ချင်းတောင်တန်းပေါ်က ပထမဆုံး ကောလိပ်ကျောင်း

လွတ်လပ်ရေးရပြီးချိန်မှစ၍ ချင်းပြည်နယ်တွင် ပထမဆုံးအဖြစ် နိုင်ငံတော်က ဖွင့်လှစ်ပေးသော တက္ကသိုလ်အဆင့် ကောလိပ်ကျောင်းက  ဦးနှောက်ယိုစီးမှုကို ထိန်းချုပ်ရန်နှင့် အသိပညာရှင် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးရန် ကြိုးပမ်းလျက်ရှိသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

သတိထား၍သာ မကြည့်မိပါက ချင်းပြည်နယ်၏ ပထမဆုံးတက္ကသိုလ်အဆင့် ပညာရေးကောလိပ်ကို မျက်စိလျှမ်းသွားနိုင်သည်။

ပြည်နယ်မြို့တော်ဟားခါး၏ အပြင်ဘက်မှ ကွေ့ကောက်တည်ရှိနေသော လမ်းကြမ်းကလေးအဆုံး တောင်ရိုးပေါ်၌ တည်ရှိသော ဟားခါးကောလိပ်နယ်မြေတွင် သစ်လွင်ဖြူလွသော အဆောက်အအုံများနှင့် လဟာပြင် စားသောက်ဆိုင်တစ်ဆိုင် ပါဝင်သည်။ ကောလိပ်နယ်မြေမှာ မြက်ပင်များပင် မပေါက်နိုင်သေးဘဲ သစ်လွင်လွန်းနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ကျောင်းသား ၂၀၀ ခန့်ဖြင့် နိုင်ငံတော်က ဖွင့်လှစ်ခဲ့သော ကောလိပ်ကျောင်းတွင် ပထဝီ၊ ဓာတုဗေဒနှင့် မြန်မာစာတို့အပါအဝင် အဓိကဘာသာရပ် ရှစ်မျိုးသင်ကြားကာ ဘွဲ့များ အပ်နှင်းသွားမည် ဖြစ်သည်။

ချင်းပြည်နယ်၏ ကျောင်းဆရာများ၊ အင်ဂျင်နီယာများ၊ သတင်းသမားများနှင့် အခြားအသိပညာရှင်၊ အတတ်ပညာရှင်များ ဆုံးရံှုးမှုကို ဖြစ်ပေါ်စေသည့် ဦးနှောက်ယိုစီးမှုများ ရပ်တန့်စေနိုင်ရန် ကောလိပ်ကျောင်းတစ်ခုတည်းဖြင့် မလုံလောက်သေးသော်လည်း အစကောင်းဖြင့် ခြေလှမ်းနိုင်ပြီဖြစ်ကြောင်း ကောလိပ်ကျောင်းအုပ်ကြီးပါမောက္ခ ဒေါ်အေးအေးငွန်(Professor Aye Aye Ngun) က ပြောသည်။

၂၀၁၆ ဒီဇင်ဘာက ဖွင့်လှစ်ခဲ့သည့် ချင်းတောင်တန်းပေါ်မှ ဟားခါးကောလိပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂျာရတ် ဒေါင်းနင်း

၂၀၁၆ ဒီဇင်ဘာက ဖွင့်လှစ်ခဲ့သည့် ချင်းတောင်တန်းပေါ်မှ ဟားခါးကောလိပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဂျာရတ် ဒေါင်းနင်း

ကောလိပ်မဖွင့်မီက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပညာဆက်လက်သင်ယူလိုသူ ကျောင်းသားများသည်  စစ်ကိုင်းတိုင်းဒေသကြီး၏ နယ်စပ်မြို့ဖြစ်သော ကလေးမြို့သို့ သွားရောက်သင်ယူရုံမှအပ အခြားနည်းလမ်း မရှိခဲ့ပေ။ အများစုက ထိုထက်ကျော်လွန်ပြီး ရန်ကုန်၊ သို့မဟုတ် မန္တလေးသို့ သွားရောက်ဆည်းပူးကြရသည်။ အများအားဖြင့် တိုင်းပြည်အတွင်း၌ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်များအနက် တစ်ခုအပါအဝင်ဖြစ်နေသော ချင်းပြည်နယ်သို့ ပြန်မလာကြတော့ဘဲ ရောက်ရှိရာဒေသများမှာပင် နေထိုင်လုပ်ကိုင်တတ်ကြသည်။

လူဦးရေ ငါးသိန်းခန့် နေထိုင်သော ချင်းပြည်နယ်သည် (ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့ပြီးလျှင်) စတုတ္ထမြောက် အလုပ်လက်မဲ့နှုန်း အမြင့်မားဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အလုပ်လက်မဲ့ ရာခိုင်နှုန်း ၅ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့သည်။

သို့ရာတွင် အလုပ်လက်မဲ့နှုန်း မြင့်တက်ခြင်းသည် အလုပ်အကိုင် ရှားပါးသည့်အကြောင်းရင်း တစ်ခုတည်းကြောင့်သာ မဟုတ်ကြောင်း ဒေါ်အေးအေးငွန်က ပြောသည်။ လုပ်ငန်းများ လုပ်နိုင်စွမ်းရှိသော ပညာတတ်ရှားပါးမှုကလည်း အလုပ်လက်မဲ့နှုန်း မြင့်မားရသည့် အကြောင်းရင်းတစ်ခုအဖြစ် ပါဝင်ကြောင်း ၎င်းက ပြောသည်။

“အရည်အချင်းရှိတဲ့ လူသားအရင်းအမြစ်တွေရဖို့ ကျွန်မတို့ လိုပါတယ်။ ဒါကြောင့် အဆင့်မြင့် ပညာရေးကိုရဖို့ ကျွန်မတို့ အများကြီး လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။ “ဒါပေမဲ့ တခြားပြည်နယ်၊ ဒါမှမဟုတ် တိုင်းဒေသကြီး တစ်ခုမှာ အနည်းဆုံး တက္ကသိုလ်တစ်ခုတော့ ရှိပါတယ်။ ဒီပြည်နယ်တစ်ခုပဲ တက္ကသိုလ်နဲ့ ကောလိပ် တစ်ခုမှ မရှိတာပါ”

ဟားခါးကောလိပ်၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးငွန်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂျာရတ် ဒေါင်းနင်း

ဟားခါးကောလိပ်၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးငွန်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဂျာရတ် ဒေါင်းနင်း

ကောလိပ်ကျောင်းမှ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ချီးမြှင့်နိုင်ခြင်း မရှိသေးသော်လည်း ကျောင်းဖွင့်လှစ်နိုင် ခြင်းသည်ပင်လျှင် အောင်မြင်မှုတစ်ခု ဖြစ်သည်။ တက္ကသိုလ်ပညာရေး အဖွဲ့အစည်းတစ်ခု ထူထောင်နိုင်ရေးအတွက် အခွင့်အရေးရရန် ပြည်နယ်အတွင်းရှိမြို့နယ်များက ယှဉ်ပြိုင်လျက်ရှိခဲ့ရာ ယင်းအခြေအနေကို ဒေါ်အေးအေးငွန်က ရှည်လျားပြင်းထန်သော နိုင်ငံရေးတိုက်ပွဲတစ်ခုအဖြစ် ပြောသည်။

သို့သော် ဟားခါးကောလိပ်ကို အပြီးသတ် ဖွင့်လှစ်နိုင်ချိန်တွင် တိုက်ပွဲပြီးဆုံးသွားခဲ့သည်။

“အခုတော့ ချင်းတိုင်းရင်းသား အားလုံးအပါအဝင် လူတိုင်းက ဒီကောလိပ် ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီ ပေးလိုကြပါတယ်” ဟု ဒေါ်အေးအေးငွန်က ပြောသည်။

ကျောင်းဖွင့်စ တက်ရောက်သောကျောင်းသားများတွင် မြန်မာစာအဓိကကျောင်းသူ အသက် ၂၀ အရွယ်ရှိ မတီရယ်ဗန်မန် Ma Tial Vang Men လည်း ပါဝင်သည်။

အတန်းအားချိန်၌ စာသင်ခန်း အနီးဝန်းကျင်၌ လူးလာတုံ့ခေါက် လမ်းလျှောက်နေသူများတွင် ၎င်းသည်လည်း အပါအဝင် ဖြစ်သည်။ ယင်းပုံစံက သာမန်ကောလိပ်ကျောင်းတို့မှ မြင်ကွင်းမျိုးဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနားနေလိုက်၊ လိုဂိုပါသောအင်္ကျီတွေ ဝတ်လိုက်၊ ဆိုင်ကယ်စီးပြီး ဖုန်တလိမ်းလိမ်းနှင့် ကျောင်းအလာ ပို့ချချက်များ လွတ်ခဲ့ရ စသည့် ဟောလိဝုဒ်ရုပ်ရှင်ထဲကလို တက္ကသိုလ်ဝန်းကျင်ဘဝမျိုးကို လိုချင်ကြောင်း ဟားခါးသူလေးက ပြောသည်။

မည်သို့ပင်ဆိုစေ ချင်းပြည်နယ်တွင် ပညာသင်ယူရခြင်းကို ဝမ်းမြောက်ကြောင်း မတီရယ်ဗန်မန်က ပြောသည်။ မန္တလေးနှင့် ရန်ကုန်တို့တွင် ပညာသင်ယူရန် အခွင့်အလမ်းများ ရှိသော်လည်း ၎င်းက ကိုယ့်ပြည်နယ်မှာသာ ပညာဆက်ဆည်းပူးရန် ရွေးချယ်ခဲ့သည်။

“ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီပေးဖို့အတွက် ကျွန်မက ဆရာမဖြစ်ချင်တယ်”ဟု ၎င်းက ပြောသည်။

သင်ကြားရေးသည် ကောလိပ်ကျောင်းသားများအကြား အများဆုံး ထားရှိသော အသက်မွေးဝမ်းကျောင်း ဘဝရည်မှန်းချက် ဖြစ်ကြောင်း ဒေါ်အေးအေးငွန်က ပြောသည်။ ချင်းပြည်နယ်အစိုးရသည် ဟားခါးကောလိပ်အပြင် ပညာရေးကောလိပ်၊ သားဖွားသင်တန်းကျောင်းနှင့် နည်းပညာတက္ကသိုလ်တို့ကို တည်ထောင်နိုင်ရေးအတွက် ဆွေးနွေးလျက်ရှိသည်။

လောလောဆယ်တွင် ဟားခါးကောလိပ်သည် ကျောင်းသားသစ်များ ပိုမိုလက်ခံရရှိရေး၊ ပညာရေးဝန်ထမ်းများ ပိုမိုခန့်ထားနိုင်ရေးနှင့် သင်ကြားပို့ချသော ဘာသာရပ်များကို ပိုမိုတိုးချဲ့ကာ ရေရှည်တွင် တက္ကသိုလ်အဖြစ် တိုးမြှင့်နိုင်ရေးတို့အတွက် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။

ဖလမ်း နှစ်ခြင်းဘုရားကျောင်းမှ သင်းအုပ်ဆရာတော်နှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် ချင်းလူမှုသိပ္ပံ(Chin Institute of Social Science – CISS)ကို တည်ထောင်သူ သိက္ခာတော်ရ ဆရာတော်  ထောင်ဘိခ် Reverend Thawng Bik က ဟားခါးကောလိပ်အတွက် ဂုဏ်ယူဝမ်းမြောက်နေသော်လည်း တက္ကသိုလ်ပညာရေးကို သင်ယူနိုင်ရေးအတွက်မူ အလွန်အကျွံ မယုံရဲသေးဘဲ ရှိနေသည်။

“ဒီမှာ ကောလိပ်ကျောင်း တစ်ကျောင်းရှိဖို့က အရမ်းကို လိုအပ်နေပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ လူမှုအသိုက်အဝန်းက စံနဲ့ကိုက်ညီတဲ့ ကောလိပ်မျိုး ဖြစ်စေရပါမယ်။ အရင် မြန်မာနိုင်ငံ စနစ်ဟောင်းက ကောလိပ်မျိုးတော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ဟားခါးကောလိပ်သည် အပြည်ပြည်ဆိုင်ရာစံကို မမီဘူးဟုတော့ ဆရာတော် ထောင်ဘိခ်က မပြောချေ။ ပညာရေး၏ အရည်အသွေးသည် ချင်းပြည်နယ်ပြင်ပတွင် သင်ယူရရှိသည့် ဘွဲ့ဒီဂရီမျိုး ဖြစ်သင့်သည်ဟုသာ ၎င်းက ပြောသည်။

ပြည်ထောင်စု အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသော CISS သည် နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင်သိပ္ပံနှင့် သတင်းစာပညာ စသည့်ဘာသာရပ်များကို တစ်နှစ်သင်တန်းအဖြစ် ပို့ချပေးသည်။ ယင်းဘာသာရပ်များမှာ ယခု သိပ္ပံကျောင်းမဖွင့်မီက ချင်းပြည်နယ်တွင် သင်ယူခွင့်  မရနိုင်သော ဘာသာရပ်များ ဖြစ်သည်။

လူငယ်လူရွယ်များအား လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်များ ဖြစ်လာစေရန်နှင့် ပညာများ ဆက်သင်ယူလိုသော  စိတ်ဓာတ်များ ကိန်းအောင်းလာစေရန် သင်ရိုးရေးဆွဲ သင်ကြားပေးကြောင်း ဆရာတော်  ထောင်ဘိခ်က ပြောသည်။ အမှန်စင်စစ် CISS ၏ကျောင်းထွက်များကို ရန်ကုန်၊ ချင်းမိုင်နှင့်စင်ကာပူတို့သို သွားရောက်ပြီး ဆက်လက်ပညာသင်နိုင်ရေးအတွက် အားပေးလျက်ရှိသည်။

ဟားခါးကောလိပ်၌ သင်ခန်းစာလိုက်နေသည့် ကျောင်းသားတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂျာရတ် ဒေါင်းနင်း

ဟားခါးကောလိပ်၌ သင်ခန်းစာလိုက်နေသည့် ကျောင်းသားတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဂျာရတ် ဒေါင်းနင်း

နိုင်ငံခြားသွား၍ ပညာသင်သော ကျောင်းသားများသည် နေရပ်သို့ပြန်လာလိမ့်မည်ဟု “ပြောရခက်” ကြောင်း ဆရာတော်  ထောင်ဘိခ်က ပြောသည်။

“သူတို့အားလုံး ချင်းပြည်နယ်ကို ပြန်လာလိမ့်မယ်လို့ မျှော်လင့်ထားလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားပါတယ်။ မကြာသေးမီကပဲ ကျောင်းသားတချို့ပြန်လာပြီး ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ချင်းပြည်နယ် တိုးတက်ရေးအတွက် အနစ်နာခံချင်သူတွေက ပြန်လာမယ်ဆိုတာကို ပြသနေပါတယ်”

လူကြိုက်နည်းကောင်း နည်းနိုင်သော်လည်း အသက်မွေးဝမ်းကျောင်းကောလိပ်များက ပိုမိုအရေးပါကြောင်း ဆရာတော် ထောင်ဘိခ်က ပြောသည်။ ကျောင်းဆရာများနှင့် အခြားအသက်မွေးပညာရပ်များနည်းတူ ချင်းပြည်နယ်တွင် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုအတွက် အုတ်မြစ်ဖြစ်ပြီး မူလတန်းအဆင့်အထိ ဆင်းနိုင်သည့် အခြေခံဗဟုသုတဖြစ်သော စက်ပြင်များ၊ ပိုက်ဆက်လုပ်သားများနှင့် ဆောက်လုပ်ရေးလုပ်သားများလည်း လိုအပ်လျက်ရှိကြောင်း ဆိုသည်။

“ကကြီးကနေ ပြန်စဖို့ လိုပါတယ်” ဟု ဆရာတော် ထောင်ဘိခ်က ပြောသည်။ “ကျွန်တော်တို့ အရည်အသွေးရှိတဲ့ ကျောင်းတွေရဖို့ လိုအပ်ပါတယ်။ ကောလိပ်ကျောင်း တက်တာတောင်မှ အရည်အသွေး ပြည့်ဝတဲ့ပညာရေးကို မရနိုင်ဘူးဆိုရင် ကောလိပ်ကျောင်းကို ဘယ်သူတက်တော့မှာလဲ”

အရည်အသွေးရှိ ကျောင်းသားများ ရရှိရေးမှာ ဟားခါးကောလိပ်၏ အနာဂတ်အတွက် အရေးကြီးသည့်အချက် ဖြစ်သည်။ တက္ကသိုလ်တစ်ခုအဖြစ် ပီပီပြင်ပြင် ဖြစ်ပေါ်ရေးမှာ အလှမ်းဝေးသော အိပ်မက်တစ်ခုသဖွယ် ရှိနေဆဲဖြစ်သည်။ လောလောဆယ်တွင် ကောလိပ်ကျောင်းအတွက် ဒေါ်အေးအေးငွန် စိတ်လေးနေရသည်မှာ ဘဏ္ဍာငွေ တောင့်တင်းရေးကိစ္စ ဖြစ်သည်။

အစိုးရက ကောလိပ်ကျောင်းကို ငါးနှစ်ထောက်ပံ့ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိုနောက်ပိုင်းတွင်မူ ကိုယ့်စရိတ်နှင့်ကိုယ် ရပ်တည်ရမည်ဖြစ်သည်။ “ကျောင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး ကိုယ်ထူကိုယ်ထကျောင်း ဖြစ်လာတော့မှာပါ”

ချင်းပြည်နယ်မှာ ဟားခါးကောလိပ်၊ သို့မဟုတ် အခြားကောလိပ်တစ်ခုသည် ကောလိပ်မည်ကာမတ္တပဲ ရှိနေဦးတော့ ယင်းမှာ အပြုသဘောရှိသော ခြေလှမ်းပင်ဖြစ်ကြောင်း ဒေါ်အေးအေးငွန်က ပြောသည်။ အဓိပ္ပာယ်မှာ ပြည်နယ်သူ ပြည်နယ်သားများအတွက် တက္ကသိုလ်ပညာရေးဆိုသည်မှာ အလှမ်းကွာပြီး စိမ်းနေဦးမည့်အရာ မဟုတ်တော့သည့် သဘောဖြစ်သည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.