ဂျပန် ကီရင် ကုမ္ပဏီက မြန်မာ့ဘီယာ လုပ်ငန်းလီမိတက် ရှယ်ယာအများစုကို ဝယ်ယူ

မြန်မာ့ဘီယာဈေးကွက်ကို ကာလ ကြာရှည်စွာ စိုးမိုးထားခဲ့သော မြန်မာ့ဘီယာလုပ်ငန်း လီမိတက်ကုမ္ပဏီ (MBL) သည် မြန်မာ့ဘီယာ ဈေးကွက်အတွင်းသို့ ကမ္ဘာကျော် ဘီယာကုမ္ပဏီကြီး ၂ ခု ပြိုင်တူနီးပါး ဝင် ရောက်လာသဖြင့် ဘီယာအမျိုးအစားသစ်များနှင့် ထုတ်လုပ်မှု မြှင့်တင်ရန် ပြင်ဆင်လျက်ရှိသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

MBL က ဘီယာသစ် နှစ်မျိုးထက်မနည်း ဈေးကွက်တင်ရန် စီစဉ်လျက်ရှိရာ ဘီယာသမားတို့အတွက် ရွေးချယ်စရာတွေ တိုးလာတော့မည်။ သြဂုတ်လအတွင်းက MBL ရှယ်ယာ အများစုကို ဝယ်ယူလိုက်သော ဂျပန်နိုင်ငံမှ ကီရင်ဦးပိုင်ကုမ္ပဏီ Kirin Holdings သည် နိုင်ငံတကာဈေးကွက်တွင် နာမည်ရပြီး Kirin Beer အပြင် ယခုထိ နာမည်မပေးရသေးသော Lager ဘီယာကို မြန်မာ့ဈေးကွက်အတွက် အထူးထုတ်လုပ် ဖြန့်ချိ မည်ဟု သိရသည်။
MBL က ထုတ်လုပ်သော မြန်မာဘီယာသည် ဈေးကွက်၏ ၇၅ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားရာ ကမ္ဘာပေါ်တွင် တတိယနှင့် စတုတ္ထအကြီးဆုံးဘီယာ ကုမ္ပဏီကြီး ၂ ခုနှင့် ပြိုင်ဆိုင်ရတော့ မည်ဖြစ်သည်။

“ ကျွန်တော်တို့ရဲ့ ဈေးကွက်ဝေစုကို အလျော့မခံနိုင်ဘူး ၊ ဒါ့ကြောင့် နိုင်ငံတကာ အဆင့်မီ Kirin Beer နဲ့ ပြည်တွင်းထိပ်တန်းဘီယာတွေ ထုတ်လုပ်ရမယ်” ဟု Kirin Myanmar ၏ အထွေထွေ မန်နေဂျာ မစ္စတာ တက်ဆူဟီကိုဆာတို က ပြောသည်။

၎င်းက ပြည်တွင်းသုံးထိပ်တန်း လေဂါဘီယာ အစီအစဉ်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု ပြော သော်လည်း အသေးစိတ်ကိုမူ ပြောမပြချေ။

ဟိုင်နကင် Heineken ကို မြန်မာနိုင်ငံတွင် စတင်ထုတ်လုပ်သည့် အချိန်မှစ၍ MBL သည် ၎င်းတို့ လုပ်နေသော ABC Extra Stout ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပြီး ၎င်းအစား Black Shield Stout ကို ဈေးကွက်နှင့် စတင်မိတ်ဆက်သည်။

စက်တင်ဘာလက စတင် ရောင်းချသော Black Shield တွင် အယ်လ်ကိုဟော ရာခိုင်နှုန်း ၈ ဒသမ ၁ ရာခိုင်နှုန်းအထိ ပါဝင်သည်။ အယ်လ်ကိုဟော ပါဝင်နှုန်းကို မြန်မာတွေက ကံကောင်းသည်ဟု ယုံကြည်သော ၉ နံပါတ်အထိ တဖြည်းဖြည်းတိုးမည်ဟု မစ္စတာ ဆာတိုက ပြောသည်။

ပြည်တွင်းတွင် စံချိန်မီဘီယာအပြင် ရောင်းချလျက်ရှိသော ဈေးကွက်ရှေ့ဆောင် မြန်မာဘီယာကို အပြောင်းအလဲတွေ လုပ်တော့မည့်အကြောင်း အရိပ်အမြွက် ပြောပြသည်။

“ကျွန်တော်တို့ရဲ့ မြန်မာဘီယာကို ကြေညာဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒါ့ထက်ကောင်းအောင် လုပ်ရဦး မယ်” ဟု ၎င်းက ပြောသည်။ ဘီယာကို ပြည်ပအထိ တင်ပို့ရန် အစီအစဉ် ရှိသော်လည်း ပြည်တွင်းဈေးကွက်ကို ပိုမိုတိုးချဲ့နိုင်ရန် ဦးစွာ အာရုံစိုက်ရမည် ဖြစ်ကြောင်း ဆိုသည်။

ဤဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် Andaman Beer ကို ကုမ္ပဏီက ဆက်လက်ထုတ်လုပ်မည်။ သက်သာသော ဈေးနှုန်းဖြင့် သောက်သုံးလိုသော ဈေးကွက်အတွက် ရည်ရွယ်သည်ဟု ဆိုသည်။

“ အခြားကုမ္ပဏီတွေက ဈေးချိုတဲ့ ဘီယာတွေကို မထုတ်ချင်ကြဘူး၊ သောက်သုံးသူတွေက ဈေးချိုချို ဘီယာတွေကို သောက်ချင်ကြတယ်။ ဒီဈေးကွက်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ်” ဟု မစ္စတာ ဆာတို က ပြောသည်။

“မြန်မာ့ဘီယာလုပ်ငန်းက အလျင်အမြန် ကြီးထွားလာနေတယ်။ ဈေးကွက်လိုအင်ကို ထုတ်လုပ်မှုက အမီ မလိုက်နိုင်ဘူး၊ စက်စွမ်းအားပြည့် ထုတ်နိုင်တဲ့အခါကျရင်တော့ ပြည်ပတင်ပို့ဖို့ပါ စတင်နိုင်မယ်” ဟု ၎င်းက ပြောသည်။

ဂျပန်နိုင်ငံကို သာမက သြစတြေးလျ၊ အမေရိကန်၊ ဘရာဇီးနဲ့ ဥရောပသို့ပါ တင်ပို့မည်ဟုလည်း ဆို သည်။

Fraser and Neave’s က ပိုင်ဆိုင်သော MBL ၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို Kirin Holdings က သြဂုတ်လ ၁၉ ရက်တွင် ဒေါ်လာသန်း ၅၆၀ ဖြင့် ရရှိလိုက်ပြီးနောက် Kirin Holdings သည် MBL ၏ ရှယ်ယာ အများစုကို ပိုင်ဆိုင်သောကုမ္ပဏီ ဖြစ်လာသည်။

မြန်မာ့ဘီယာလုပ်ငန်း MBL တည်ထောင်ခဲ့သည်မှာ ယခုနှစ်တွင် အနှစ် ၂၀ ပြည့်ခဲ့ပြီ ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် စစ်တပ်ပိုင်ကုမ္ပဏီစု ဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်(MEHL) သည် Asia-Pacific Breweries Ltd နှင့် ပူးပေါင်း၍ တည်ထောင်ခဲ့သည်။ APB သည် ထိုအချိန်က F&N နှင့် Heineken တို့ဖက်စပ် တည်ထောင်ထားသော ကုမ္ပဏီဖြစ်ရာ Heineken အကူအညီဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ တင်းကြပ်လာပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော အနောက်ကုမ္ပဏီများအပေါ် ပစ်မှတ်ထားလာသဖြင့် Heineken က မြန်မာ နှင့် ဖက်စပ်လုပ်ငန်းမှ နှုတ်ထွက်သွားခဲ့သည်။ ထိုအခါ ၁၉၉၇ ခုနှစ်တွင် ဖက်စပ်လုပ်ငန်းမှ APB ၏ ရှယ်ယာ အားလုံးကို F&N က ရယူပိုင်ဆိုင်သွားခဲ့သည်။

ဈေးကွက်အတွင်းသို့ Heineken ပြန်ဝင်လာသောအခါ ၁၉၉၅ ခုနှစ်က MBL နှင့် ထိုးခဲ့သော သဘောတူ စာချုပ်ပါ စည်းကမ်းချက်များအရ MBL သည် Tiger Beer နှင့် ABC Extra Staut ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက် သည်။

ရန်ကုန်မြို့ မြောက်ဘက် ဆင်ခြေဖုံးရှိ မှော်ဘီရှိ စက်ရုံမှ Heineken သည် ၎င်း၏ ခေတ်စားနေသော Regal Seven ဘီယာကို သြဂုတ်လတွင် စတင်ထုတ်လုပ်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် ၎င်း၏ အဓိက ပင်မ Heineken အမှတ်တံဆိပ် ဘီယာကို ထုတ်မည်ဖြစ်သည်။

Carlsberg ကလည်း ပဲခူးတွင်ရှိသော ၎င်းတို့စက်ရုံကို မေလတွင် စတင်ဖွင့်လှစ်ပြီး မြန်မာအမှတ် တံဆိပ် Yoma Beer ကို ထုတ်လုပ်နေသည်။ ၎င်း၏ ပင်မထိပ်တန်း Carlsberg နှင့် Tuborg အမှတ်တံဆိပ် ဘီယာများကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်လုပ်ဖြန့်ဖြူးသွားမည် ဖြစ်သည်။

Carlsberg နှင့် Heineken တို့ ဝင်ရောက်လာခြင်းသည် MBL အတွက် စိန်ခေါ်မှုကြီး ဖြစ်သည်ဆိုသည် ကို မစ္စတာ ဆာတို က အသိအမှတ်ပြုသော်လည်း ဈေးကွက်တွင် မြန်မာဘီယာ၏ ရှေ့ဆောင်မှုကို ဆက်လက် ရယူထားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောပြသည်။

“ Heineken နဲ့ Carlsberg တွေက ကမ္ဘာအနှံ့ ထုတ်လုပ်ရောင်းချနေသူတွေပါ။ ဒါပေမဲ့ MBL အဖို့ အရင်းအမြစ်တွေ ကောင်းကောင်းလက်ကိုင် ရှိထားပြီး ဈေးကွက်နဲ့ လမ်းကြောင်းတွေကိုလည်း ထူထောင် ထားပြီး ဖြစ်တာကြောင့် သူတို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကြရပါလိမ့်မယ်” ဟု ဆာတိုက ဆိုသည်။

MBL ၏ လက်ရှိ ထုတ်လုပ်နိုင်မှုမှာ တစ်နှစ်လျှင် ဟက်တိုလီတာ ၂ သန်း (ယူကေ ဂါလံ ၄၄ သန်းခန့်) ရှိရာ ဘီယာဈေးကွက် ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန် ကုန်ထုတ်စွမ်းအားကို ငါးနှစ်အတွင်း နှစ်ဆတိုးထုတ် လုပ်ရန် ရည်ရွယ်ထားသည်။

မြန်မာ့ဘီယာ ဈေးကွက် ကြီးထွားလာမည် ဆိုသည်ကိုတော့ မည်သူမျှ ယုံမှားသံသယ မရှိကြပေ။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလားအလာအကောင်းဆုံး ဘီယာဈေးကွက်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ Euromonitor သုတေသနအဖွဲ့က ၂၀၁၃ ခုတွင် ပြုလုပ်သော သုတေသနအရ မြန်မာ တစ်ယောက် တစ်နှစ် ဘီယာ သောက်သုံးမှုမှာ ၃ ဒသမ ၂ လီတာသာ ရှိရာ လူတစ်ယောက် တစ်နှစ်ဘီယာ ၃၁ လီတာ သောက်သော အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်နည်းသေးသည်ကို တွေ့ရမည်။ Euromonitor ၏ ခန့်မှန်းတွက်ချက်မှုအရ ယခုနှစ် မြန်မာ့ဘီယာ ဈေးကွက် ရောင်းချရမှုမှာ ဒေါ်လာ ၃၇၅ သန်း ရှိခဲ့ရာ ၂၀၁၈ တွင် ၂ ဆတိုးပြီး ဒေါ်လာ ၆၇၅ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းသည်။

ကာလရှည်ကြာ အငြင်းပွားမှု အဆုံးသတ်ခဲ့

MBL ၏ ရှယ်ယာ ၄၅ ရာခိုင်နှုန်း ပိုင်ဆိုင်သော စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် F&N အကြား တရားရင်ဆိုင်နေရသော အငြင်းပွားမှုသည် F&N က ပိုင်ဆိုင်သော ကျန်ရှယ်ယာ ၅၅ ရာခိုင်နှုန်း ကို ဂျပန်ပိုင် Kirin ကုမ္ပဏီက ဒေါ်လာ သန်း ၅၆၀ ဖြင့် သြဂုတ်လအတွင်းက ဝယ်ယူလိုက်သဖြင့် ဤပြဿနာ ပြီးဆုံးသွားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် F&N ကုမ္ပဏီကို ထိုင်းနိုင်ငံမှ အဖျော်ယမကာနှင့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး Charoen Sirivadhanabhakdi ပိုင်ကုမ္ပဏီများက သိမ်းယူလိုက်ရာမှ ဤအငြင်းပွားမှုပြဿနာ စခဲ့ခြင်းဖြစ်သည်။

ဤအရောင်းအဝယ်သည် MBL နှင့် F&N တို့အကြား သဘောတူချုပ်ဆိုခဲ့သော ဖက်စပ်လုပ်ငန်း သဘောတူ စာချုပ်ကို ချိုးဖောက်ရာ ကျသည်ဟု စင်္ကာပူအခြေစိုက် ခုံသမာဓိရုံးထံ MBL က အမှုဖွင့်တိုင်ကြား ခဲ့သည်။
၂၀၁၄ အောက်တိုဘာတွင် ခုံသမာဓိရုံးက F&N အား ၎င်းပိုင်ရှယ်ယာများကို UMEHL (မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်) ထံ ရောင်းချပေးရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ရောင်းချရာတွင် သင့်တော်သော ဈေးနှုန်းဖြစ် စေရန် ကြားမှရာဖြတ်ကုမ္ပဏီတစ်ခုက ဈေးနှုန်းဆုံးဖြတ်ပေးရန် ညွှန်ကြားခဲ့သည်။

UMEHL က ကနဦး ကမ်းလှမ်းသောဈေး ဒေါ်လာ ၂၄၆ သန်း မှာ နည်းလွန်းသည်ဟု F&N က ငြင်းပယ်ခဲ့သည်။

ယခုနှစ် ဇူလိုင်လအတွင်း UMEHL က ထိုရောင်းချမှုကို သြဂုတ် ၂၀ ရက်တွင် အပြီးလုပ်ဆောင်ပေးရန် စင်္ကာပူ အထက်ရုံးတော်ကို လျှောက်ထားခဲ့သည်။ ၎င်းပြင် F&N ကို ဒေါ်လာ ၄၂၈ ဒသမ ၅ သန်းဖြင့် မဖြစ် မနေ ရောင်းချရန် ကြားမှ ဆောင်ရွက်ရန်လည်း ပြောသည်။ F&N ဒေါ်လာ သန်း ၅၆၀ ဖြင့်သာ ရောင်းချနိုင် မည်ဟု တင်းခံထားသည်။

သြဂုတ်လ ၆ ရက်တွင် F&N က စင်္ကာပူ စတော့အိတ်ချိန်းထံ တင်ပြရာတွင် UMEHL က ဒေါ်လာသန်း ၅၆၀ ဈေးဖြတ်ခြင်းကို လက်ခံလိုက်ကြောင်း ကြေညာခဲ့သည်။ UMEHL က ထိုနေ့မှာပင် ထုတ်ပြန်သော ကြေညာချက်၌ နှစ်ဘက်ကုမ္ပဏီတို့သည် မနှစ်က နှစ်ကုန်ပိုင်းတွင် ခုံသမာဓိရုံးက ဆုံးဖြတ်ချက်နှင့်အညီ ရှယ်ယာအရောင်းအဝယ်နှင့် ပတ်သက်သော အငြင်းပွားမှု အားလုံးကို အဆုံးသတ်ပြီး အရောင်းအဝယ်ကိစ္စကို အပြီးသတ်ရန် သဘောတူညီခဲ့ကြပါသည်ဟု ပါရှိသည်။

ဖိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.