စောင့်ကြည့်ရမယ့် မဲဆန္ဒနယ်မြေ

ပြည်သူ့လွှတ်တော်၊ ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်မြေ

စည်သူအောင်မြင့် ရေးသားသည်။

ရန်ကုန်မြို့ရဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေအနက် စိတ်ဝင်စားစရာ ကောင်းတဲ့ နယ်မြေတစ်ခုကတော့ သင်္ဃန်းကျွန်းဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီမဲဆန္ဒနယ်မှာ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်မင်းသားကြီးလို့ နာမည်ကျော်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အင်ပြည့်အားပြည့် အနိုင်ရဖို့ ကြိုးပမ်းနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးရွှေလှ(ခေါ်) ဦးရွှေလှဝင်းနဲ့ လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးသန့်ဇင်ဖြိုးတို့ အဓိက ယှဉ်ပြိုင်ကြမှာပါ။

ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲကတည်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးပါတီအဖြစ် အသွင်ပြောင်းပြီး ပါတီစုံ နိုင်ငံရေးမှာ အစဉ်တစိုက် ဆက်လက်ပါဝင်လာတဲ့ ပါတီ၊ ဒီနှစ်ပိုင်း အတွင်း သတိထားမိစရာ ငွေကြေးသုံးစွဲမှုတွေနဲ့အတူ စောင့်ကြည့်ရမယ့် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက အမတ်လောင်းတို့အပြင် စုစုပေါင်း ကိုး ဦးပါဝင်ယှဉ်ပြိုင်မှာပါ။

မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ကျော်ကလည်း တစ်သီးပုဂ္ဂလအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

“အဓိကကတော့ စာနာစိတ်လို့ပဲ ပြောရမယ်။ ပြည်သူတွေကို တိုးတက်စေချင်တဲ့စိတ်ပေါ့နော်။ စိတ်ပိုင်း ဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပြည်သူတွေကို တိုးတက်စေချင်တယ်။ မြို့တော်စည်ပင်မှာ လုပ်လာတဲ့ အချိန်မှာ တွေ့လာတဲ့အတွေ့အကြုံတွေနဲ့ဆိုတော့ ကိုယ့်ပြည်သူတွေကို တစ်တပ်တအားလေး ဝင်ပါမယ် ဆိုပြီးတော့ပါ” လို့ သူက ဆိုပါတယ်။

ပြည်သူတွေအတွက် အပြောင်းအလဲတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ လူကြီးတွေ ရှိတဲ့ အထက်အဆင့်ကို စကား ပေါက်အောင် ပြောမှ ရနိုင်မှာမို့ ရွေးကောက်ပွဲ ဝင်တာပါလို့လည်း သူက ပြောပါတယ်။ “အဲဒီယုံကြည်မူလေးနဲ့ ဝင်ပြိုင်တာပါ။ တိုင်းပြည်ကို ကောင်းအောင်လုပ်ပေးမယ့် အနာဂတ် သားသမီးတွေအတွက်ကို တကယ် ကောင်းအောင် လုပ်ပေးနိုင်မယ့်သူဆိုရင် ဘယ်သူရရပါ” လို့ ဦးခင်မောင်ကျော်က ပြောတယ်။

ဦးသိန်းညွန့်ကတော့ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းငါးနှစ်အတွင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြည်သူတွေကို သက်သေပြထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

သူက ၂၀၁၀ မတိုင်မီကာလတွေမှာ NLD ပါတီမှာ ရှိခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အဲဒီပါတီရဲ့ ရွေးချယ်ခံ အမတ်အဖြစ် ကိုယ်စားပြုဖူးသူပါ။ ဒါပေမဲ့ ဒီနေ့အချိန်မှာ အမျိုးသား ဒီမိုကရေစီပါတီသစ်ဆိုပြီး အသစ် ထူထောင်ရပ်တည်နေသူပါ။ သူကတော့ လာမယ့်ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် စိုးရိမ်စရာမရှိဘူးလို့ တွက်ထားပါတယ်။ သူက ၂၀၁၀ ရွေးကောက်ပွဲဝင်တုန်းက ကတိပေးခဲ့တဲ့အတိုင်း လမ်းကိစ္စ၊ အခုဆို သင်္ဃန်းကျွန်းမှာ ၉၀ ရာခိုင် နှုန်း လမ်းအသစ်တွေ အကုန်လုံး ခင်းလိုက်နိုင်ပြီ။

“ဟိုးဘက်စံပြကအစ ဒီဘက်အဆုံးပေါ့။ အကြွင်းအကျန်ပဲ ကျန်တော့တယ်” လို့ ဆိုပါတယ်။

“သင်္ဃန်းကျွန်းလူထုအတွက်ကတော့ လွှတ်တော်အတွင်းမှာသော်လည်းကောင်း၊ လွှတ်တော်ပြင်ပမှာသော် လည်းကောင်း အစွမ်းကုန် ကျွန်တော် ဆောင်ရွက်ခဲ့ပြီးပြီ” လို့ ဦးသိန်းညွန့်က ပြောပါတယ်။ ဒါ့အပြင် သူဟာ အင်အားကြီးပါတီတွေရဲ့ အားကိုမယူဘဲ လွှတ်တော်လုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်နိုင်တယ်ဆိုတဲ့ အတွေ့အကြုံကိုလည်း ရရှိပြီး ဖြစ်တာမို့ လာမယ့် သက်တမ်းအတွက် ဘာမှ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
သူ့ရဲ့ ပြိုင်ဘက် NLD အမတ်လောင်း ဦးရွှေလှ(ခေါ်) ဦးရွှေလှဝင်းကတော့ လာမယ့် ရွေးကောက်ပွဲမှာ သူ နိုင်ကို နိုင်မယ်လို့ ပြောပါတယ်။

“ယုံပါတယ်။ လုံးဝကို ယုံကြည်ပါတယ်” လို့ သူက ဆိုတယ်။ သူဟာ ၁၉၇၄ ဦးသန့် အရေးအခင်းမှာ ကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေ စတင်ခဲ့သူ ဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာလည်း ပါဝင်ခဲ့သူ ဖြစ်တယ်။
အာဏာရပြည်ခိုင်ဖြိုးပါတီကတော့ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှာ ဦးသန့်ဇင်လို့ ခေါ်တဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းနဲ့ ရုပ်ရှင်၊ ဗီဒီယိုလုပ်ငန်း လုပ်ကိုင်သူကို ရွေးချယ်ထားပါတယ်။ သူဟာ ၂၀၁၀ ကမှ ပါတီကို ဝင်ရောက် ခဲ့တာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲဟာ သူ့ရဲ့အမတ်လောင်းဘဝအတွက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

သူကတော့ ရွေးချယ်ခံရမယ်ဆိုရင် မြို့နယ်မှာ ရှိပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ အားကစားကွင်းတွေ ပြန်ရဖို့ ဦးစားပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စည်းရုံးရေးကိုလည်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ အပါအဝင် ဘာသာရေးခေါင်းဆောင်များအင်အား၊ လူကြီးသူမတွေရဲ့ အားနဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်ယုံကြည်မှုရှိပါတယ်။ ကျွန်တော် နိုင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ နိုင်အောင်လို့လည်းပဲ လုပ်နေပါတယ်” လို့ ဦးသန့်ဇင်က ပြောပါတယ်။

ဆက်လက်ပြီး “စည်းရုံးမှုပေါ့နော်။ ကျွန်တော်ရပ်ကွက်တွေထဲ သွားသွားပြီးတော့ ကျွန်တော့ကိုစပြီး လျာထားပြီ ဆိုကတည်းကိုက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေ နောက်တခါ ဓမ္မာရုံက လူကြီးတွေ နောက်တခါ ဘာသာရေးခေါင်းဆောင်တွေပေါ့နော်၊ ကျွန်တော်တို့ မ.ဘ.သတို့ ဘာတို့က အစပါပါတယ်။ ဒီဆရာတော်တွေ နောက်ကျန်တဲ့ ဘာသာကြီးလေးရပ်ရဲ့ခေါင်းဆောင်တွေနဲ့ ကျွန်တော်တွေ့ဆုံပြီးတော့ပေါ့နော်၊ ကျွန်တော့ရဲ့ မူဝါဒတွေအကြောင်းကို ကျွန်တော်ရှင်းပြပါတယ်” လို့ သူ့ရဲ့ အောင်နိုင်ရေးလုပ်ငန်းစဉ်ကို ရှင်းပြပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် တစ်သိန်းငါးသောင်းပတ်ဝန်းကျင် ရှိပေမဲ့ အခု စာရင်းအရတော့ အဲဒီထက် နည်းတယ်လို့ ဆိုပါတယ်။ အတိအကျဆိုရင် မဲဆန္ဒရှင် ၁၄၃,၀၀၀ နီးပါးသာ ရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကောက်မရှင် ဥက္ကဋ္ဌ ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။

“သန်းခေါင်စာရင်းကောက်တဲ့အချိန်တုန်းက မြန်မာနိုင်ငံမှာ လူဦးရေ ကသန်း ၆၀၊ သန်း ၆၀ ဆိုပြီးအော်နေ တဲ့အချိန်၊ တကယ် အမှန် ကောက်လိုက်တော့ ၅၁ သန်းပဲ ရှိတယ်။ အဲဒီပမာဏ အပေါ်ကို အခြေခံတာပေါ့နော်” လို့ သူက ဆိုပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၃၈ ရပ်ကွက်ရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ်အတွင်း မဲရုံပေါင်း ၁၂၀ ရှိမှာ ဖြစ်ပါ တယ်။ အဲဒီမဲဆန္ဒနယ်က အသက် ၁၈ မှ ၇၀ အတွင်း ပြည်သူ ၁၄၀ ဦးကို မွန်းတည့်နေက စစ်တမ်း ကောက်ခံ ရာမှာတော့ မဲစာရင်းကြည့်ပြီးသူ ထက်ဝက်ကျော်သာ ရှိတာတွေ့ရပါတယ်။ ကြည့်ပြီးသူတွေထဲက ငါး ရာခိုင် နှုန်းကတော့ မဲစာရင်းမှာ မပါဘူးလို့ ပြောကြပါတယ်။ စာရင်းအရဆိုရင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် အားလုံးကိုသိသူ တစ်ယောက်မှ မရှိပါဘူး။

စစ်တမ်းပါ ပြည်သူ ၁၄၀ ရဲ့ ထက်ဝက်ပမာဏကသာ တချို့ကို သိတယ်လို့ ဆိုကြပါတယ်။ စစ်တမ်းအရ လူသိများမှုစာရင်းမှာတော့ ဦးသိန်းညွန့်က ထိပ်ဆုံးက ဦးဆောင်နေပြီး ဦးရွှေလှဝင်းက အရေအတွက် အနည်းငယ်အကွာနဲ့ ဒုတိယ လိုက်ပါတယ်။ ဘယ်ပါတီကို ဘယ်သူ့ကို မဲပေးမလဲ မေးတဲ့အခါ အများစုက အင်န်အယ်လ်ဒီ အမတ်လောင်းကို မဲပေးမယ်လို့ ပြောဆိုကြပြီး ဦးသိန်းညွန့်ကို မဲပေးမယ်လို့ ဖြေကြသူတွေ လည်း များပါတယ်။

သတင်းအဖွဲ့က သင်္ဃန်းကျွန်းမြို့နယ်ရဲ့ ဇ/မြောက်၊ သုမင်္ဂလာ၊ ဇဝန၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းဈေး၊ ဆ/က ရပ်ကွက်တွေမှာ ပြည်သူအချို့ကို ကျပန်းရွေးချယ်ပြီး အဲဒီစာရင်းကို ကောက်ခံတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲရက်ကလည်း တစ်လကျော်သာ လိုတော့တာမို့ ပါတီတွေ ကိုယ်စားလှယ်လောင်း တွေရဲ့ မဲဆွယ်ပွဲတွေနဲ့ သင်္ဃန်းကျွန်းမြို့နယ်လေးက စည်စည်ကားကား ဆူဆူညံညံ ဖြစ်နေပါပြီ။ ရလဒ်အဖြေ ကတော့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့ အဆုံးအဖြတ်ကိုသာ စောင့်မျှော်ကြရုံပေါ့။

ဝင်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းများ

၁။ ဦးခင်မောင်ကျော် (တစ်သီးပုဂ္ဂလ)
၂။ ဦးမောင်မောင်တာ (ညီညွတ်သော ဒီမိုကရက်တစ်ပါတီ)
၃။ ဦးရွှေလှ(ခ) ရွှေလှဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
၄။ ဦးလပ်သင်း (အမျိုးသားတိုးတက်ရေးပါတီ)
၅။ ဦးဝင်းမောင်(ခ)ဦးဝင်းထိုက် (မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ)
၆။ ဦးသန့်ဇင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
၇။ ဦးသိန်းညွန့် (အမျိုးသား ဒီမိုကရေစီပါတီသစ်)
၈။ ဦးဟန်တင် (အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ)
၉။ ဦးအေးကြည် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.