စာသင်ကျောင်းများကို လူ့အဖွဲ့အစည်း၏ခိုလှုံရာဖြစ်စေခြင်း

ကျောင်းသစ်တည်ဆောက်ရေး လမ်းညွန်ချက်သစ်များသည် ပညာရေးကို ဘက်စုံပါဝင်လာနိုင်စေပြီး လူတိုင်းလက်လှမ်းမီနိုင်စေမည့်ပြင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လူ့အဖွဲ့အစည်းအတွက် ခိုလှုံရာဖြစ်အောင် ရည်ရွယ်ထားသည်။

အီဗာ ဟီရ်ရှီ ရေးသားသည်။

၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ အစိုးရ စာသင်ကျောင်းများ ၅၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်။ ထို့နောက် ၂ နှစ်အကြာတွင် နောက်ထပ်ဆိုင်ကလုန်း တစ်ခုကြောင့် ရခိုင်ပြည်နယ်တွင် အစိုးရစာသင်ကျောင်း ၃၅၀ ကျော် ပျက်စီးခဲ့သည်။

မြန်မာနိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေလွှမ်းမိုးမှုများနှင့် မြေငလျင်များဖြစ်တတ်သည်။ ဖြစ်ပွားပါက အရည်အသွေးနိမ့်ပါးစွာ တည်ဆောက်ထားသော စာသင်ကျောင်းများ ပျက်စီးသည်။ ကျောင်းအချို့ကို အလွယ်တကူပျက်စီးနိုင်သည့်ဝါးဖြင့် တည်ဆောက်ထားခြင်းမျိုးပင်ရှိသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ရည်ရွယ်ချက်ကြီးမားသော စီမံကိန်း တစ်ခုအဖြစ် ပညာရေးဝန်ကြီးဌာနသည် လာမည့်ဆယ်စုနှစ် တစ်ခုအတွင်း စာသင်ကျောင်း ၃၀,၀၀၀ ခန့်တည်ဆောက်ရန် စီစဉ်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုဖြင့် စာသင်ကျောင်း တည်ဆောက်ရေး လုပ်ငန်းအဖွဲ့ခွဲသည် ဘေးကင်းပြီး ကလေးများနှင့်သင့်လျော်သော စာသင်ကျောင်းတည်ဆောက်ရေး လမ်းညွှန်ချက်များကို ထုတ်ပြန်ပေးထားသည်။

ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ထိုအဖွဲ့ကို ဆွစ်ဇာလန်နှင့် ဝေါဗီးရှင်း World Vision တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အင်န်ဂျီအိုများ၊ အိုင်အင်န်ဂျီအိုများအပြင် ယူနီဆက်ဖ် UNICEF အဖွဲ့အစည်းတို့ပါဝင်သည်။

ထိုလမ်းညွှန်ချက်များကို အောက်တိုဘာတွင် ထုတ်ပြန်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ၌ စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။ ထိုလမ်းညွှန်ချက်ဖြင့် ကျောင်းအချို့ကို နိုင်ငံတကာမိတ်ဖက်များဖြင့် တည်ဆောက်ပြီးဖြစ်သည်။

 “ရည်ရွယ်ချက်က အနာဂတ်မှာ ကျောင်းတွေဟာ သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိပြီး ကလေးများအတွက် လုံခြုံတဲ့ဝန်းကျင်တစ်ခု ပေးစွမ်းနိုင်ဖို့ဖြစ်ပါတယ်” ဟု အခြေခံပညာဦးစီးဌာနမှ ဒုညွန်ချုပ် ဒေါ်ခင်ခင်ကြီးက ရန်ကုန်၌ပြုလုပ်သော စီမံကိန်းဖွင့်ပွဲတွင်ပြောကြားသည်။

ပညာဆည်းပူးဖို့ ကောင်းမွန်သောနေရာတစ်ခု ဖြစ်နိုင်စေရန် စာမျက်နှာ ၁၀၀ ရှိ ထိုလမ်းညွှန်စာအုပ်တွင် ကျောင်းတည်ဆောက်ရာ၌ လိုအပ်ချက်များကို အသွင်မျိုးစုံဖြင့် ဖော်ပြထားသည်။ ရေသန့်နှင့် အိမ်သာစနစ်ကောင်းများ၊ ကျောင်းနေရာရွေးချယ်ခြင်းစသည်တို့အပါအဝင် လမ်းမနှင့်နီးကပ်မှု၊ ရေ၊ ရေနုတ်မြောင်းနှင့် လျှပ်စစ်ဓာတ်အားရရှိနိုင်မှုစသည်တို့ ပါဝင်သည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက ဘေးကင်းစေရန် ကျောင်းဆောက်မည့်နေရာကို သင့်တော်စွာ ရွေးချယ်ရန်လည်း ဖော်ပြထားသည်။ ဥပမာ မြေငလျင်လှုပ်ပါက မြေမပြိုစေရန် မတ်စောက်သော တောင်စောင်းများတွင် မတည်ဆောက်ရန်စသည်ဖြင့်ဖြစ်သည်။

မြေငလျင်လှုပ်လာပါက အပျက်အစီးလျှော့ချနိုင်စေရန် အဆောက်အအုံ၏ အလျား၊ အနံနှင့် အမြင့်ကိုလည်း သတ်မှတ်ပေးထားသည်။ “ယင်းတို့ထဲမှ တစ်ခုသည် ကျန်နှစ်ခုထက် အလွန်ကြီး၊ သို့မဟုတ် အလွန်သေးနေပါက ငလျင်လှုပ်လာသောအခါ ဒဏ်မခံနိုင်သောကြောင့်ဖြစ်သည်” ဟု လမ်းညွှန်ချက်က ဆိုသည်။

ကျောင်းတည်ဆောက်မှုသည် လူတိုင်းအတွက်ဖြစ်ရာ မသန်စွမ်းကျောင်းသား၊ ကျောင်းသူများအတွက်လည်း နေရာပေးနိုင်ရန် ရည်ရွယ်ထားသည်။

ပရောဟိကျောင်း၌ ဦးနေဇော် စာသင်ပြနေစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ပရောဟိကျောင်း၌ ဦးနေဇော် စာသင်ပြနေစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ပိုကောင်းသည့် ပညာဆည်းပူးမှုပတ်ဝန်းကျင်

အသက် ၂၅ နှစ်အရွယ် ဦးနေဇော်သည် ကျောင်းဆရာဖြစ်သည်။ သူသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ အစိုးရ စာသင်ကျောင်းတွင် အလုပ်လုပ်သည်။

“အရင်က ကျောင်းခန်းမကြီးကို အတန်းမျိုးစုံအတွက် ခန်းစည်းလေးတွေပဲ ကာပေးထားတာ။ စာသင်တဲ့အခါ ဆူညံပြီး အာရုံစိုက်လို့မရဘူး” ဟု သူကပြန်ပြောပြသည်။ ကျောင်းခန်းမှာ နွေရာသီ၌ မွန်းကျပ်လှသည်။ ရေကလည်း တစ်နေ့ကို နာရီအနည်းငယ်သာရသည်။ “ကလေးတွေက ရေအိမ်သုံးချင်ရင် အိမ်ကနေ ရေယူလာရတယ်” ဟု Frontier ကိုပြောပြသည်။

ယင်းသို့သောအခြေအနေများသည် မြန်မာနိုင်ငံအတွက် မထူးဆန်းပေ။ ကျောင်းသားများသည် ပြည့်ကျပ်နေသော စာသင်ခန်းထဲတွင် စာသင်ရသည်။ ရေအိမ်မရှိသော ကျောင်းများလည်းရှိသည်။ ရှိပါကလည်း သန့်ရှင်းမှုမရှိပေ။ ထို့ကြောင့် ကျန်းမာရေးထိခိုက်နိုင်သည်။ အထူးသဖြင့် ဝေးလံခေါင်သီသော ဒေသများမှ ကျောင်းများတွင်ဖြစ်သည်။ ယင်းအခြေအနေမျိုးတွင် ကျောင်းသားများသည် စာကိုအာရုံစိုက်ရန် ခက်ခဲသည်။

ပြီးခဲ့သော ၂ နှစ်ခန့်မှစပြီး ဦးနေဇော်သည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပရောဟိကျောင်း Pa Yaw He တွင် စာသင်ခဲ့ရသည်။ ထိုကျောင်းကို ၂၀၁၅ ခုနှစ်တွင် ဆွစ်ဇာလန် ဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Swiss Agency for Development and Cooperation ၊ ဥရောပသမဂ္ဂ European Union ၊ နော်ဝေနိုင်ငံ ဒုက္ခသည်ကောင်စီ Norwegian Refugee Council တို့ကတည်ဆောက်ပေးပြီး ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များအတိုင်း တည်ဆောက်ခဲ့သော ပထမဆုံးကျောင်းများထဲမှ တစ်ကျောင်းဖြစ်သည်။

ဦးနေဇော်က ထိုကျောင်းသည် ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက သူတို့သွားရောက်ခိုလှုံနိုင်သော တစ်ခုတည်းသော နေရာဖြစ်ကြောင်း ဒေသခံများက သိကြသည်ဟုဆိုသည်။ ထို့ပြင် မိုးကြိုးလွှဲရှိသော တစ်ခုတည်းသော အဆောက်အအုံဖြစ်သည်။

“သဘာဝဘေးအန္တရာယ် ကျရောက်လာရင် သူတို့ ဒီမှာလာခိုလှုံကြလိမ့်မယ်”ဟု ဦးနေဇော်ကဆိုသည်။

သို့သော် ထိုကျောင်းသည် ကောင်းမွန်သော စာသင်ကျောင်း တစ်ကျောင်းဖြစ်နေခြင်းမှာ ဘေးကင်းလုံခြုံမှု တစ်ခုတည်းကြောင့် မဟုတ်ပေ။ သစ်တောတစ်ခုကို လှမ်းမြင်နေရသော တောင်ကုန်းပေါ်တွင် မူကြိုမှ ငါးတန်းအထိ သင်ကြားပေးသော၊ ကွန်ကရစ်ဖြင့် ဆောက်လုပ်ထားသည့် ကျောင်းဆောင်များရှိသည်။ ကျောင်းစာသင်ခန်းများသည် ကျယ်ဝန်းပြီး အလင်းရောင်ကောင်းစွာရရှိသည်။ တံခါး၊ ပြတင်းပေါက်များဖြင့် လေဝင်လေထွက်လည်း ကောင်းမွန်၍ဖြစ်သည်။

“ကျွန်တော်က ဒီကျောင်းမှာ စာသင်ပြရတာ ပိုကြိုက်တယ်။ ကျယ်ဝန်းတဲ့ သီးခြားအခန်းတွေရှိတယ်။ ၂၄ နာရီ ရေရရှိနိုင်တဲ့ ရေအိမ်လည်းရှိတယ်။ ဆရာတွေအတွက်အခန်းလည်း သီးခြားရှိတယ်။ အရင်ကျောင်းမှာ ဒါမျိုးတွေ လုံးဝမရှိဘူး” ဟု ဦးနေဇော်ကဆိုသည်။

အောက်တိုဘာလကထုတ်ဝေခဲ့သော လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဖြစ်လာစေမည့် ဆောက်လုပ်ရေးလမ်းညွှန်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

အောက်တိုဘာလကထုတ်ဝေခဲ့သော လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဖြစ်လာစေမည့် ဆောက်လုပ်ရေးလမ်းညွှန်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

လမ်းညွန်ချက်များ လူကြိုက်များ

အောက်တိုဘာလက ရန်ကုန်တွင်ကျင်းပသည့် လမ်းညွှန်ချက်ဖွင့်လှစ်ပွဲ၌ လမ်းညွန်ချက်များကို လူကြိုက်များခဲ့သည်။

“ဒီလမ်းညွှန်ချက်တွေက သိပ်အရေးပါပါတယ်” ဟု ဆွစ်ဇာလန်အခြေစိုက် Lutheran World Federation ၏ ပညာရေးဆိုင်ရာပူးပေါင်းညှိနှိုင်းရေးမှူး မစ္စမာရီဖမ်း Ms Mary Pham ကဆိုသည်။ ယင်းအဖွဲ့အစည်းသည် ရခိုင်ပြည်နယ်တွင် ကျောင်းတည်ဆောက်ရေး စီမံကိန်းကို လုပ်ဆောင်နေသော အိုင်အင်န်ဂျီအို တစ်ခု ဖြစ်သည်။

“ရခိုင်ပြည်နယ်က မြို့နယ် လေးခုမှာရှိတဲ့ အစိုးရကျောင်း ၂၂ ကျောင်းကို ဒီလမ်းညွှန်ချက်နဲ့အညီ ကျွန်မတို့ ပြုပြင်နေတယ်။ လမ်းညွန်ချက်မထုတ်ပြန်ခင်က ကျွန်မတို့ရဲ့ကျောင်းတည်ဆောက်ရေး စီမံကိန်းတွေမှာ အခြေပြုစရာ ဘာစာအုပ်မှ မရှိခဲ့ဘူး” ဟု မစ္စဖမ်းကဆိုသည်။

မစ္စဖမ်းက အစိုးရကျောင်း အတော်များများသည် ကျောင်းသားများ၏ အခြေခံလိုအပ်ချက်ကို ပြည့်မီခြင်း မရှိကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ကျောင်းအချို့မှာ ရေအိမ်ပင် မရှိကြကြောင်း၊ ကျောင်းသားများက ရေအိမ်သွားလိုပါက အိမ်သို့လမ်းလျှောက်ပြန်ပြီး သွားကြရကြောင်း သူကပြောသည်။

ပုဂ္ဂလိကကန်ထရိုက်များ တည်ဆောက်ပေးသည့် အရည်အသွေးမမီသော စာသင်ကျောင်းများနှင့်ပတ်သက်ပြီး ဥပဒေပြုလွှတ်တော်အမတ်များက စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက စာသင်ကျောင်းဆောက်သည့် ကန်ထရိုက်တာများသည် ဆောက်လုပ်ရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။ ထို့ပြင် ဆောက်လုပ်ရာတွင် ပညာရေးဝန်ကြီးဌာနက တင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးရန် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ ဗိသုကာအသင်း Association of Myanmar Architects ၏အဖွဲ့ဝင် ဦးမျိုးထွဋ်မြိုင်က ထိုလမ်းညွှန်ချက်များကို အရေးတကြီး လိုအပ်နေကြောင်း သဘောတူသည်။ “လမ်းညွှန်ချက်များရှိဖို့က အရေးကြီးပါတယ်။ အရင်က စာသင်ကျောင်းဆောက်ရာမှာ ဘေးကင်းရေးစံနှုန်းတွေ များများစားစား မရှိခဲ့ဘူး” ဟု သူကဆိုသည်။

လမ်းညွှန်ချက်အတိုင်း လိုက်နာရာတွင် ရှိနိုင်သော အခက်အခဲများကိုလည်း ဦးမျိုးထွဋ်မြိုင်က ပြောပြသည်။ “ကျောင်းတည်ဆောက်မှုက လမ်းညွှန်ချက်အတိုင်း ဆောက်လုပ်နေတာ ဟုတ်မဟုတ်စစ်ဆေးဖို့ ကြီးကြပ်သူတွေလိုအပ်မယ်” ဟု သူက Frontier ကိုပြောသည်။ ထို့ပြင် သူ့တွင် အခြားဝေဖန်ထားသည်များလည်းရှိသေးသည်။

“လမ်းညွှန်ချက်တွေက ကျေးလက်ဒေသအတွက်ပဲ ရည်ရွယ်ထားတာ။ မြို့ပြဒေသအတွက် လမ်းညွှန်ချက်တွေ မရှိသေးဘူး။ လမ်းညွှန်ချက်ထဲမှာ ကလေးကစားကွင်းလည်း ထည့်ထားတာ မရှိသေးဘူး” ဟု သူက ထောက်ပြသည်။

“ဒီလမ်းညွှန်ချက်က ပထမအဆင့်ပဲ ရှိသေးပါတယ်။ အနာဂတ်မှာ လမ်းညွှန်ချက်ကို ချဲ့ထွင်သွားဖို့ရှိပါတယ်” ဟု ဆွစ်ဇာလန် ဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ အစီအစဉ်မန်နေဂျာ မစ္စတာ မတ်ခ်ဟွိုင်ဇာမန်း Mr Mark Haeussermann ကဆိုသည်။

ဆွစ်ဇာလန်အေဂျင်စီ SDC သည် စာသင်ကျောင်းပေါင်း ၈၀ ကျော်ကို တည်ဆောက်ရာတွင် ကူညီပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းတို့ထဲမှ အများစုတွင် ကစားကွင်းများပါရှိသည်ဟု သူကဆိုသည်။

ပရောဟိကျောင်းမှ ကျောင်းသူလေး ရေသန့်ဖြည့်နေစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ပရောဟိကျောင်းမှ ကျောင်းသူလေး ရေသန့်ဖြည့်နေစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ငွေကြေးမတတ်နိုင်မည့် ရည်မှန်းချက်တစ်ခုလား

လမ်းညွှန်ချက်အတိုင်း စာသင်ကျောင်းများကို တည်ဆောက်ခြင်းသည် ငွေကြေးအကုန်အကျ များနိုင်သည်။ မည်မျှကုန်ကျနိုင်မည်ကို ခန့်မှန်းရန်ခက်ခဲသည်။ အဘယ့်ကြောင့်ဆိုသော် ကျောင်းအရွယ်အစားနှင့် အသုံးပြုသောပစ္စည်းများအပေါ် မူတည်သောကြောင့်ဖြစ်သည်။

စာသင်ခန်း လေးခန်းပါရှိပြီး ပရိဘောဂများ၊ ရေအိမ်နှင့် ရေတွင်းတစ်ခုပါဝင်သော သံဖြူဇရပ်မြို့မှ ကျောင်းတစ်ကျောင်းသည် ကျပ်ငွေ သိန်း ၁,၀၀၀ ကုန်ကျခဲ့ပြီး ထိုအလှူရှင် သုံးဦးက ပူးပေါင်း တည်ဆောက်ပေးခြင်းဖြစ်သည်။ ကုန်ကျစရိတ်များခြင်းကို စိုးရိမ်ပူပန်နေ၍မရပေ။ အကြောင်းမှာ စာသင်ကျောင်းသည် ရေရှည်ခိုင်ခန့်ပါက အသုံးစရိတ်စုစုပေါင်းသည် မျှတသွားမည်ဖြစ်သည်ဟု မစ္စတာဟွိုင်ဇာမန်းက ဆိုသည်။ နောက်ဆုံးတွင် ဘေးကင်းစွာ ဆောက်လုပ်ထားသော ကျောင်းများသည် တာရှည်ခံပြီး ပြုပြင်ရပါကလည်း ငွေအကုန်အကျ နည်းပါးနိုင်သည်ဟု သူကဆိုသည်။

သူက ကျောင်းတည်ဆောက်မှုအတွက် ငွေကြေးအပြင် ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းအတွက်လည်း ဘတ်ဂျက်လိုအပ်မည်ဟုပြောကြားသည်။ “တကယ်တမ်းအနေနဲ့ ကျောင်းတွေမှာ အရည်အသွေးပြည့်ပြည့်ဝ၀  လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ ပြုပြင်ထိန်းသိမ်းရေးကော်မတီတစ်ရပ်ရှိရမယ်” ဟုဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် ကျောင်းများဆောက်ရန် ဘတ်ဂျက်၏ ၈ ဒသမ ၈ ရာခိုင်နှုန်းကို သတ်မှတ်လျာထားသည်။ သို့ရာတွင် တာဝန်ရှိသူများက ထိုပမာဏသည် လာမည့် ၁၀ နှစ်အတွင်း စာသင်ကျောင်း ၃၀,၀၀၀ တည်ဆောက်မည့်ရည်မှန်းချက်အတွက် မလုံလောက်ကြောင်း သိထားသည်။

ဒေါ်ခင်ခင်ကြီးကလည်း “ကျွန်မတို့ လွှတ်တော်ကို ဘတ်ဂျက်ပမာဏ တိုးမြင့်ပေးဖို့တောင်းဆိုမှာပါ။ လက်ရှိဘတ်ဂျက်က ကျွန်မတို့ စီစဉ်ထားတဲ့ ကျောင်းတွေအားလုံးအတွက် မလုံလောက်ပါဘူး။ နိုင်ငံတကာ မိတ်ဖက်တွေကလည်း စာသင်ကျောင်းတချို့အတွက် ငွေကြေးထောက်ပံ့ပေးတာတွေ ဆက်လုပ်မယ်လို့ မျှော်လင့်ပါတယ်” ဟုပြောကြားသည်။

ယူနီဆက်ဖ်က မြန်မာနိုင်ငံရှိ စာသင်ကျောင်း ၅၀ ခန့် ဆောက်လုပ်ရေးအတွက် ထောက်ပံ့ထားသည်။ ထို့ပြင် အရည်အသွေးမြင့် ပညာရေးအတွက် လမ်းညွှန်ချက် ထုတ်ပြန်နိုင်ရန်လည်း ကူညီပေးလျက်ရှိသည်။

ယူနီဆက်ဖ်၏ ပညာရေးအရာရှိ ဦးသက်နိုင်က ပညာရေးကို ကလေးတိုင်း လက်လှမ်းမီနိုင်ရေးအတွက် အခြေခံအဆောက်အအုံသည် အရေးကြီးကြောင်းလက်ခံသည်။ သို့မှသာ မသန်စွမ်းကျောင်းသားများလည်း ကျောင်းတက်ရန် အဆင်ပြေမည်ဟု သူကဆိုသည်။

“ဒါပေမဲ့ အခြေခံအဆောက်အအုံ တခုတည်းနဲ့ ပညာရေးအဆင့်အတန်း မြင့်မားလာနိုင်မှာတော့မဟုတ်ပါဘူး” ဟု သူကပြောကြားသည်။

မြန်မာနိုင်ငံပညာရေးတွင် နှုတ်တိုက် အလွတ်ကျက်မှတ်မှုများနှင့် ဆရာကိုသာ ဦးစားပေးပြီး ကျောင်းသားများ ပါဝင်ဆွေးနွေးနိုင်မှုမရှိခြင်းသည် ကလေးများ၏ တွေးခေါ်နိုင်စွမ်းကို ထိခိုက်စေသည်ဟု ဦးသက်နိုင်က ဝေဖန်ပြောကြားသည်။

“ပညာရေးကို အဆင့်မြှင့်တင်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားတွေကို ပြောင်းလဲပစ်ရမယ်။ သင်ရိုးညွှန်းတမ်းတွေကို ပြုပြင်ပြောင်းလဲပြီး ဆရာတွေရဲ့အရည်အသွေးကိုလည်း မြှင့်တင်ဖို့လိုမယ်” ဟု သူကဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

အောက်တိုဘာလက ထုတ်ပြန်သော လမ်းညွှန်ချက်အတိုင်း ၂၀၁၅ တွင် အလှူရှင်အဖွဲ့အစည်းများက ဆောက်ပေးထားသော သံဖြူဇရပ်မြို့နယ်မှ ပရောဟိကျောင်း၌ ဦးနေဇော် စာသင်ပြနေပုံ။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.