စည်ကားနေဆဲ တောင်ပြုန်းပွဲ

မြန်မာတို့ရဲ့ နတ်ကိုးကွယ် ယုံကြည်မှုတွေဖြစ်တဲ့ ၃၇ မင်းနတ်တွေထဲက လူသိအများဆုံးဖြစ်တဲ့ တောင်ပြုန်းနတ်ပွဲကို ဘယ်အရာကမှ တားဆီးလို့ မရသေးပါဘူး

ထွန်းခိုင် ရေးသားသည်။

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်ဟာ အရေးပေါ်အခြေအနေတွေနဲ့ကြုံလို့ ညမထွက်ရအမိန့် ထုတ်မယ်ဆိုရင်တောင် ချွင်းချက်ပေးရတဲ့ နေရာတစ်ခု ရှိပါတယ်။

အဲဒါကတော့ မန္တလေးက တောင်ပြုန်းမင်းနှစ်ပါး နတ်နန်းကိုပါ။ မြန်မာတို့ရဲ့နတ်ကိုးကွယ်ယုံကြည်မှုတွေဖြစ်တဲ့ ၃၇ မင်းနတ်တွေထဲက လူသိအများဆုံး တောင်ပြုန်းနတ်ပွဲကို ဘယ်အရာကမှ တားဆီးလို့ မရသေးပါဘူး။

ဒုတိယကမ္ဘာစစ်နဲ့ ၈၈ အရေးအခင်းလို မငြိမ်မသက်ဖြစ်ခဲ့တဲ့ ကာလတွေမှာတောင် တောင်ပြုန်းပွဲကို မပျက်မကွက် ကျင်းပခဲ့ကြတာပါ။

“တစ်နိုင်ငံလုံးမှာ ညမထွက်ရ အမိန့်ထုတ်တဲ့အချိန်တွေမှာတောင် ပိတ်လို့ မရဘူး။ ည ၁၀ နာရီအထိ ကခွင့် ပေးရတယ်” လို့ တောင်ပြုန်းနတ်ပွဲကို နှစ်ပေါင်း ၅၀ လောက် နှစ်စဉ်သွားရောက်ခဲ့တဲ့ အသက် ၈၄ နှစ်အရွယ် ကျောက်မြောင်းဒေါ်စိန်က ပြောပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်းက နတ်ကိုးကွယ်သူတွေ ဖြစ်တယ်လို့ဆိုပြီး လူဦးရေအားဖြင့် ၄၀၈,၀၀၀ ကျော် ဖြစ်ပါတယ်။

ဒါဟာ နတ်ချည်းသက်သက် ကိုးကွယ်သူတွေကိုဆိုလိုတာဖြစ်ပြီး တောင်ပြုန်းမင်းနှစ်ပါးကို ယုံကြည် ကိုးကွယ်သူအရေအတွက်ကတော့ ဒီထက် ပိုကောင်းပိုနိုင်ပါတယ်။

စာရင်းလာကောက်ရင်တော့ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်သူတွေလို့ ပြောကြမယ့် မြန်မာနိုင်ငံတစ်ဝှမ်းက တောင်ပြုန်းမင်း နှစ်ပါးကို ယုံကြည်သူတွေဟာ နှစ်စဉ် သြဂုတ်လအတွင်းမှာ စုဝေးကြလေ့ရှိပါတယ်။

တောင်ပြုန်းနတ်တွေကို ယုံကြည်သက်ဝင်သူတွေအတွက်ကတော့ သြဂုတ်လလယ်ပိုင်းဟာ တောင်ပြုန်းပွဲကို သွားဖို့ထက် ဘယ်အရာကမှ ပိုပြီးအရေးမကြီးလှပါဘူး။ တစ်နိုင်ငံလုံးက နတ်ယုံကြည်သူတွေဟာ မြန်မာတို့ရဲ့ နောက်ဆုံးနန်းမြို့ဖြစ်တဲ့ မန္တလေးကို ချီတက် ကြပါတော့တယ်။

သူတို့က လွန်ခဲ့တဲ့ နှစ် ၁,၀၀၀ နီးပါးက ကွက်မျက်ခံခဲ့ရပြီး နတ်အဖြစ်ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ကြတဲ့ တောင်ပြုန်းမင်းနှစ်ပါးရှိရာကို အရောက်သွားနေကြတာပါ။

ဒဏ္ဍာရီလာ ပြောစကားသမိုင်းတွေအရ ဒီနတ်ပွဲဟာ အနော်ရထာမင်းလက်ထက်က အစပြုခဲ့တာပါ။ ၁၀၄၄ ကနေ ၁၀၇၇ ခုနှစ်အထိ ပုဂံထီးနန်းကို အုပ်စိုးခဲ့တဲ့ အနော်ရထာကို မြန်မာတို့က ပထမဆုံး မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူအဖြစ် မှတ်ယူထားကြပါတယ်။

သူတို့ရဲ့ ဇာတ်လမ်းကို ရှေးမြန်မာတွေလက်ထက် အိန္ဒိယ၊ တရုတ်နဲ့မြန်မာအကြား ဆက်ဆံရေးအချို့နဲ့ပုံဖော် ထားပါတယ်။

တောင်ပြုန်းမင်းနှစ်ပါးလို့ လူတွေသတ်မှတ်ကြတဲ့ ရွှေဖျဉ်း ညီနောင်နှစ်ယောက်ဟာ အနော်ရထာမင်း အားကိုးရတဲ့ စစ်သူရဲကောင်းတွေဖြစ်ပြီး သူတို့ မိသားစုရဲ့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ဇာတ်လမ်းကို ဖွဲ့နွဲ့ထားပါတယ်။

ဒဏ္ဍာရီလာအဆိုအရ ဗျတ္တဆိုသူမှာ မမြင်နိုင်တဲ့ စွမ်းအားတွေရှိပြီး အားကိုးရတဲ့ စစ်သူရဲတယောက်ဖြစ်တဲ့သူဟာ သူ့အကို လုပ်ကြံခံရပြီးတဲ့နောက်မှာ မြန်မာပြည်အောက်ပိုင်း နိုင်ငံတခုကနေ အနော်ရထာဆီမှာ လာရောက်ခိုလှုံနေပါတယ်။

ဗျတ္တဟာ အနော်ရထာရဲ့အလေးပေးတာကို ခံခဲ့ရပေမယ့် နောက်ဆုံးမှာတော့ နန်းတွင်းအရှုပ်တော်ပုံတွေကြား တန်ဆာခံဖြစ်ခဲ့ပြီး ကွက်မျက်ခံခဲ့ရပါတယ်။ သူ့မှာ ရွေဖျဉ်းညီနောင်ဆိုတဲ့ သားနှစ်ယောက် ကျန်နေခဲ့တာကို သိသွားတဲ့ အနော်ရထာက ပြန်လည် ကုစားတဲ့အနေနဲ့ဗျတ္တမျိုးဆက်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ပါတော့တယ်။

သူတို့ရဲ့ ပထမဆုံးတိုက်ပွဲအဖြစ် အနော်ရထာရဲ့ ဗုဒ္ဒစွယ်တော် ပင့်ဆောင်ရေးမှာ ပါဝင်ခဲ့ရပါတယ်။ ဒဏ္ဍာရီလာ အဆိုတွေအရ အဲဒီရန်သူတွေဟာ တရုတ်တွေဖြစ်တယ်လို့ မြန်မာတွေက ယုံကြည်ကြပြန်ပါတယ်။

ဒီတိုက်ပွဲမှာ သူ့အဖေ ဗျတ္တလိုပဲ ထူးချွန်တဲ့ ရွေဖျဉ်းညီနောင်ဟာ အထူးစစ်သည်တွေအဖြစ် ပါဝင်ခဲ့ရပြီး ရန်သူတရုတ်မင်းကို အကျပ်ရိုက်အောင် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

စစ်နိုင်တဲ့အနော်ရထာက ဘုရားတည်တဲ့အခါမှာ ဘုရားမှာ အုတ်နှစ်ချပ် လွတ်နေခဲ့တာကို တွေ့ရှိခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်တော့ ရွှေဖျဉ်းညီနောင်ဟာ သူတို့ တာဝန်ယူရမယ့် အုတ်တွေကို ပြီးမြောက်အောင် မလုပ်ခဲ့ဘူးဆိုတာ သိသွားခဲ့တယ်လို့ ဆိုပါတယ်။

အနော်ရထာရဲ့အမိန့်မှာ သေဒဏ်မပါပေမယ့် ဗျတ္တမျိုးဆက်ကို လက်စဖျောက်တဲ့အနေနဲ့ ရွှေဖျဉ်းညီနောင်ကိုပါ မင်းမှုထမ်းတွေက ကွပ်မျက်ခဲ့ကြပါတယ်။

ဝမ်းနည်းဖွယ်အတိပြည့်နေတဲ့ ရွှေဖျဉ်းညီနောင်တို့ရဲ့ဇာတ်လမ်းဟာ သမိုင်းအချက်အလက်တွေနဲ့ ဘယ်လောက် ညီမညီဆိုတာကို ယုံကြည်ကိုးကွယ်သူတွေက ဂရုမစိုက်ပါဘူး။

သူတို့ကို ယုံကြည်သူတွေ ဂရုစိုက်တာက နှစ်စဉ် ဝါခေါင်လဆန်း ၁၀ ရက် (သြဂုတ်လလယ်ခန့်)ရောက်တိုင်း တောင်ပြုန်းပွဲကို အရောက်လာဖို့ပါဘဲ။

“ဒီနှစ်တော့ မသွားနိုင်ပေမယ့် လူကြုံနဲ့ဘဏ္ဍာငွေထည့်မယ်”လို့ နှလုံးရောဂါကြောင့် တောင်ပြုန်းပွဲကိုသွားဖို့ အစီအစဉ်ကို စွန့်လွှတ်ခဲ့ရတဲ့ ကျောက်မြောင်းဒေါ်စိန်က ပြောပါတယ်။

ယုံကြည်မှု ပြင်းထန်လွန်းတဲ့ သူ့မိတ်ဆွေတယောက်ဟာ ခွဲစိတ်ကုသမှု ခံယူထားတာ မကြာသေးပေမယ့် တောင်ပြုန်းပွဲကို မနေ့ကတင် ထွက်သွားပြီလို့ ကျောက်မြောင်းဒေါ်စိန်က သြဂုတ် ၄ ရက်နေ့က ပြောပါတယ်။

ဒီနှစ်မှာတော့ ဝါခေါင်လဆန်း ၁၀ ရက်နေ့ဟာ သြဂုတ် ၁၃ ရက်နေ့ဖြစ်ပြီး အဲဒီနေ့ နေ့လည်ပိုင်းမှာပဲ နတ်ညီလာခံဆိုတာကို စတင်ကျင်းပခဲ့ကြပါတယ်။

နောက်တစ်ရက်မှာတော့ ဧရာဝတီမြစ်ဆိပ်၊ ဒါမှမဟုတ် အနီးအနားက နေရာတစ်ခုမှာ ချိုးရေတော်သုံးတယ်လို့ ခေါ်တဲ့ နတ်ရုပ်တွေ ရေဆင်းချိုးမှာပါ။ အဲ့ဒိနေ့က အစည်ကားဆုံးနတ်ပွဲနေ့လည်း ဖြစ်ပါတယ်။ နောက်ရက်တွေဖြစ်တဲ့ သြဂုတ် ၁၅ ကနေ ၁၈ ရက်နေ့အထိ တောင်ပြုန်းနတ်ပွဲက စည်ကားနေဦးမှာ ဖြစ်ပါတယ်။

ရတနာ့ဂူပွဲ

တောင်ပြုန်းနတ်ပွဲရဲ့ အဆက်ဖြစ်တဲ့ ရတနာ့ဂူပွဲကို တောင်ပြုန်းပွဲအပြီး တစ်ပတ်အကြာမှာ ကျင်းပလေ့ ရှိကြပါတယ်။ ယခုနှစ်မှာတော့ သြဂုတ် ၂၆ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ကျင်းပကြမှာပါ။

တောင်ပြုန်းပွဲကအပြန် နတ်ယုံကြည်သူတွေအတွက် နောက်ထပ် ဆက်သွားစရာ နတ်ပွဲနေရာလည်း ဖြစ်ပါတယ်။

ရတနာ့ဂူပွဲကတော့ မိသားစုနဲ့ ကွဲခဲ့ရပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးနတ်အတွက် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

ဗျတ္တသေဆုံးသွားပြီးနောက် သားနှစ်ယောက်ဖြစ်တဲ့  ရွှေဖျဉ်းညီနောင်ကို နန်းတော်က ခေါ်ဆောင်သွားတဲ့အခါ တယောက်ထဲကျန်ခဲ့တဲ့ မယ်ဝဏ္ဍဟာ သားတွေကိုလိုက်ရှာရင်း ရတနာ့ဂူလို့ ခေါ်တဲ့နေရာမှာ သေဆုံးသွားခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။

သမိုင်းမှတ်တမ်းတွေအဆိုအရတော့ ရတနာ့ဂူပွဲဟာ လွန်ခဲ့တဲ့ နှစ်၂၀၀ လောက်က ဘကြီးတော်မင်း လက်ထက်မှ အစိုးရအစီအစဉ်နဲ့ ပိုမိုကြီးကျယ်တဲ့ပွဲအဖြစ် အသက်သွင်းခဲ့တာလို့ ဆိုပါတယ်။

ရတနာ့ဂူပွဲက မယ်ဝဏ္ဍဟာ သူ့နေရင်းရပ်ဖြစ်တဲ့ ပုပ္ပားတောင်ဆီပြန်တဲ့ခရီးကို သားနှစ်ယောက်ဖြစ်တဲ့ ရွှေဖျဉ်းညီနောင်တို့က လိုက်ပို့တဲ့ အထိမ်းအမှတ်အဖြစ် လူတွေယုံကြည်ကြပါတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

စစ်ထွက်ပွဲ

နတ်ပွဲတွေ ရက်သတ္တပတ်နဲ့ချီပြီး ဆင်နွဲခဲ့ကြပေမယ့်ကိုးကွယ်ယုံကြည်သူတွေအတွက်တော့ နောက်ထပ် လေးငါးလလောက်အကြာမှာ တစ်ဖန်ပြန်လာရပြန်ပါတယ်။

နှစ်စဉ်နတ်တော်လဆန်း (နိုဝင်ဘာနှောင်းပိုင်းနဲ့ ဒီဇင်ဘာလဆန်း)မှာ စစ်ထွက်ပွဲဆိုတာ ဆင်နွဲဖို့ တောင်ပြုန်းမှာ တစ်ဖန် ပြန်လည် စုဝေးကြပြန်ပါတယ်။

တရုတ်ပြည်ကို စစ်ချီမယ့် ရွှေဖျဉ်းညီနောင်တို့အတွက် ရိက္ခာလာရောက် ပို့ဆောင်ပေးတဲ့အနေနဲ့ သူတို့တွေ လာရောက်ကြတာ ဖြစ်ပါတယ်။

နှစ်တိုင်းစည်ကားတဲ့ တောင်ပြုန်းပွဲလာတဲ့သူတွေရဲ့ယုံကြည်မှုက တစ်ကြိမ်လာပြီး တောင်းဆုပြည့်ရင် နောက်တကြိမ် မပျက်မကွက်လာဖို့ပဲလို့ ဆိုပါတယ်။ မဟုတ်ရင်တော့ ဒုက္ခအကြီးအကျယ် ရောက်တတ်တယ်လို့လည်း ဆိုပြန်ပါတယ်။

“မင်းနှစ်ပါးက စိတ်ပြင်းတယ်။ ကတိမတည်လို့တော့ မရဘူး”လို့ ကျောက်မြောင်းဒေါ်စိန်က ဆိုပါတယ်။

ကိုးကွယ်ယုံကြည်သူတွေကတော့ နှစ်စဉ် ကျင်းပနေတဲ့ တောင်ပြုန်းပွဲတော်ဆီကို မဖြစ်ဖြစ်တဲ့နည်းနဲ့ နှစ်စဉ်အရောက်သွားနေကြတာပါပဲ။

“တောင်ပြုန်းပွဲက မြန်မာပြည်မှာ လူတွေချောင်းသာတို့လို ကမ်းခြေတွေကို ခရီးမသွားခင်ကတည်းက လူတွေ သွားလာနေကြတာ”လို့ ရွှေအိုးစည် ခရီးသွားလုပ်ငန်းက တာဝန်ခံဦးဖြူလေးကပြောပါတယ်။

“ရေကြီးတာ၊ မိုးရွာတာတွေက သူတို့အတွက် အရေးမကြီးဘူး။ ဘာတွေဖြစ်ဖြစ် တောင်ပြုန်းတော့ ရောက်အောင် သွားကြတယ်” လို့လည်း သူက ပြောပါတယ်။

တောင်ပြုန်းပွဲက မင်းကြီးကိုတစ်နှစ်၊ မင်းလေးကိုတစ်နှစ် ရည်ရွယ် ပသကျင်းပကြတာပါ။ ဒီနှစ်က မင်းကြီးနှစ်ဆိုတော့ အေးအေးချမ်းချမ်းနဲ့ ပြီးသွားကြမယ်လို့ ယုံကြည်သူတွေက ခန့်မှန်းကြပါတယ်။

ဒေါသကြီးတဲ့ မင်းလေးနှစ်ဆိုရင်တော့ ရန်ပွဲတွေ၊ သွေးထွက်သံယိုတွေ တွေ့ရတတ်တယ်လို့လည်း ယုံကြည်ကြပါတယ်။

နှစ်စဉ် ငွေကြေးတွေ အမြောက်အများ သုံးဆွဲကျင်းပမှုတွေကြောင့် ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေ မျိုးစုံ ပြောကြားမှုတွေကြားထဲက တောင်ပြုန်းနတ်ပွဲတွေကတော့ နှစ်စဉ် စည်ကားနေဦးမှာ ဖြစ်ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.