ပဲ အကြပ်အတည်း

အိန္ဒိယက ပဲတင်သွင်းခွင့်ပေါ်လစီအပြောင်းအလဲကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိကကို ပဲတင်ပို့မှု ရပ်တန့်သွားခဲ့ပြီး ပြည်တွင်းပဲဈေးကွက်မှာ အကြပ်အတည်း ပေါ်ပေါက်နေပါတယ်။

ထွန်းခိုင် ရေးသားသည်။

မြန်မာနိုင်ငံကို စက်တင်ဘာအစောပိုင်းမှာ လာဖို့စီစဉ်ထားတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတယောက် နေပြည်တော်ရောက်ရင် အဖြေပေးရမယ့် မေးခွန်းက ဘာဖြစ်နိုင်တယ်လို့ ထင်ပါသလဲ။

ကီလိုမီတာ ၁,၆၄၀ ကျော်ရှည်လျှားတဲ့ နှစ်နိုင်ငံအကြား နယ်စပ်မျဉ်းပေါ်က လူမျိုးစုလက်နက်ကိုင်တွေအရေးလား၊ ဒါမှမဟုတ် မြန်မာနိုင်ငံအပေါ် တရုတ်လွှမ်းမိုးမှုကို အိန္ဒိယက ဘယ်လို ခြေဖျက်မလဲဆိုတဲ့ မေးခွန်းလား။

ဒါမှမဟုတ်ရင်တော့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ရုန်းကန်နေရတဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေကို ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယက ဘာကြောင့် စိတ်အားထက်သန်စွာ မပါဝင်ခဲ့သလဲဆိုတဲ့ မေးခွန်းလား။

မြန်မာဘက်ကတော့ ဒီမေးခွန်းတွေကိုကျော်လွှားပြီး အိန္ဒိယဝန်ကြီးချုပ်ထံကို မေးလိုတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဒါကတော့  မြန်မာပြည်က သန်းနဲ့ချီတဲ့ တောင်သူတွေ မေးချင်နေကြတဲ့ မေးခွန်းအသစ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီမေးခွန်းကတော့ မြန်မာနိုင်ငံက တင်ပို့တဲ့ပဲတွေကို ဘာကြောင့်လက်မခံတော့တာလဲဆိုတာနဲ့ ပဲတင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် မြန်မာဘက်ကခံစားခဲ့ရတဲ့ အကျိုးဆက်တွေကို ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

မြန်မာ့ပဲထုတ်ကုန်တွေရဲ့ အဓိကဖောက်သည် အိန္ဒိယဟာ သူ့နိုင်ငံထဲ ပဲတင်သွင်းမှု မူဝါဒတွေကို ပြောင်းလဲလိုက်တာကြောင့် မြန်မာနိုင်ငံမှာ ပဲဈေးတွေထိုးကျကုန်ပြီး အရောင်းအဝယ်တွေ ရပ်တန့်ကုန်ပါတော့တယ်။

ဒီအကျိုးဆက်ကြောင့် နိုင်ငံတစ်ဝှမ်းက မြေဧက ၁၁ သန်းမှာ ပဲမျိုးစုံစိုက်နေကြတဲ့ တောင်သူသန်းနဲ့ချီပြီး အထိနာခဲ့ကြရပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာပဲတင်ပို့တဲ့ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပြီး အဲဒီကဏ္ဍကရတဲ့ ဝင်ငွေဟာ တိုင်းပြည် ပြည်ပပို့ကုန် ဝင်ငွေစုစုပေါင်းရဲ ့၁၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ မြန်မာအစိုးရ ထုတ်ပြန်တဲ့ စာရင်းတွေက ဆိုပါတယ်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်တာအတွင်း ပဲမျိုးစုံ ပြည်ပတင်ပို့မှုကနေ မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၅,၈၅၅ ကျော်ရခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေက ဆိုပါတယ်။

အခု၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာတော့ ဇူလိုင် ၁၈ ရက်နေ့အထိ ဒေါ်လာသန်း ၄၉၀ နီးပါးရနေပြီလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့အဓိကကဖောက်သည်ကတော့ အိန္ဒိယဖြစ်ပြီး မြန်မာ့ပဲပို့ကုန်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ အိန္ဒိယဈေးကွက်တစ်ခုတည်းကို တင်ပို့တာလို့ မြန်မာနိုင်ငံ ပဲမျိုးစုံ နှမ်းကုန်သည်များအသင်းက ဆိုပါတယ်။

၂၀၁၇ သြဂုတ် ၅ ရက်မှာတော့ မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ ပဲစိုက်ပျိုး ရောင်းဝယ်သူတွေအတွက် စိတ်ပျက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မြန်မာ့ပဲတွေရဲ့ ဖောက်သည် အိန္ဒိယက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒါကတော့ ပဲစင်းငုံကို လွတ်လပ်စွာ တင်သွင်း ရောင်းချခွင့်ရှိတဲ့ကုန်ပစ္စည်း (Free import) ကနေ ကန့်သတ် တင်သွင်းခွင့်ရှိတဲ့ကုန်ပစ္စည်း (Restricted Import) အဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး တစ်နှစ်မှာ တန်ချိန် နှစ်သိန်းပဲတင်သွင်းတော့မယ်ဆိုတဲ့ ကြေညာချက်ဖြစ်ပါတယ်။

ဧပြီ ၁ ရက်မှာစပြီး မတ် ၃၁ ရက်မှာဆုံးတဲ့ အိန္ဒိယရဲ့ ဘဏ္ဍာရေးနှစ်မှာ ဒီအရေအတွက်ဟာကို ယခုနှစ်အတွက် တင်သွင်းပြီးသွားပြီဖြစ်တာကြောင့် ထပ်ပြီးတင်သွင်းဖို့ အခွင့်အရေးမရှိတော့ဘူးလို့ အိန္ဒိယအစိုးရက ကြေညာပါတယ်။

ဒီကြေညာချက်ထွက်ပြီးတဲ့နောက် မြန်မာနိုင်ငံဘက်မှာ ပဲစင်းငုံ အရောင်းအဝယ် ရပ်တန့်သွားခဲ့ပါတယ်။

screen_shot_2017-08-30_at_2.19.28_pm.png

အိန္ဒိယဘက်က ဒီဆုံးဖြတ်ချက်ချပြီး နောက်ထပ် ရက်သတ္တပတ်တစ်ပတ်နီးပါးအကြာ သြဂုတ် ၁၁ ရက်နေ့မှာတော့ မြန်မာအစိုးရက မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယ သံအမတ်ကြီးကို နေပြည်တော်ကို ဆင့်ခေါ်ပါတော့တယ်။

အိန္ဒိယက ပြောင်းလဲသွားတဲ့ ပဲစင်းငုံတင်သွင်းခွင့် မူဝါဒအရ မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေပါမပါကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က အိန္ဒိယသံအမတ်ကြီး H.E Vikram Misri ကို မေးခွန်းထုတ်ခဲ့တယ်လို့ ဝန်ကြီးဌာနပိုင် Commerce ဂျာနယ် သြဂုတ်လထုတ်မှာ ရေးသားထားပါတယ်။

ဒါပေမယ့် ဘာတွေသဘောတူညီမှု ရခဲ့သလဲဆိုတာကိုတော့ ထည့်သွင်းရေးသားထားခြင်း မရှိခဲ့ပါဘူး။

နောက်ထပ် ရက်သတ္တပတ်နှစ်ပတ်အကြာ သြဂုတ် ၂၁ ရက်နေ့မှာတော့ နောက်ထပ် ပဲနှစ်မျိုးဖြစ်တဲ့ မတ်ပဲနဲ့ ပဲတီစိမ်းတို့ကိုပါ အကန့်အသတ်နဲ့သာ တင်သွင်းခွင့်ရှိတဲ့ ကုန်ပစ္စည်း (Restricted Import)အဖြစ် ထပ်မံ သတ်မှတ်ဖို့ အိန္ဒိယက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အိန္ဒိယဘက်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နှစ်ခုကြောင့် ပဲခူးနဲ့ မြစ်ဝကျွန်းပေါ်က ဆန်စိုက်တဲ့ တောင်သူ လယ်သမားတွေ ဝင်ငွေအပေါ်အကျိုးသက်ရောက်နိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတိပေးထားပါတယ်။

စပါးနဲ့ ပဲကိုစိုက်ကြတဲ့ ပဲခူးနဲ့ မြစ်ဝကျွန်းပေါ်က တောင်သူလယ်သမားတွေဟာ ဆန်အဓိက စားသုံးတဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းရိက္ခာဖူလုံစေဖို့အတွက်သာ စပါးကို စိုက်ပျိုးကြတာဖြစ်ပြီး စပါးကနေ ဝင်ငွေ အများအပြားမရဘူးလို့ ဆန်စပါးအသင်းချုပ်က ဆိုပါတယ်။

လယ်သမားတွေဟာ သူတို့ရဲ့ အဓိကဝင်ငွေအတွက် ပဲကိုသာ အဓိကထား စိုက်ပျိုးရတာဖြစ်တဲ့အတွက် အိန္ဒိယရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွက် အထိနာနိုင်တဲ့ အခြေအနေဖြစ်တာကိုလည်း အသင်းချုပ်က ထောက်ပြထားပါတယ်။

အိန္ဒိယက အဝယ်ရပ်တဲ့အကြောင်း ကြေညာပြီးတဲ့နောက်မှာ မြန်မာ့ပဲဈေးကွက်ပျက်သွားခဲ့ရဲတဲ့ အခြေအနေက သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်ပြီး ဒါမျိူးအဖြစ်အပျက် တစ်ကြိမ်တစ်ခါမှ မကြုံဖူးဘူးလို့ မြန်မာ-အိန္ဒိယ ပဲကုန်သွယ်မှုလမ်းကြောင်းမှာ အဓိကကျတဲ့ မုံရွာမြို့က ပဲကုန်သည် ဦးဇော်မိုးက ပြောပါတယ်။

“ကျွန်တော်တို့ လုပ်လာတဲ့သက်တမ်းမှာ ဒါမျိုးတစ်ခါမှ မကြုံဘူးဘူး။ ဒီနှစ်အရင်ဆုံးစတာပဲ”လို့ ပဲလောကထဲ ဆယ်စုနှစ်တစ်ခုကျော် ကျင်လည်ခဲ့တဲ့ မုံရွာကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဇော်မိုးကပြောပါတယ်။

မုံရွာမြို့မှာ ပဲစင်းငုံဈေးက ပြီးခဲ့တဲ့နှစ်ကထက် တစ်တင်းကို ၃ ဆခွဲအထိ ဈေးကျသွားခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင်က ထုတ်ပြန်တဲ့စာရင်းတွေက ဆိုပါတယ်။ ပဲစင်းငုံဟာ မနှစ်က တစ်တင်းကို ကျပ် ၅၀,၀၀၀ ကျော်ရှိပေမယ့် ဈေးကွက် ကမောက်ကမဖြစ်ပြီးတဲ့နောက်မှာ တစ်တင်းကို ကျပ် ၁၄,၇၀၀ သာ ရှိပါတော့တယ်။

အလားတူ မတ်ပဲဟာလည်း မုံရွာမှာ မနှစ်ကတစ်တင်းကို ကျပ် ၅၀,၀၀၀ ဝန်းကျင်ရှိပေမယ့် အခုတော့ ထက်ဝက်လောက် ဈေးကျသွားပြီး ကျပ် ၂၅,၀၀၀ ဝန်းကျင်သာရှိတော့တယ်လို့ မုံရွာကုန်စည်ဒိုင်ရဲ့ စာရင်းတွေက ဖော်ပြနေပါတယ်။

ပဲတီစိမ်းကတော့ အိန္ဒိယဘက်က အဝယ်မရှိတော့ပေမယ့် တရုတ်နိုင်ငံဘက်ကို တင်ပို့လို့ရတာကြောင့် မတ်ပဲနဲ့ ပဲစင်းငုံလောက် ဈေးမကျဘဲ အနည်းငယ်သာ ဈေးကျခဲ့ပါတယ်။

“ပွဲစားကုန်သည်ထိခိုက်တာ ခံနိုင်သေးတယ်။ တောင်သူမှာတော့ ဒီဈေးနဲ့ ရောင်းလဲ မရောင်းနိုင်၊ မရောင်းနိုင်ရင်လဲ နောက်သီးနှံစိုက်ဖို့ စရိတ်ကမရှိဘူးဖြစ်နေတယ်”လို့ မုံရွာကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌလည်းဦးဇော်မိုးက ပြောပါတယ်။

tzh_wholesale16.jpg

ဘုရင့်နောင်ရှိ ပဲ ကုန်စည်ဒိုင်များမှာလည်း အရောင်းအဝယ်တွေ ရပ်တန့်နေပါတယ်။ ဓာတ်ပုံ- တေဇလှိုင်

အိန္ဒိယကပိတ်ပင်လိုက်တဲ့ ပဲသုံးမျိုးဟာ မြန်မာနိုင်ငံက တင်ပို့နေတဲ့ ပဲအားလုံးထဲမှာ ထိပ်ဆုံးစာရင်းဝင်တဲ့ ပဲအမျိုးအစားတွေဖြစ်ပြီး တစ်နည်းအားဖြင့် ဒီသုံးမျိုးဟာ အဓိကပို့ကုန်လို့တောင် ခေါ်ဆိုနိုင်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်စတဲ့ ဧပြီ ၁ ရက်နေ့ကနေ ဇူလိုင် ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံဟာ နိုင်ငံခြားကို ပဲမျိုးစုံ ၆၆၇,၉၅၂ တန်တင်ပို့ထားတဲ့အနက် ၈၄ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ ပဲတန်ချိန် ၅၆၀,၀၀၀ ဟာ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ ဖြစ်ကြပါတယ်။

“အခုတော့ ကုန်သည်တွေလက်ထဲမှာလဲ ပိတ်မိနေပြီ။ အိန္ဒိယက ရာသီဥတုကောင်းတဲ့အတွက် အထွက်တိုးလို့ ဗမာ(မြန်မာ)ပြည်ကပဲကို မဝယ်တော့ဘူး”လို့ မတ်ပဲတန်ချိန်ပေါင်းများစွာ သိုလှောင်ထားတဲ့အမည်မဖော်လိုသူ အိန္ဒိယနွယ်ဖွားကုန်သည်တစ်ဦးက ပြောပါတယ်။

သူက Facebook ပေါ်မှာ မတ်ပဲအရောင်းအဝယ်အကြောင်း Page (စာမျက်နှာ) တစ်ခုဖန်တီးထားပြီး အိန္ဒိယအစိုးရရဲ့ ပဲတင်သွင်းတဲ့ သတင်းအချက်အလက်တွေအကြောင်း မျှဝေနေတဲ့သူလည်း ဖြစ်ပါတယ်။

အိန္ဒိယက ကန့်သတ်လိုက်တဲ့ပဲတွေဟာ မြန်မာနိုင်ငံမှာ စားလေ့စားထမရှိဘဲ အိန္ဒိယကိုပို့ဖို့အတွက် တစ်ခုတည်းကို ရည်ရွယ်ပြီး စိုက်ပျိုးထားတာဖြစ်တဲ့အတွက် မြန်မာကုန်သည်တွေ ဘာဆက်လုပ်ရမယ်ဆိုတဲ့အဖြေကို မရှာနိုင်ပဲ ဖြစ်နေဆဲပါ။

ပြည်တွင်းမှာစားသုံးလေ့ရှိတဲ့ပဲကတော့ စားတော်ပဲဖြစ်ပြီး ဒီပဲကိုတော့ နိုင်ငံခြားကနေ တင်သွင်းရပါတယ်။ ဒီလို ဝယ်ယူတင်သွင်းရတဲ့နိုင်ငံထဲမှာ အိန္ဒိယကလည်း အပါအဝင်ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံကကုန်သည်တွေက အိန္ဒိယကလုပ်တဲ့ပုံစံမျိုး မြန်မာနိုင်ငံမှာလုပ်ဆောင်ပြီး ပြည်တွင်းကစိုက်ပျိုးသူတွေကိုကာကွယ်ပေးဖို့ကိုလည်းထည့်သွင်းစဉ်းစားဖို့အစိုးရကိုတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံကတောင်သူတွေဟာ နိုင်ငံခြားဈေးကွက်ရှိတဲ့ပဲတွေကိုသာ ပြည်တွင်းမှာ စိုက်ပျိုးတာများတဲ့အတွက်  မြန်မာပြည်မှာ စားသုံးတဲ့ပဲတွေကို စိုက်တဲ့ဧကဟာ သိသိသာသာထိုးကျသွားတယ်လို့ နေပြည်တော်မှာ ပဲကုန်သည်တွေနဲ့ သြဂုတ် ၂၅ ရက်နေ့က တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီးဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

လက်ရှိအချိန်မှာအိန္ဒိယကိုတင်ပို့ဖို့အတွက်ရည်ရွယ်ပြီးသိုလှောင်ထားတဲ့ပဲ တန်ချိန် ၄ သိန်းလောက်ဈေးကွက်ထဲမှာ ပိတ်မိနေတယ်လို့ ဒေါက်တာသန်းမြင့်က ပြောပါတယ်။

ကုန်သည်တွေနဲ့ ပဲစိုက်တောင်သူတွေကတော့ ပဲဈေးကွက်အကျပ်အတည်းကို မြန်မြန်ဆန်ဆန်ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုနေကြပါတယ်။

မြန်မာကုန်သည်တွေဘက်ကတော့ အိန္ဒိယက ပဲတွေတင်သွင်းခွင့်ပိတ်ပင်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကို သြဂုတ် ၂၆ ရက်နေ့က ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်မှာ တွေ့ဆုံပြီး တောင်းဆိုမှုတွေ လုပ်ခဲ့ပါသေးတယ်။

၁၉၈၇ ခုနှစ်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်က စတင်ခဲ့သည့် နှစ် ၃၀ ကြာ နှစ်နိုင်ငံ ပဲကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမှာ အိန္ဒိယဘက်က မြန်မာပဲတွေကို ပိတ်ပင်တာ တစ်ခါမှမရှိဘူးဘဲ အခုတစ်ခေါက် ကြိုတင်အသိမပေးဘဲ ပိတ်ပင်တာကြောင့် ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ပဲအမျိုးမျိုးနှင့် နှမ်းကုန်သည်များအသင်း အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က အိန္ဒိယသံအမတ်ကို ပြောခဲ့တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

အိန္ဒိယသံအမတ်ကြီးရဲ့အဆိုအရ အိန္ဒိယမှာ ယခုနှစ် ပဲထွက်ရှိမှုက ယခင်နှစ်များထက် ၄၀ ရာခိုင်နှုန်းဝန်းကျင် ပိုမိုထွက်ခဲ့တာကြောင့် ပြည်တွင်း ပဲဈေးနှုန်းများ ကျဆင်းလာတဲ့အတွက် ပဲစိုက်တောင်သူတွေကို  ထိခိုက်မည့် အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်ပက ပဲတွေတင်သွင်းခွင့် ပိတ်ခဲ့တာလို့ သံအမတ်ကြီးက အကြောင်းပြတယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

လပိုင်းအတွင်း ဒီကိစ္စကို မဖြေရှင်းနိုင်ရင် ပြသနာကြီးကြီးမားမား ကြုံရနိုင်တယ်လို့လည်း ကုန်သည်တွေက သတိ ပေးထားပါတယ်။

“လယ်သမားတွေ အချိန်ကပ်နေပြီ။ တစ်လခွဲ၊ နှစ်လပဲ ကျန်တော့တယ်။ စပါးပြီးရင် ပဲစိုက်တော့မယ်။ ဘာစိုက်မလဲ။ ဒါတော်တော်အရေးကြီးပါတယ်”လို့ နေပြည်တော်မှာ ပဲကုန်သည်တွေနဲ့ သြဂုတ် ၂၅ ရက်နေ့က တွေ့တဲ့ပွဲမှာ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအုန်းစိန်က ပြောပါတယ်။

အစိုးရအနေနဲ့ လတ်တလောဈေးကွက်အတွင်းမှာရှိနေတဲ့ ပဲတွေကိစ္စကိုသာမက လာမယ့်လပိုင်းအတွင်း ထွက်ရှိလာတော့မယ့် ပဲတွေအတွက်လည်း ထည့်သွင်းစဉ်းစားဖို့ ကုန်သည်တွေက ဒီအစည်းအဝေးမှာ အကြံပြုထားပါတယ်။

ဒီလိုမှမဟုတ်ဘဲ ပဲဈေးကွက်ပျက်စီးသွားပြီဆိုရင် ရလာမယ့် အကျိုးဆက်ကိုလည်း ကုန်သည်တွေက စိုးရိမ်နေ ကြပါတယ်။ လပိုင်းအတွင်း ထပ်ထွက်လာမယ့် ပဲတွေကို အစိုးရအနေနဲ့ ဈေးနှုန်းအာမခံချက်နဲ့ ဝယ်ယူပေးဖို့လည်း ကုန်သည်တွေဘက်က တောင်းဆိုထားပါတယ်။

“မြန်မာနိုင်ငံက အခြားဒေသတွေလို (မကွေးမှာ) စပါးပြီးမှ ပဲစိုက်တာမဟုတ်ဘဲ ပဲနဲ့ နှမ်းသာစိုက်တဲ့အတွက် တောင်သူတွေ ပြဿနာ ကြီးကြီးမားမား ကြုံရနိုင်တယ်”လို့ မကွေးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိန်အေးမောင်က ပြောပါတယ်။

မြန်မာအစိုးရအရာရှိတွေကလည်း လက်ရှိကြုံတွေ့နေရတဲ့ ပဲဈေးကွက် ပျက်စီးမယ့် အခြေအနေကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး အိန္ဒိယနဲ့ သံတမန်နည်းအရ ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်အကြောင်းကြားထားပြီး အိန္ဒိယအစိုးရက ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာ အကြောင်းပြန်ကြားဖို့ တောင်းဆိုတင်ပြထားပါတယ်”လို့ စီးပွားကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

ဒါပေမယ့် အိန္ဒိယအစိုးရဘက်က အကြောင်းပြန်တာမရှိသေးဘူးလို့လည်း သူကဆိုပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူကတော့ မြန်မာ့ပဲဈေးကွက် အကျပ်အတည်းဟာ အိန္ဒိယတစ်နိုင်ငံတည်းကို ဈေးကွက်ကိုမှီခိုနေတာကြောင့်လို့ ပြောဆိုလိုက်ပြီး ဈေးကွက်အသစ်ရှာကြဖို့လည်း အကြံပြုထားပါတယ်။

ဒါပေမယ့် မြန်မာ့ပဲအရည်အသွေးဟာ အိန္ဒိယကလွဲပြီး တခြားနိုင်ငံဈေးကွက်တွေက လက်ခံဖို့ ခက်ခဲနေဆဲလို့ အစိုးရအရာရှိတွေက ပြောပါတယ်။

အိန္ဒိယကပိတ်ပင်တဲ့ ပဲတွေကို တခြားဈေးကွက်တွေ တင်ပို့နိုင်ဖို့ ဆွေးနွေးတဲ့အခြေအနေမှာ ပဲတွေ အလုံးအရွယ်အစား မညီတာကြောင့် ဝယ်လက်တွေ လက်လျှော့သွားတယ်လို့ ဒေါက်တာသန်းမြင့်က ပြောပါတယ်။

မြန်မာ့ပဲဈေးကွက် အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တစ်ခုတည်းသောအဖြေက အိန္ဒိယက ပြန်လည်တင်သွင်းခွင့် မီးစိမ်းပြဖို့သာ တစ်ခုတည်းသော အခွင့်အရေးလိုဖြစ်နေပါတယ်။

လာမယ့် ရက်သတ္တပတ်တွေမှာ မြန်မာနိုင်ငံလာမယ့် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့တဲ့အခါ မြန်မာဘက်က ဆွေးနွေးမယ့် ကိစ္စတွေထဲမှာ ပဲဈေးကွက်အကြောင်းဟာ ခေါင်းစဉ်တစ်ခုအနေနဲ့ ပါလာမှာဖြစ်တယ်လို့ မြန်မာအစိုးရ အရာရှိတွေက ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယဝန်ကြီးချုပ်တွေ့တဲ့အချိန်မှာ ဒီကိစ္စကို ထည့်ပြောဖို့ ရှိတယ်”လို့ ဒေါက်တာအောင်သူက ပြောပါတယ်။

မြန်မာနိုင်ငံက ပဲစိုက်တောင်သူတွေနဲ့ ကုန်သည် သန်းပေါင်းများစွာကတော့ အိန္ဒိယဝန်ကြီးချုပ် ဖြေမယ့်အဖြေကို သူတို့ရဲ့ သောကတွေနဲ့ စောင့်ကြိုလျှက်ရှိနေကြပါတယ်။

ခေါင်းစီးဓာတ်ပုံ- ဘုရင့်နောင်ရှိ ပဲကုန်စည်ဒိုင်မြင်ကွင်း။ ဓာတ်ပုံ- တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.