က နယ်မြေများ သတ်မှတ်နေသည့်အလျောက် ထိလွယ်ရှလွယ်သည့် မရေရာမသေချာသော နိုင်ငံရေး အခြေအနေတစ်ရပ်အဖြစ် တည်ရှိနေဆဲပင်ဖြစ်သည်။ ထို့အတူ ဆယ်စုနှစ်ပေါင်းများစွာကြာ မြေယာ ပိုင်ဆိုင်သူများနှင့် အမည်ပေါက် ရရှိသူတို့အကြားရှိ အငြင်းပွားမှုများအား ဖြေရှင်းရန်ရှိနေသေးသည်။ တစ်ချိန်တစ်ခါက စည်ကားခဲ့သော ကျေးရွာများရှိခဲ့သည့် အချို့သောနေရာများတွင် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာ ဖုံးလွှမ်းလျက်ရှိသည်။

ပြည်ပတွင်ရောက်ရှိနေသူများမှာ ပြန်လည်စိုက်ပျိုးမှုများနှင့် ပြန်လည်တည်ဆောက်ခြင်းများကို ပြုလုပ်နိုင်စွမ်း ရှိကြပြီး မြန်မာနိုင်ငံ၏ တောင်တန်းဒေသနေ လူမျိုးများမှာ မည်သို့ပင်ဖြစ်နေပါစေ ကြံ့ကြံ့ခိုင်နိုင်ကြသူများ ဖြစ်ကြကြောင်း သင်းအုပ်ဆရာတော်ဦးထွေးက ပြောကြားသည်။ သို့သော် ၎င်းနှင့် ၎င်း၏ လူများအတွက် ‘မြေယာ’ ဆိုသည်မှာ မြေယာပိုင်ဆိုင်မှုပြေစာ၊ စိုက်ပျိုးမြေနှင့် နစ်မြုပ်ဖုံးကွယ်နေသော ဗုံးများဆိုသည်ထက် ပိုမိုသည်ဟု ၎င်းက ပြောကြားသည်။ ‘မြေယာ’ ဟုဆိုရာတွင် ဘေးကင်းလုံခြုံမှုရှိသောမြေယာမျိုးကို ဆိုလိုခြင်း ဖြစ်သည်။ ဒုက္ခသည်များမှာ ဟောင်းနွမ်းဆုတ်ပြတ်နေသော ဒုက္ခသည်စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုအချို့ကို ရရှိနိုင်ကြပြီး ၎င်းတို့ကလေးများကိုလည်း ကျောင်းတက်ခွင့် ရရှိကြသည်။ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသော ကောလဟာလများ ရှိနေသော်လည်း ပို၍အရေးကြီးသည်မှာ ထိုသို့သော အခွင့်အလမ်းများ ပျောက်ကွယ်မသွားရေးကို အာမခံပေးနိုင်ခြင်းပင်ဖြစ်သည်။

သောင်ရင်းမြစ်တစ်ဖက်ကမ်းတွင် ထိုသို့သော အာမခံချက်များ ရှိနေသည်ဟု ဒုက္ခသည်များအနေဖြင့် ပြောဆိုနိုင်ခြင်း မရှိသေးပေ။

သို့သော် အလားအလာများမှာ အားရစရာပင်ဖြစ်သည်။ နောက်ဆုံးတွင် ကေအန်(န်)ယူနှင့် မြန်မာအစိုးရတို့ အတူတကွ ပူးပေါင်းဆောင်ရွက်နေကြဟန်ရှိပြီး အကောင်းမြင်ရန် အကြောင်းအရင်းများလည်း ပေါ်ထွက်လာသည်။ သို့သော် ကတိပေးလိုက်၊ ကတိပျက်လိုက်ဖြစ်ခဲ့ရသော အဖြစ်အပျက်များအား ဆယ်စုနှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီဖြစ်သောကြောင့် သင်းအုပ်ဆရာတော်ဦးထွေးနှင့် ၎င်း၏နောက်လိုက်များမှာ အချိန်အခါ စောင့်ဆိုင်းရခြင်းနှင့် ကျင့်သားရလာခဲ့ပြီးဖြစ်သည်။

“တော်တော်များများက အိမ်ပြန်ချင်ကြပါတယ်။ ဒါပေမယ့် ကျွနု်ပ်တို့ရဲ့ အနာဂတ်ကို ကျွနု်ပ်တို့ မသိနိုင်သေးပါဘူး” ဟုလည်း ၎င်းက ပြောကြားသည်။

 “အိမ်ပြန်ခြင်း” ဟု ဆိုလိုခြင်းသည်ပင် လူအမျိုးမျိုးအတွက် အဓိပ္ပါယ်အမျိုးမျိုး ဖြစ်နေသည်။ အများစုမှာ တတိယနိုင်ငံ တစ်နိုင်ငံသို့ သွားရောက်အခြေချနေထိုင်ခြင်းထက် တဖြည်းဖြည်းချင်း အိမ်ပြန်လိုကြသူများ ဖြစ်ကြသည်ကို ဒုက္ခသည်များမဟာမင်းကြီးရုံး စစ်တမ်းများကို ကိုးကား၍ သင်းအုပ်ဆရာတော် ဦးထွေးက ပြောကြားသည်။ အချို့မှာ ၎င်းတို့ရွာများသို့ ပြန်လိုကြသူများဖြစ်ကြသည်။ အချို့မှာမူ ဒုက္ခသည်စခန်းများအတွင်း ဖြစ်ထွန်းလာခဲ့ပြီးဖြစ်သည့် ခိုင်မာသော အသိုင်းအဝိုင်းများကို ထိန်းသိမ်းရန် အတူတကွ နေထိုင်လိုကြသည်။ မိသားစုများပေါင်းစုမှုမှာ များသထက်များပြားလာပြီး မျိုးနွယ်စုသစ်များနှင့် ယဉ်ကျေးမှုအစုခွဲများပင်လျင် ပေါ်ထွက်လာခဲ့ပြီးဖြစ်သည်။ အချို့ကမူ ၎င်းတို့တဲအိမ်များကို ဖျက်သိမ်းသယ်ဆောင်ပြီး ကရင်မြေပေါ်တွင် ပြန်လည်တည်ဆောက်ရန် ပြောဆိုလျက်ရှိသည်။

ယင်းမှာ မဖြစ်နိုင်သောအိမ်မက်မျှသာဖြစ်သည်ဟု သင်းအုပ်ဆရာတော်ဦးထွေးက ဆိုသည်။ KRC အဖွဲ့တွင်း ဆွေးနွေးမှုများ၊ KRC၊ ကေအင်န်ယူ၊ မြန်မာအစိုးရနှင့် အခြားအဖွဲ့များအတွင်း ဆွေးနွေးမှုများအရ ဒုက္ခသည်များအား အခြေအနေပေးပါက မူလကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးရေးမှာ အဓိက ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သည်။ “ကျွန်တော်တို့ ပြန်ကြမယ်ဆိုရင် ဒုက္ခသည်စခန်းအတွင်းမှာလို အတူတူနေရမှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

ဒုက္ခသည်ဆိုသည်မှာ

သင်းအုပ်ဆရာတော် ဦးထွေးအတွက် ပိုမိုခက်ခဲသော ပြဿနာတစ်ရပ်မှာ အိမ်ပြန်လိုစိတ် လုံးဝမရှိသူများပင် ဖြစ်သည်။

“[ခုဆိုရင်တော့] လူမျိုးလည်း တော်တော်များနေပြီ။ ၂၀၀၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်အပြီးမှာ ပြန်လည်အခြေချနေထိုင်ဖို့အတွက် မြန်မာနိုင်ငံထဲက လူတော်တော်များများ ရောက်လာခဲ့တယ်။ ဒုက္ခသည်အဖြစ်နဲ့ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အကူအညီဖြင့် ဒုက္ခသည်စခန်းများရှိ မှတ်ပုံတင်ထားသူများအတွက် အမေရိကန်နှင့် သြစတြေးလျကဲ့သို့သောနိုင်ငံများတွင် အစုလိုက်အပြုံလိုက် အခြေချနေထိုင်ရန် ထိုင်းအစိုးရက စိစဉ်စေလွှတ်ခဲ့မှုကို စတင်ခဲ့ခြင်းအား ၎င်းက ရည်ညွှန်းပြောဆိုလိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါ အခွင့်အလမ်းသစ်အတွက် ရွှေ့ပြောင်းလာခြင်းကို ထိန်းချုပ်ရန်ရည်ရွယ်ကာ ဒုက္ခသည်စခန်းများတွင်းသို့ အချို့သောကျန်းမာရေး အခြေအနေများ၊ သို့မဟုတ် ကျား မအခြေပြု အကြမ်းဖက်မှုအန္တရာယ်များနှင့် ရင်ဆိုင်နေရသူများကဲ့သို့သော ထူးခြားဖြစ်စဉ်များအတွက်သာ မှတ်ပုံတင်အသစ်များ ထုတ်ပေးခဲ့သည်။ ဤဆောင်ရွက်မှုက ဒုက္ခသည် အသိုင်းအဝိုင်းအတွင်းတွင် မှတ်ပုံတင်ထားသောလူဟောင်းများနှင့် မှတ်ပုံတင်ရခြင်းမရှိသေးသော လူသစ်များအဖြစ် နှစ်ခြမ်းကွဲသွားစေခဲ့သည်။

မှတ်ပုံတင်ထားခြင်းမရှိသေးသူများ အားလုံးလိုလိုအတွက် ဒုက္ခသည်ဆိုသည်မှာ အနောက်နိုင်ငံများသို့ သွားရောက်နိုင်ရန် လက်မှတ်တစ်စောင်အား စောင့်မျှော်နေခြင်းမျှသာဖြစ်သည်ဟူသော အတွေးအခေါ်ကို အားကောင်းလာစေခဲ့သည်ဟု သင်းအုပ်ဆရာတော်ဦးထွေးက ယုံကြည်လျက်ရှိသည်။ “သူတို့မင်းကိုပြောမှာက ကျွန်တော်တို့ ပြန်မသွားချင်ဘူးဆိုတာပဲ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းကပြောသည်။ ဤအချက်သည် ပြင်ပအလှူရှင်များနှင့် ထောက်ခံသူများ၏ စိတ်ပါဝင်စားမှုကို ဆက်လက်ထိန်းထားနိုင်ရေးအတွက် ပိုမိုခက်ခဲစေခဲ့သည်။

ဒေါ်မိုးမိုးဝင်းမှာ မဲဆောက်မြို့အနီးက ဖြစ်သလိုပြန့်ကျဲနေသော မယ်လဒုက္ခသည်စခန်းတွင် ၁၀ နှစ် နေထိုင်ခဲ့ပြီးဖြစ်သည်။ ချင်းတိုင်းရင်းသူတစ်ဦးဖြစ်သော်လည်း ခင်ပွန်းဖြစ်သူမှာ ကရင်တစ်ဦးဖြစ်သည်။ ပဋိပက္ခများဘေးမှ နှစ်ကြိမ်မျှ ထွက်ပြေးခဲ့ဖူးကြောင်းနှင့် ပထမတစ်ကြိမ်မှာ ချင်းပြည်နယ်တွင်ဖြစ်ပြီး နောက်တစ်ကြိမ်မှာ ရန်ကုန်မြို့တွင် အင်္ဂလိပ်စာလေ့လာပြီးနောက် ကရင်ပြည်နယ်ရှိ ခင်ပွန်းဖြစ်သူ၏ ကျေးရွာသို့ ရောက်ရှိသွားသောအချိန်တွင်ဖြစ်ကြောင်း ဒေါ်မိုးမိုးဝင်းက ပြောသည်။

၎င်းတို့ဇနီးမောင်နှံမှာ မှတ်ပုံတင်လုပ်ငန်းစဉ် အဆုံးသတ်ခြင်းမပြုမီ တစ်လအလိုတွင် မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သော်လည်း အခြားနိုင်ငံတစ်နိုင်ငံတွင် ပြန်လည်အခြေချ နေထိုင်နိုင်မည့် အခွင့်အရေး တစ်ခုတည်းအတွက် ဤဒုက္ခသည်စခန်းအတွင်း နေထိုင်နေခြင်းမဟုတ်ဟု ၎င်းကပြောသည်။ ထိုသို့နေထိုင်ခွင့်ရခဲ့လ ျှင်လည်း ဒုက္ခသည်စခန်းတစ်ခုအတွင်းတွင် နေထိုင်ခဲ့ရသောနှစ်များကြောင့် ထိုက်တန်မှု ရှိလိမ့်မည်မဟုတ်ဟု ပြောကြားသည်။

“ရှင်ဆိုရင်လည်း ဒုက္ခသည်တစ်ဦးဖြစ်ချင်မှာ မဟုတ်ပါဘူး။ လူတွေက ကျွန်မတို့ကို အထင်သေးကြတယ်” ဟု ၎င်းကပြောသည်။ “ကျွန်မ မယ်လမှာ ၁၀ နှစ်လောက် နေထိုင်ပြီးပြီ။ အပြင်ကို (မြို့ထဲ) ၁၀ ကြိမ်လောက်ပဲ ထွက်ဖူးမယ်ထင်တယ်” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။ 

၎င်းနှင့် ခင်ပွန်းဖြစ်သူတို့မှာ မြန်မာနိုင်ငံသို့ ပြန်လိုကြသော်လည်း အခြားနေရာတစ်ခုခုသို့ သွားရောက်ရပါကလည်း မသွားဘူးဟု ပြောဆိုလိမ့်မည်မဟုတ်ကြောင်း ပြောကြားသည်။ “ဘယ်နေရာက လုံခြုံသလဲ။ ဒါက ပထမဦးစားပေးပါ” ဟု ၎င်းကပြောသည်။

အပစ်အခတ်ရပ်စဲမှုအား သဘောတူညီထားပြီးဖြစ်သော်လည်း မြန်မာနိုင်ငံမှာ ၎င်း၏စိတ်ထဲတွင်သာမက အခြားသောဒုက္ခသည်များ၏ စိတ်ထဲတွင်လည်း လုံခြုံမှုမရှိသော နေရာတစ်နေရာ ဖြစ်နေသေးသည်။ “ကျွန်မ အရွယ်ရောက်လာတဲ့အချိန်မှာ အပစ်အခတ်ရပ်စဲတာတွေကို မြင်ခဲ့ရဖူးပါတယ်။ အဲဒီအချိန်တွေတုန်းက အပစ်ရပ်တယ်လို့ သူတို့ပြောခဲ့ပေမယ့် ချင်းရွာတွေနဲ့ ချင်းပြည်သူတွေကို ဖျက်ဆီးခဲ့တာပဲ” ဟုလည်း ဒေါ်မိုးမိုးဝင်းက ဆိုသည်။

မယ်လအွန်ဒုက္ခသည်စခန်းရှိ ရေကန်ငယ်တစ်ခုအတွင်းတွင် မိမိကိုယ်ကို ပြန်ကြည့်နေကြသော ကလေးငယ်များ။ ဓာတ်ပုံ - Vincenzo Floramo

မယ်လအွန်ဒုက္ခသည်စခန်းရှိ ရေကန်ငယ်တစ်ခုအတွင်းတွင် မိမိကိုယ်ကို ပြန်ကြည့်နေကြသော ကလေးငယ်များ။ ဓာတ်ပုံ – Vincenzo Floramo

ကရင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲမှာ နှစ်ပေါင်း ၇၀ မျှ ကြာမြင့်နေပြီဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်မှုများ၊ အိမ်များအား မီးတင်ရှို့ခြင်းသာမက ကတိကဝတ်များ ချိုးဖောက်ခြင်း၊ မျှော်လင့်ခြင်းများ မြင့်တက်လာခြင်းတို့ကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ တည်ငြိမ်စ ပဋိပက္ခဇုံ တော်တော်များများရှိ အခြေအနေမှာ တင်းမာလျက်ရှိသည်။ သတင်းစာများတွင် ငြိမ်းချမ်းနေပြီဟု ပြောဆိုဖွယ်ရှိသော်လည်း တစ်ချိန်တည်းတွင် စစ်သားများအဖြစ်မှ စိတ်အားထက်သန်နေသည့် ဓားပြအဖြစ်သို့ ပြောင်းလဲသွားသည့်အဖွဲ့များက တောအုပ်များထဲတွင် ပြန်လည်လက်စားချေရန် ကြိုးပမ်းကြလိမ့်ဦးမည် ဖြစ်သည်။ ထို့အတူ မြေမြုပ်မိုင်းများကလည်း ကလေးများ၏ ကိုယ်လက်အင်္ဂါများအား ရန်ပြုနေဆဲပင်ဖြစ်သည်။ အဆုံးတွင် ထိုသို့သော အကြောက်တရားများက ဒေါ်မိုးမိုးဝင်းအတွက် ဒုက္ခသည်စခန်းတွင်သာ နေထိုင်ရန် လုံလောက်သော အကြောင်းပြချက်ဖြစ်ခဲ့သည်။

အခြားနေရာတွင် ပြန်လည်အခြေချနေထိုင်ခြင်းထက် နေရပ်ပြန်လည် ပြောင်းရွှေ့ရေးအပေါ် အာရုံပြုနေခြင်းအား မစ္စတာဟောကလည်း ထောက်ခံသည်။ “ပြန်လည်အခြေချ နေထိုင်ရေးက အကာကွယ်ပေးရေးအတွက် ဖြေရှင်းချက်တစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့က ခရီးသွားကလပ်တစ်ခု မဟုတ်ပါဘူး” ဟုလည်း ၎င်းကဆိုသည်။

သို့သော် မှတ်ပုံတင်ထားခြင်းမရှိသေးသူများအပါအဝင် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူအများစုမှာ တတိယနိုင်ငံ တစ်နိုင်ငံသို့ ရွှေ့ပြောင်းလိုကြသူများ မဟုတ်ဟုလည်း ၎င်းက ယုံကြည်လျက်ရှိသည်။ ထိုဒုက္ခသည်စခန်းကိုးခုတွင် ကျန်ရှိနေသောသူများ၏ ထက်ဝက်ခန့်မှာ မှတ်ပုံတင်ထားခြင်း မရှိသေးသော်လည်း တတိယနိုင်ငံတစ်နိုင်ငံတွင် အခြေချနေထိုင်ရန် တောင်းဆိုမှုများမှာ လွန်ခဲ့သော နှစ်များအတွင်း သိသိသာသာ လျော့နည်းသွားခဲ့သည်။

တစ်နည်းအားဖြင့်ဆိုသော် တတိယနိုင်ငံသို့ အခမဲ့သွားရောက်ခွင့်များကို ကမ်းလှမ်းခဲ့သော်လည်း ငြင်းဆန်ခဲ့သူများ ထောင်နှင့်ချီ ရှိနေသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

“ဒါက ကျွန်တော်တို့ကို တစ်စုံတစ်ခုတော့ ပြောပြနေတာပါ။ အများစုက အိမ်ပြန်လိုစိတ်ရှိတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု မစ္စတာဟောက ပြောသည်။

ထိုစိတ်ဓာတ်မှာ ဒုက္ခသည်စခန်းများတွင် မျိုးဆက်သစ်များ ပေါ်ထွက်လာသည်နှင့်အမျှ ပိုမို ကြီးထွားလာလျက်ရှိသည်။

“သူတို့က လူငယ်တွေပါ” ဟု မစ္စတာဟောမှ ဆိုသည်။ “သူတို့က ဒုက္ခသည်စခန်းတစ်ခုခုက ၁၅၊ ၁၆၊ ၁၇ အရွယ်တွေပါ။ သူတို့က ကန့်သတ်ခံထားရသူတွေဖြစ်ပြီး ဒုက္ခသည်စခန်းတွေအတွင်းက အပြင်ထွက်လို့ မရကြပါဘူး။ သူတို့သွားမယ်ဆိုရင်ကော ရမယ့်ဘဝက ဘယ်လိုဘဝမျိုးလဲ။ ကျွန်တော်တို့ ဒီဘဝကြီးကို မလိုလားတော့ဘူး။ ဟော်လန်ပဲ ဖြစ်ဖြစ်၊ မြန်မာမှာပဲ ဖြစ်ဖြစ်၊ ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်ရတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အမေရိကန်မှာ အခြေချရတာပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော်က ကလေးတစ်ယောက်သာဖြစ်တယ်လို့ ဆိုနေကြသူတွေပါ” ဟုလည်း ထပ်လောင်းရှင်းပြခဲ့သည်။

ဖြည်းဖြည်းချင်း အစုလိုက်အပြုံလိုက် ထွက်ခွာသွားကြခြင်း

ဒုက္ခသည်စခန်းများမှ အနည်းဆုံး လူဦးရေ ၁၀,၀၀၀ ခန့် ထွက်ခွာသွားကြပြီး ဖြစ်သည်။

ပျောက်ဆုံးနေသူအများစုမှာ ကုလက ခေါ်ဆိုသည့် “ကိုယ်ထူကိုယ်ထပြန်သွားကြသောသူများ” ဖြစ်နိုင်ချေရှိပြီး KRC၊ ကုလသမဂ္ဂနှင့် ထိုင်းလုံခြုံရေး သို့မဟုတ် အခြားအဖွဲ့တစ်ဖွဲ့ဖွဲ့အား အသိပေးခြင်းမရှိပဲ ထုတ်ပိုး ထွက်ခွာသွားခဲ့ကြခြင်းများသာ ဖြစ်သည်။  

“တခါတလေမှာ သူတို့လုပ်ရပ်က အအောင်မြင်ဆုံး ဖြစ်ဟန်တူပါတယ်။ ဘာကြောင့်လည်းဆိုတော့ အထောက်အကူ တစ်စုံတစ်ရာ လိုအပ်ခြင်းမရှိလို့ပါ။ သူတို့နဲ့ အပေးအယူလုပ်မယ့်သူမရှိဘဲ ဆုံးဖြတ်ချက် ချခဲ့ကြလို့ ဖြစ်ပါတယ်” ဟု မစ္စတာဟောက ပြောကြားသည်။ “သူတို့တော်တော်များများအတွက် ဒီလောက်နဲ့ပဲ လုံလောက်သွားပါပြီ” ဟုလည်း ၎င်းကပြောသည်။

အကြောင်းကြီးငယ် ကိစ္စများနှင့် ရံဖန်ရံခါတွင် ဒုက္ခသည်စခန်းများရှိ မိတ်ဆွေများ၊ သူငယ်ချင်းများထံသို့ လာရောက်တွေ့ဆုံခြင်း၊ အိမ်သတင်းများ ယူဆောင်လာခြင်းတို့ ပြုလုပ်ရန်အတွက် သောင်းရင်းမြစ်ကို ဖြတ်ကျော်ရန် ဒုက္ခသည်မှတ်ပုံတင်များနှင့် ရိက္ခာထုတ်ယူသောကဒ်များကိုမူ ၎င်းတို့က ဆက်လက် သိမ်းဆည်း ကိုင်ဆောင်ထားလေ့ရှိသည်ဟု ၎င်းကပြောသည်။

ယင်းမှာ ယခုအချိန်၌ ကျွနု်ပ်တို့မျှော်လင့်နိုင်သော အစုလိုက်အပြုံလိုက်ထွက်ခွါမှုပင်ဖြစ်သည်။ အစုလိုက် အပြုံလိုက် ထွက်ခွါရန်အတွက် တရားဝင်ဂိတ်တံခါးများ ဖွင့်မထားသော်လည်း အခြားတစ်ဖက်တွင် မည်သို့မည်ပုံ ဖြစ်နေသည်ဆိုသည်ကို ကြည့်ရှုလိုသောသူများ တစ်ဖွဲဖွဲများလာလျက်ရှိပြီး ဒုက္ခသည်စခန်းနှင့် နိုင်ငံအကြားရှိ အဟန့်အတားများကို တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားစေမည် ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ – ထိုင်းနိုင်ငံရှိ မယ်လအွန်ဒုက္ခသည်စခန်း။ ဓာတ်ပုံ – Vincenzo Floramo

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.