“ခြံစည်းရိုးကို ဒို့မလိုချင်” နာဂလူမျိုးစုကို စည်းရိုးခတ် ပိုင်းခြားမည့်အစီအစဉ် ဒေသခံတို့ ကန့်ကွက်

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာဘက်က ခြံစည်းရိုးခတ်မည့် အစီအစဉ်သည် နာဂတို့၏ ရိုးရာလူနေမှုဘဝကို လူမျိုးခြားများက ခြိမ်းခြောက်လာသည့် နောက်ဆုံးပုံဆောင်ချက်ပင် ဖြစ်သည်ဟု အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ နာဂလန်းမှ နာဂလူမျိုးစုများက ပြောနေကြသည်။

ရေမွန် ပက်နုကို ရေးသားသည်။

မနှစ်က အမေရိကန် ပြည်ထောင်စု သမ္မတရွေးကောက်ပွဲအကြို မဲဆွယ်ပွဲကာလအတွင်းက ရီပတ်ဗလီကင် သမ္မတလောင်း မစ္စတာ ဒေါ်နယ် ထရမ့်က အမေရိကန်၏တောင်ဘက် မက်ဆီကိုနိုင်ငံနယ်စပ်တလျှောက် အုတ်တံတိုင်း ကာရံမည့် အစီအစဉ်ကို ကြေညာ၍ မဲဆွယ်ခဲ့သည်။

ဒေါ်နယ် ထရမ့်သည် သမ္မတ ဖြစ်လာပြီးနောက် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၆ ဘီလျံကုန်ကျမည့် မိုင် ၁,၂၅၀ အရှည်ရှိသော ထိုတံတိုင်း တည်ဆောက်မည့် သူ၏ရွေးကောက်ပွဲကတိကို လက်တွေ့ အကောင်အထည်ဖော်မည်ဟု အတည်ပြုခဲ့သည်။ ဒေါ်နယ် ထရမ့်၏ ဤဆုံးဖြတ်ချက်ကြောင့် အမေရိကန်-မက်ဆီကို ဆက်ဆံရေး ဆိုးရွားသွားစေခဲ့ပြီး အမေရိကန်တွင် အမျိုးသားရေးဝါဒ ခေါင်းထောင်လာခဲ့သည်။

အမေရိကန်နှင့် ကီလိုမီတာ ၁၃,၀၀၀ (မိုင် ၈,၀၀၀) ကျော် ဝေးကွာသော အိန္ဒိယ-မြန်မာ နယ်စပ် တလျှောက်တွင်လည်း အလားတူ ခြံစည်းရိုးအကာအရံကို စတင်တည်ဆောက်နေကြလေပြီ။ အိန္ဒိယ-မြန်မာ နယ်နိမိတ်စည်းရိုးမှာ မပီဝိုးတဝါးသာ သတ်မှတ်ပိုင်းခြားထားပြီး တစ်ဘက်နှင့် တစ်ဘက် ဒိုးယိုပေါက် ကူးသန်းနေကြသည်သာ ဖြစ်သည်။ ထိုမျှမက ဤဒေသသည် အိန္ဒိယအစိုးရကို ဆန့်ကျင်နေကြသော သောင်းကျန်းသူတို့၏ အခြေစိုက်ရာဖြစ်ပြီး မှောင်ခိုဂိုဏ်းများ အဖမ်းအဆီးမရှိ လွတ်လပ်စွာ လှုပ်ရှားရာ နေရာလည်း ဖြစ်သည်။

မြန်မာနှင့် အိန္ဒိယအကြား ခြံစည်းရိုးခတ်မှုကြောင့် ခီယမ်နီယန်ဂန် နာဂတို့အကြား အမျိုးသားရေးစိတ်ဓာတ်များ နိုးထလာစေခဲ့သည်။ နာဂဟု သိမ်းကြုံးခေါ်နေကြသော လူမျိုးစုတွင် မျိုးနွယ်စုကွဲ ၁၆ စု မျှရှိရာ ခီယမ်နီယန်ဂန် နာဂများသည် အိန္ဒိယ-မြန်မာနယ်နိမိတ်ပေါ်တွင် ခွထိုင်နေကြသော မျိုးနွယ်စုဖြစ်ရာ ခြံစည်းရိုးခတ်မှု၏ဒဏ်ကို အခံရဆုံးသူများ ဖြစ်နေသည်။

အမေရိကန်နှင့် မက်ဆီကိုနိုင်ငံအကြား အုတ်တံတိုင်း ခတ်မည်ဆိုသည့် အစီအစဉ်မှာ တစ်ချိန်က အိမ်ခြံမြေ လုပ်ငန်းရှင်သူဌေးနှင့် ရုပ်သံအစီအစဉ် တင်ဆက်သူဘဝမှ သမ္မတ ဖြစ်လာခဲ့သော ဒေါ်နယ် ထရမ့်၏ ရင့်ကျက်မှုမရှိသည့် မနူးမနပ် အတွေးအခေါ်မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ အိန္ဒိယဘက်ခြမ်းမှ နာဂလူမျိုးတို့၏ စိတ်ခံစားမှုကမူ ထိုသို့မဟုတ်ပေ။

အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၇၁ (က) ပေါ်တွင် အခြေခံခြင်း ဖြစ်သည်။ ထိုဥပဒေက အိန္ဒိယဘက်ခြမ်းမှ နာဂတို့အား ၎င်းတို့၏ ဓလေ့ထုံးတမ်း ဥပဒေများ၊  လူမှုရေး ထုံးတမ်းစဉ်လာများ၊ ဘာသာရေး ယုံကြည်မှုနှင့် ထိုပြည်နယ်၏ သဘာ၀ သယံဇာတများအတွက် မစွက်ဖက် မနှောင့်ယှက်ရန် အာမခံချက် ပေးထားသည်။ နာဂပြည်နယ်ပိုင်မြေနှင့် သယံဇာတများ ပိုင်ဆိုင်မှုနှင့် လွှဲပြောင်းမှု အပါအဝင် နာဂလူမျိုးတို့၏ ဘဝနေထိုင်မှုပုံစံကို အိန္ဒိယ ဗဟိုအစိုးရက မထိပါးနိုင်စေရန် ထိုဥပဒေဖြင့် အကာအကွယ် ပေးထားခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ရေမွန် ပက်နုကို

ဓာတ်ပုံ – ရေမွန် ပက်နုကို

စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းရှိလေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွမ်းမြို့နယ်တို့ ပါဝင်သော နာဂ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် အိန္ဒိယနိုင်ငံ နာဂလန်း Nagaland အကြား နယ်နိမိတ်တွင် ခြံစည်းရိုး ကာရံဆောက်လုပ်ခြင်းကို အိန္ဒိယဘက်ခြမ်းမှ မလိုလားကြပေ။  နယူးဒေလီမြို့တော်ရှိ အိန္ဒိယ ဗဟိုအစိုးရက ကြားဝင်ဆောင်ရွက်ပေးမှုအရ မြန်မာအစိုးရက အဆိုပါ ခြံစည်းရိုးကာရံမှုကို ရပ်ဆိုင်းထားလိုက်ပြီဟု နာဂလန်း ပြည်နယ်ဝန်ကြီးချုပ် မစ္စတာ တီအာရ် ဇီလီယန် Mr. T.R. Zeliang က ဖေဖော်ဝါရီလ ၇ ရက်က ပြောကြောင်း သိရှိရသည်။

မြန်မာအစိုးရက နယ်နိမိတ် ခြံစည်းရိုး ကာရံဆောက်လုပ်နေမှုကို ရပ်တန့်ပေးရေး ဖျောင်းဖျနားချပေးရန် အိန္ဒိယ ဗဟိုအစိုးရကို နာဂပြည်နယ် ပါလီမန်က မြို့တော် ကိုဟီးမားတွင် မတ်လနှောင်းပိုင်းအတွင်းက တင်ပြတောင်းဆိုခဲ့သည်။ နာဂလန်းအရှေ့ပိုင်း ပြည်သူ့အဖွဲ့ Eastern Nagaland People’s Organization နှင့်  နာဂဟိုဟို Naga Hoho တို့ကဲ့သို့သော ထင်ရှားသည့် အိန္ဒိယ နိုင်ငံရေးအုပ်စုများကလည်း ခြံစည်းရိုးကာရံမှုကို ရပ်တန့်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြသည်။

ထိုခြံစည်းရိုးသည် နာဂလူမျိုးတို့၏ ရိုးရာထုံးတမ်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကို အဟန့်အတား ဖြစ်လိမ့်မည်၊ ထိုမျှမက ၁၉၆၇ ခုနှစ်တွင် မြန်မာနှင့် အိန္ဒိယအစိုးရတို့အကြား တရားဝင် နယ်နိမိတ် သတ်မှတ်ကြစဉ်က သဘောတူညီထားခဲ့ကြသော လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေးစနစ် Free Movement Regime ကိုလည်း အနှောင့်အယှက် ဖြစ်စေမည်ဟုဆိုသည်။ ထိုသဘောတူညီမှုအရ နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက် နေထိုင်သော လူမျိုးစုများသည် နှစ်ဘက်နိုင်ငံပိုင်နက်အတွင်း ၁၆ ကီလိုမီတာအထိ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ သွားလာခွင့် ရှိရမည်ဖြစ်သည်။ ထို လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေးစနစ် သဘောတူညီချက်က နာဂလူမျိုးများ အပါအဝင် လူ ၃ သိန်းခန့်ကို လွတ်လပ်စွာ သွားလာခွင့် ပြုထားသည်။

ဒဲန်ဆိုသော ရွာကလေးသည် အိန္ဒိယ-မြန်မာနယ်နိမိတ် အိန္ဒိယဘက်ခြမ်း ကျောက်စိုင်၊ ကျောက်တောင် ထူထပ်သော နှင်းမြူမှုန်တွေကြားမှ ရွာကလေးဖြစ်ပြီး အငြင်းပွားဖွယ်ရာ ထိုခြံစည်းရိုးစီမံကိန်း၏ အလယ်ဗဟိုချက်တွင် တည်ရှိသည်။ ခုတော့ ခြံစည်းရိုး တည်ဆောက်မှု စီမံကိန်းကို ရပ်လိုက်ပြီဖြစ်ရာ ကွန်ကရစ်တိုင်တွေသာ စီရရီတန်းလျက် ငုတ်တုတ်ကျန်ခဲ့သည်။

မုတ်သုန်ဝင်တော့မည့် စောစောပိုင်းကာလ ကောင်းကင်တခွင်တွင် တိမ်မည်းညိုတို့ တလိပ်လိပ် တက်လာနေချိန်၌ ထိုရွာကလေးသို့ ကျွန်တော် ရောက်သွားခဲ့သည်။ ရွာသူကြီး ဦးနော်ဆာ Mr. Noksa ကို တွေ့ဆုံခွင့် ရခဲ့သည်။ ပြူးကျယ်သော မျက်လုံးဝိုင်းကြီးများဖြင့် သွားပေါ်အောင် ပြုံးပြနေပုံမှာ နိုင်ငံခြားသားတစ်ယောက်ကို လက်ခံတွေ့ဆုံရသဖြင့် ကျေနပ်နေပုံကို ဖော်ပြနေသည်။

သူနှင့်အတူ ထိုင်မိသောအခါ သူ့မျက်နှာပေါ်တွင် အောက်နှုတ်ခမ်းမှ မေးစေ့အထိ အပြာရောင် ဆေးမင်ကြောင် လိုင်းတစ်ခုကို သတိထားမိလိုက်သည်။ ခီယမ်နီယန်ဂန် နာဂတို့၏ ရိုးရာမျက်နှာတွင် ထိုးလေ့ရှိသော ဆေးမင်ကြောင် ဖြစ်သည်။ နောက်ဘက်တွင် ဖိုထားသောမီးဖိုမှ မီးညွန့်တလူလူ တောက်လောင်လျက် မီးခိုးများ မျက်နှာကြက်ဆီသို့ လွင့်တက်နေစဉ် ဒဲန်ရွာမှ နာဂတို့၏ လူနေမှုဘဝကို ရှင်းလင်းပြောနေသည်။ ယင်းခြံစည်းရိုး ဆောက်လုပ်မှုကြောင့် ခီယမ်နီယန်ဂန် နာဂတို့ တုန်လှုပ်ချောက်ချားရပုံကိုလည်း ပြောပြသည်။

“မြေဆိုတာ ဘုရားသခင်က ပေးထားတာပါ။ လူတွေက ဒီမြေကို သိမ်းပိုက်ပြီးနေကြတာ။ အမေရိကားက မြေတွေကို အမေရိကန်တွေ ပိုင်တယ်။ အိန္ဒိယကမြေကို အိန္ဒိယတွေ ပိုင်တယ်။ နာဂမြေကို နာဂတွေက ပိုင်တယ်။ ဒီမြေကို ခီယမ်နီယန်ဂန် နာဂမျိုးနွယ်စုက ပိုင်တယ်။ ဒီမြေကို ဘယ်လိုလုပ်ပြီး ခွဲခြမ်းလို့ ရမှာလဲ။ ဘယ်တော့မှ မဖြစ်နိုင်ဘူး” ဟု ရွာသူကြီး ဦးနော်ဆာက ပြောသည်။

နှံစားပြောင်း၊ ထမင်း၊ ပဲဟင်း၊ ဝက်သားခြောက်ဟင်းတို့ဖြင့် ပြင်ဆင်ထားသော နေ့လယ်စာကို စားကြရင်း ဦးနော်ဆာက ဆက်ပြောသည်။ ဒဲန် ရွာသားတို့သည် မြန်မာဘက်ခြမ်း ၈ ကီလိုမီတာ၊  ၉ ကီလိုမီတာအထိ ဝင်ရောက်ပြီး ယာလုပ်ခဲ့ကြကြောင်း သူတို့ယာခင်းများသည် မြန်မာဘက်ခြမ်းရှိ ခီယမ်နီယန်ဂန် ရွာများနှင့် ထိစပ်လျက်ရှိကြောင်း ပြောပြသည်။

ခြံစည်းရိုးကာလိုက်ပါက မြန်မာဘက်ခြမ်းရှိ သူ့ယာမြေများကို လက်လွှတ်ဆုံးရှုံးရတော့မည့်အရေး တွေးမိသောအခါ ဦးနော်ဆာ၏ မျက်နှာမှာ ဒေါသဖြင့် သုန်မှုန်သွားသည်။ အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့က ဒေသခံတွေ စိတ်ဆင်းရဲအောင် ဘာကြောင့် လုပ်ချင်ကြရတာလဲဟု ဦးနော်ဆာက မေးခွန်းထုတ်သည်။

“ဒီမြေက ကျွန်တော်တို့ ပိုင်တာ၊ အိန္ဒိယအစိုးရက ဘာလို့ မြန်မာကို ပေးရမှာလဲ။ ခြံစည်းရိုးခတ်ပြီးသွားရင် ဒီမြေက မြန်မာတွေ လက်ထဲရောက်သွားတော့မှာ။ ကျွန်တော်တို့သွားပြီး ထွန်ယက်စိုက်ပျိုးလို့ မရတော့ဘူး။ ဒါကြောင့် ခြံစည်းရိုးကို အလိုမရှိဘူး” ဟု ဦးနော်ဆာက ပြောသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်း၊ နာဂလန်းရှိ ဒဲန်ရွာသူကြီး ဦးနော်ဆာ။ ဓာတ်ပုံ - ရေမွန် ပက်နုကို

အိန္ဒိယ အရှေ့မြောက်ပိုင်း၊ နာဂလန်းရှိ ဒဲန်ရွာသူကြီး ဦးနော်ဆာ။ ဓာတ်ပုံ – ရေမွန် ပက်နုကို

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ပြည်နယ်များအဖြစ် ပိုင်းခြားမသွားခင်က နာဂအမိမြေ Naga Homeland သို့မဟုတ် မဟာနာဂလန်း Greater Nagaland ကြီးတွင် မြောက်ဘက်သို့လားသော် အိန္ဒိယနိုင်ငံ အရုနာချာ ပရာဒက် Arunachal Pradesh မှအစိတ်အပိုင်းများ၊ တောင်ဘက်သို့လားသော် မဏိပူရအထက်ပိုင်း အာသံနယ်အရှေ့ဖျားထိ ပါဝင်သည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းရှိ ခန္တီးဒေသနှင့် ချင်းတွင်းမြစ်ညှာပိုင်း တစ်လျှောက်ဒေသများ ပါဝင်သည်။ တချိန်က နာဂဒေသသည် စတုရန်းကီလိုမီတာ ၁၂၀,၀၀၀ ထိရှိခဲ့ရာမှ ယခုအခါ အိန္ဒိယနာဂလန်းတွင် ၁၆,၅၂၇ စတုရန်းကီလိုမီတာသာ ရှိတော့ကာ ကျန်အပိုင်းမှာ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲသို့ ပါဝင်သွားသည်။

နာဂလူမျိုးများသည် အစဉ်အလာအရ မိမိတို့သည် မည်သူ့လက်အောက်ခံမှ မဟုတ်ဘဲ လွတ်လပ်သော လူမျိုးများအဖြစ် ရှုမြင်ကြသည်။ အိန္ဒိယနှင့် မြန်မာတို့သည် မိမိတို့ ဘိုးဘွားပိုင် နယ်မြေထဲ တစစနှင့် ကျူးကျော်လာနေသော နိုင်ငံခြားလူမျိုးများအဖြစ် ရှုမြင်ကြသည်။

ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးသမားများက အိန္ဒိယ-မြန်မာနယ်စပ်ရောက်လာ၊ ဟိုကြည့် ဒီကြည့်လုပ်ပြီး ကျောက်တုံးအမှတ်အသားတွေ ချထားကာ နယ်နိမိတ် သတ်မှတ်ခဲ့ကြစဉ်က နာဂတို့မှာ နားဝေတိမ်တောင်ဖြစ်ကာ မှင်တက်မိသလို ဖြစ်နေခဲ့ကြကြောင်း ဦးနော်ဆာက ပြန်ပြောပြသည်။

“သူတို့တွေ ဘာတွေလုပ်နေကြမှန်း နားကိုမလည်ခဲ့ကြဘူး။ သူတို့ ဘာတွေ လုပ်နေကြတယ်ဆိုတာကို ရှင်းပြပေးမယ့် စကားပြန်လည်း တစ်ယောက်မှ ပါမလာဘူးလေ။ ကျွန်တော်တို့ ဘာမှ မသိလိုက်ခင်မှာပဲ ကျွန်တော်တို့ဟာ အိန္ဒိယနိုင်ငံထဲ ပါသွားပါလေရော” ဟု သူက ပြောပြသည်။

မြန်မာနိုင်ငံအစိုးရက ခြံစည်းရိုး တည်ဆောက်မှုကို တဖက်သတ် ဆက်လုပ်လိမ့်မည်မဟုတ်ဟု ဦးနော်ဆာက ယုံကြည်ထားသည်။ ထိုစီမံကိန်းကို အိန္ဒိယအစိုးရ၏ ထောက်ခံမှုကိုလည်း ရထားသည်။ အိန္ဒိယအစိုးရသည် ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၃၇၁ (က) ကို ပယ်ဖျက်ဖို့ ကြိုးစားနေသည်ဟု နာဂလူမျိုး အတော်များများက ယုံကြည်နေကြသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ဒီခြံစည်းရိုးကို ဘယ်သူဆောက်ဆောက် ခွင့်ပြုမှာ မဟုတ်ဘူး။ တစ်ခုခု ဖြစ်လာရင် စစ်ပွဲတွေ ဘာတွေ ဖြစ်လာရင် ကျွန်တော်တို့ တာဝန်မဟုတ်ဘူး” ဟု ပြောသည်။

ဒဲန် ရွာသားများနှင့် အိန္ဒိယ နာဂလန်း နိုင်ငံသားတို့ကမူ သူတို့မိရိုးဖလာ နေလာခဲ့သည့် နာဂမြေကို နိုင်ငံခြားသားဟု သူတို့ယူဆထားသူတွေက ခြံစည်းရိုးခတ် ပိုင်းခြားလိုက်သည်ကို မည်သည့်နည်းနှင့်မျှ လက်မခံရန် ဆုံးဖြတ်ထားကြသည်။ ခြံစည်းရိုးခတ်မည့် လုပ်ငန်းတွေကတော့ ရပ်ဆိုင်းလိုက်ပါပြီ။ သို့သော် နာဂတို့အဖို့တော့ မေးခွန်းတစ်ခုက ဆက်လက်ကျန်ရှိနေသေးသည်။ ပြည်ပမှ အင်အားကြီးများသည် နာဂတို့၏ ရိုးရာလူနေမှုဘဝကို ပွန်းပဲ့ကြမ်းထော်အောင် မည်မျှရှည်ကြာစွာ ဆက်လက်လုပ်ဆောင်နေဦးမည်နည်းဟူ၍။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – နာဂလန်းနှင့် မြန်မာနယ်စပ်၌ ကင်းလှည့်နေသော အာသံသေနတ်ကိုင်တပ်ရင်းမှ စစ်သည်တစ်ဦး။ ဓာတ်ပုံ – ရေမွန် ပက်နုကို

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.